လျူအန်းရှန်း၏ ထိတ်လန့်သွားသော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ လင်းဖန်က အနေရ ခက်စွာ ပြုံးလိုက်လေသည်။
"ဟားဟား... စီနီယာ၊ ငါ့ကို ခွင့်လွှတ်ပေးပါဗျာ။ ငါက ခင်ဗျားရဲ့ တည်နေရာကို နေရာရွှေ့ပြောင်းဖို့ အတွက် အသုံးပြုလိုက်ရုံပါပဲ…။"
သူ၏ ပျံသန်းခြင်းဓားကို အိမ်ထဲပြန်သွင်းလိုက်သော လျူအန်းရှန်းသည် လင်းဖန်၏ အံ့မခန်း ဝင်ရောက် လာပုံကို ကြည့်ရင်း တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားခဲ့လေသည်။
"မိတ်ဆွေလေးလင်း... မင်းရဲ့ ဒီစွမ်းရည်ကို ပျံ့နှံ့အောင် လုပ်လို့ရမလားဆိုတာ ငါ သိချင်မိတယ်…။"
"တကယ်လို့များ ဖြစ်နိုင်မယ်ဆိုရင် ဒါက ထျန်းယွမ်တိုက်ကြီးအတွက် အရမ်းကို ကောင်းမွန်တဲ့ အရာ တစ်ခု ဖြစ်လာလိမ့်မယ်…"
လင်းဖန်က လျူအန်းရှန်း၏ စကားများကို ပယ်ချလိုက်သည်။ ထျန်းယွမ်တိုက်ကြီး ကောင်းချီးရသည် ဖြစ်စေ၊ မရသည်ဖြစ်စေ သူ့အတွက်တော့ ဘာမှ မသက်ဆိုင်ပေ။
"စီနီယာ... အတော်လေး နှမြောစရာကောင်းတာပဲ။ ငါလည်း ထျန်းယွမ်တိုက်ကြီးကို အကျိုးပြုချင် ပေမယ့် ဝမ်းနည်းစရာက ဒီစွမ်းရည်ကို ငါတစ်ယောက်တည်းပဲ အသုံးပြုနိုင်တာပါ…။"
ဤစကားကို ကြားသောအခါ လျူအန်းရှန်းက နှမြောတသစွာဖြင့် သက်ပြင်းချလိုက်လေသည်။
"အို... တကယ်ကို နှမြောစရာကောင်းတာပဲ…။"
"ထျန်းယွမ်တိုက်ကြီးက ကျယ်ဝန်းလွန်းတော့ ကျင့်ကြံသူတွေ အချင်းချင်း ကူးလူးသွားလာဖို့က အတော်လေး အဆင်မပြေဖြစ်ရတယ်လေ…။"
"တကယ်လို့သာ ဒီစွမ်းရည်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မယ်ဆိုရင် နေ့စဉ် ကောက်ခံရမယ့် နေရာရွှေ့ပြောင်းခတွေက တွက်လို့တောင် ရနိုင်မှာ မဟုတ်ဘူး…။"
လျူအန်းရှန်း၏ စကားများက လင်းဖန်၏ စိတ်ထဲတွင် ချက်ချင်းပင် ကြီးမားသော လှိုင်းလုံးကြီးတစ်ခု ကို ရိုက်ခတ်သွားစေခဲ့သည်။
*ကျစ်... ပိုက်ဆံရှာဖို့ကိစ္စကို ခင်ဗျား စောစောကတည်းက ပြောသင့်တာပေါ့…*
*ပိုက်ဆံရှာဖို့ကိစ္စသာဆိုရင်တော့ ငါလည်း ထျန်းယွမ်တိုက်ကြီးအတွက် တစ်လမ်းတည်း အကျိုးပြုပေး လို့ ရတာပေါ့…။*
*ဒီစီးပွားရေး အခွင့်အလမ်းကို မတွေးမိခဲ့တဲ့ ငါ့အမှားပါပဲလေ…။*
*အရင်တုန်းက ငါက ဟင်းလင်းပြင်မြင့်မြတ်နယ်မြေကို ကြားခံစခန်းတစ်ခုအနေနဲ့ အသုံးပြုပြီး ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့နဲ့ ထောက်ပံ့ပို့ဆောင်ရေး စီးပွားရေးလုပ်ငန်းတွေ လုပ်ဖို့ပဲ စဉ်းစားခဲ့တာ…။*
*ဒါပေမဲ့ ဒီမြင့်မြတ်နယ်မြေကို အသုံးပြုပြီး လူတွေ သယ်ယူပို့ဆောင်ဖို့ ဒါမှမဟုတ် ကိုယ်ဝန်ဖျက်ချတဲ့ စီးပွားရေးလုပ်ငန်း လုပ်ဖို့တော့ တစ်ခါမှ မစဉ်းစားခဲ့မိဘူး…။*
*သြော်... မှားလို့၊ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလို့ ပြောတာပါ….။*
*ဒါကလည်း မမှန်သေးပါဘူး။ ငါ မတွေးမိခဲ့တာမျိုး မဟုတ်ပါဘူး…။*
*ပြဿနာက ကုန်စည်ပို့ဆောင်ရေးအကြောင်း စဉ်းစားနေချိန်တုန်းက ဟင်းလင်းပြင် တံခါး လုပ်ဆောင် ချက်က မရှိသေးလို့ပဲ…။*
*ကျင့်ကြံသူတွေအတွက် သယ်ယူပို့ဆောင်ရေးနဲ့ နေရာရွှေ့ပြောင်းခြင်း ဝန်ဆောင်မှုတွေကို ဟင်းလင်း ပြင်တိုကင် တွေအပေါ်ချည်းပဲ အားကိုးပြီးတော့ အကောင်အထည် ဖော်လို့မှမရတာ…။*
*ဒါပေမဲ့ ဟင်းလင်းပြင် တံခါး ကတော့ ကွဲပြားတယ်။ သူ့ကို နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခု အနေနဲ့ အသုံးပြုလို့ရတယ်…။*
*နောင်ကျရင် ငါဖွင့်တဲ့ ဆိုင်တိုင်းမှာ ဟင်းလင်းပြင် တံခါး တစ်ခုစီ ထားရမယ်…။*
*ဟင်းလင်းပြင်မြင့်မြတ်နယ်မြေထဲက ဧရိယာတစ်ခုကို ရွေးချယ်ပြီး ကြားခံစခန်းအနေနဲ့ လုပ်မယ်…။*
*ဒါက သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုအသစ်ကို ပေါင်းထည့်နိုင်ရုံသာမက ဆိုင်မှာရှိတဲ့ ဆေးလုံးတွေ နဲ့ မှော်ရတနာတွေရဲ့ စီးပွားရေးအတွက်ပါ အကျိုးရှိစေလိမ့်မယ်…။*
*ကားဂိတ်တွေနဲ့ ရထားဘူတာရုံတွေဘေးမှာ ဖွင့်ထားတဲ့ ဆိုင်တွေလိုမျိုးပေါ့…။*
*လူအသွားအလာ များလာတာနဲ့အမျှ စီးပွားရေးကလည်း သဘာဝကျကျ ပိုကောင်းလာမှာပဲလေ…။*
ပိုပိုပြီး စိတ်လှုပ်ရှားလာသော လင်းဖန်သည် လျူအန်းရှန်းအား အလျင်အမြန် ပြောလိုက်လေသည်။
"စီနီယာ... ငါ ပြောလို့ မပြီးသေးဘူး…"
"ခုနက ငါ့ကို ခင်ဗျားဘေးဆီ နေရာရွှေ့ပြောင်းပေးခဲ့တဲ့ စွမ်းရည်ကတော့ ငါ့အတွက် သီးသန့်ဖြစ်နေတာ အမှန်ပဲ…။"
"ဒါပေမဲ့ ငါ့မှာ တခြားစွမ်းရည်တစ်ခု ရှိသေးတယ်။ အဲဒါက ကျင့်ကြံသူတွေကို နေရာဒေသအသီးသီး ကြား အချိန်မရွေး နေရာရွှေ့ပြောင်းနိုင်အောင် လုပ်ပေးနိုင်လိမ့်မယ်…။"
"ငါ အတော်လေး ထူးဆန်းတယ်လို့ ခံစားရတာက အရှေ့ဘက်ဒေသက ခေါင်လွန်းလို့ နေရာရွှေ့ပြောင်း ခြင်း အစီအရင်တွေ ဒါမှမဟုတ် အလားတူ ဝန်ဆောင်မှုတွေ မရှိတာကို နားလည်ပေးလို့ရပေမယ့်၊ ကျုံးကျိုး လို စည်ကားတဲ့နေရာမှာတောင် အဲဒါတွေ မရှိဘူးလား…။"
လင်းဖန်၏ ရှေ့ပိုင်းစကားများကို ကြားလိုက်ရသောအခါ လျူအန်းရှန်း၏ မျက်နှာသည် အံ့သြဝမ်းသာမှု များဖြင့် ချက်ချင်း လင်းလက်သွားလေသည်။
သို့သော် သူ၏ နောက်ဆက်တွဲ မေးခွန်းကို ကြားသောအခါ လျူအန်းရှန်းက သူ၏ အံ့သြမှုကို ယာယီ ထိန်းချုပ်လိုက်ပြီး စိတ်ရှည်လက်ရှည် ရှင်းပြလေသည်။
"မိတ်ဆွေလေး... ထျန်းယွမ်တိုက်ကြီးမှာ နေရာရွှေ့ပြောင်းခြင်း အစီအရင်တွေက ရှားပါးနေပြီလေ…"
"အထူးသဖြင့် အလွန်ဝေးကွာတဲ့ ခရီးစဉ်တွေကို ဖြတ်ကျော်နိုင်တဲ့ နေရာရွှေ့ပြောင်းခြင်း အစီအရင်တွေ က အကြီးအကျယ် လိုအပ်နေတာ…။"
"ကျုံးကျိုးမှာ နေရာရွှေ့ပြောင်းခြင်း အစီအရင်တချို့ ရှိပေမယ့် ရွှေ့ပြောင်းနိုင်တဲ့ အကွာအဝေးက အရမ်း ကန့်သတ်ချက်ရှိတယ်…။"
"ငါ့ရဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်း ကလည်း အရင်တုန်းက နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုကို သုတေသန လုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ရလဒ်ကိုတော့ မင်း သိတဲ့အတိုင်းပဲ…။"
"ငါ့ရဲ့ တပည့်တွေက အဲဒီ နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုခဲ့ကြပေမယ့် နောက်ဆုံးတော့ သူတို့လေးတွေ ပျောက်ဆုံးသွားခဲ့ရတယ်လေ…။"
"ငါတို့မှာ အကွာအဝေးတော့ ရှိပေမယ့် တိကျတဲ့ တည်နေရာကိုတော့ အတိအကျ နေရာရွှေ့ပြောင်းပေး နိုင်ခြင်း မရှိဘူး…။"
လျူအန်းရှန်း၏ ရှင်းပြချက်က လင်းဖန်အား အခြေခံအချက်များကို နားလည်သွားစေရန် ကူညီပေး လိုသည်ဟု ဆိုနိုင်ပေသည်။
အရှေ့ဘက်ဒေသမှာ ရှိနေစဉ်တုန်းက လင်းဖန်သည် သူ ကမ္ဘာမကူးပြောင်းလာမီက ဖတ်ဖူးခဲ့သော ဝတ္ထု များထဲတွင် ဖော်ပြထားသည့် နေရာရွှေ့ပြောင်းခြင်း အစီအရင်မျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ထိုအချိနုက အရှေ့ဘက်ဒေသက ခေါင်လွန်းပြီး လူသူကင်းမဲ့တဲ့ နေရာမို့လို့ မရှိတာပဲဟုသာ သူ ထင်ခဲ့မိ ခြင်းပင်။
အခု အချိန်တွေ ကြာပြီးသည့်နောက်မှာတော့ ထျန်းယွမ်တိုက်ကြီး တစ်ခုလုံးမှာ သေသေချာချာ အသုံးပြု၍ရနိုင်သော နေရာရွှေ့ပြောင်းခြင်း အစီအရင် မရှိဘူးဆိုသည်ကို သိလိုက်ရပြီဖြစ်၏။
သို့ပေမဲ့ ပြန်တွေးကြည့်မည်ဆိုပါကလည်း ဤသည်က အဓိပ္ပာယ်ရှိပေ၏။ အဘယ့်ကြောင့်ဆိုသော် ဤအရာက ဟင်းလင်းပြင် သဘောတရားတွေနှင့် သက်ဆိုင်နေခြင်းပင် မဟုတ်ပါလား။
ထျန်းယွမ်တိုက်ကြီးလို ကမ္ဘာမျိုးမှာ ရှိနေခဲ့လျင်တောင် အထင်ကြီးစရာပင်။ မရှိဘူးဆိုလျင်လည်း နားလည်ပေးလို့ ရနိုင်ပေသည်။
"ဟူး... ထျန်းယွမ်တိုက်ကြီးက ကျင့်ကြံသူတွေအတွက် ခရီးသွားလာဖို့ ဒီလောက်တောင် အဆင်မပြေ ဖြစ်နေလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးမိခဲ့ဘူး….။"
"ဒါပေမဲ့ ကိစ္စမရှိပါဘူး။ အခုချိန်ကစပြီး ကျင့်ကြံသူတွေကို အကျိုးပြုရမယ့် ဒီတာဝန်ကို ငါ့ဆီ လွှဲအပ် ထားလိုက်ပါတော့…။"
"ဂိုဏ်းမြို့တော်တိုင်းနဲ့ တခြား ဒေသကြီး လေးခုလုံးမှာပါ အဆင်ပြေချောမွေ့တဲ့ သယ်ယူပို့ဆောင်ရေး ရှိလာစေဖို့ ငါ သေချာပေါက် လုပ်ဆောင်ပေးမယ်…။"
လင်းဖန်၏ ရဲတင်းသော စကားများကို ကြားသောအခါ လျူအန်းရှန်းက သူ၏ အကြံအစည်များကို စတင် စူးစမ်းမေးမြန်းလေသည်။
"မိတ်ဆွေလေးလင်း... မင်းရဲ့ ရှေ့ဆက် အစီအစဉ်တွေက ဘာများလဲ…။"
လင်းဖန်သည် လျူအန်းရှန်းအား သူ၏ ကိုယ်ပိုင်လူတစ်ယောက်အဖြစ် သတ်မှတ်ထားပြီး ဖြစ်သော ကြောင့် သူ့ထံမှ ဘာကိုမျှ ဖုံးကွယ်မထားခဲ့ပေ…။
"စီနီယာ... ငါ့မှာ ဘယ်နေရာမှာမဆို ချထားလို့ရတဲ့ ဟင်းလင်းပြင် တံခါး ကို ဖန်တီးနိုင်တဲ့ စွမ်းရည် ရှိတယ်…။"
"ငါ့ရဲ့ နောက်ထပ် အစီအစဉ်ကတော့ ထျန်းယွမ်တိုက်ကြီး တစ်ခုလုံးမှာ ဟင်းလင်းပြင် ဆိုင်တွေ ဖွင့်ဖို့ပဲ။ ပြီးရင် ဆိုင်တိုင်းမှာ ဟင်းလင်းပြင် တံခါး တစ်ခုစီ ချထားမယ်…။"
"ဒီဆိုင်က ဆေးလုံးတွေနဲ့ မှော်လက်နက်တွေကို ရောင်းချတဲ့အပြင် နေရာရွှေ့ပြောင်းခြင်း ဝန်ဆောင်မှု တွေကိုလည်း ပေးသွားမှာပါ…။"
"ကျင့်ကြံသူတွေက မြို့တော်တွေနဲ့ ဒေသအသီးသီးကို ဖြတ်ကျော်သွားလာဖို့အတွက် ငါ့ရဲ့ ဟင်းလင်းပြင် ဆိုင်ကို နေရာရွှေ့ပြောင်းခြင်း တိုကင်အဖြစ် အသုံးပြုနိုင်ပြီးတော့မြင့်မြတ်နယ်မြေတွေနဲ့ လျှို့ဝှက် ဆန်းကြယ်နယ်မြေတွေကို ကြားခံစခန်းအဖြစ် အသုံးပြုနိုင်တယ်…။"
ဤနေရာတွင် လင်းဖန်က အခြားနည်းလမ်းတစ်ခုကို မပြောမီ ခေတ္တမျှ ရပ်တန့်လိုက်သည်။
"ဒါတင်မကသေးဘူး။ နေရာရွှေ့ပြောင်းခြင်း အစီအရင်တွေအတွက် လက်မှတ်အဖြစ် တစ်ခါသုံး ဟင်းလင်းပြင်တိုကင် တွေကိုလည်း ငါ ရောင်းချပေးနိုင်သေးတယ်…။"
"ဟင်းလင်းပြင်တိုကင်ကို ဝယ်ယူပြီးတာနဲ့၊ ကျင့်ကြံသူတွေက ဟင်းလင်းပြင်မြင့်မြတ်နယ်မြေ နေရာ လွတ်ထဲကို တိုက်ရိုက်ဝင်ရောက်နိုင်ပြီး သူတို့သွားချင်တဲ့ နေရာတိုင်းကို နေရာရွှေ့ပြောင်းနိုင်လိမ့်မယ်..။"
"ဒီနည်းအားဖြင့် မြို့နဲ့ဝေးတဲ့နေရာမှာ နေထိုင်တဲ့ ကျင့်ကြံသူတွေအနေနဲ့ နေရာရွှေ့ပြောင်းခြင်း အစီ အရင်ကို သုံးဖို့ မြို့ထဲအထိ ဒုက္ခခံပြီး လာစရာ မလိုတော့ဘူးပေါ့…။"
လင်းဖန်၏ မရပ်မနား ပြောဆိုနေမှုများကို နားထောင်ရင်း လျူအန်းရှန်းက အကြိမ်ကြိမ် ခေါင်းညိတ် ထောက်ခံနေခဲ့လေသည်။
သို့သော်လည်း ဒါက အဆုံးသတ် မဟုတ်သေးပေ။
လင်းဖန်က ကောင်းကင်ကို မော့ကြည့်ရင်း အကြံဉာဏ်သစ်တစ်ခု ရသွားလေသည်။
"စီနီယာ... အတိဒုက္ခကို ဖြတ်ကျော်ပြီး အင်မော်တယ်ဘုံကို တက်လှမ်းသွားတဲ့ ကျင့်ကြံသူတွေက သူတို့ ရဲ့ မွေးရပ်မြေကို လွမ်းဆွတ်ကြတယ်လို့ ခင်ဗျား ထင်လား…။"
ဤစကားကို ကြားသောအခါ လျူအန်းရှန်းက နားမလည်နိုင်သလို ဖြစ်သွားသည်။
"မိတ်ဆွေလေး... မင်း ပြောချင်တဲ့ အဓိပ္ပာယ်က ဘာများလဲ…။"
လင်းဖန်က ခန့်မှန်းရခက်စွာ ပြုံးလိုက်လေသည်။
"စီနီယာ... ငါက ငါ့ရဲ့ တိုကင်တွေကို ထျန်းယွမ်တိုက်ကြီးက ကျင့်ကြံသူတွေဆီကိုပဲ ရောင်းချင်တာ မဟုတ်ဘူး၊ အင်မော်တယ်ဘုံ အထိပါ ရောင်းချင်တာ…။"
"အဲဒီအချိန်ကျရင် အင်မော်တယ်ဘုံမှာ ဆွေမျိုးတွေဆီ အလည်အပတ် ပြန်ပို့ပေးမယ့် ဝန်ဆောင်မှုတစ်ခု ကို ငါတို့ ဖွင့်လှစ်မယ်…။"
"မွေးရပ်မြေနဲ့ ကင်းကွာနေတာ ဘယ်လောက်ကြာပြီမှန်းမသိတဲ့ အဲဒီ အင်မော်တယ်တွေက ဒီအတွက် ပိုက်ဆံပေးရတာကို အတော်လေး လိုလားကြမယ်လို့ ငါ ထင်တယ်…။"
ထိုစကားများကြောင့် လျူအန်းရှန်း၏ မျက်လုံးများ ပြူးကျယ်သွားကာ ကျိန်ဆဲစကားပင် ထွက်သွား လေသည်။
"ချီးတဲ့မှပဲ ရှောင်လင်းရယ်... မင်းရဲ့ မြင့်မြတ်နယ်မြေက အင်မော်တယ်ဘုံ နဲ့တောင် ချိတ်ဆက်နိုင်တယ် ပေါ့။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…။"
"အဲဒီလိုသာဆိုရင် မင်းရဲ့ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေက တစ်ခုလုံး အနေနဲ့ တက်လှမ်းသွားနိုင်မှာ မဟုတ်ဘူးလား…။"
ထိုသံသယများကို ကြားသောအခါ လင်းဖန်က တဟီးဟီး ရယ်မောလိုက်ရုံသာ။
"ဟီးဟီး... စီနီယာ ပြောတာ မှန်ပါတယ်။ အခုလောလောဆယ်တော့ မဖြစ်နိုင်သေးပါဘူး…။"
"ဒါပေမဲ့ ငါ အင်မော်တယ်ဘုံ ကို တက်လှမ်းသွားတာနဲ့၊ ဒါကို သူ့အလိုလို လုပ်နိုင်သွားလိမ့်မယ်…။"
"ငါကိုယ်တိုင် အင်မော်တယ်ဘုံကို တက်လှမ်းစရာ မလိုဘဲ လုပ်နိုင်မယ့် နောက်ထပ် နည်းလမ်းတစ်ခု လည်း ရှိသေးတယ်…။"
ထိုစကားကို ကြားသောအခါ လျူအန်းရှန်းကလည်း မေးခွန်းတစ်ခု ပြန်လည် မေးခွန်းထုတ်လိုက်သည်။
"ဘယ်လို နည်းလမ်းလဲ…။"
ထို့နောက် လင်းဖန်က ဟင်းလင်းပြင်တိုကင် တစ်ခုကို ထုတ်ယူကာ လျူအန်းရှန်း၏ အရှေ့တွင် ဝှေ့ယမ်း ပြရင်း ပြောလိုက်လေသည်။
"တကယ်လို့များ အင်မော်တယ်ဘုံကို အခုလေးတင် တက်လှမ်းသွားမယ့် ကျင့်ကြံသူတွေ ရှိခဲ့ရင်၊ ငါ့ရဲ့ ဟင်းလင်းပြင်တိုကင်ကို အင်မော်တယ်ဘုံ အထိ ယူသွားခိုင်းလိုက်မယ်လေ…။"
"အဲဒီအခါကျရင် ငါက ဟင်းလင်းပြင်မြင့်မြတ်နယ်မြေရဲ့ စွမ်းအားကို အသုံးပြုပြီး အင်မော်တယ်ဘုံဆီ အလိုလို နေရာရွှေ့ပြောင်းနိုင်လိမ့်မယ်…။"
ဤစကားကို ကြားသောအခါ လျူအန်းရှန်းသည် ချက်ချင်း စဉ်းစားခန်း ဝင်သွားလေသည်။
သို့သော် သူက ကူကယ်ရာမဲ့ဟန် အနည်းငယ်ဖြင့် အလျင်အမြန် ပြန်လည် ဖြေကြားလိုက်သည်။
"ဒီနည်းလမ်းက ကာလတိုအတွင်းတော့ ဖြစ်နိုင်ခြေ မရှိလောက်ဘူး…။"
"အနည်းဆုံးတော့ ကျုံးကျိုးမှာ တက်လှမ်းတော့မယ့် ကျင့်ကြံသူ တစ်ယောက်အကြောင်းမှ ငါ မကြားမိ သေးဘူး…။"
"ဒါပေမဲ့ ပထမနည်းလမ်းကတော့ အချိန်သိပ်ကြာမယ်လို့ ငါ မထင်ပါဘူးလေ…။"
"ငါတို့ ပထမဆုံး စတွေ့ခဲ့ကတည်းက အချိန်တိုလေးပဲ ရှိသေးတာတောင်၊ မင်းက ရွှေအမြုတေအဆင့် ကနေ မဟာယာနအဆင့် အထိ တက်လှမ်းနိုင်ခဲ့ပြီပဲ…။"
"မင်းရဲ့ လက်ရှိ ကျင့်ကြံမှုအမြန်နှုန်းနဲ့ဆိုရင် မိတ်ဆွေလေး မင်း တက်လှမ်းသွားတဲ့ အချိန်ကျရင်တောင် ငါက ဒုတိယမြောက် အတိဒုက္ခအတွက် ကြိုးစားအားထုတ်နေရတုန်းပဲ ဖြစ်နေမှာကို စိုးရိမ်မိတယ်…။"
***