သူ၏ရှေ့ရှိ မဟာယာနအဆင့် ကျင့်ကြံသူနှစ်ဦးတည်းသာဆိုလျှင် လင်းဖန်၏ ရှေ့မှောက်တွင် လီလဲ့ယန် ကို ဒဏ်ရာရအောင် လုပ်နိုင်မည် မဟုတ်ပေ။
လင်းဖန်က သူ့ရှေ့မှ လူနှစ်ဦးကို သတ်လိုက်ပြီးနောက် သူ့ကို ကူညီရန် ရောက်လာမည့် သူများကို စိုးရိမ် နေခြင်း ဖြစ်လေသည်။
မည်သို့ပင်ဆိုစေ ဤနေရာသည် ကျုံးကျိုးဖြစ်၏။ တစ်ဖက်လူသည် အဆင့်(၈)ဂိုဏ်းသာ ဖြစ်သော် လည်း၊ ဂိုဏ်း၏ အခြေခံအုတ်မြစ်အဖြစ် အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ဦး မရှိဘူးဆိုသည်ကိုလည်း လင်းဖန် မယုံကြည်ပေ။
အကယ်၍ အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ဦးသာ ရောက်လာခဲ့ပါက လီလဲ့ယန် ထိခိုက်မှု မရှိစေရန် သူ အာမခံနိုင်မည်ဟု လင်းဖန် ယုံကြည်မှု မရှိပေ။
တစ်ချိန်တည်းမှာပင် ကျန်းမုဟိုင်၏ အပြုအမူက ကျူးရှိုးဝမ်၏ မျက်နှာကိုလည်း အနည်းငယ် အကျည်း တန်သွားစေခဲ့သည်ပင်။
တစ်ဖက်လူသည် သူ ဤနေရာတွင် ရှိနေသည်ကို သိနေပြီး သူတို့ စတင်လှုပ်ရှားမည်ဆိုသည်နှင့် သူက လက်ပိုက်ကြည့်နေရန် မကောင်းဘူးဆိုသည်ကို သိနေကြောင်း ထင်ရှားလေသည်။
*နားလည်မှုလွဲမှားတာကို အခုလေးတင် ရှင်းလင်းပြီးသွားပြီဆိုတော့ ဒီပဋိပက္ခမှာ ငါက ဘယ်လိုလုပ် ထပ်ပြီး ပါဝင်ပတ်သက်နေရမှာလဲ…။*
"တာအိုရောင်းရင်းကျန်း... ခင်ဗျားသွားလေရာမှာ ရန်သူတွေ ဖန်တီးနေတဲ့ ခင်ဗျားရဲ့ အပြုအမူကို ခင်ဗျားတို့ ဂိုဏ်းချုပ်ကရော သိရဲ့လား…။"
"တာအိုရောင်းရင်းလင်း... ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့။ အရာရာတိုင်းမှာ သဟဇာတဖြစ်မှုက အရေးအကြီးဆုံးပါ….။"
"ကျန်းမုဟိုင်က ထျန်းယင်ဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ်ပဲ ဖြစ်ပြီး ဆုံးဖြတ်ချက်တွေ မချနိုင်ပါဘူး။ ခင်ဗျား အနေနဲ့ တကယ့် ဂိုဏ်းချုပ်နဲ့ စကားပြောဖို့ သူတို့ရဲ့ ဂိုဏ်းချုပ်ကို ငါ အကြောင်းကြားပေးပါ့မယ်…။"
"မဟာယာနအဆင့် ကျင့်ကြံသူတွေကြားက တိုက်ပွဲရဲ့ နောက်ဆက်တွဲ ရလဒ်တွေက မြို့ထဲက အဆင့်နိမ့် ကျင့်ကြံသူ များစွာကို သေချာပေါက် ထိခိုက်စေပါလိမ့်မယ်။ ခင်ဗျားတို့နှစ်ယောက်စလုံး တည်ငြိမ်မှုကို ထိန်းထားဖို့ လိုပါတယ်…။"
ကျူးရှိုးဝမ်၏ လေးနက်သော ဖျောင်းဖျမှုကို ကြားပြီးနောက် ကျန်းမုဟိုင်သည် သူ စိတ်လိုက်မာန်ပါ ပြုမူ မိခဲ့ကြောင်း သဘောပေါက်သွားခဲ့လေသည်။
*ငါက တိုက်ပွဲတစ်ခုကို ဖန်တီးလိုက်ပြီး မိုးခြိမ်းသံမြို့တော်က အဆင့်နိမ့် ကျင့်ကြံသူတွေ သေကြေ ဒဏ်ရာရခဲ့မယ်ဆိုရင်…. အဲဒီအခါကျရင် ငါက ထျန်းယင်နဲ့ မိုးကြိုးနတ်ဘုရားဂိုဏ်းတွေအပေါ် အပြစ် လုပ်မိတဲ့သူ ဖြစ်သွားလိမ့်မယ်…။*
ယခု တည်ငြိမ်သွားပြီဖြစ်ရာ ကျန်းမုဟိုင်သည် ကျူးရှိုးဝမ်က သူ့ကို ထွက်ပေါက်ပေးလိုက်သည်ကို မြင် သောအခါ နောက်ဆုတ်ရန် အခွင့်အရေးကို အရယူလိုက်လေသည်။
ထို့ကြောင့် အေးစက်စွာ နှာမှုတ်လိုက်ပြီးနောက် သူ၏ ဖိနှိပ်နိုင်သော အရှိန်အဝါကို ရုပ်သိမ်းလိုက်လေ သည်။
သူက နောက်ဆုတ်သွားသော်လည်း လင်းဖန်ကတော့ မလိုလားပေ။ လင်းဖန်သည် ခရမ်းရွှေနတ်နဂါး ဓားကို ချက်ချင်း ထုတ်ယူလိုက်ပြီး တစ်ဖက်လူကို ချိန်ရွယ်လိုက်လေတော့သည်။
"မင်းက ငိုယိုပြီး သတ္တိကြောင်တဲ့ပုံစံ လုပ်ပြပြီး ဘာတွေ လှည့်စားဖို့ ကြိုးစားနေတာလဲ…။"
"မင်းက လှုပ်ရှားချင်နေတာ မဟုတ်ဘူးလား။ လာလေ... မင်း မလှုပ်ရှားဘူးဆိုရင် ငါက လှုပ်ရှားမယ်။"
လင်းဖန်က မရပ်တန့်သည့်အပြင် မှော်လက်နက်တစ်ခုကိုပင် ထုတ်ယူလာသည်ကို မြင်သောအခါ။
ကျူးရှိုးဝမ် ချက်ချင်းပင် သူ့ကို တားဆီးရန် ကြိုးစားလိုက်သည်။
"တာအိုရောင်းရင်းလင်း... ကျေးဇူးပြုပြီး စိတ်အေးအေး ထားပါ။ ထျန်းယင်ဂိုဏ်းကို ငါ သတင်းပို့ပြီးပါ ပြီ။ မကြာခင် သူတို့ ခင်ဗျားကို ရှင်းပြချက်တစ်ခု ပေးပါလိမ့်မယ်…။"
"ဒေါသထွက်ပြီးတော့ ဘယ်တော့မှ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ တစ်ယောက်ယောက် ဒဏ်ရာရတာ ဒါမှမဟုတ် သေဆုံးတာတွေ ဖြစ်ခဲ့ရင် ပျက်စီးသွားတာတွေကို ပြန်ပြင်လို့ မရတော့ဘူး…။"
ကျူးရှိုးဝမ်၏ အကြံပြုစကားများကို ကြားသောအခါ လင်းဖန်က အရေးမစိုက်သည့်အပြုံးဖြင့် ပြုံး လိုက်လေသည်။
"ဟက်... ခင်ဗျားက ဘာကို ဖြေရှင်းချင်သေးလို့လဲ။ ငါက ဘာမှတောင် မလှုပ်ရှားရသေးဘူး။ ခင်ဗျားတို့ နောက်ကွယ်က ဂိုဏ်းတွေကို ဂရုစိုက်လို့ ငါ ဒီလိုလုပ်နေတယ်လို့များ ထင်နေတာလား…။"
"ဒါ့အပြင် မဟာယာနအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဖြေရှင်းရတာက ကြီးကြီးမားမား ဆူညံမှုတွေ ဖြစ်စေမှာ မဟုတ်ပါဘူး…။"
"ငါ့ကို မယုံဘူးဆိုရင် သူ့ကို ဆံပင်ပုံစံသစ် ညှပ်ပေးတာကို ကြည့်နေလိုက်…။"
ပြောပြောဆိုဆိုနှင့်ပင် လင်းဖန် ရုတ်တရက် လှုပ်ရှားလိုက်လေသည်။ သူ၏ လက်ထဲရှိ ဓားပျံသည် ကျန်းမုဟိုင်၏ ခေါင်းပေါ်သို့ ချက်ချင်း ရောက်ရှိသွားခဲ့လေသည်။
သူ တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် ၎င်းက သူ့ကို ဆံပင်ပုံစံသစ် ညှပ်ပေးလိုက်ပြီဖြစ်၏။မူလက အတော်လေး ထူထဲသော ဆံပင်ရှိသည့် ကျန်းမုဟိုင်မှာ ရုတ်တရက် ကတုံးဖြစ်သွားခဲ့လေသည်။
သူ၏ ခေါင်းပေါ်မှ အေးစိမ့်မှုကို ခံစားလိုက်ရသောအခါ ကျန်းမုဟိုင် ချက်ချင်း လက်လှမ်းကာ စမ်းကြည့် လိုက်လေ၏။ ဘာဖြစ်သွားသည်ကို သဘောပေါက်ပြီးနောက် ကျန်းမုဟိုင်သည် ဆက်လက် သည်းခံနိုင် ခြင်း မရှိတော့ပေ။
သူ၏ ဓားပျံကို ချက်ချင်း ထုတ်ယူကာ လင်းဖန်ကို တိုက်ခိုက်လိုက်လေတော့သည်။ သို့သော်လည်း လင်းဖန်၏ ခရမ်းရွှေနတ်နဂါးဓားက ချက်ချင်း တန်ပြန်တိုက်ခိုက်လိုက်လေ၏။
ထို့နောက် ခရမ်းရွှေနတ်နဂါးဓားသည် ပြိုင်ဘက်၏ ဓားပျံကို အပိုင်းပိုင်းအစစဖြစ်အောင် ခုတ်ပိုင်းလိုက် ပြီး ပြိုင်ဘက်၏ မျက်ခုံးကြားတွင် ရပ်တန့်သွားခဲ့လေသည်။
သူတို့၏ စိတ်ဝိညာဉ်နှင့် ဆက်သွယ်ထားသော မှော်လက်နက် ပျက်စီးသွားမှုက ကျန်းမုဟိုင်ကိုလည်း သိသိသာသာ ဒဏ်ရာရစေခဲ့ပြီး သူ၏ နှုတ်ခမ်းထောင့်မှ သွေးများ ချက်ချင်း စီးကျလာခဲ့လေသည်။
မဟာယာနအဆင့် ကျင့်ကြံသူများကြားရှိ ကြီးကျယ်ခမ်းနားပြီး ကြာရှည်မည့် တိုက်ပွဲတစ်ခု ဖြစ်သင့် သော်လည်း မျက်စိတစ်မှိတ်အတွင်း အသံတိတ် ပြီးဆုံးသွားခဲ့လေသည်။
"ဟား..ဟား... တာအိုရောင်းရင်း၊ ငါ မှန်တယ်ဆိုတာ ခင်ဗျား မြင်တယ်မလား။ သူ့ကို ဖြေရှင်းရတာက ခဏလေးပဲ အချိန်ယူရတာပါ…။"
ယခုအချိန်တွင် သူ၏ မျက်ခုံးနှစ်ခုကြားတွင် ဝဲပျံနေသော ဓားကြောင့် ကျန်းမုဟိုင်သည် အနည်းငယ်မျှ ပင် မလှုပ်ရှားဝံ့တော့ပေ။
ဘေးတွင် ရပ်နေသော ကျူးရှိုးဝမ်မှာ ကျောချမ်းသွားသည်ဟု ခံစားလိုက်ရလေသည်။ သူ၏ အင်အား သည်လည်း ကျန်းမုဟိုင်နှင့် အကြမ်းဖျင်းအားဖြင့် တူညီလေသည်။ ကျန်းမုဟိုင် ချက်ချင်း ရှုံးနိမ့်သွား သောကြောင့် သူသာဖြစ်ခဲ့လျှင်လည်း ရလဒ်က အတူတူပင် ဖြစ်ပေလိမ့်မည်။
ဤသည်ကို တွေးမိသောအခါ ကျူးရှိုးဝမ်သည် ပြဿနာကို အစကတည်းက အသေးအဖွဲ ဖြစ်အောင် လုပ်ရန် ရည်ရွယ်ခဲ့ခြင်းအတွက် ကံကောင်းသည်ဟု ခံစားလိုက်ရလေသည်။ သို့မဟုတ်ပါက ယနေ့ ဓားပျံ မှော်လက်နက် ပျက်စီးသွားမည့်သူမှာ သူ ဖြစ်နေပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် လင်းဖန်၏ လက်ထဲရှိ ဓားပျံက မည်သည့်အဆင့်ဖြစ်မည်ကို သူ သိချင်စိတ် ပြင်းပြလာခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် သူလည်း သတိထားမိသောကြောင့်ပင်။ ဤတစ်ကြိမ် ကျန်းမုဟိုင် ဤမျှ မြန်မြန် ရှုံးနိမ့်သွားရခြင်း၏ အဓိက အကြောင်းရင်းမှာ သူ့မှော်လက်နက်၏ အားနည်းချက်ကြောင့်ပင် ဖြစ်လေ၏။
တကယ်တမ်းတွင် ကျူးရှိုးဝမ်၏ ခန့်မှန်းချက်က မှန်ကန်ပေ၏။
လင်းဖန်သည် မဟာယာနအဆင့်တွင် ရှိသော်လည်း တိုက်ခိုက်ရေး မှော်ပညာ တစ်ခုကိုမျှ ဝယ်ယူခဲ့ခြင်း မရှိပေ။
အဆင့်မြင့် ပြိုင်ဘက်များကို တိုက်ခိုက်ရာတွင် သူ၏ ယုံကြည်မှုမှာ အဓိကအားဖြင့် သူ ကိုင်ဆောင်ထား သော မှော်လက်နက်များမှ မြစ်ဖျားခံလေသည်။
ခရမ်းရွှေနတ်နဂါးဓား၏ အနိုင်ယူ၍မရသော စွမ်းအားနှင့် ခရမ်းရွှေနတ်နဂါးထီး၏ အားကောင်းသော ခုခံကာကွယ်မှုတို့ပင် ဖြစ်လေသည်။
"တာအိုရောင်းရင်းလင်း... ကျေးဇူးပြုပြီး စိတ်အေးအေး ထားပါ။ ဒါက အဘိုးကြီးကျန်းရဲ့ အမှားပါ။ ကျေးဇူးပြုပြီး သနားညှာတာပေးပါ…။"
"ထျန်းယင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က မကြာခင် ရောက်လာတော့မှာပါ။ သူက ခင်ဗျား ကျေနပ်လောက်တဲ့ အဖြေတစ်ခု ပေးမယ်ဆိုတာ ငါ သေချာပါတယ်…။"
ထို့နောက် ကျူးရှိုးဝမ်၏ လေးနက်သော ဖျောင်းဖျမှုကို ကြားပြီးနောက် လင်းဖန်သည် နောက်ထပ် မည်သည့် လှုပ်ရှားမှုမျှ မလုပ်တော့ပေ။ သူသည် ဓားပျံကို ကျန်းမုဟိုင်၏ နဖူးပေါ်တွင် ဆက်လက် ဖိထားလိုက်လေသည်။
သိပ်မကြာမီမှာပင် ထျန်းယင်ဂိုဏ်း၏ ဂိုဏ်းချုပ် စုန့်ယုံချန်သည် မိုးခြိမ်းသံမြို့တော်သို့ ရောက်ရှိလာခဲ့ လေသည်။
တွေ့ဆုံသည်နှင့် တစ်ပြိုင်နက် စုန့်ယုံချန်သည် လင်းဖန်ကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်လိုက်လေသည်။
"တာအိုရောင်းရင်းလင်း... ဒါက နားလည်မှုလွဲတာပါ၊ နားလည်မှုလွဲတာပါ…။"
"အင်မော်တယ်တိမ်တိုက်ဂိုဏ်းက စီနီယာလျူက ငါ့ကို အခုလေးတင် သတင်းပို့လို့ ဒီကိစ္စကို ငါ သိရတာ ပါ။ ငါ တကယ်ကို တောင်းပန်ပါတယ်…။"
"ခင်ဗျားကို တွေ့ရတာ ဝမ်းသာပါတယ်။ တာအိုရောင်းရင်းလင်း... ကျေးဇူးပြုပြီး ဒီလက်ဆောင်ကို လက်ခံပေးပါ…။"
ထျန်းယင်ဂိုဏ်းချုပ်၏ စကားကို ကြားသောအခါ လင်းဖန်သည် အံ့သြတကြီးဖြင့် လီလဲ့ယန်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။
လီလဲ့ယန်က အနေရခက်စွာ ပြုံးပြရင်း ပြောလိုက်လေသည်။
"စီနီယာအစ်ကို အန္တရာယ်ကြုံရမှာ စိုးရိမ်လို့ စာရေးဆီကို သတင်းပို့လိုက်တာ….။"
ယခုအချိန်တွင် စုန့်ယုံချန်သည် လီလဲ့ယန် စကားပြောနေသည်ကိုလည်း သတိပြုမိသွားလေသည်။
"သူမက စီနီယာလျူရဲ့ မျိုးဆက် ဖြစ်ရမယ်။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဟင်းလင်းပြင်သန့်စင်ခြင်း အဆင့်ကို ရောက်နေပြီပဲ။ တကယ်ကို မျိုးဆက်သစ်တွေက မျိုးဆက်ဟောင်းတွေထက်ကို သာလွန်တာ ပဲ…။"
ထိုသို့ပြောပြီးနောက် စုန့်ယုံချန်သည် လင်းဖန်လည်း အလွန် ငယ်ရွယ်ပုံပေါက်ကြောင်း ရုတ်တရက် သတိရသွားလေသည်။
*ဒီလောက် ငယ်ရွယ်တဲ့ မဟာယာနအဆင့် ကျင့်ကြံသူတစ်ယောက်က ဘာတွေများ ဒီလောက် အများ ကြီးစားပြီး ကြီးပြင်းလာတာလဲ…။*
စုန့်ယုံချန် ရှင်းပြပြီးနောက် တစ်ဖက်လူ ဘာကြောင့် ဤမျှ စိတ်အားထက်သန်နေရသည်ကို လင်းဖန် နောက်ဆုံးတွင် နားလည်သွားခဲ့လေသည်။
သွေးမိစ္ဆာဂိုဏ်းဖြစ်ရပ်ကြောင့် စုန့်ယုံချန်သည် လျူအန်းရှန်းနှင့် သိကျွမ်းခွင့်ရခဲ့ခြင်း ဖြစ်သည်။
လျူအန်းရှန်းက လင်းဖန်ထံမှ ဆေးလုံးများကို လက်ခံရရှိပြီးနောက် သူ သိကျွမ်းသော မဟာယာန အတိဒုက္ခအဆင့် ကျင့်ကြံသူများထံသို့ သူ၏ လုပ်ငန်းကို မြှင့်တင်ရန် သူ တွေးခဲ့လေသည်။
မဟာယာနအဆင့်၏ အထွတ်အထိပ်တွင် အတိဒုက္ခခံယူတော့မည့် စုန့်ယုံချန်မှာ အလိုအလျောက်ပင် ပထမဆုံး ရွေးချယ်မှု ဖြစ်လာခဲ့သည်ပင်။
လျူအန်းရှန်းသည် စုန့်ယုံချန်နှင့် ကြီးမြတ်သောပြန်လည်ကုသခြင်းဆေးလုံး အကြောင်း ဆက်သွယ် ပြောဆိုနေချိန်တွင် ဖြစ်၏။
လီလဲ့ယန်ထံမှ သတင်းစကားတစ်ခု ရုတ်တရက် ရရှိခဲ့သည်လေ။
အလွန် တိုက်ဆိုင်စွာပင် လီလဲ့ယန် ပြောပြသော ပဋိပက္ခ၏ ပစ်မှတ်မှာ ထျန်းယင်ဂိုဏ်း ဖြစ်နေကြောင်း သူတို့ သိရှိခဲ့ကြလေသည်။
သေချာသည်မှာ ထိုအချိန်က စုန့်ယုံချန်နှင့် ဆက်သွယ်နေသော လျူအန်းရှန်းက ဤကိစ္စအကြောင်း သူ့ကို ချက်ချင်း ပြောပြခဲ့လိုက်သည်ပင်။
စုန့်ယုံချန်က ဤကိစ္စကို သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းမည်ဟု ကတိပေးပြီးနောက်။ လျူအန်းရှန်းက ထပ်မံ၍ ခရီးထွက်ရန် ပျင်းရိနေခဲ့လေသည်။ သူ၏အမြင်တွင် ဆန်းကြယ်သော မြင့်မြတ်နယ်မြေကို ပိုင်ဆိုင်ထားသော လင်းဖန်သည် မည်သည့် အန္တရာယ်နှင့်မျှ ကြုံတွေ့ရမည် မဟုတ်ပေ။
သူ၏ ဒုတိယဂိုဏ်းချုပ်နှင့် ထိပ်တိုက်တွေ့ခဲ့သူမှာ ကြီးမြတ်သောပြန်လည်ကုသခြင်းဆေးလုံး ပိုင်ရှင် ဖြစ်ကြောင်း သိရှိပြီးနောက် စုန့်ယုံချန်သည် သူသည် အလွန် အလျင်စလိုဖြင့် မိုးခြိမ်းသံမြို့တော်ဆီသို့ ချက်ချင်း ပြေးလာခဲ့သည်ပင်။
တစ်ဖက်လူကို လုံးဝ ဒေါသထွက်အောင် လုပ်မိပါက ကြီးမြတ်သောပြန်လည်ကုသခြင်းဆေးလုံးကို သူ့အား ရောင်းချရန် ငြင်းဆန်မည်ကို သူ စိုးရိမ်နေခဲ့ခြင်းပင်။
လင်းဖန်သည် သူ လုံးဝအလေးပေးဆက်ဆံရမည့်သူပင် ဖြစ်လေသည်။
လျူအန်းရှန်းက ကြားဝင်စေ့စပ်ပေးနေသည်ကို မြင်သောအခါ လင်းဖန်သည် ဆက်လက်လှုပ်ရှားရန် အကြံအစည်ကို စွန့်လွှတ်လိုက်တော့သည်။
အထူးသဖြင့် တစ်ဖက်လူက ကြီးမြတ်သောပြန်လည်ကုသခြင်းဆေးလုံးကို ဝယ်ယူချင်ကြောင်း သိရှိပြီး နောက် သူတို့၏ သဘောထားမှာပင် များစွာ ကောင်းမွန်လာခဲ့သည်ပင်။
ခရမ်းရွှေနတ်နဂါးဓားကို သိမ်းဆည်းပြီးနောက် လင်းဖန်က ပြုံးကာ စုန့်ယုံချန်ကို ပြောလိုက်လေသည်။
"ဂိုဏ်းချုပ်စုန့်... ဒီတိုက်ပွဲကနေတဆင့် ငါတို့ သူငယ်ချင်းတွေ ဖြစ်သွားပြီပဲ။ အနာဂတ်မှာ ဆေးလုံး ဒါမှ မဟုတ် မှော်လက်နက် တစ်ခုခု လိုအပ်ရင် ငါ့ဆီကနေ အချိန်မရွေး ဝယ်ယူနိုင်ပါတယ်…။"
ဤစကားကို ကြားသောအခါ စုန့်ယုံချန် ပြုံးလိုက်လေသည်။ ဘေးတွင် ရပ်ကာ စိတ်ဓာတ်ကျနေသော ကျန်းမုဟိုင်မှာ ပို၍ပင် အကျည်းတန်နေပုံရ၏။
*သူတို့က တိုက်ပွဲတစ်ခုဖြစ်ပြီးမှ သူငယ်ချင်းတွေ ဖြစ်သွားတာလား။ မင်းတို့နှစ်ယောက်က သိနေကြ တာပဲ၊ ဒါပေမဲ့ ငါ့ကို ရိုက်တဲ့သူတွေက မင်းတို့ပဲလေ….*
***