လျူအန်းရှန်း၏ စကားများကို ကြားသောအခါ လင်းဖန်က စိတ်ထဲတွင် တဟီးဟီး ရယ်မောလိုက်သည်။
*ဒါက ကျင့်ကြံနေတာမှ မဟုတ်တာ၊ ငါက လမ်းတစ်လျှောက် စိတ်ဝိညာဉ်ကျောက်တုံးတွေ သုံးပြီး စုဆောင်းလာတဲ့ ကျင့်ကြံမှုလေ…။*
သို့သော်လည်း လျူအန်းရှန်း ပြောသည်က မမှားပေ။
တခြားကျင့်ကြံသူတွေ အတိဒုက္ခကို ဖြတ်ကျော်ပြီး တက်လှမ်းသွားတာကို စောင့်နေရတာထက်စာရင်၊ ကိုယ့်အကောင့်ကိုယ် ငွေဖြည့်ပြီး တက်လှမ်းတာက ပိုမြန်ပုံရသည်ပင်။
သူ၏ နေရာရွှေ့ပြောင်းခြင်း အစီအရင်နှင့် အခြားစီးပွားရေးလုပ်ငန်းများ အတည်တကျ ဖြစ်သွားသည် နှင့်တပြိုင်နက်၊ စိတ်ဝိညာဉ်ကျောက်တုံးများက ရေစီးကြောင်းသဖွယ် ဆက်တိုက် ဝင်ရောက်လာမည် ပင်ဖြစ်လေသည်။
*အင်မော်တယ်ဘုံကို တက်လှမ်းတဲ့အထိ ငွေဖြည့်လိုက်ရင် အရာအားလုံးက အလိုလိုပင် အဆင်ပြေ သွားမှာပဲ။ အတိဒုက္ခအဆင့်ကို ရောက်ပြီးရင် ငွေဘယ်လောက်များများ ထပ်ဖြည့်ဖို့ လိုအပ်မလဲဆိုတာ ကိုတော့ ငါ မသိသေးတာပဲ…။*
လက်ရှိတွင် လင်းဖန်အနေဖြင့် မဟာယာနအဆင့်မှ အတိဒုက္ခအဆင့်သို့ တက်လှမ်းလိုပါက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းဆယ်ချီ နီးပါး လိုအပ်နေပြီဖြစ်သည်။
အတိဒုက္ခအဆင့် ပြီးနောက် ငွေဖြည့်ရန် လိုအပ်မည့် ပမာဏမှာ တွက်ဆ၍ပင် ရနိုင်မည် မဟုတ်ပေ။
ထိုအချက်ကို တွေးမိပြီးနောက် လင်းဖန်သည် နေရာရွှေ့ပြောင်းခြင်း ဝန်ဆောင်မှုတစ်ခု တည်ထောင်ရန် ခိုင်မာစွာ သန္နိဋ္ဌာန်ချလိုက်လေတော့သည်။
"စီနီယာ... ငါ့မှာ မိုးခြိမ်းသံမြို့တော်မှာ ဆိုင်တစ်ဆိုင် ရှိနေပြီ။ နောက်ထပ်ဆိုင်ကို အင်မော်တယ် တိမ်တိုက်မြို့တော်မှာ အရင်ဖွင့်ဖို့ စီစဉ်ထားတယ်။ ပြီးရင် အဲဒီမြို့နှစ်မြို့ကြားမှာ နေရာရွှေ့ပြောင်းနိုင်တဲ့ အချိတ်အဆက်တစ်ခု တည်ဆောက်မယ်…။"
"ခင်ဗျား အနေနဲ့ အချိတ်အဆက်လုပ်ပေးပြီး အင်မော်တယ်တိမ်တိုက်မြို့တော်မှာ သင့်တော်တဲ့ ဆိုင် တစ်ဆိုင် ရှာပေးနိုင်မလားဆိုတာ ငါ သိချင်လို့ပါ…။"
အင်မော်တယ်တိမ်တိုက်မြို့တော် ဆိုသည်မှာ အဆင့် (၉) ဂိုဏ်းတစ်ခု၏ မြို့တော်ပင် မဟုတ်ပါလား။
ဤမျှ အရွယ်အစားရှိသော မြို့ကြီးများမှာ ကျုံးကျိုးတွင်ပင် ရှားပါးလှသည်။မြို့လယ်ခေါင်ရှိ ဆိုင်ခန်း များကို မည်သူကမျှ ရောင်းချလိုမည် မဟုတ်ပေ။
ရောင်းချမည်ဆိုလျှင်တောင် ဈေးနှုန်းက အလွန်အမင်း ကြီးမြင့်နေမည်မှာ သေချာပေသည်။
ထို့ကြောင့် လင်းဖန်သည် လျူအန်းရှန်း၏ အဆက်အသွယ်ကို အသုံးပြုကာ အလကားရနိုင်ရန် ကြိုးစား ကြည့်ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်လေသည်။
အလကား မရလျှင်တောင် သူ၏ အဆက်အသွယ်ဖြင့်ဆိုလျှင် ဈေးနှုန်းက သိပ်များမည်မဟုတ်ပေ။
ထင်သည့်အတိုင်းပင်၊ လင်းဖန်၏ စကားကို ကြားပြီးနောက် လျူအန်းရှန်းက လင်းဖန် ဆိုလိုသည့် အဓိပ္ပာယ်ကို အမြန်ပင် နားလည်သွားလေသည်။
လျူအန်းရှန်းက တဟားဟား ရယ်မောရင်း ပြောလိုက်သည်။
"ဟား..ဟား… မိတ်ဆွေလေးလင်းရယ် ဆိုင်တစ်ဆိုင် လိုချင်တယ်လို့သာ တိုက်ရိုက်ပြောလိုက်ပါ။ ငါ့မှာ ဆိုင်တချို့ ရှိပါတယ်…။"
"အင်မော်တယ်တိမ်တိုက်မြို့လယ်ခေါင်က ဆိုင်ကို ငါ မင်းကို ပေးလိုက်မယ် မိတ်ဆွေလေး…။"
လျူအန်းရှန်းက ဤမျှ သဘောထားကြီးနေသည်ကို ကြားသောအခါ လင်းဖန်သည်လည်း ဝမ်းသာအားရ ဖြစ်သွားလေသည်။
"ဒါဆို အရမ်းကောင်းတာပေါ့၊ ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ။ လူကြီးသူမတစ်ယောက်ရဲ့ ဒီလောက် ရက်ရောတဲ့ လက်ဆောင်ကို ငါ ငြင်းဆန်ဖို့ မကောင်းပါဘူး၊ ဒါကြောင့် ကျေကျေနပ်နပ်ပဲ လက်ခံလိုက်ပါ့မယ်…။"
လျူအန်းရှန်းထံမှ ဆိုင်ကို လက်ခံပြီးနောက် လင်းဖန်သည် သူ့ကို ထပ်မံ၍ အနှောင့်အယှက် မပေးတော့ ပေ။
သူတို့သည် လီလဲ့ယန်နှင့်အတူ ကျင့်ကြံခြင်းလိုဏ်ဂူထဲမှ ထွက်ခွာလာခဲ့ကြလေသည်။
ဆိုင်ကို လွှဲပြောင်းယူရန် အလျင်လိုစရာ မရှိပေ။ အဘယ်ကြောင့်ဆိုသော် လွှဲယူလိုက်လျှင်တောင် လောလောဆယ်တွင် သူတို့၏ ကိုယ်ပိုင်လူများကို ထိုနေရာသို့ တာဝန်ချထားနိုင်မည် မဟုတ်သော ကြောင့်ဖြစ်လေသည်။
ဟင်းလင်းပြင်မြင့်မြတ်နယ်မြေမှ အဖွဲ့ဝင်များအားလုံး ဆံပင်အစိမ်းရောင်များ ဖြစ်နေကြဆဲဖြစ်၏။
သူတို့၏ မြင့်မြတ်နယ်မြေသည် တစ်နေ့တွင် ထျန်းယွမ်တိုက်ကြီး တစ်ခုလုံးတွင် ကျော်ကြားလာမည် ဖြစ်သည်။ အစောပိုင်းကာလများတွင် မည်သည့် အမည်းစက်မှ ချန်ထားခဲ့၍ မဖြစ်ပေ။
မြင့်မြတ်နယ်မြေထဲက လူတိုင်းက ဆံပင်အစိမ်းရောင်တွေ ဖြစ်နေတယ်ဆိုတာကို လူတွေ သိသွားတာနဲ့၊ သူတို့အားလုံးက မြင့်မြတ်နယ်မြေက ဆိုတာ ထင်ရှားသွားပေလိမ့်မည်။
"ဆံပင်စိမ်း မြင့်မြတ်နယ်မြေ" ဟူသော နာမည်သာ ထွက်ပေါ်လာပါက၊ ၎င်းသည် ထာဝရ အမည်းစက် တစ်ခု ဖြစ်လာနိုင်ချေရှိပေသည်။
အချိန်အတန်ကြာသောအခါ သူတို့၏ ဆံပင်များ ပြန်ပေါက်လာမည်ဖြစ်၏။
ထိုအခါကျမှ အင်မော်တယ်တိမ်တိုက်မြို့တော်ရှိ ဆိုင်များကို သူတို့ လွှဲပြောင်းယူရုံသာမက။ အနာဂတ် တွင် ကျုံးကျိုးရှိ ဆိုင်များနှင့် အခြားဒေသများရှိ ဆိုင်များကိုပင် ဟင်းလင်းပြင်မြင့်မြတ်နယ်မြေမှ ဤ လူစုက လွှဲပြောင်းရယူသွားမည်ဖြစ်သည်။
လီလဲ့ယန်၏ ကျင့်ကြံခြင်းလိုဏ်ဂူသို့ ပြန်ရောက်ပြီးနောက် လင်းဖန်က သူမကို ရုတ်တရက် မေးခွန်း တစ်ခု မေးလိုက်လေသည်။
"ဂျူနီယာညီမလေး လဲ့ယန်၊ မင်း ကျုံးကျိုးမှာ နေနေရတဲ့ အချိန်အတွင်း အရှေ့ဘက်ဒေသက ချင်းယွင် ဂိုဏ်းဟောင်းနေရာကို လွမ်းနေခဲ့သလား…။"
ဤစကားကို ကြားသောအခါ လီလဲ့ယန်၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားသည်။
"သေချာပေါက် လွမ်းတာပေါ့ ရှင်။ စီနီယာအစ်ကိုလင်း... ရှင် ကျွန်မကို အဲဒီကို သွားကြည့်ဖို့ ခေါ်သွား ပေးမလို့လား…။"
ချင်းယွင်ဂိုဏ်း ဆိုသည်မှာ လီလဲ့ယန် ကြီးပြင်းလာခဲ့သည့် နေရာပင် မဟုတ်ပါလား။ ဒီလောက်ကြာကြာ ဝေးကွာနေခဲ့ရမှတော့ ဘယ်လိုလုပ်ပြီး မလွမ်းဘဲ နေနိုင်ပါ့မတဲ့လဲ။
လင်းဖန်က အင်မော်တယ်ဘုံတွင် ဆွေမျိုးများထံ အလည်အပတ် ပြန်ပို့ပေးမည့် စီးပွားရေးအကြောင်း ပြောခဲ့ပြီးခါစ ဖြစ်လေသည်။
လီလဲ့ယန်နှင့် အခြားသူများလည်း သူတို့၏ မွေးရပ်မြေကို လွမ်းဆွတ်နေကြမလားဆိုသည်ကို သူ ရုတ်တရက် တွေးမိသွားခြင်းဖြစ်သည်။
ယခု လီလဲ့ယန်၏ အလွန်အမင်း မျှော်လင့်နေသော အကြည့်ကို မြင်လိုက်ရသောအခါ...
သူ ချက်ချင်းပင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
"ဂျူနီယာညီမလေး လဲ့ယန်၊ မင်းက ချင်းယွင်ဂိုဏ်းကို လွမ်းနေမှတော့ ဒီအတိုင်း သွားကြည့်ရုံနဲ့ ဘယ် ရနိုင်ပါ့မလဲ…။"
"နောင်ကျရင် အဲဒီ ချင်းယွင်ဂိုဏ်းမှာပဲ ဆက်နေချင်လား…။"
လင်းဖန်၏ စကားများကို ကြားသောအခါ လီလဲ့ယန်၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် ရောင်ခြည် တစ်ခု လင်းလက်သွားခဲ့လေသည်။
သို့သော် သူမက ၎င်းကို အလျင်အမြန်ပင် ဖုံးကွယ်လိုက်၏။
"ကျွန်မ ချင်းယွင်ဂိုဏ်းကို တကယ် ပြန်သွားချင်ပေမယ့်၊ စီနီယာအစ်ကိုလင်းကတော့ နောင်ကျရင် ကျုံးကျိုးမှာပဲ အဓိကထားပြီး စီးပွားရေး တိုးချဲ့တော့မှာ သေချာတယ်လေ…။"
"ကျွန်မ စီနီယာအစ်ကိုလင်းနဲ့ မခွဲချင်ပါဘူး။ ကျွန်မ ချင်းယွင်ဂိုဏ်းကို တစ်ခါတလေမှပဲ ပြန်သွားပါတော့ မယ်…။"
လီလဲ့ယန်၏ မျက်နှာပေါ်ရှိ အမူအရာကို ကြည့်ရင်း လင်းဖန်က ခန့်မှန်းရခက်စွာ ပြုံးလိုက်လေသည်။
"ဂျူနီယာညီမလေး လဲ့ယန်... တကယ်လို့ ငါက ချင်းယွင်ဂိုဏ်းဟောင်း နေရာကြီးကို ကျုံးကျိုးဆီ ပြောင်းရွှေ့ပေးလိုက်မယ်ဆိုရင်ရော…။"
ထိုစကားများက လီလဲ့ယန်အား ချက်ချင်း မှင်သက်သွားစေခဲ့သည်။
"ဟင်… ပြောင်း... ကျုံးကျိုးကို ပြောင်းရွှေ့ပေးမယ်။ အဲဒါ ဘာအဓိပ္ပာယ်လဲ…။"
မှန်ပါသည်၊ လင်းဖန်၏ အကြံအစည်မှာ လီလဲ့ယန်နှင့် အခြားသူများအား အတိတ်ကို ပြန်လည် အောက်မေ့ရန်အတွက် ချင်းယွင်ဂိုဏ်းဟောင်း နေရာသို့ ပြန်သွားခိုင်းရန် မဟုတ်ပေ။
ယင်းအစား၊ သုံးဘီးစက်ဘီးများ၏ ကုန်တင်လုပ်ဆောင်ချက်ကို အသုံးပြု၍ ချင်းယွင်ဂိုဏ်းနှင့် အခြား ဂိုဏ်းနှစ်ခု၏ နေရာဟောင်းများအားလုံးကို ကျုံးကျိုးသို့ သယ်ယူပို့ဆောင်ရန် စီစဉ်ထားခြင်းဖြစ်သည်။
လင်းဖန် စီးပွားရေး စတင်ခဲ့သည့် ချင်းယွင်ဈေးကွက်ကိုပင် ယူဆောင်လာလိုသေးသည်ပင်။
အစကတည်းက လင်းဖန်သည် ကျုံးကျိုးရှိ နေရာတစ်ခုကို သူ၏ အခြေစိုက်စခန်းအဖြစ် ရွေးချယ်ရန် စီစဉ်ထားခဲ့သည်မဟုတ်ပါလား။
ဆိုင်မျက်နှာစာအနေဖြင့် ထိုနေရာသည် သေချာပေါက် ဟာလာဟင်းလင်း ဖြစ်နေ၍ မရပေ။ လုံလောက် မှု မရှိပါက တည်ဆောက်ရန်အတွက် အချိန်နှင့် ခွန်အား များစွာ လိုအပ်မည်ဖြစ်၏။
လာလာရွှေ့ လုပ်ဆောင်ချက် ရှိနေပြီဖြစ်ရာ၊ ချင်းယွမ်ဂိုဏ်းသုံးဂိုဏ်းလုံးကို ဒီဘက်ဆီ သယ်လာပြီး ရွေးချယ်ထားတဲ့ နေရာမှာ ချထားလိုက်မည်ဆိုပါက မကောင်းချေဘူးလား။
၎င်းက အဆောက်အအုံ အမျိုးမျိုးကို ပြန်လည်တည်ဆောက်ခြင်းထက် အချိန်ကုန် သက်သာစေသည်။
၎င်းက ချင်းယွင်ဂိုဏ်းနှင့် အခြားသူများကိုလည်း အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့သော အိမ်၏ နွေးထွေးမှုကို ခံစားရစေသည်။
သေချာသည်မှာ လင်းဖန်ကိုယ်တိုင်လည်း ချင်းယွင်ဂိုဏ်းတွင် ဖြတ်သန်းခဲ့ရသော နေ့ရက်များကို အတော်လေး သဘောကျခဲ့သည်ပင်။
မည်သို့ပင်ဆိုစေကာမူ ထိုနေရာက သူ လက်ဗလာဖြင့် စတင်ခဲ့သည့် နေရာပင်မဟုတ်ပါလား။
လီလဲ့ယန်၏ အံ့သြနေသော မျက်နှာကို ကြည့်ရင်း လင်းဖန်က ဆက်ပြောလိုက်သည်။
"ဂျူနီယာညီမလေး လဲ့ယန်... အခု ကြားလိုက်ရတဲ့ အတိုင်းပဲ…။"
"ငါက ချင်းယွင်ဂိုဏ်းနဲ့ တခြားဂိုဏ်းနှစ်ခု၊ ပြီးတော့ ချင်းယွင်ဈေးကွက်ကိုပါ ကျုံးကျိုးဆီ ပြောင်းရွှေ့ဖို့ စီစဉ်ထားတယ်…။"
ယင်းကို လင်းဖန်က အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။
လီလဲ့ယန်သည် ချက်ချင်းပင် ဝမ်းသာအားရ ကခုန်တော့သည်။ အရမ်းကို ဝမ်းသာလွန်းသဖြင့် သူမက လင်းဖန်ကို ဖက်ကာ နမ်းပင် နမ်းလိုက်သေးသည်။
"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုလင်း။ ကျွန်မရဲ့ အဖေ၊ အမေနဲ့ ဂိုဏ်းတူမောင်နှမတွေသာ ဒီအကြောင်းကို သိသွားရင် အရမ်းဝမ်းသာကြမှာပဲ…။"
"စီနီယာအစ်ကိုလင်း ရှင်မသိပါဘူး... အရင်တုန်းက ကျွန်မတို့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှာ နေခဲ့ရတုန်းကဆိုရင်၊ ကျွန်မတို့ ဂိုဏ်းတူမောင်နှမတွေ မကြာခဏ စုဝေးပြီး ချင်းယွင်ဂိုဏ်းက နေ့ရက် တွေကို ပြန်လည်အောက်မေ့ လွမ်းဆွတ်ခဲ့ရကြတာ…။"
"ကျွန်မက ချင်းယွင်ဂိုဏ်းရဲ့ အုတ်ခဲတိုင်း၊ အုတ်ကြွပ်တိုင်း၊ မြက်တစ်ပင် သစ်တစ်ပင်စီတိုင်းရဲ့ အမှတ် တရတွေကို မြတ်နိုးတန်ဖိုးထားတယ်...။"
လီလဲ့ယန် တစ်တွတ်တွတ် ပြောဆိုနေသည်ကို ကြည့်ရင်း လင်းဖန် တကယ်ကို ပျော်ရွှင်နေမိသည်။
ချင်းယွင်ဂိုဏ်းမှာ လမ်းခွဲခဲ့ကြကတည်းကစပြီး ဆိုရလျှင် လီလဲ့ယန် ဤမျှ ပျော်ရွှင်ပြီး စကားတွေ အများကြီး ပြောနေသည်ကို သူ မမြင်ရသည်မှာ ကြာပြီဖြစ်လေသည်။
အမှန်ပင် "အိမ်" ဟူသော စကားလုံးက မည်သည့်ကမ္ဘာတွင် ဖြစ်စေ မှော်ဆန်သော စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားပုံရလေသည်။ လူတို့က ၎င်းအကြောင်း တွေးမိသောအခါ နက်ရှိုင်းသော လွမ်းဆွတ်တမ်း တမှု ခံစားချက်ကို မဖြစ်ပေါ်ဘဲ မနေနိုင်ကြပေ။
ဤအခိုက်အတန့်တွင် လင်းဖန်သည်လည်း လီလဲ့ယန်၏ ခံစားချက်များ ကူးစက်ခံလိုက်ရသည်။
*ဒီကမ္ဘာကို ကူးပြောင်းလာခဲ့တဲ့ ငါ့အနေနဲ့ရော၊ ငါ့ရဲ့ မွေးရပ်မြေကို နောက်ဆုံးတစ်ခေါက် ပြန်သွား ကြည့်ဖို့ အခွင့်အရေးများ ရနိုင်ပါဦးမလား…။*
*ငါ ကူးပြောင်းလာခဲ့တဲ့ အချိန်ကာလအရ တွက်ကြည့်မယ်ဆိုရင် အိမ်မှာ တရုတ်နှစ်သစ်ကူး ရောက်ခါ နီးလောက်ပြီ ထင်တယ်…။*
ထိုအကြောင်းကို တွေးမိသောအခါ အခြားကမ္ဘာတစ်ခုတွင် ရောက်ရှိနေသော လင်းဖန်သည် စိတ်ထဲမှ နေ၍ တိတ်ဆိတ်စွာ ကောင်းချီးပေးလိုက်လေသည်။
*ငါ့မွေးရပ်မြေက လူအားလုံးကို ကြိုတင်ပြီး နှစ်သစ်ကူး ဆုတောင်းပေးလိုက်ပါတယ်…။*
*မဟာယာန ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့ ငါ့ရဲ့ ကောင်းချီးဆုတောင်းတွေက တရားဓမ္မတွေထဲမှာ ပေါ်လွင်လာဖို့ မျှော်လင့်ပါတယ်…။*
*ငါ့မွေးရပ်မြေက လူတိုင်း နှစ်သစ်မှာ စီးပွားလာဘ်လာဘတွေ တိုးတက်ကြပါစေ….။*
လင်းဖန် ဆုတောင်းပေးပြီးသွားသောအခါ လီလဲ့ယန်သည်လည်း သူမ၏ စိတ်လှုပ်ရှားမှုများမှာ နောက်ဆုံးတွင် တည်ငြိမ်သွားလေသည်။
"စီနီယာအစ်ကိုလင်း... ဂိုဏ်းဟောင်းနေရာကို ဘယ်တော့လောက် ပြောင်းရွှေ့ကြမလဲ…။"
လီလဲ့ယန်၏ စိတ်မရှည်သော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ လင်းဖန်က အနည်းငယ် ပြုံးကာ ပြောလိုက်လေသည်။
"မလောပါနဲ့ဦး။ ငါတို့ ကျုံးကျိုးမှာ အခြေချဖို့ နေရာ မရွေးရသေးဘူးလေ…။"
"ဂိုဏ်းသုံးဂိုဏ်းအပြင် ဈေးကွက်မြို့တော်တစ်ခုဆိုတော့ အတော်လေးကို ကျယ်ဝန်းတဲ့ ဧရိယာပဲ၊ အဲဒါ တွေကို နေရာချဖို့ ကျုံးကျိုးမှာ သင့်တော်တဲ့ နေရာတစ်ခုကို ရွေးချယ်ရလိမ့်မယ်…။"
၎င်းကို ကြားပြီးနောက် လီလဲ့ယန်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီး အကြံပြုချက်တစ်ခု ပေးလာသည်။
"စီနီယာအစ်ကိုလင်း... အဲဒါကို အင်မော်တယ်တိမ်တိုက်ဂိုဏ်း အနီးနားမှာပဲ ထားလိုက်ရင် မကောင်းဘူး လား…။"
"နောင်ကျရင် ကျွန်မတို့ အင်အားကြီးလာတဲ့အခါ အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို ဖြည်းဖြည်းချင်း ဝါးမြိုသိမ်းပိုက်ပစ်လိုက်ကြတာပေါ့…။"
လီလဲ့ယန်၏ အကြံပြုချက်ကို ကြားပြီးနောက် လင်းဖန်မှာ ဆွံ့အသွားတော့သည်။
*ဝိုး... တကယ်ကို ရည်မှန်းချက်ကြီးတာပဲ..။*
"ဂျူနီယာညီမလေး လဲ့ယန်... မင်း အဲဒီလို ပြောတာကိုသာ အင်မော်တယ်တိမ်တိုက်ဂိုဏ်းက လူတွေ ကြားသွားရင် မင်းကို မောင်းထုတ်ပစ်ကြလိမ့်မယ်သိလား…။"
***