လင်းဖန်၏ နားလည်ရခက်သော စကားများကို ကြားလိုက်ရသောအခါ ကျိုးဟွာမှာ သိသိသာသာ အံ့အားသင့်သွားပြီး လင်းဖန် ဘာကိုဆိုလိုသည်မှန်း သိပ်နားမလည်ဖြစ်သွားလေသည်။
"ဟာ.. ဟုတ်တယ်…၊ ငါတို့ ဒုတိယဂိုဏ်းချုပ်ရဲ့ ကျင့်ကြံမှုအဆင့်က မဟာယာနအဆင့် နှောင်းပိုင်းနဲ့ သိပ်မဝေးတော့ဘူး…။"
သူတို့နှစ်ဦးလုံးက ကိုယ်ပိုင်အတွေးကိုယ်စီ ရှိနေကြသဖြင့် သူတို့၏ စကားပြောဆိုမှုမှာ အနည်းငယ် ယုတ္တိမတန်သလို ဖြစ်နေသည်။
သူ၏ဘေးတွင် ရပ်နေသော မိုးကြိုးနတ်ဘုရားဂိုဏ်းမှ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲ လီကျိန်း မှာမူ အတော်လေး ပါးနပ်လှသူဖြစ်ပေသည်။
ထျန်းယင်ဂိုဏ်းမှ ဒုတိယဂိုဏ်းချုပ်၏ မြေးဖြစ်သူသည် အခန်းထဲတွင် ရှိနေကြောင်း ကြားလိုက်ရပြီး သည့်နောက် သူ နှုတ်ဆိတ်နေခဲ့၏။ သူ၏အမြင်တွင် ဤကိစ္စသည် ထျန်းယင်ဂိုဏ်းနှင့် သူ၏ရှေ့မှ မဟာယာနအဆင့် ကျင့်ကြံသူတို့ကြားမှ ပဋိပက္ခသာဖြစ်လေသည်။
မိုးကြိုးနတ်ဘုရားဂိုဏ်းအနေဖြင့် ပြဿနာကို ရှောင်လွှဲလိုသည်ပင်။
သို့ရာတွင် လီကျိန်းသည် လင်းဖန်၏ စရိုက်ကို ရှင်းရှင်းလင်းလင်း မသိထားပေ။
လင်းဖန်နှင့် ရင်းနှီးသူများသာ လီကျိန်း၏ အတွေးကို သိရှိသွားပါက သူ၏ စိတ်ကူးယဉ်ဆန်မှုအတွက် သေချာပေါက် ရယ်မောကြမည်ဖြစ်သည်။
ပြိုင်ပွဲကို လာရောက်ကြည့်ရှုသူများက ပြိုင်ပွဲအတွင်း အဆိပ်ခတ်ခံရပြီးနောက် အဆိပ်ဖြေဆေးလုံးများ အတင်းအကျပ် ရောင်းချခံခဲ့ရသည့် သူတို့၏ အတွေ့အကြုံများကို လီကျိန်းအား ပြောပြကြပေလိမ့် မည်။
ထို့ပြင်လေလံပွဲမှ ပရိသတ်များကလည်း အပျော်သဘော ဝင်ရောက်ပါဝင်ရင်း ဒေဝါလီခံရမတတ် ဖြစ်ခဲ့ ရသည့် အဖြစ်အပျက်ကို သူ့အား ပြန်ပြကြပေလိမ့်မည်သာ။
ထိုအချိန်တွင် ဘေး၌ရပ်နေသော လီလဲ့ယန်သည် ထျန်းယင်ဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ်ရာထူးအကြောင်း ကြားလိုက်ရပြီးနောက် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားခဲ့လေသည်။
"ထျန်းယင်ဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ်ဆိုတာ ကျန်းမုဟိုင်ဆိုတဲ့ တစ်ယောက်လား…။"
ကျိုးဟွာက အစပိုင်းတွင် လီလဲ့ယန်၏ မေးခွန်းကို လျစ်လျူရှုထားခဲ့လေသည်။ သို့သော် လင်းဖန်၏ မျက်လုံးများထဲမှ အန္တရာယ်များသော အရိပ်အယောင်ကို မြင်လိုက်ရသောအခါ သူက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်၊ ငါတို့ဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ်နာမည်က အဲဒီနာမည်ပဲ…။"
အတည်ပြုချက် ရရှိပြီးနောက် လင်းဖန်က လီလဲ့ယန်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
"ဂျူနီယာညီမလေး လဲ့ယန်၊ မင်းက ကျန်းမုဟိုင်ကို သိလို့လား…။"
လီလဲ့ယန်က ခေါင်းခါရင်း ပြောလိုက်လေသည်။
"ကျွန်မ သူ့ကို မသိပါဘူး၊ ဒါပေမဲ့ ဆရာက သူ့အကြောင်း ပြောဖူးတာတော့ ကြားဖူးတယ်…။"
"ဆရာက ကျွန်မတို့ကို ရှာတွေ့နိုင်ခဲ့တဲ့ အကြောင်းရင်းက သူ့ဆီကနေ ရခဲ့တဲ့ သတင်းအချက်အလက် တွေကြောင့်လို့ ပြောကြတယ်…။"
ဤစကားကို ကြားလိုက်ရသောအခါ လင်းဖန်၏ ရင်ထဲတွင် အေးစက်သွားသလို ခံစားလိုက်ရသည်။
*သောက်ကျိုးနည်း၊ ကိုယ်တွေ သိတဲ့သူများ ဖြစ်နေမလား…။*
အကယ်၍ သိနေတဲ့သူသာဆိုလျင် သူတို့ဆီမှ အများကြီး ခြိမ်းခြောက်ငွေညှစ်ဖို့က နည်းနည်းတော့ အဆင်မပြေဖြစ်သွားပြီပင်။
လင်းဖန်၏ အတွေးများကို သူမ ရိပ်မိသည်ဖြစ်စေ၊ မရိပ်မိသည်ဖြစ်စေ လီလဲ့ယန်က ဆက်လက် ရှင်းပြနေခဲ့လေသည်။
"ကျန်းမုဟိုင်နဲ့ သွေးမိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ်က သူငယ်ချင်းကောင်းတွေလို့ ဆိုကြတယ်…။"
"အဲဒီတုန်းက သွေးမိစ္ဆာဂိုဏ်းချုပ်က ကျွန်မအဖေရဲ့ နာမည်ကို စုံစမ်းပေးဖို့ သူ့ကို အကူအညီတောင်းခဲ့ တာ….။"
"အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှာ ကျွန်မအဖေနမည်နဲ့တူတဲ့လူ မရှိဘူးဆိုတာကို သူနဲ့ အတည်ပြုပြီး မှသာ သွေးမိစ္ဆာဂိုဏ်းချုပ်က ကျွန်မတို့ကို လာတိုက်ခိုက်ဖို့ လူတွေ လွှတ်ရဲခဲ့တာ…။"
လီလဲ့ယန်၏ စိတ်အားထက်သန်သော ရှင်းပြချက်က လင်းဖန်၏ အစောပိုင်းက အေးစက်နေသော နှလုံးသားကို နွေးထွေးသွားစေခဲ့သည်။
၎င်းသည် မျှော်လင့်ချက်မဲ့နေပြီဟု ထင်ရသော အခြေအနေတစ်ခုမှ လမ်းစသစ်တစ်ခုကို ရှာဖွေတွေ့ရှိ လိုက်ခြင်းပင် ဖြစ်သည်။
ယခုဆိုလျှင် သူတို့သည် စိုးရိမ်စရာမလိုဘဲ ငွေညှစ်ခြင်းကို ဆက်လက်လုပ်ဆောင်နိုင်ရုံသာမက ဤ အခွင့်အရေးတွင် ပို၍ပင် ညှစ်ယူနိုင်ပြီဖြစ်သည်။
"ဟားဟား... ဒီလိုကိစ္စမျိုး ဖြစ်လာလိမ့်မယ်လို့ ငါ လုံးဝ မတွေးမိခဲ့ဘူး….။"
"ငါတို့က မင်းတို့ရဲ့ ဒုတိယဂိုဏ်းချုပ်နဲ့ အတော်လေး ရေစက်ပါတဲ့ပုံပဲ.. ဟီးဟီးဟီး…။"
ထိုအခိုက်တွင် ကျိုးဟွာသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း စတင်ခံစားလိုက်ရလေသည်။
အကြောင်းမှာ သူသည် အင်မော်တယ်တိမ်တိုက်ဂိုဏ်း၏ နာမည်ကို ကြားလိုက်ရသောကြောင့် ဖြစ် သည်။ အဆင့်(၉)ဂိုဏ်းဖြစ်သော အင်မော်တယ်တိမ်တိုက်ဂိုဏ်းသည် သူတို့ ရန်စနိုင်သော အရာမျိုး မဟုတ်ပေ။
တစ်ဖက်လူ၏ ပြောစကားများအရ သူတို့သည် အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှ မဟုတ်လျှင်တောင်မှ အင်မော်တယ်တိမ်တိုက်ဂိုဏ်းနှင့် နက်ရှိုင်းသော ပတ်သက်မှုရှိရမည် ဖြစ်ပေသည်။
ရုတ်တရက် ကျိုးဟွာ တစ်စုံတစ်ခုကို သတိရသွားသည်။ ၎င်းမှာ အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှ အကြီးအကဲတစ်ဦး လာရောက်လည်ပတ်ခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။
သူသည် အသေးစိတ် အချက်အလက်များကို မသိသော်လည်း၊ ထိုအမျိုးသမီးကျင့်ကြံသူ ယခုလေးတင် ပြောသွားသည့်စကားသည် ထိုကိစ္စနှင့် အလွန်တူနေခဲ့သည်ပင်။
လင်းဖန်က အသေးစိတ်ကို ထပ်မံမေးမြန်းနေစဉ် ထျန်းယင်ဂိုဏ်းနှင့် မိုးကြိုးနတ်ဘုရားဂိုဏ်းတို့မှ မဟာယာန အဆင့် ကျင့်ကြံသူများသည်လည်း လမ်းတွင် လာနေကြပြီဖြစ်သည်။
မိုးကြိုးနတ်ဘုရားဂိုဏ်းမှ တစ်ဦးမှာ မဟာယာနအဆင့် အလယ်ပိုင်းရှိ ဒုတိယဂိုဏ်းချုပ် ကျူးရှို့ဝမ်ပင် ဖြစ်လေသည်။
တိုက်ဆိုင်စွာပင် ထျန်းယင်ဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ်ဖြစ်သူ ကျန်းမုဟိုင်လည်း ပါဝင်လေသည်။
ထိုအချိန်တွင် ကျန်းမုဟိုင်သည် ဤဖြစ်ရပ်တွင် သူ၏မြေးဖြစ်သူ ပါဝင်ပတ်သက်နေကြောင်းကိုမူ မသိရှိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ကျိုးဟွာက သူ့ထံ တယ်လီပသီဖြင့် သတင်းစကား မပို့မီက အခန်းထဲတွင် ကျန်းဖန်ကို မမြင်တွေ့ခဲ့ရသောကြောင့် ဖြစ်သည်။
ကျန်းဖန်ကို မြင်တွေ့ပြီးနောက်တွင်မူ လင်းဖန်ရှိနေသဖြင့် သူက တယ်လီပသီ သတင်းစကား ထပ်မပို့ ရဲတော့ပေ။
ထို့ကြောင့် ကျန်းမုဟိုင်သည် ဤနေရာသို့ လာရာလမ်းတွင် အလျင်စလို မဖြစ်ခဲ့ဘဲ တမင်တကာပင် အရှိန်လျှော့၍ လာခဲ့ခြင်းဖြစ်လေသည်။
သူ၏အမြင်တွင် မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးကသာ လှုပ်ရှားချင်ပါက သူတို့ရောက်သွားချိန် တွင် အလွန်နောက်ကျနေမည်ပင်။
သူတို့က အရေးမယူချင်သေးသောကြောင့် ညှိနှိုင်းရန် အခွင့်အရေး ရှိနေသည်မှာ သေချာလေသည်။ ဖြစ်နိုင်သည်မှာ မိုးကြိုးနတ်ဘုရားဂိုဏ်းမှ လူများကို အရင်သွားပြီး တစ်ဖက်လူနှင့် စကားပြောခိုင်းသင့် ပေသည်။ ထိုသို့ဆိုလျှင် သူတို့ ထျန်းယင်ဂိုဏ်းသည် မပါဝင်ဘဲ နေနိုင်ပြီး မည်သည့် ဆုံးရှုံးမှုမှလည်း ခံစားရမည်မဟုတ်ပေ။
သို့ဖြစ်၍ မိုးခြိမ်းသံမြို့တော်သို့ ပထမဆုံး ရောက်ရှိလာသူမှာ မိုးကြိုးနတ်ဘုရားဂိုဏ်းမှ ကျူးရှို့ဝမ် ဖြစ်သည်။
"မိုးကြိုးနတ်ဘုရားဂိုဏ်းက ကျူးရှို့ဝမ်က တာအိုမိတ်ဆွေကို ဂါရဝပြုပါတယ်။ ဘယ်လို နားလည်မှု လွဲမှားတာတွေက တာအိုမိတ်ဆွေကို ဒေါသထွက်စေခဲ့တာလဲလို့ မေးပါရစေ…။"
တွေ့ဆုံချိန်တွင် ကျူးရှို့ဝမ်က အခြေအနေ ပိုမိုဆိုးရွားမလာစေရန် ၎င်းသည် နားလည်မှုလွဲမှားခြင်း သာဖြစ်သည်ဟု ဆိုလိုက်ခြင်းဖြစ်သည်။
သူတို့၏ အဆင့်(၈)ဂိုဏ်းသည် မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးကို မကြောက်သော်လည်း ပြဿနာ ကို ရှောင်လွှဲခြင်းက ပိုကောင်းပေသည်။ သို့မဟုတ်ပါက တစ်ဖက်လူကို ဒေါသထွက်စေမိခဲ့ပြီး ဤ မိုးခြိမ်းသံမြို့တော်အတွင်း သောင်းကျန်းသွားပါက အသေအပျောက် အများအပြား ဖြစ်ပေါ်လာနိုင်ပေ သည်။
ဤမြို့ထဲတွင် သူတို့ မိုးကြိုးနတ်ဘုရားဂိုဏ်း၏ မျိုးဆက်များစွာ ရှိနေသောကြောင့် မည်သည့် အနှောင့် အယှက်ကိုမျှ လက်မခံနိုင်ပေ။
"တာအိုမိတ်ဆွေ၊ ဒါက နားလည်မှုလွဲတာ ဟုတ်မဟုတ်ဆိုတာ ပြောရခက်ပါတယ်…။"
"ငါက ဂုဏ်သိက္ခာရှိတဲ့ မဟာယာနအဆင့် ကျင့်ကြံသူတစ်ယောက်အနေနဲ့ ခင်ဗျားတို့မြို့ကို အလည် အပတ်လာချင်ခဲ့တာပါ…။"
"ဒါပေမဲ့ ရလဒ်က ဘာဖြစ်ခဲ့လဲ။ ခင်ဗျားတို့ရဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ငါ့ကို အကြောင်းပြချက် မရှိဘဲ ဖမ်းဆီးခဲ့ရုံသာမက သာမန် အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ကပါ ငါ့ကို တိုက်ခိုက်ခဲ့သေးတယ်…။"
"ငါလို မဟာယာနအဆင့် ကျင့်ကြံသူတစ်ယောက်မှာ ဂုဏ်သိက္ခာ မရှိတော့ဘူးလား…။"
"ဘယ်အချိန်ကစပြီး အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေကတောင် ငါ့ကို စိတ်တိုင်းကျ စော်ကားခွင့် ရသွားတာလဲ…။"
လင်းဖန်၏ စကားကို ကြားသောအခါ ကျူးရှို့ဝမ်သည် ပြဿနာတက်ပြီဖြစ်ကြောင်း သိလိုက်သည်။
ဤကျင့်ကြံသူများသည် သူတို့၏ ကျင့်ကြံမှုအဆင့်အပေါ် အခြေခံ၍ အဆင့်အတန်းနှင့် အနေအထားကို သတ်မှတ်ရာတွင် အလွန် ဂရုစိုက်ကြသည်ပင်။
သူကိုယ်တိုင်ပင်လျှင် အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦး၏ မလေးမစား လုပ်ခြင်းကို ဘယ်သောအခါမှ လက်ခံမည်မဟုတ်ပေ။
ထိုအကြောင်းကို တွေးမိပြီးနောက် ထိုင်ခုံတွင် ခွေခွေလေးထိုင်နေသော မိုးကြိုးနတ်ဘုရားဂိုဏ်းမှ စည်းကမ်းထိန်းသိမ်းရေးသမားကို သူက ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။
သူ၏ ကိုယ်ပိုင် ဒုတိယဂိုဏ်းချုပ်က သူ့ထံ စိုက်ကြည့်နေသည်ကို ထိုသူ သတိထားမိလိုက်သည်။ စည်းကမ်းထိန်းသိမ်းရေးအရာရှိက အလျင်အမြန်ပင် ငြင်းဆိုလိုက်သည်။
"ဂိုဏ်းချုပ်.. ကျွန်တော် မဟုတ်ပါဘူး။ စီနီယာတစ်ယောက်အပေါ် ကျွန်တော်က ဘယ်လိုလုပ် လက်ပါ ရဲမှာလဲ…။"
ထိုစကားကို ကြားသောအခါ ကျူးရှို့ဝမ်က သက်ပြင်းချလိုက်သည်။ သူတို့ဂိုဏ်းမှ လူတစ်ယောက် လုပ်ခဲ့ခြင်းမဟုတ်သရွေ့ အဆင်ပြေသည်ပင်။
သို့သော်လည်း တစ်ဖက်လူ၏ ဒေါသကို ပြေလျော့စေရန် ကြိုးပမ်းသည့်အနေဖြင့် သူက ဆဲဆို ကြိမ်းမောင်းလိုက်သေးသည်။
"မင်းက ငြင်းရဲသေးတယ်ပေါ့လေ။ ဘယ်သူက မင်းကို အဲဒီလောက် သတ္တိတွေ ပေးထားတာလဲ။ မဟာ ယာနအဆင့် ဆရာကြီးတစ်ပါးအပေါ်တောင် မင်းက စည်းကမ်းထိန်းသိမ်းဖို့ အတင့်ရဲဝံ့နေတာလား…။"
"ဒီကိစ္စ ပြီးသွားရင် မင်းရဲ့အပြစ်ဒဏ်ကို ခံယူဖို့ ဂိုဏ်းကို ပြန်သွားချေ…။"
ကျူးရှို့ဝမ်၏ ဆူပူကြိမ်းမောင်းမှုကို ကြားပြီးနောက် စည်းကမ်းထိန်းသိမ်းရေးအရာရှိသည် စိတ်သက် သာရာ ရသွားတော့သည်။
အပြစ်ဒဏ်ခံယူရန် ဂိုဏ်းသို့ ပြန်ခြင်းက ပြဿနာကြီးကြီးမားမား မဖြစ်နိုင်ပေ။ သူ့ရှေ့ရှိ ဤမဟာယာန အဆင့် ကျင့်ကြံသူထံသို့ လွှဲပြောင်းပေးခံရခြင်းထက် အများကြီး ပိုကောင်းလှသည်မဟုတ်ပါလား။
ကျူးရှို့ဝမ်၏ စကားများက အပေါ်ယံတွင် ဆူပူကြိမ်းမောင်းနေခြင်း ဖြစ်သော်လည်း တကယ်တမ်းတွင် မူ သူ့ကို ကာကွယ်ပေးသည့် နည်းလမ်းတစ်ခုလည်း ဖြစ်လေသည်။သူ၏ဂိုဏ်းမှ စည်းကမ်းထိန်းသိမ်း ရေးသမားကို ဆူပူပြီးနောက် ကျူးရှို့ဝမ်က ထျန်းယင်ဂိုဏ်းမှ စည်းကမ်းထိန်းသိမ်းရေးသမားများဘက် သို့ လှည့်ကြည့်လိုက်လေသည်။
"ဒါဆို မင်းက လုပ်ခဲ့တဲ့သူပေါ့လေ…။"
ယခု အခြေအနေက ဤသို့ဖြစ်လာပြီဖြစ်ရာ ထျန်းယင်ဂိုဏ်းမှ စည်းကမ်းထိန်းသိမ်းရေးသမားသည် သဘာဝကျစွာပင် မငြင်းရဲတော့ပေ။
သို့သော် မိုးကြိုးနတ်ဘုရားဂိုဏ်းမှ မဟာယာနအဆင့် ကျင့်ကြံသူများ ရောက်ရှိလာပြီဖြစ်ရာ သူတို့ ဂိုဏ်း၏ အင်အားဖြည့်တင်းမှုများသည်လည်း မကြာမီ ရောက်ရှိလာတော့မည်ဟု သူ တွေးလိုက်မိ သည်။
သူက ချက်ချင်းပင် ယုံကြည်မှု ပိုရှိလာခဲ့သည်။
"စီနီယာကျူး…၊ ဒီဂျူနီယာက လုပ်ခဲ့တာပါ။ ဒါပေမဲ့ ဒီစီနီယာက မဟာယာနအဆင့် ကျင့်ကြံသူမှန်း ကျွန်တော် မသိခဲ့လို့ပါ။ မဟုတ်ရင် ကျွန်တော့်မှာ အသက်တစ်ထောင် ရှိနေရင်တောင် ဒီလိုလုပ်ရဲမှာ မဟုတ်ပါဘူး…။"
ကျူးရှို့ဝမ်သည် ထျန်းယင်ဂိုဏ်း စည်းကမ်းထိန်းသိမ်းရေးသမား၏ စကားကြောင့် အလွန် မကျေမနပ် ဖြစ်သွားခဲ့သည်။
*မေးခွန်းမေးခံရချိန်မှာ မင်းရဲ့အမှားကို ဝန်ခံလိုက်ရုံပဲလေ။ မင်းက ဘာလို့ ပြန်ပြောပြီး ရှင်းပြရဲရတာ လဲ။ ဒါ့အပြင် မင်းက တစ်ယောက်ယောက်ကို စီနီယာလို့ ခေါ်မယ်ဆိုရင် စီနီယာလို့ပဲ ခေါ်ရမှာပေါ့။ ဘာလို့ ငါ့ရဲ့ မျိုးရိုးနာမည်ကိုပါ ထည့်ခေါ်ရတာလဲ…။*
*ဒါက ငါ အမုန်းဆုံးဆိုတာ မင်း မသိဘူးလား….။*
ရှင်းလင်းစွာပင် ထျန်းယင်ဂိုဏ်းမှ ဤစည်းကမ်းထိန်းသိမ်းရေးသမားသည် ကျူးရှို့ဝမ်ကို မသိပေ။ ထို့ကြောင့် ရည်ရွယ်ချက်မရှိဘဲ အခြားသော ဆရာကြီးတစ်ပါးကို စော်ကားမိလျက်သား ဖြစ်သွား ခဲ့လေသည်။
စည်းကမ်းထိန်းသိမ်းရေးအရာရှိက နားမလည်သော်လည်း သူ၏အထက်လူကြီး ကျိုးဟွာကမူ နားလည်ခဲ့သည်။ သူ၏ဂိုဏ်းမှ စည်းကမ်းထိန်းသိမ်းရေးသမား၏ စကားကို ကြားလိုက်ရချိန်တွင် ဆိုးရွားသည့်အရာတစ်ခုခု ဖြစ်တော့မည်ကို သူ ချက်ချင်း သိလိုက်၏။
ကျူးရှို့ဝမ် ဒေါသမထွက်မီ သူတို့က အလျင်အမြန် လှုပ်ရှားလိုက်သည်။
"မင်းက စီနီယာတွေကိုတောင် ပြန်ပြောရဲတယ်ပေါ့လေ။ ပြဿနာရှာနေတာပဲ…။"
ထိုသို့ပြောပြောဆိုဆိုဖြင့် ကျိုးဟွာက ချက်ချင်း တိုက်ခိုက်လိုက်ရာ တစ်ဖက်လူမှာ သွေးအန်ပြီး သတိ လစ်သွားသည်အထိ ပြင်းထန်စွာ ရိုက်နှက်ခံလိုက်ရလေတော့သည်။
ဤသို့လုပ်ဆောင်ရခြင်း၏ အကြောင်းရင်းမှာ တစ်ဖက်လူမှ စော်ကားသည့်စကားများ ထပ်မပြောလာ စေရန်ကို တားဆီးလိုက်ခြင်းပင်ဖြစ်လေသည်။
ထို့အပြင် သူ့ကို သတိလစ်သွားစေခြင်းက သူ အသက်ဘေးမှ လွတ်မြောက်နိုင်စေရန်လည်း ဖြစ်လေ ၏။ မည်သို့ပင်ဆိုစေကာမူ ကျူးရှို့ဝမ်နှင့် အခြားသူများသည် သတိလစ်နေသူတစ်ဦးအပေါ် အရေးယူ ရန် ဖြစ်နိုင်ခြေမှာ အနည်းငယ် လျော့နည်းသွားပြီဖြစ်သည်။
သို့ရာတွင် လင်းဖန်ကမူ သူ၏ ဆိုးရွားသော အကျင့်စရိုက်များကို သည်းခံနေမည် မဟုတ်ပေ။
***