လင်းဖန် အမှန်တကယ် ဘာလုပ်ရန် ကြံစည်နေသလဲဆိုသည်ကတော့ သိချင်စရာပင်။
"ကောင်းပြီ၊ လောလောဆယ်တော့ ခင်ဗျားကို ကျွန်တော် ယုံလိုက်မယ်။ ပြောကြည့်ပါဦး၊ ဒီဆေးလုံးက ဘာတွေများ ထူးခြားနေလို့လဲ။ ပိုက်ဆံရှာဖို့ ဘယ်လိုသုံးလို့ရမှာလဲ…။"
တစ်ဖက်လူသည် နောက်ဆုံးတွင် သူ့အား ရှင်းပြခွင့်ပေးလိုက်သည်ကို မြင်သောအခါ လင်းဖန် အလွန် ဝမ်းသာသွားလေသည်။
တစ်ဖက်လူသည် နားထောင်ရန် ဆန္ဒရှိသွားပြီဆိုသည်နှင့် သူတို့ကို လှည့်စားရန်က လွယ်ကူသွားပြီ ပင်ဖြစ်သည်။
"တာအိုရောင်းရင်း... ဒီဆေးလုံးက သာမန် အဆာရှောင်ဆေးတွေထက် ပိုတဲ့ စွမ်းရည်နှစ်ခု ရှိတယ်…။"
"ပထမအကျိုးကျေးဇူးတစ်ခုကတော့ အသုံးပြုသူရဲ့ အာရုံစူးစိုက်မှုကို တိုးမြှင့်ပေးနိုင်ပြီး ကျင့်ကြံရာမှာ အားစိုက်ထုတ်မှု တစ်ဝက်နဲ့ အကျိုးသက်ရောက်မှု နှစ်ဆကို ရစေပါတယ်….။"
"ဒုတိယအချက်ကတော့ အသုံးပြုသူရဲ့ စိတ်ကို ကြွလာစေပါတယ်…။"
"ဒီနှစ်ခုကို ပေါင်းစပ်လိုက်မယ်ဆိုရင် ခင်ဗျားအတွက် ငွေရှာဖို့ နည်းလမ်းသစ်တစ်ခု ရလာပါလိမ့်မယ်..။"
လင်းဖန်၏ ရှင်းပြချက်က ဆိုင်ရှင်၏ စူးစမ်းချင်စိတ်ကို နိုးဆွပေးလိုက်လေသည်။
"ဘယ်လိုမျိုးလဲ…။"
တစ်ဖက်လူက စိတ်ဝင်စားမှု ပြသလာသည်ကို မြင်သောအခါ လင်းဖန်က ဆက်ပြောလိုက်သည်။
"ခင်ဗျား ဒီဆေးလုံးကို ရောင်းတဲ့အခါ ပထမဆုံး အာနိသင်ကို အရင်ပြောပြပြီး တစ်ဖက်လူကို နေရာမှာတင် စမ်းသောက်ကြည့်ဖို့ အကြံပြုလိုက်ပါ…။"
"တစ်ဖက်လူက ဆေးလုံးကို သောက်လိုက်ပြီဆိုတာနဲ့ တာအိုရောင်းရင်း ခင်ဗျား ငွေရှာဖို့ ခြေတစ်လှမ်း ပိုနီးစပ်သွားပြီပေါ့….။"
ဤနေရာသို့ရောက်သော် လင်းဖန်သည် ဆိုင်ရှင်၏ ဘေးတွင်ရှိနေပြီး သူ၏ တာအိုအဖော်ဖြစ်ပုံရသော အမျိုးသမီးကျင့်ကြံသူကို လှည့်ကြည့်လိုက်လေ၏။
"ဆေးအာနိသင်ပြလာပြီး တစ်ဖက်လူက စိတ်ကြွလာတဲ့အခါ၊ ခင်ဗျားဘေးက နတ်သမီးလေးကို သူ သေချာပေါက် မဖွယ်မရာ တစ်ခုခု လုပ်လိမ့်မယ်…။"
"ဒီအချိန်ကျရင် ခင်ဗျားလုပ်ရမှာက သူ့ကို အချိန်မီ တားဆီးပြီး စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို အကြောင်းကြားလိုက်ဖို့ပဲ…။"
"ဒီလိုလုပ်ငန်းစဉ်နဲ့ဆိုရင် တာအိုရောင်းရင်း ခင်ဗျားအနေနဲ့ တစ်ဖက်လူဆီကနေ လျော်ကြေးငွေ အများကြီး မရနိုင်စရာ အကြောင်းမရှိဘူးလေ….။"
"တာအိုရောင်းရင်း... ခင်ဗျား သဘောပေါက်ပြီလား….။"
လင်းဖန်၏ ဆက်တိုက်ဆိုသလိုပြောနေသော စကားများကို နားထောင်ပြီးနောက် ဆိုင်ရှင်သည် ကမ္ဘာသစ်တစ်ခုကို ရှာတွေ့သွားသည့်အလား ရုတ်တရက် သဘောပေါက်သွားခဲ့လေသည်။
"ငါ... ငါ သဘောပေါက်ပြီ..."
"ဒီဆေးလုံးက စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်ကျမလဲ တာအိုရောင်းရင်း။ ငါ ဝယ်မယ်…။"
တစ်ဖက်လူက စျေးနှုန်းကို မေးမြန်းလာသည်ကို ကြားလိုက်ရသောအခါ လင်းဖန်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားလေတော့သည်။
"ဟင်... တာအိုရောင်းရင်း ဘာတွေပြောနေတာလဲ။ ငါက ဝယ်သူလေ၊ ခင်ဗျားကို ဘယ်လိုလုပ် ဆေးလုံး တွေ ရောင်းလို့ရမှာလဲ…။"
"တာအိုရောင်းရင်းက ငါ့ကို မိုးခြိမ်းသံမြို့တော်ရဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်စေချင်နေတာလား…။"
ဆိုင်ရှင်သည် လင်းဖန်၏ စကားကို ကြားသောအခါ ချက်ချင်း သဘောပေါက်သွားလေ၏။
သူ ချက်ချင်းပင် စိတ်ဝိညာဉ်ကျောက်တုံးများကို စတင်ထုတ်ယူလိုက်လေသည်။
"ဟေး... စိတ်ဝိညာဉ်စွမ်းအင်တွေ ပါဝင်တဲ့ ကျောက်တုံးတွေ ဈေးပေါပေါနဲ့ ရောင်းမယ်ဟေ့…။"
"တာအိုရောင်းရင်း... ခင်ဗျား ကျောက်တုံးတွေ ဝယ်ချင်ပါသလား။ စိတ်ဝိညာဉ်စွမ်းအင်တွေ ပါဝင်တဲ့ ကျောက်တုံး တစ်ထောင်ကို ဆေးတစ်ပုလင်းတည်းနဲ့ ဝယ်ယူနိုင်ပါတယ်…။"
သို့သော်လည်း ဆိုင်ရှင်က မည်သို့ပင် အချက်ပြနေစေကာမူ လင်းဖန်သည် တုတ်တုတ်မျှ မလှုပ်ပေ။
ရှင်းနေသည်မှာ လင်းဖန်သည် ထိုစျေးနှုန်းကို သိပ်သဘောမကျခြင်းပင် ဖြစ်သည်။
"ဆိုင်ရှင်... ခင်ဗျားရဲ့ ကျောက်တုံးတွေက နည်းနည်း သေးနေတယ်။ ပိုကြီးတာတွေရော မရှိဘူးလား…။"
"ဖြစ်နိုင်ရင် ဒီထက် ဆယ်ဆလောက် ပိုကြီးသင့်တယ်….။"
ထိုစကားကို ကြားသောအခါ ဆိုင်ရှင်သည် လင်းဖန်၏ အဓိပ္ပာယ်ကို နားလည်သွားလေတော့သည်။
အနည်းငယ် ရင်နာရသော်လည်း လင်းဖန် ယခုလေးတင် သင်ပေးခဲ့သော ငွေရှာမည့် အကြံအစည်ကို သူ တွေးလိုက်မိသည်။
ထို့ကြောင့် သူ ချက်ချင်း အံကိုကြိတ်ကာ နောက်ထပ် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ကိုးထောင်ကို ထပ်ထုတ်လိုက်လေသည်။
"တာအိုရောင်းရင်း... ဒီအရွယ်အစားဆို ရပြီလား။ ဒီထက်ပိုကြီးရင်တော့ ငါ ထုတ်ပေးနိုင်မှာ မဟုတ် တော့ဘူး….။"
ဆိုလိုသည်မှာ ဤမျှသာရှိပြီး နောက်ထပ် မရှိတော့ကြောင်း လင်းဖန်ကို သွယ်ဝိုက်ပြောဆိုလိုက်ခြင်း ဖြစ်၏။
သို့သော်လည်း အဆာရှောင်ဆေး တစ်ပုလင်းကို စိတ်ဝိညာဉ်ကျောက်တုံး (၁၀,၀၀၀) ဖြင့် ရောင်းချနိုင်ခဲ့ခြင်းသည်ပင် လင်းဖန်၏ မျှော်မှန်းချက်ထက် ကျော်လွန်နေပြီပင် ဖြစ်လေသည်။
သူတို့သည် အရောင်းအဝယ်ကို ချက်ချင်း သဘောတူလိုက်ကြလေတော့သည်။
"ကောင်းပြီ၊ ဒါဆို အရောင်းအဝယ် လုပ်ကြတာပေါ့…။"
လင်းဖန်သည် ထိုသို့ပြောရင်း စိတ်ဝိညာဉ်ကျောက်တုံးများကို ယူရန် လက်ကိုလှမ်းလိုက်လေသည်။
သို့သော်လည်း လင်းဖန်၏ လက်နှင့် မထိရသေးမီမှာပင် ဆိုင်ရှင် စကားထပ်ပြောလိုက်လေ၏။
"တာအိုရောင်းရင်း... ခဏလေး စောင့်ပါဦး။ ဒီဆေးလုံးက ခင်ဗျားပြောတဲ့ အာနိသင်တွေ တကယ်ရှိမရှိ ငါ မသိရသေးဘလေ…။"
"အရောင်းအဝယ် အတည်မဖြစ်ခင်၊ တာအိုရောင်းရင်း ခင်ဗျားပဲ ဆေးတစ်လုံးသောက်ပြီး အာနိသင်ကို သက်သေမပြချင်ဘူးလား…။"
"သေချာတာပေါ့... ခင်ဗျား သောက်လိုက်မယ့် တစ်လုံးက ငါ့အပိုင်ထဲကပါ…။"
ဆိုင်ရှင်၏ စကားကို ကြားသောအခါ လင်းဖန် ချက်ချင်းပင် သူ့ကို သတိထားကာ ကြည့်လိုက်သည်။
"တာအိုရောင်းရင်း... ခင်ဗျားက လူကောင်းပုံ မပေါက်ဘူးနော်။ ခင်ဗျားက ငါ အခုလေးတင် သင်ပေး ထားတဲ့နည်းလမ်းကို ငါ့အပေါ် ပြန်သုံးဖို့ ကြံနေတာ မဟုတ်ဘူးလား….။"
ဆိုင်ရှင်က အလျင်အမြန် ငြင်းဆန်လိုက်လေသည်။
"ဟားဟား... တာအိုရောင်းရင်း ခင်ဗျား အထင်လွဲနေပြီ။ ငါက မြစ်ကိုကူးပြီး တံတားကို မီးရှို့ပစ်တဲ့ အလုပ်မျိုး ဘယ်လိုလုပ်ပြီးတော့ လုပ်ပါ့မလဲ….။"
"ငါက တကယ် ဆေးလုံးရဲ့ အာနိသင်ကို စမ်းသပ်ကြည့်ချင်ရုံ သက်သက်ပါ…။"
ထိုစကားကို ကြားသောအခါ လင်းဖန် စိတ်ထဲမှ မျက်ခုံးပင့်လိုက်မိလေသည်။
*ခင်ဗျားကို နည်းနည်းလေးတောင် မယုံဘူးဟေ့…။*
မိန်းမလှထောင်ချောက်နှင့် ဆင်တူသော သူ၏ အကြံအစည်ကို ကြားပြီးသည်နှင့် တစ်ဖက်လူသည် အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူခဲ့လေသည်။
ဤကဲ့သို့သော လူမျိုးအတွက် မြစ်ကိုဖြတ်ကူးပြီးနောက် တံတားကို ချိုးဖျက်ပစ်ရုံဖြင့် မလုံလောက်ပေ။
သူက မြစ်ထဲသို့ သေးပင်ပေါက်ချကာ ရေထပ်ဖြည့်ပြီး နောက်မှလာမည့် သူများအတွက် ထပ်မံ အဟန့် အတားဖြစ်စေမည့် အလုပ်မျိုးကိုပင် လုပ်နိုင်သေးသည်ပင်။
အချိန်တိုအတွင်း အခြေအတင် ဖြစ်ပြီးနောက် လင်းဖန်သည် နောက်ဆုံးတွင် အပေးအယူတစ်ခုကို ကမ်းလှမ်းခဲ့လေသည်။
ထိုအရာကတော့ ဆိုင်ရှင်များကို လက်တွေ့ စမ်းသပ်မှုတစ်ခု လုပ်ပြရန်ပင် ဖြစ်သည်။
သို့သော်လည်း လုပ်ငန်းစဉ် အောင်မြင်မှုမှ ရရှိလာမည့် အကျိုးအမြတ်အချို့ကို လင်းဖန်နှင့် ခွဲဝေယူ ရမည်ဆိုသည့်အချက်ေပင် ဖြစ်လေသည်။
ထို့နောက် လင်းဖန်သည် လီလဲ့ယန်ကို ခေါ်ကာ ဆိုင်ခန်းဆီသို့ သွားပြီး သူတို့၏ ပစ်မှတ် ရောက်လာမည့် အချိန်ကို စောင့်ဆိုင်းနေလိုလေသည်။
သူတို့ လေးယောက်ပါဝင်သော ဆိုင်ခန်းသည် အနည်းငယ် နေရာနှင့်မလိုက်ဖက်သလို ဖြစ်နေသော ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
နောက်ပိုင်းအချိန်များတွင် ၎င်းသည် လမ်းသွားလမ်းလာများစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့လေ သည်။
လမ်းသွားလမ်းလာများသည် တစ်ချက်မျှသာ ကြည့်သွားကြပြီး ချဉ်းကပ်လာမည့် အရိပ်အယောင် မပြကြပေ။
ထို့နောက် လင်းဖန်က ဆိုင်ရှင်ကို အဆာရှောင်ဆေး ပုလင်းရှေ့တွင် ကုန်ပစ္စည်းအချက်အလက် ဆိုင်းဘုတ်တစ်ခု တင်ထားရန် တိုက်တွန်းခဲ့လေသည်။
ဆိုင်းဘုတ်တွင် ရေးထားသည်မှာ-
(မှော်ပညာ ကျင့်ကြံခြင်း စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်သော အဆာရှောင်ဆေး။ နေရာတွင်ပင် စမ်းသပ်နိုင်သည် သို့မဟုတ်ပါက အတုဖြစ်လျှင် ဆယ်ဆ လျော်မည်….။)
မကြာမီမှာပင် ချမ်းသာကြွယ်ဝပုံရသော ဝတ်စားဆင်ယင်မှုရှိသည့် လူငယ်တစ်ဦး ဆွဲဆောင်ခံလိုက် ရလေသည်။
"ဟေး... မင်းတို့ ဆိုင်းဘုတ်ပေါ်မှာ ရေးထားတာ တကယ်ပဲလား…။"
ထိုလူငယ် ဝတ်ဆင်ထားသော အဝတ်အစားများကို ကြည့်ခြင်းအားဖြင့် သူသည် အရေးပါသော သူတစ်ဦး ဖြစ်ကြောင်း ထင်ရှားနေသည်။
ယေဘုယျအားဖြင့် ပြောရလျှင် ဤကဲ့သို့သော လူမျိုးများကို ပြဿနာမရှာသင့်ပေ။
သို့သော်လည်း လင်းဖန်က တစ်ဖက်လူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဂရုမစိုက်သူပင်ဖြစ်ချေ၏။
ဆိုင်ရှင်မှာလည်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ အဂတိကင်းစင်မှုအပေါ် ယုံကြည်မှု လွန်ကဲနေခဲ့ လေသည်။
မည်သူမဆို ပြဿနာရှာပါက မည်သည့် အဆင့်အတန်းပင်ရှိစေကာမူ အပြစ်ပေးခံရမည်ဟု သူတို့က ယုံကြည်ထားကြလေသည်။
သူ ထိုကဲ့သို့ ယုံကြည်ရသည့် အကြောင်းရင်းမှာ ယခင်က ထိုသို့သော ဖြစ်စဉ်များစွာ ရှိခဲ့ဖူးသောကြောင့် ဖြစ်လေ၏။
အတိတ်က မိုးခြိမ်းသံမြို့တော်၏ နောက်ကွယ်ရှိ အင်အားစုများမှ တပည့်များသည် ဆိုင်ခန်းများတွင် ပြဿနာရှာသောကြောင့် အပြစ်ပေးခံရသည့် ဖြစ်စဉ်များစွာ ရှိခဲ့ဘူးလေသည်။
တိတိကျကျ ပြောရမည်ဆိုပါလျှင် ဤအကြောင်းပြချက်ကြောင့်ပင် ဆိုင်ရှင်က နောက်ဆုံးတွင် ဤသို့ လုပ်ရန် ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်လေသည်။
"တာအိုရောင်းရင်း... လုံးဝ အမှန်ပါပဲ။ ခင်ဗျား မယုံဘူးဆိုရင် ဒီနေရာမှာပဲ စမ်းကြည့်လို့ ရပါတယ်…။"
ဆိုင်ရှင်၏ စကားကို ကြားပြီးနောက် ထိုလူငယ်သည် ခဏတာ တုံ့ဆိုင်းသွားပြီးမှ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။
လူငယ်၏ အမည်မှာ ကျန်းဖန် ဖြစ်ပြီး သူသည် ထျန်းယင်ဂိုဏ်း မှ မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦး ၏ မျိုးဆက်တစ်ဦး ဖြစ်လေသည်။
မကြာသေးမီက သူ၏ မှော်ပညာ ကျင့်ကြံမှုများမှာ တိုးတက်မှု မရှိသောကြောင့် ဖြစ်၏။ ထို့ကြောင့် သူသည် စိတ်အပန်းဖြေရန်အတွက် ယနေ့ အပြင်ထွက်လာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လေသည်။
မမျှော်လင့်ဘဲ မှော်ပညာ ကျင့်ကြံခြင်း စွမ်းဆောင်ရည်ကို တိုးတက်စေနိုင်သည့် ဆေးလုံးတစ်လုံးနှင့် လာတွေ့နေသည်မဟုတ်ပါလား။
ထို့ကြောင့် သူသည် ဆေးလုံးများ၏ စစ်မှန်မှုအပေါ် အနည်းငယ် သံသယရှိနေသော်လည်း စမ်းသပ် ကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။
အဆာရှောင်ဆေးကို မျိုချလိုက်ပြီးနောက် ကျန်းဖန်သည် သူ၏ မှော်ပညာ ကျင့်ကြံခြင်း လုပ်ငန်းစဉ်၏ အသေးစိတ်အချက်အလက် အသီးသီးကို ချက်ချင်း ပြန်လည် ဆန်းစစ်ကြည့်လိုက်လေသည်။
သူ၏ စိတ်များ ရှင်းလင်းလာသည်နှင့်အမျှ သူ့ကို ဒုက္ခပေးနေသော ပြဿနာသည် အလွယ်တကူ ပြေလည်သွားခဲ့ကြောင်း သူ တွေ့ရှိလိုက်ရသည်။
သူသည် သူ၏ရှေ့ရှိ ဆိုင်ရှင်ကို တောက်ပသော မျက်လုံးများဖြင့် ချက်ချင်း ကြည့်လိုက်လေသည်။
"ဘုရားရေ... မင်းတို့ရဲ့ ဆေးလုံးတွေက တကယ် အလုပ်ဖြစ်တာပဲဟ…။"
ထိုသို့ပြောရင်း ကျန်းဖန်၏ အကြည့်များက ဆိုင်ရှင်၏ ဘေးတွင်ရှိသော အမျိုးသမီးကျင့်ကြံသူဆီသို့ အလိုအလျောက် ရောက်သွားခဲ့လေသည်။
သေချာသည်မှာ သူသည် ဆိုင်ရှင်၏ တာအိုအဖော်ကို ကြည့်နေခြင်း ဖြစ်လေသည်။
လီလဲ့ယန်အတွက်မူ ကျန်းဖန် ဆေးသောက်လိုက်ချိန်တွင် လင်းဖန်က သူမကို ကျန်းဖန် မမြင်နိုင်အောင် ကွယ်ထားပေးခဲ့လေသည်။
ထို့နောက် အဆာရှောင်ဆေး၏ ဘေးထွက်ဆိုးကျိုးများက လျင်မြန်စွာ အာနိသင် ပြလာခဲ့လေသည်။
သူ၏ မှော်ပညာ ကျင့်ကြံမှု တိုးတက်လာ၍ အစပိုင်းတွင် စိတ်လှုပ်ရှားနေသော ကျန်းဖန်၏ အကြည့် များသည် တဖြည်းဖြည်း ပြောင်းလဲလာခဲ့လေသည်။
ဆိုင်ရှင်နှင့် သူ၏တာအိုအဖော်ကို ကြည့်သည့် သူ၏ အကြည့်များက နှာဘူးတစ်ကောင်၏ အကြည့် များအဖြစ်သို့ ဖြည်းညှင်းစွာ ပြောင်းလဲသွားလေခဲ့သည်။
သူ၏ လက်များပင်လျှင် အရှေ့သို့ အလိုအလျောက် ဆန့်ထွက်လာခဲ့လေသည်။
ဆေးလုံးများ စျေးဘယ်လောက်လဲဟု ဆိုင်ရှင်ကို မေးရန်ဟူသော သူ၏ မူလရည်ရွယ်ချက်မှာပင် အကြောင်းအရာ ပြောင်းသွားခဲ့၏။
"ဒီဆိုင်ရှင်မလေးက ဈေးဘယ်လောက်လဲ။ ငါ ယူမယ်…။"
နားထောင်ကြည့်ပါဦး၊ ဒါက ယုတ္တိရော ရှိရဲ့လား။ ဆိုင်ရှင်ကို လက်ညှိုးထိုးပြီး စျေးဘယ်လောက်လဲ မေးကာ သူ လိုချင်တယ်လို့ ပြောနေခဲ့သည်ပင်။
ဆိုင်ရှင်က ဒီလိုစကားမျိုးကို ဘယ်လိုလုပ် လက်ခံနိုင်မှာတဲ့လဲ။
သူတို့ ချက်ချင်းပင် တိုက်ခိုက်ရန် ပြင်လိုက်ကြ၏။
"ဟေး တာအိုရောင်းရင်း၊ မင်း ဘာတွေပြောနေတာလဲ။ ဘယ်လိုလုပ် ဒီလောက် ရိုင်းစိုင်းနိုင်ရတာလဲ…။"
သို့သော်လည်း ကျန်းဖန်မှာ ဆေးလုံး၏ ဘေးထွက်ဆိုးကျိုးများကြောင့် ယာယီ စိတ်လွတ်နေပြီ ဖြစ်၏။
ဆိုင်ရှင်ပြောသည်ကို သူ ဘယ်လိုလုပ် နားဝင်ပါတော့မည်နည်း။
ဆိုင်ရှင်က သူလိုချင်သောအရာကို ပေးရန် အချိန်ကြာနေသည်ကို မြင်သောကြောင့် ကိစ္စရပ်များကို သူ၏ ကိုယ်ပိုင်လက်ဖြင့် ဖြေရှင်းကာ မိမိဘာသာ ရယူရန် ဆုံးဖြတ်လိုက်သည်။
"စည်းကမ်းထိန်းသိမ်းရေးအဖွဲ့... အရာရှိမင်းတို့... ဒီမှာ တစ်ယောက်ယောက် ပြဿနာ လာရှာနေ တယ်…။"
ဆိုင်ရှင်၏ ကျယ်လောင်စွာ အော်ဟစ်လိုက်သံက စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့လေသည်။
***