*တစ်ယောက်ယောက်ကများ ငါ့ခံစားချက်တွေကို ထည့်စဉ်းစားပေးဖူးရဲ့လား…။*
ကျန်းမုဟိုင် ဘာပဲတွေးနေပါစေ၊ ဘယ်သူကမှ သူ့ဘက်ကနေ ရပ်တည်ပေးတော့မည် မဟုတ်ပေ။
စိတ်ပျက်လက်ပျက်နဲ့သာ ကျန်းမုဟိုင်သည် ဒဏ်ရာတွေကုသရန်အတွက် သူ့ဂိုဏ်းကို ပြန်သွားရုံကလွဲ ပြီး ဘာမျှမတတ်နိုင်တော့ပေ။
သို့သော်လည်း ဒဏ်ရာတွေကို ကုသ၍ရနိုင်ပါသော်လည်း ကျိုးပဲ့သွားသော ဓားပျံကိုတော့ မည်ကဲ့သို့ ပြန်လည်ကောင်းမွန်အောင် လုပ်နိုင်မည်ပါနည်း။
လင်းဖန်ကလည်း ကျန်းမုဟိုင် ထွက်သွားတာကို အလိုလိုပင် သတိထားမိလိုက်လေသည်။
တစ်ဖက်လူ ကောက်ယူသွားသည့် ဓားပျံကို ကြည့်လိုက်ပြီး မှော်ပစ္စည်းတွေ ပြုပြင်ပေးတဲ့ အလုပ် နောက်တစ်ခုများ လုပ်လျင်ကောင်းမလားဟု သူ စဉ်းစားလိုက်မိ၏။
ကုန်သည်တွေဆိုတာ အငြိုးအတေး မထားတတ်ဘူးလေ။
တစ်ဖက်လူက လင်းဖန်ရဲ့ စီးပွားရေးကို အထောက်အကူပြုနိုင်သရွေ့ပေါ့။
လင်းဖန်က အစောပိုင်းက ပြစ်မှားခဲ့သည်များကို မျက်စိတစ်မှိတ်အတွင်းမှာတင် ခွင့်လွှတ်ပေးနိုင်လေ သည်။
*ဒါပေမယ့် သူတို့ရဲ့ အမူအရာကို ကြည့်ရတာတော့ မကြာခင်အချိန်အတွင်းမှာ စီးပွားရေးအရ ငါ့ကို ဆက်သွယ်လာဖို့ မရှိလောက်ဘူး။*
"တာအိုရောင်းရင်းလင်း... လျော်ကြေးကိစ္စကို ဆွေးနွေးကြတာပေါ့…။"
"ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကို ငါသိရပါပြီ။ ဒါက ငါတို့ ထျန်းယင်ဂိုဏ်းရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့် ဖြစ်ရတာ အမှန်ပါပဲ…။"
"သူက ကိုယ်ကျိုးအတွက် ဥပဒေကို ချိုးဖောက်ရုံသာမကဘဲ အထက်လူကြီးကိုပါ ဖီဆန်ခဲ့တာဆိုတော့ တကယ်ကို လက်ခံနိုင်စရာ မရှိပါဘူး…။"
"ဒီလိုလုပ်ရင်ကော... လျော်ကြေးအနေနဲ့ ငါတို့ ခင်ဗျားကို စိတ်ဝိညာဉ်ကျောက်တုံးတွေ ပေးမယ့်အပြင် မိုးခြိမ်းသံမြို့တော်ထဲက နေရာကောင်းမှာရှိတဲ့ ဆိုင်ခန်းကြီးတစ်ခန်းကိုလည်း လျော်ကြေးအနေနဲ့ ထပ် ပေးပါ့မယ်…။"
စုန့်ယုံချန်ရဲ့ အကြံပြုချက်က နှစ်ဖက်စလုံးအတွက် အကျိုးရှိစေသည်ပင်။ လင်းဖန်အတွက် အကျိုး အမြတ်ကတော့ ရှင်းလင်းပြီးသား ဖြစ်၏။
သို့သော်လည်း စုန့်ယုံချန်ကတော့ ယုံကြည်နေသည်မှာ လင်းဖန်က ကြီးမြတ်သောပြန်လည်ကုသခြင်း ဆေးလုံးကို ပိုင်ဆိုင်ထားမှတော့ သူ့ဆီမှာ တခြားသော အံ့မခန်းပစ္စည်းတွေလည်း ရှိနေနိုင်ပေသည်ဟု သာဖြစ်၏။
လင်းဖန်သာ မိုးခြိမ်းသံမြို့တော်မှာ ဆိုင်ခန်းဖွင့်နိုင်မည်ဆိုပါလျင် သူတို့က အရင်းအမြစ်နဲ့ နီးစပ်တဲ့ အခွင့် အရေးကို အသုံးချနိုင်ပြီ မဟုတ်ပါလား။
ထို့ကြောင့် နှစ်ဖက်စလုံး ချက်ချင်း သဘောတူညီသွားကြပြီး လင်းဖန်သည် မိုးခြိမ်းသံမြို့တော်တွင် ဆိုင်ခန်းတစ်ခန်းကို အောင်မြင်စွာ ရရှိသွားခဲ့လေသည်။
"တစ်ပါးသူထံမှ အကျိုးအမြတ် ရရှိထားလျှင် ထောက်ထားညှာတာရမည်" ဆိုသည့် စကားအတိုင်းပင်။
လျော်ကြေးကို လက်ခံရရှိပြီးနောက် လင်းဖန်သည် စည်းကမ်းထိန်းသိမ်းရေး အရာရှိနှစ်ဦး၏ ပြစ်မှားမှု ကိစ္စကို ဆက်လက်အရေးယူရန် အားနာသွားခဲ့ပြန်လေသည်။
ထို့နောက် စုန့်ယုံချန်က သူတို့ကို ခေါ်သွားခဲ့လေသည်။
သို့သော်လည်း ခုနလေးတင် အပြစ်တွေကို သူ့အပေါ် ပုံချဖို့ ကြိုးစားခဲ့သော ဆိုင်ရှင် နှစ်ဦးကိုတော့ ကာကွယ်ပေးမည့်သူ မရှိတော့ပေ။ ထိုသို့ဆိုလျှင်တော့ သူတို့အနေနဲ့ လင်းဖန်လက်ထဲကို ကိုယ်တိုင်အပ် လိုက်ရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
အစပထမတွင်တော့ လင်းဖန်က သူတို့ကို ကိုယ်တိုင်ပေါက်ကွဲဆေးလုံး စမ်းသပ်ရန် သုံးဖို့ စဉ်းစား ခဲ့သေးသည်။ သို့သော် မိုးခြိမ်းသံမြို့တော်တွင် ဆိုင်ခန်းရရှိပြီးနောက် သူ စိတ်ပြောင်းသွားခဲ့သည်။
*ငါက မိုးခြိမ်းသံမြို့တော်မှာ အမြဲတမ်း နေထိုင်မှာ မဟုတ်တော့ ဆိုင်ခန်းကို စောင့်ရှောက်ဖို့ လူတစ် ယောက်တော့ လိုအပ်နေသေးတယ်။*
ရှေ့မှာရှိနေသော ဆိုင်ရှင်စုံတွဲက ရွေးချယ်စရာကောင်းတစ်ခုပင် ဖြစ်သည်မဟုတ်ပါလား။
သို့သော်လည်း လင်းဖန်က လက်ရှိအချိန်၌ သူတို့ကို ဟင်းလင်းပြင်မြင့်မြတ်နယ်မြေထဲကို ခေါ်ယူရန် ရည်ရွယ်ချက် မရှိပေ။
သူ၏ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေသည် အစပိုင်းကလို လူမလုံလောက်သည့် အခြေအနေမျိုး မဟုတ်တော့ပေ။ အနာဂတ်မှာ မည်သူမဆို ဟင်းလင်းပြင်မြင့်မြတ်နယ်မြေရဲ့ အဖွဲ့ဝင်ဖြစ်ဖို့ အရည် အချင်းပြည့်မီမည် မဟုတ်တော့ပေ။
*သူတို့ကို မြင့်မြတ်နယ်မြေထဲ ဝင်ခွင့်မပြုနိုင်ရင် သူတို့ကို ထိန်းချုပ်ဖို့ တခြားနည်းလမ်းတွေ ရှာရမယ်။*
ဤသည်ကို တွေးမိပြီး လူတွေကို ထိန်းချုပ်နိုင်စွမ်းရှိသော ဆေးလုံးတစ်မျိုး သန့်စင်ရန် ဆုံးဖြတ်လိုက် လေသည်။
ထို့အပြင် အနာဂတ်တွင် မိမိအတွက် အလုပ်လုပ်ပေးသော်လည်း မြင့်မြတ်နယ်မြေထဲ ဝင်ရန် အရည် အချင်းမပြည့်မီသော ဤကဲ့သို့သော ကျင့်ကြံသူများ များစွာ ရှိလာဦးမည်မှာ သေချာသည်ပင်။
ထိုကဲ့သို့သော လူမျိုးများကို ဆေးလုံးများနှင့် ထိန်းချုပ်နိုင်သည်ပင်။
"ဂျူနီယာညီမလေး လဲ့ယန်၊ မင်း အခုလောလောဆယ် အဲဒီနှစ်ယောက်ကို စောင့်ကြည့်ထားလိုက်။ ငါ ဆေးလုံးတချို့ သွားသန့်စင်လိုက်ဦးမယ် ပြီးရင် ချက်ချင်း ပြန်လာခဲ့မယ်…။"
ထိုသို့ပြောပြီးနောက် လင်းဖန်သည် ဟင်းလင်းပြင်မြင့်မြတ်နယ်မြေသို့ ပြန်သွားခဲ့လေသည်။
ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖိုသို့ ရောက်ရှိပြီးနောက် လင်းဖန်သည် ဆေးလုံးများကို စတင်လေ့လာ ခဲ့သည်။
*လူတွေကို ထိန်းချုပ်ချင်တယ်ဆိုရင် စိတ်ဝိညာဉ်ကို သက်ရောက်မှုရှိတဲ့ ဆေးဖက်ဝင်အပင်တချို့ လိုအပ်နိုင်ခြေ အများဆုံးပဲ..။*
သေချာ ဂရုတစိုက် ရွေးချယ်ပြီးနောက် လင်းဖန်သည် စိတ်လှည့်စားခြင်းမြက်ပင် ကို အဓိက ဆေးဖက် ဝင်ပစ္စည်းအဖြစ် ရွေးချယ်လိုက်လေသည်။
စိတ်လှည့်စားခြင်းမြက်ပင် တစ်ပင်ကို ထုတ်ယူပြီးနောက် လင်းဖန်က ၎င်းကို လူရုပ်လေးပုံစံေ အလွယ် တကူ ယက်လုပ်လိုက်လေသည်။
ထို့နောက် သူက ချွန်ထက်သော သံမဏိအပ်တစ်ချောင်းကို ထုတ်ယူကာ အကြိမ်အနည်းငယ်ခန့် ထိုး စိုက်လိုက်လေသည်။ ထိုးစိုက်ခံထားရသော လူရုပ်လေးကို ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖိုထဲ ပစ်ထည့် ပြီးနောက် အရန်ဆေးဖက်ဝင်အပင် အနည်းငယ်နှင့် စိတ်ဝိညာဉ်ကျောက်တုံးများကိုပါ ထည့်သွင်းလိုက် လေသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် "ဒင်" ဟူသော အသံနှင့်အတူ ဆေးလုံး ဖော်စပ်ခြင်း အောင်မြင်သွား ခဲ့လေသည်။
လင်းဖန်ကတော့ ကြီးမားသော မျှော်လင့်ချက်များနှင့် ဆေးလုံး၏ အာနိသင်ကို စစ်ဆေးကြည့်လိုက် လေသည်။
[စိတ်လှည့်စားခြင်း ဆေးလုံး (မြည်းတံဆိပ်) : အထူးဆေးလုံး။]
[ဆေးလုံးများနှင့် ကျိန်စာများ ပေါင်းစပ်ထားမှု၊ သေချာသော ဆေးဆရာတစ်ဦး၏ ကျွမ်းကျင်လှသော ဖန်တီးမှု။]
အာနိသင် - အသုံးပြုသူ၏ စိတ်ဝိညာဉ်စွမ်းအားကို မြှင့်တင်ပေးနိုင်သည်။
[ဘေးထွက်ဆိုးကျိုး - ဆေးလုံးကို သောက်သုံးပြီးနောက် ဆေးဆရာ၏ မှော်ပညာအောက်သို့ ကျရောက် သွားမည်ဖြစ်ပြီး၊ တဖြည်းဖြည်းနှင့် မသိမသာ ဆေးဆရာအား ၎င်းတို့၏ သခင်အဖြစ် သတ်မှတ်လာ လိမ့်မည်။]
[ဆေးဆရာအပေါ် ထိခိုက်စေမည့် အတွေးတစ်ခု ပေါ်လာသည်နှင့် တစ်ပြိုင်နက် ချွန်ထက်သော သံမဏိအပ်ဖြင့် အထိုးခံရသကဲ့သို့ ပြင်းထန်သော နာကျင်မှုကို ခံစားရမည်။]
အသစ်ဖော်စပ်လိုက်သော စိတ်လှည့်စားခြင်း ဆေးလုံး၏ အာနိသင်ကို ကြည့်ပြီး လင်းဖန် အလွန် ကျေနပ်သွားခဲ့လေသည်။
ဆေးလုံး အလုံးငါးဆယ်ကို သိမ်းဆည်းပြီးနောက် လင်းဖန်သည် စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင် သို့ ပြန်သွားခဲ့လေသည်။
သူ၏ရှေ့ရှိ အသက်မဲ့နေသော မျက်လုံးများဖြင့် အဆုံးအဖြတ်ကို စောင့်ဆိုင်းနေကြသော ဆိုင်ရှင်နှစ်ဦး ကို ကြည့်ကာ လင်းဖန်က ဖြည်းညှင်းစွာ ပြောလိုက်လေသည်။
"ဒီနေ့ မင်းတို့ ဆိုင်ခန်းဖွင့်နေတုန်း ငါနဲ့ တွေ့လိုက်ရတာက မင်းတို့အတွက် ကံကောင်းမှုတစ်ခုပဲ…။"
"ဒါပေမဲ့ စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင်ကို ရောက်လာပြီးတဲ့နောက်မှာ မင်းတို့က အပြစ်တွေကို ငါ့အပေါ် ပုံချပြီး ပြန်ကိုက်ဖို့ ကြိုးစားလိမ့်မယ်လို့ ငါ လုံးဝ မမျှော်လင့်ထားခဲ့ဘူး…။"
"အခွင့်အရေးတွေကနေ ရန်ငြိုးအဖြစ် ပြောင်းလဲသွားတာက မင်းတို့ ကိုယ်တိုင် လုပ်ခဲ့တာပဲ…။"
"တခြား မဟာယာနအဆင့် ကျင့်ကြံသူတစ်ယောက်ယောက်သာ ဆိုရင် မင်းတို့ကို ရိုက်သတ်ပစ် ပြီးလောက်ပြီ…။"
"ဒါပေမဲ့ ငါက သဘောကောင်းလို့ မင်းတို့ကို ရွေးချယ်ခွင့် တစ်ခုပေးဖို့ ဆန္ဒရှိတယ်…။"
သူတို့၏ ကံကြမ္မာကို ကြောင်အမ်းအမ်းဖြင့် စောင့်ဆိုင်းနေခဲ့သော လူနှစ်ဦးသည် ယခုအခါ သူတို့၏ ကံကြမ္မာထံမှ အဆုံးအဖြတ်ကို ရင်ဆိုင်နေရပြီ ဖြစ်သည်။
လင်းဖန်က သူတို့ကို အခွင့်အရေးပေးရန် ဆန္ဒရှိကြောင်း ကြားလိုက်ရသောအခါ သူတို့သည် အယောင် ယောင်အမှားမှား ဖြစ်နေရာမှ တစ်ပြိုင်နက် သတိဝင်လာခဲ့ကြလေသည်။ သူတို့သည် လင်းဖန်ကို အသက်ချမ်းသာပေးရန် တောင်းပန်နေသကဲ့သို့ မျှော်လင့်ချက်အပြည့်ရှိသော မျက်လုံးများဖြင့် ကြည့် လိုက်ကြလေသည်။
ထို့နောက် လင်းဖန်သည် စိတ်လှည့်စားခြင်း ဆေးလုံး တစ်ပုလင်းနှင့် ကိုယ်တိုင်ပေါက်ကွဲဆေးလုံး တစ်ပုလင်းကို ထုတ်ယူလိုက်သည်။
ထို့နောက် ၎င်းတို့ကို ဘယ်လက်နှင့် ညာလက်တွင် အသီးသီး ကိုင်ထားပြီး ပြောလိုက်သည်။
"ငါ့လက်တစ်ဖက်စီမှာ ဆေးတစ်လုံးစီ ရှိတယ်။ အဲဒီဆေးတွေက အာနိသင် မတူကြဘူး…။"
"မင်းတို့နှစ်ယောက် သောက်ဖို့အတွက် ဆေးတစ်လုံးကို ရွေးချယ်နိုင်တယ်။ ရလဒ်ကတော့ မင်းတို့ရဲ့ ရွေးချယ်မှုအပေါ်မှာ မူတည်တယ်…။"
လင်းဖန်၏ လက်ထဲရှိ ဆေးပုလင်းနှစ်ခုတွင် မည်သည့်ဆေးလုံး အမျိုးအစားများ ပါဝင်ကြောင်း တိတိ ကျကျ ဖော်ပြထားခြင်း မရှိပေ။
တုံ့ဆိုင်းနေသော ဆိုင်ရှင်က သတိထားကာ မေးလိုက်သည်။
"စီနီယာ... ဒီဆေးပုလင်းနှစ်ခုထဲမှာ ဘယ်လို ဆေးလုံးမျိုးတွေ ပါတာလဲ…။"
ဆိုင်ရှင်၏ မေးခွန်းသည် သဘာဝကျကျပင် အဖြေမရခဲ့ပေ။
"ဟက်... ဆေးလုံးတွေရဲ့ အာနိသင်ကို ငါ မင်းကို ပြောပြရင်တောင် မင်းက ရွေးချယ်ဖို့ လိုသေးလို့ လား…။"
"မင်းရဲ့ ကံကြမ္မာက အခု မင်းရဲ့ လက်ထဲမှာပဲ ရှိတယ်။ ရလဒ်ကတော့ မင်းရဲ့ ကံတရားပေါ်မှာပဲ မူတည် တယ်…။"
ဆေးလုံး၏ အမည်ကို မသိရသောကြောင့် ဆိုင်ရှင်များမှာ မသိမမြင်ရသောအရာအတွက် ကြောက်ရွံ့မှု များဖြင့် ပြည့်နှက်နေခဲ့လေသည်။
သို့သော် ယခု သူတို့တွင် ရွေးချယ်စရာ မရှိတော့ပေ။ ဤတစ်ကြိမ်အတွက် သူတို့ကို ကာကွယ်ပေးရန် နတ်ဘုရားများထံ ဆုတောင်းရုံသာ တတ်နိုင်တော့သည်။
"စီနီယာ... ငါတို့ ဒီဆေးလုံးကိုပဲ ရွေးပါ့မယ်…။"
ထိုသို့ပြောရင်း ဆိုင်ရှင်သည် လင်းဖန်၏ ညာဘက်လက်ရှိ စိတ်လှည့်စားခြင်း ဆေးလုံးကို လက်ညှိုးထိုး ပြလိုက်လေသည်။
ဤရလဒ်ကို မြင်သောအခါ လင်းဖန်က ရယ်မောလိုက်လေသည်။
*သူတို့က တကယ်ပဲ အသက်ရှင်မယ့်လမ်းကို ရွေးချယ်လိုက်တာပဲ…။*
သေချာသည်မှာ သူတို့ကို ရွေးချယ်ခွင့် ပေးလိုက်ခြင်းသည် လင်းဖန် ရုတ်တရက် စိတ်ကူးပေါက်ကာ လုပ်လိုက်သော အကြံအစည်တစ်ခုသာ ဖြစ်သည်။ သူတို့က ကိုယ်တိုင်ပေါက်ကွဲဆေးလုံးကို ရွေးချယ် ခဲ့လျှင်ပင် လင်းဖန်က ၎င်းကို စိတ်လှည့်စားခြင်း ဆေးလုံးဖြင့် ခိုးကြောင်ခိုးဝှက် လဲလှယ်ပေးမည်သာ ဖြစ်သည်။
"ဟား..ဟား.. မင်းတို့က ဒီဆေးကို တကယ် ရွေးလိုက်တာပဲ၊ နှမြောစရာပဲကွာ….။"
လင်းဖန်၏ စကားကို ကြားသောအခါ ဆိုင်ရှင်နှစ်ဦးမှာ "နှမြောစရာပဲ" ဟူသော စကား၏ အဓိပ္ပာယ်ကို ခဏတာ နားမလည်နိုင်အောင် ဖြစ်သွားခဲ့ကြသည်။
ကောင်းသော ဆေးလုံးများကို သူတို့ ရွေးချယ်လိုက်ခြင်းက လင်းဖန်ကို နောင်တရသွားစေခဲ့ခြင်း ဖြစ် နိုင်သည်လား။ ဆိုးရွားသော ဆေးလုံးများကို ရွေးချယ်ခဲ့သောကြောင့် လင်းဖန်က သူတို့အတွက် စိတ်မ ကောင်းဖြစ်နေခြင်းသာ ဖြစ်လေသည်။
သို့သော်လည်း လင်းဖန် ကမ်းပေးသော ဆေးလုံးနှစ်လုံးကို မြင်သောအခါ သူတို့နှစ်ဦးသည် အကြိတ်ကာ သောက်ရန် ဆုံးဖြတ်လိုက်ကြသည်။
မည်သို့ပင်ဆိုစေ သူတို့ကသာ ဆေးသောက်ဖို့ ငြင်းဆန်ခဲ့ပါက လင်းဖန်က သူတို့ကို ချက်ချင်း သတ်ပစ် လောက်သည်ပင်။
ဆေးသောက်ပြီးနောက် သူတို့နှစ်ဦးသည် မျက်လုံးမှိတ်ကာ ဆေးအာနိသင် ပြလာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြလေသည်။
သို့သော်လည်း ခဏကြာ စောင့်ဆိုင်းပြီးနောက်...
*ငါ့ရဲ့ စိတ်ဝိညာဉ်အာရုံ သိသိသာသာ အားကောင်းလာတယ်လို့ ခံစားရတာကလွဲပြီး တခြား ဘာဆိုးရွား တဲ့ တုံ့ပြန်မှုမှ မကြုံတွေ့ရပါလား….။*
သူက ဆေးရွေးချယ်မှု မှန်ကန်သွားပြီဟု ထင်ကာ ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
"စီနီယာ... ဒီဆေးက စိတ်ဝိညာဉ်အာရုံကို မြှင့်တင်ပေးတဲ့ ဆေးလား…။ ငါ ရွေးတာ မှန်သွားပြီပဲ…။"
"ဆေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။ စီနီယာရဲ့ ကြီးမြတ်တဲ့ ကျေးဇူးကို ငါ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး…။"
ဤစကားကို ကြားသောအခါ လင်းဖန်က အနည်းငယ် ပြုံးကာ ပြောလိုက်သည်။
"ဟား..ဟား... မင်းက အောင်ပွဲခံတာ စောလွန်းနေတယ်။ စိတ်ဝိညာဉ်အာရုံကို မြှင့်တင်ပေးတဲ့အပြင်၊ ဒီဆေးလုံးက ကျွန်ပြုနိုင်တဲ့ အာနိသင်လည်း ရှိသေးတယ်…။"
"အခုကစပြီး မင်းတို့ရဲ့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းတွေက ငါ့လက်ထဲမှာပဲ ရှိတော့မယ်…။"
ဤစကားကို ကြားသောအခါ ဆိုင်ရှင်နှင့် သူ၏ဇနီးတို့၏ မျက်နှာအမူအရာများမှာ ချက်ချင်းပင် သိသိ သာသာ ပြောင်းလဲသွားခဲ့လေတာ့သည်။
လင်းဖန်၏ ကျွန်ဖြစ်သွားပြီဟူသော အတွေးက သူမအား လင်းဖန်အပေါ် နာကြည်းမုန်းတီးမှုများ ပြည့်နှက်သွားစေခဲ့သည်။
သို့သော် သူတို့၏ စိတ်နှလုံးထဲတွင် နာကြည်းမှုများ စတင်ဖြစ်ပေါ်လာသည် နှင့် တစ်ပြိုင်နက် သူတို့၏ နှလုံးသားများကို ဖောက်ထွင်းသွားသကဲ့သို့ ပြင်းထန်သော နာကျင်မှုတစ်ခုက ရုတ်တရက် ပေါ်ပေါက် လာခဲ့လေသည်။
***