"သတိလစ်ချင်ယောင် ဆောင်နေတယ်ပေါ့။ အဲဒီလို လုပ်လိုက်ရုံနဲ့ ဒီကိစ္စကနေ လွတ်သွားမယ်လို့ မင်း ထင်နေတာလား…။"
လင်းဖန်သည် ထိုသို့ပြောရင်း သူ၏ မှော်လက်နက်ဖြစ်သော လျှပ်စီးငါးချက်နှင်တံကို ထုတ်ယူကာ ကျိုးဟွာထံသို့ ကမ်းပေးလိုက်လေသည်။
"ဒါကို သုံးလိုက်။ တစ်ချက်တည်း ရိုက်လိုက်ရုံနဲ့ သူ နိုးလာမယ်ဆိုတာ ငါ အာမခံတယ်…။"
လင်းဖန် ကမ်းပေးသော မှော်လက်နက်ကို ကြည့်ပြီး ကျိုးဟွာမှာ လက်ခံရန် အနည်းငယ် တွန့်ဆုတ် နေခဲ့လေသည်။
ထို့နောက် သူသည် ဘေးတွင် ရပ်နေသော ကျူးရှိုးဝမ်ကို လှမ်း၍ ကြည့်လိုက်လေသည်။ သူ၏ အကြည့် များက တစ်စုံတစ်ရာကို ပြောချင်နေသည့်ပုံစံပင်။
"စီနီယာ... ဒီနေရာက ငါတို့ ပူးတွဲအုပ်ချုပ်တဲ့ နယ်မြေလေ။ ခင်ဗျားက ဘာမှ ဝင်မပြောတော့ဘူးလား...။"
သို့သော်လည်း ကျူးရှိုးဝမ်သည် ကျိုးဟွာ၏ အပြုအမူနောက်ကွယ်ရှိ အဓိပ္ပာယ်ကို မသိဘဲ မနေခဲ့ပေ။ သူ၏ တကိုယ်ကောင်းဆန်သော အပြုအမူကြောင့် အနည်းငယ်တော့ စိတ်အနှောင့်အယှက် ဖြစ်မိလေ သည်။
"မင်းက ငါ့ကို ဘာလို့ ကြည့်နေတာလဲ။ သူ့ကို သတိလစ်သွားအောင် လုပ်ဖို့ ဘယ်သူက ခိုင်းလို့လဲ။ သူ့ကို အခုချက်ချင်း နှိုးလိုက်စမ်း…။"
ကျူးရှိုးဝမ်၏ စကားကို ကြားသောအခါ ကျိုးဟွာသည် ထပ်မံ၍ အချိန်ဆွဲ၍မရတော့ကြောင်း သဘော ပေါက်လိုက်လေသည်။
သူသည် သူ၏ဂိုဏ်းမှ ဒုတိယဂိုဏ်းချုပ်အပေါ် အနည်းငယ် မကျေမနပ် ဖြစ်လာခဲ့သည်။ ဒုတိယ ဂိုဏ်းချုပ်နှစ်ယောက်စလုံးသည် မဟာယာနအဆင့်တွင် ရှိကြပြီး မိုးခြိမ်းသံမြို့တော်နှင့် သူတို့၏ အကွာ အဝေးမှာလည်း အကြမ်းဖျင်းအားဖြင့် အတူတူပင် ဖြစ်ပေသည်။
သို့သော် ကျူးရှိုးဝမ် ရောက်နေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း သူ၏ ဒုတိယဂိုဏ်းချုပ် သည်အဘယ်ကြောင့် မရောက်လာရသေးပါသနည်း။
ဤသည်က ချေးကိုတောင် ပူပူနွေးနွေး မစားရသလို ဖြစ်နေပြီပင်။
လင်းဖန် ပေးသော မှော်လက်နက်ကို ကိုင်ကာ ကျိုးဟွာက စည်းကမ်းထိန်းသိမ်းရေး အရာရှိကို ရိုက်ချ လိုက်သောအခါ မျှော်လင့်ထားသည့်အတိုင်းပင် သူတို့နှစ်ဦးစလုံး တစ်ချိန်တည်းမှာပင် နာကျင်စွာ အော်ဟစ်လိုက်ကြလေတော့သည်။
ထို့အပြင် သတိရှိနေသော ကျိုးဟွာက စည်းကမ်းထိန်းသိမ်းရေး အရာရှိထက်ပင် ပို၍ ကျယ်လောင်စွာ အော်ဟစ်ခဲ့သေး၏။
လန့်ဖျပ်သွားသော ကျူးရှိုးဝမ်က ချက်ချင်းပင် သူ့ကို ဆူပူကြိမ်းမောင်းလိုက်လေတော့သည်။
"မင်းက ဘာတွေ အော်နေတာလဲ။ မင်း ဘာဖြစ်နေတာလဲ…။"
ကျိုးဟွာသည် ယခုလေးတင် ဖြစ်ပျက်ခဲ့သည်များကို ရှင်းပြရန် ပြင်လိုက်သည်။ သို့သော် လင်းဖန်၏ အဓိပ္ပာယ်ပါသော အပြုံးကို မြင်လိုက်ရပြီးနောက် ဤသည်မှာ လင်းဖန်က သူ့ကို ပေးသော အပြစ်ပေးမှု ဖြစ်ကြောင်း သူ သဘောပေါက်လိုက်လေသည်။
ထို့ကြောင့် သူ ချက်ချင်းပင် ဘာမှ ထပ်မပြောရဲတော့ဘဲ လက်လျှော့လိုက်လေသည်။
"ကောင်းပြီ၊ အခု သက်ဆိုင်သူလည်း နိုးလာပြီဆိုတော့ လျော်ကြေးကိစ္စ ဆွေးနွေးဖို့ အဆင်သင့်ဖြစ်ပြီ လား…။"
ဤစကားကို ကြားသောအခါ ကျူးရှိုးဝမ်သည် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ သူမျှော်လင့်ထား ခဲ့သောကိစ္စသည် နောက်ဆုံးတော့ ဖြစ်လာခဲ့ပြီပင်။
လင်းဖန်က အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်ခြင်းကို ခံရသော်လည်း ပြန်လည်မတုံ့ပြန်ခဲ့ကြောင်း ကြားလိုက်ရစဉ်ကတည်းက လင်းဖန်သည် သေချာပေါက် လျော်ကြေး တောင်းခံမည်ဖြစ်ကြောင်း သူ သဘောပေါက်ခဲ့လေသည်။
သို့သော် သူတို့ဘက်က မှားယွင်းနေပြီး ဤသည်မှာ ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည့် တစ်ခု တည်းသော နည်းလမ်းပင် ဖြစ်လေသည်။
"သေချာတာပေါ့ တာအိုရောင်းရင်း။ ဒါက ငါ့ရဲ့ ကျေးဇူးတင်စကား အနေနဲ့ပါ။ ကျေးဇူးပြုပြီး လက်ခံ ပေးပါ…။"
"ဒါကို ငါတို့ဂိုဏ်းက တပည့်တွေရဲ့ ပြစ်မှားမှုအတွက် တာအိုရောင်းရင်းကို တောင်းပန်ခြင်းလို့ မှတ်ယူ ပေးပါ…။"
သူသည် ထိုသို့ပြောရင်း အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး (၁၀၀,၀၀၀) ပါဝင်သော သိုလှောင် လက်စွပ်တစ်ကွင်းကို လင်းဖန်ထံသို့ ကမ်းပေးလိုက်လေ၏။
လက်စွပ်အတွင်းရှိ စိတ်ဝိညာဉ်ကျောက်တုံးများကို မြင်ပြီးနောက် လင်းဖန် အတော်လေး ကျေနပ် သွားခဲ့လေသည်။
မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူမှ ဤစိတ်ဝိညာဉ်ကျောက်တုံးများသည် သူတို့၏ မိုးကြိုးနတ်ဘုရား ဂိုဏ်း တပည့်များ၏ ပြစ်မှားမှုအတွက် လျော်ကြေးသက်သက်သာ ဖြစ်သည်ဟု ပြောထားခဲ့သည်ပင် မဟုတ်ပါလား…။
သူ့ကို တိုက်ခိုက်ခဲ့တဲ့ အခြား ထျန်းယင်ဂိုဏ်း တပည့်အတွက်တော့ ထျန်းယင်ဂိုဏ်းက လျော်ကြေးပေး ရမည်ပေါ့။
ထို့အပြင် တစ်ဖက်လူက အလျင်အမြန် လျော်ကြေးပေးရန် ကမ်းလှမ်းခဲ့ခြင်းမှာ လင်းဖန်ကို အမှန် တကယ်ကြောက်ရွံ့နေခြင်းကြောင့်တော့ မဟုတ်ပေ။
သူက အဆင့်(၈)ဂိုဏ်းကပင်မဟုတ်ပါလား။ မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးတည်းက သူတို့ကို ထိတ်လန့်သွားစေရန်အတွက် မလုံလောက်ပေ။
သူ့ကို လျော်ကြေးပေးရန် အမှန်တကယ် တွန်းအားပေးခဲ့သည်မှာ လင်းဖန်ဘက်က မှန်ကန်နေ သောကြောင့်ပင် ဖြစ်လေသည်။ ကျင့်ကြံခြင်းကမ္ဘာကြီးက တကယ်ကို ရှုပ်ထွေးလွန်းလှသည်။
အင်အားကြီးသူများသည် အားနည်းသူများနှင့် အကျိုးအကြောင်း ဆင်ခြင်ရန် ဂရုမစိုက်ကြပေ။ သို့သော် အင်အားကြီးသူအချင်းချင်း ဆွေးနွေးရာတွင်မူ အကြောင်းပြချက် ခိုင်လုံမှုရှိခြင်းက အလွန် အရေးကြီး နေပြန်လေသည်။
အကယ်၍ ယနေ့ လင်းဖန်ကသာ အကြောင်းပြချက်မရှိဘဲ သူတို့ထံမှ စိတ်ဝိညာဉ်ကျောက်တုံးများကို တောင်းခံခဲ့မည်ဆိုပါက သူတို့ ဘယ်လောက်တောင် အသေအလဲ တိုက်ခိုက်ကြမလဲဆိုတာ ကြည့်ရုံပင်။
အပြန်အလှန် ပျက်စီးဆုံးရှုံးရမည်ဆိုလျင်ပင် ဤကဲ့သို့ အရှက်ခွဲခြင်းမျိုးကိုတော့ သူတို့ လက်ခံမည် မဟုတ်ပေ။ ထို့ကြောင့်ပင် လင်းဖန်သည် စိတ်ဝိညာဉ်ကျောက်တုံးများကို တစ်အိမ်တက်ဆင်း လိုက်၍ မတောင်းခြင်း ဖြစ်နိုင်၏။
လင်းဖန်က ကျူးရှိုးဝမ်၏ စိတ်ဝိညာဉ်ကျောက်တုံးများကို လက်ခံလိုက်ပြီးနောက် မကြာမီမှာပင် နောက်ကျနေသော ကျန်းမုဟိုင်သည်လည်း ရောက်ရှိလာခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် လင်းဖန်သည် သူ၏ ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားခြင်း မရှိတော့သောကြောင့် ဖြစ်သည်။
စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင်အတွင်းသို့ မဝင်ရောက်မီကပင် ကျန်းမုဟိုင်သည် လင်းဖန်က မဟာယာနအဆင့် အစောပိုင်းတွင်သာ ရှိသောအရှိန်အဝါကို ခံစားမိခဲ့ပြီး ဖြစ်သည်။ ဤသည်က သူ၏ သတိထားမှုကို များစွာ လျော့ကျသွားစေခဲ့သည်။
ဤသည်က မဟာယာနအဆင့် အစောပိုင်းပဲ ရှိသေးသည်ပင်။သူတစ်ယောက်တည်းဆိုပါက သူ့ကို အချိန်တိုအတွင်း နှိမ်နင်းရန် ခက်ခဲနိုင်မည်ဖြစ်ပြီး မြို့တော်ကိုလည်း ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်လာစေနိုင်သည်ပင်။
သို့ပေမဲ့ ယခု သူတို့ဘက်၌ မဟာယာနအဆင့် အလယ်အလတ်ပိုင်း ကျင့်ကြံသူ နှစ်ယောက်တောင် ရှိနေသည်ပင်။ တိုက်ပွဲဖြစ်ခဲ့မည်ဆိုလျင်ပင် ကြီးကြီးမားမား သက်ရောက်မှု ရှိမည် မဟုတ်ပေ။
သေချာသည်မှာ ဤသည်က အဆိုးဆုံးကို တွေးထားခြင်းသာ ဖြစ်လေသည်။
ကျန်းမုဟိုင်သည် ပင်မခန်းမဆောင်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ကျူးရှိုးဝမ်နှင့် တစ်ဖက်လူတို့ သင့်မြတ်စွာ အဆင်ပြေနေကြသည်ကို မြင်သောအခါ အကျပ်အတည်း ပြေလည်သွားပြီဟု ချက်ချင်း ယူဆလိုက်လေသည်။
"အို... တာအိုရောင်းရင်းကျူး၊ ဒီကို လာတဲ့လမ်းမှာ ကျင့်ကြံခြင်း နည်းစနစ်နဲ့ ပတ်သက်ပြီး ရုတ်တရက် အသိအမြင်တချို့ ရသွားလို့ နည်းနည်း နောက်ကျသွားတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ…။"
ကျူးရှိုးဝမ်ကို နှုတ်ဆက်ပြီးနောက် သူသည် လင်းဖန်၏ ဒေါသထွက်နေသော အကြည့်ကို ဂရုမစိုက်ဘဲ လင်းဖန်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။
"ဒီတာအိုရောင်းရင်းက ငါ့ရဲ့ မိုးခြိမ်းသံမြို့တော်ကို လာလည်တဲ့ ဧည့်သည် ဖြစ်ရမယ်။ ဒီနားလည်မှုလွဲ မှားတာကို တာအိုရောင်းရင်းကျူးနဲ့ ဖြေရှင်းပြီးသွားပြီ ထင်ပါတယ်…။"
ကျန်းမုဟိုင်၏ စကားကို ကြားပြီးနောက် လင်းဖန်က ခေါင်းကိုယမ်းပြလိုက်လေသည်။
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ ငါနဲ့ မိုးကြိုးနတ်ဘုရားဂိုဏ်းက တာအိုရောင်းရင်းတွေကြားက နားလည်မှုလွဲတာကိုတော့ ရှင်းလင်းပြီးသွားပြီ။ ခင်ဗျားတို့ရဲ့ ထျန်းယင်ဂိုဏ်းနဲ့ကတော့ ဘာမှ မဖြေရှင်း ရသေးဘူး…။"
လင်းဖန်၏ စကားကြောင့် ကျန်းမုဟိုင်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့လေသည်။
"ဒါက ဘာအဓိပ္ပာယ်လဲ တာအိုရောင်းရင်း။ ငါ့ရဲ့ ကောင်းကင်မိုးကြိုးနဲ့ ထျန်းယင်ဂိုဏ်း နှစ်ခုက စိတ် သဘောထား တစ်ခုတည်းဖြစ်ပြီး သွေးကြောတစ်ခုတည်းက ဆင်းသက်လာတာပါ။ မင်းက သပ်လျှို ဖြိုခွဲတဲ့ နည်းဗျူဟာကို သုံးချင်နေတာလား…။"
ဘေးတွင် ရပ်နေသော ကျူးရှိုးဝမ်သည် ဤစကားကို ကြားသောအခါ ဆွံ့အသွားခဲ့လေသည်။
*အခုမှပဲ ငါတို့အားလုံးက သွေးကြောတစ်ခုတည်းက ဆင်းသက်လာတာမှန်း သိတော့တယ်။ ငါ့ကို တာအိုရောင်းရင်းကျူးလို့ ခေါ်တုန်းကကျတော့ ဘာလို့ အဲဒီလို မပြောခဲ့တာလဲ…။*
သူက အခြားသူများ၏ "တာအိုရောင်းရင်းကျူး (ဝက်တာအိုရောင်းရင်း)" ဟု ခေါ်ဆိုခြင်းကို နှစ်သက် ခြင်းမရှိပေ။ အခြားသူများ မသိသော်လည်း ဤသည်ကို ကျန်းမုဟိုင်ကတော့ သေချာပေါက် သိနေ သည်ပင်။
*သူက ဒီကိုလာတဲ့လမ်းမှာ ရုတ်တရက် အသိအမြင်တွေ ရလာလို့တဲ့... တကယ့် အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ…။*
ကျူးရှိုးဝမ်သည် တွေးလေတွေးလေ ပို၍ ဒေါသထွက်လာလေ ဖြစ်သည်။ ထို့ကြောင့် လင်းဖန် စကား ဆက်မပြောနိုင်မီ သူက အရင်ဝင်ပြောလိုက်လေသည်။
"ဟီးဟီး... အဘိုးကြီးကျန်း... ဒီနေ့ ပြဿနာက မင်းရဲ့မြေးက စခဲ့တာပဲ။ အဲဒါက တကယ်တော့ ငါတို့နဲ့ သိပ်မသက်ဆိုင်ပါဘူး…။"
"မင်းလို ခွေးကောင်…"
ဟု ပြောပြီးနောက် ကျူးရှိုးဝမ်သည် စကားလုံးများကို ပိုမို သတိထား ပြောဆိုလိုက်လေသည်။
ကျူးရှိုးဝမ်က သူ့ကို မျက်နှာချင်းဆိုင်တွင် ဤမျှ ရိုင်းစိုင်းစွာ ဆဲဆိုနေသည်ကို ကြားလိုက်ရသောအခါ။ ကျန်းမုဟိုင်၏ မျက်နှာတွင် မယုံကြည်နိုင်သော အမူအရာ ပေါ်လာခဲ့လေသည်။
*ဒီလို မဖြစ်သင့်ဘူးလေ။ အဆင့်အတန်းနဲ့ ရာထူးရှိတဲ့ လူတွေဟာ ကွယ်ရာမှာ ဘယ်လောက်ပဲ ဆဲဆဲ၊ လူပုံအလယ်မှာတော့ အဲဒီလို ထုတ်ပြောမှာ မဟုတ်ဘူးလေ…။*
သို့သော်လည်း မကြာမီမှာပင် အကြောင်းရင်းကို သူ သိသွားခဲ့လေသည်။
အခန်းထဲတွင် လူအများအပြား ရှိနေသောကြောင့် ကျန်းမုဟိုင်၏ မြေးဖြစ်သူ ကျန်းဖန်မှာ ကျိုးဟွာ၏ နောက်တွင် ကွယ်နေခဲ့ခြင်းဖြစ်လေသည်။
သူသည် ခန်းမအပြင်ဘက်တွင် စူးစမ်းလေ့လာစဉ်က မဟာယာနအဆင့် ကျင့်ကြံသူများ၏ ပုံရိပ်များကို အာရုံခံနိုင်ရန်သာ အာရုံစိုက်ခဲ့ပြီး အောက်ခြေအဆင့် ကျင့်ကြံသူများကို ဂရုမစိုက်ခဲ့ပေ။
ထို့ကြောင့် ယခုမှသာလျှင် ကျူးရှိုးဝမ်၏ အကြည့်နောက်သို့ လိုက်ကြည့်ကာ သူ၏မြေးဖြစ်သူ ကျန်းဖန် ကို မြင်တွေ့လိုက်ရခြင်း ဖြစ်လေသည်။
ထိုအခိုက်အတန့်တွင် ကျန်းမုဟိုင်သည် မစင်တစ်လုပ် အတင်းအကျွေးခံလိုက်ရသကဲ့သို့ ခံစားလိုက် ရလေသည်။
ကျူးရှိုးဝမ်က သူ့ကို လှည့်စားလိုက်ကြောင်း သူ သဘောပေါက်သွားခဲ့၏။ သူ ခုနက ပြောလိုက်သော စကားသည် သူ့အား တိုက်ရိုက် စော်ကားလိုက်သည်မှာ သေချာပေ၏။ သို့သော်လည်း သူ၏မြေးဖြစ်သူ ရှိနေသောကြောင့် သူ့ကို စော်ကားရန် ရည်ရွယ်ထားသော စကားလုံးများသည် အဖြစ်မှန်ကို ဖော်ပြသည့် စကားလုံးများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်ပင်။
တစ်ဖက်လူကို အပြစ်ရှာ၍ မရသောကြောင့် သူ၏ ဒေါသကို ဖြေဖျောက်ရန် နေရာမရှိတော့ပေ။ ကျန်းမုဟိုင်၏ မျက်နှာပေါ်ရှိ အရုပ်ဆိုးသော အမူအရာကို မြင်သောအခါ ကျူးရှိုးဝမ်သည် စိတ်ထဲမှ တိတ်တဆိတ် ရယ်မောလိုက်မိလေသည်။
နောက်ဆုံးတော့ သူတို့က အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့ပြီး ကျန်းမုဟိုင်ကို အသံတိတ် နစ်နာသွား အောင် လုပ်နိုင်ခဲ့ပြီမဟုတ်ပါလား။
"အဘိုးကြီးကျန်း... ဘာလို့ ငြိမ်နေတာလဲ။ မင်းရဲ့မြေးနဲ့ တာအိုရောင်းရင်းလင်းဖန်တို့ကြားက ပြဿနာ က မပြေလည်သေးဘူးလေ။ တာအိုရောင်းရင်းလင်းဖန် ကျေနပ်လောက်တဲ့ ရှင်းပြချက်တစ်ခုတော့ မင်း ပေးသင့်တယ်နော်…။"
ထပ်မံ၍ အလှည့်စားခံလိုက်ရသော ကျန်းမုဟိုင်မှာ မျက်နှာတစ်ခုလုံး ဖြူလျော့သွားခဲ့လေသည်။
လင်းဖန်ကို ရှင်းပြချက်ပေးရန် တောင်းဆိုခံရသည်ကို ကြားသောအခါ သူ၏ လေသံမှာ ချက်ချင်းပင် ပို၍ ရင့်သီးသွားခဲ့လေသည်။
"ဟမ့်... ဝန်ခံရမယ် ဟုတ်လား။ ဖုန်းအာလို ရွှေအမြုတေအဆင့် ကျင့်ကြံသူလေးက မဟာယာနအဆင့် ကျင့်ကြံသူတစ်ယောက်ကို ပြစ်မှားနိုင်မယ်လို့ ထင်နေလား။ ငါ မယုံဘူး…။"
"မင်းက ငါ့ကို ရှင်းပြချက် ပေးစေချင်တာလား။ ဟက်... တာအိုရောင်းရင်း၊ မင်းက နောက်နေတာလား။"
ပြောပြောဆိုဆိုနှင့်ပင် ကျန်းမုဟိုင်သည် မဟာယာနအဆင့် အလယ်အလတ်ပိုင်းရှိ သူ၏ ကျင့်ကြံမှု အဆင့်ကိုလည်း ထုတ်ဖော်လိုက်လေသည်။
ကျိုးဟွာ အရင်က လိမ်ပြောနေခြင်း မဟုတ်ပေ။ သူ၏ အရှိန်အဝါအရ ဆိုလျှင် သူသည် မဟာယာန အဆင့် နှောင်းပိုင်းသို့ ရောက်ရန် သိပ်မလိုတော့သည်မှာ သေချာပေသည်။
အလယ်အလတ်ပိုင်းပဲ ဖြစ်ဖြစ်၊ နှောင်းပိုင်းပဲ ဖြစ်ဖြစ်၊ လင်းဖန်ကတော့ သူတို့အားလုံးကို အမှိုက်ဟုပဲ သတ်မှတ်ထားသည်ပင်။
ကျန်းမုဟိုင်က စားပွဲကို မှောက်ချင်နေသည်ကို မြင်သောအခါ လင်းဖန်ကလည်း သဘာဝကျကျပင် အလိုက်သင့် လိုက်လျောပေးလိုက်လေသည်။
လင်းဖန်သည် ရှေ့သို့ တစ်လှမ်းတိုးကာ လီလဲ့ယန်၏ အရှေ့မှ ကာရပ်လိုက်ပြီးနောက် သူမဘက်သို့ လှည့်ကာ ပြောလိုက်သည်...
"လဲ့ယန်... တိုက်ပွဲစပြီဆိုတာနဲ့ ဟင်းလင်းပြင် တံဆိပ်ပြားကို အသက်သွင်းလိုက်ပါ…။"
လီလဲ့ယန်ကို ပြန်လွှတ်ရခြင်း၏ အဓိက အကြောင်းရင်းမှာ သူမ၏ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ကျင့်ကြံမှုသည် တိုက်ပွဲကြောင့် ထိခိုက်မှု မရှိစေရန်အတွက် ကာကွယ်ရန်သာ ဖြစ်လေသည်။
လင်းဖန်က လီလဲ့ယန်ကို ဟင်းလင်းပြင် တံဆိပ်ပြားကို သုံးပြီး သန့်စင်ရာမြေအတွင်းသို့ ဝင်ရောက်ရန် ပြောထားပြီးဖြစ်၏။ ဆိုလိုသည်မှာ သူသည် အင်အားကြီး ဂိုဏ်းနှစ်ခု၏ စစ်ကူများကို ရင်ဆိုင်ရန် အသင့်ပြင်ထားပြီး ဖြစ်ကြောင်းပင်။
***