ပန်းကိုးပွင့် အင်မော်တယ်က ရုတ်တရက်ကြီး ဂျူဟွာကို ရှေ့ထွက်ပြီး စမ်းသပ်ကြည့်ဖို့ လှမ်းပြောလိုက်တာကြောင့် ဂျူဟွာ အနည်းငယ် အံ့ဩသွားပေမယ့်လည်း တုံ့ဆိုင်းမနေပါဘူး။ သူက ခေါင်းညိတ်ပြလိုက်ပြီး ကွင်းပြင်ထဲကို လှမ်းဝင်သွားပါတယ်။
တကယ်တော့ ဂျူဟွာဟာ အစကတည်းက သေနာပတိရာထူးကို ရယူဖို့ စိတ်ကူးထားတာပါ။
ပထမအချက်ကတော့... ခုနက စစ်တဲအတွင်း ဆွေးနွေးချက်အရ သေနာပတိဆိုတာက တပ်ဖြန့်တာကလွဲရင် တခြားဘာမှ လုပ်စရာမလိုတဲ့အတွက် အတော်လေးကို အားတဲ့ ရာထူးတစ်ခု ဖြစ်ပါတယ်။ အဲဒီအတွက် သူ့ရဲ့ စွမ်းအင်တွေကို အများကြီး အကုန်ခံစရာ မလိုပါဘူး။
ဒုတိယအချက်ကတော့ သူသေနာပတိဖြစ်တာဟာ ကျွမ်းရွှေ ကလန်တပ်မဟာအတွက် အကျိုးရှိစေမှာပါ။ ဆောင်းဦးတောင်တန်း မဟာရွှံ့နွံအိုင်ရဲ့ အန္တရာယ်ရှိတဲ့ နေရာတွေမှာလည်း အဆင့်အတန်း ခွဲခြားထားတာ ရှိပါတယ်။ ဘယ်သူက အန္တရာယ်အများဆုံးနေရာကို သွားရမလဲ၊ ဘယ်သူက ပိုစိတ်ချရတဲ့နေရာကို သွားရမလဲဆိုတာ သေနာပတိကပဲ ဆုံးဖြတ်ရတာပါ။
တကယ်လို့ သူသာ ဒီရာထူးကို ရခဲ့ရင် ရှေ့လျှောက် တိုက်ပွဲတွေမှာ သူ့ရဲ့ ကျွမ်းရွှေကလန်တပ်ကို အနည်းငယ် မျက်နှာသာပေးရင်တောင် ဘယ်သူမှ ဘာမှပြောနိုင်မှာ မဟုတ်ပါဘူး။ ဂျူဟွာဟာ သူ့ရဲ့ စွမ်းဆောင်ရည်အတွင်းကနေ တပ်မဟာအတွက် အကျိုးရှိမယ့် ကိစ္စတွေကို လုပ်ဆောင်ပေးဖို့ အသင့်ပါပဲ။ သူဟာ အဓိက သေနာပတိဖြစ်လာပြီဆိုရင်တော့ သူ့တပ်အပေါ် တာဝန်ကျေရမှာ မဟုတ်ပါလား။
ဂျူဟွာ ခုနက ရှေ့မထွက်ခဲ့တာက လူတွေ အများကြီး စမ်းသပ်နေကြလို့ပါ။ လူနည်းနည်းပဲ ကျန်တော့မှ ရှေ့ထွက်ဖို့ သူ စိတ်ကူးထားတာပါ။ ဒါပေမဲ့ အခုတော့ ပန်းကိုးပွင့် အင်မော်တယ်က သူ့နာမည်ကို တိုက်ရိုက်ခေါ်လိုက်ပြီဆိုတော့ ဂျူဟွာလည်း အားနာမနေတော့ဘဲ ရှေ့ထွက်လာခဲ့ပါတော့တယ်။
ပန်းကိုးပွင့် အင်မော်တယ်က နာမည်တပ်ပြီး ခေါ်လိုက်တာကြောင့် အနီးနားက လွတ်မြောက်အင်မော်တယ်တွေဟာ စူးစမ်းတဲ့အကြည့်တွေနဲ့ ကြည့်နေကြပါတယ်။
ဂျူဟွာရဲ့ ဝတ်စုံပေါ်က ကျွမ်းရွှေ တံဆိပ်က အထင်အရှားမို့ သူဟာ ကျွမ်းရွှေကလန်က ဆိုတာကိုတော့ အားလုံးက တစ်ချက်ကြည့်ရုံနဲ့ သိကြပါတယ်။ မဟာရှကမ္ဘာရဲ့ ထိပ်တန်းကလန်ကြီးဖြစ်တဲ့ ကျွမ်းရွှေကလန်ကို ဘယ်သူမှ အထင်မသေးရဲကြပါဘူး။ ဒါပေမဲ့ ဂျူဟွာကိုတော့ ဘယ်သူမှ မသိကြပါဘူး။ အခြေအနေ အဆိုးဆုံး လွတ်မြောက်အင်မော်တယ်တွေမှာတောင် အသိမိတ်ဆွေ ရှိတတ်ကြသလို စန်းရှန်း လို အစွမ်းထက်တဲ့ ဖင်းဂေါ့ဆိုရင်တော့ ပိုတောင် သိကြပါသေးတယ်။
ဒါပေမဲ့ ဒီလူတွေ အားလုံးထဲမှာ ဂျူဟွာကို သိတဲ့လူ တစ်ယောက်မှ မရှိတာကတော့ ဂျူဟွာဟာ အလွန်ငယ်ရွယ်နေသေးလို့ပါပဲ။ သူဟာ လွတ်မြောက်အင်မော်တယ် ဖြစ်လာတာ ၄ နှစ်တောင် မပြည့်သေးသလို ကျင့်ကြံလာတာလည်း နှစ်ပေါင်း ၃၀၀ ပဲ ရှိပါသေးတယ်။ အစကတည်းက ပါရမီကောင်းခဲ့တယ်ဆိုပေမယ့် တခြားကလန်ကြီးတွေအထိ နာမည်ကြီးလောက်အောင်တော့ မဟုတ်ခဲ့ပါဘူး။ ဒါကြောင့် ဒီလူတွေ သူ့ကို မသိကြတာဟာ မဆန်းလှပါဘူး။
ဂျူဟွာဟာ သူတပါးရဲ့ စူးစမ်းကြည့်ရှုမှုတွေကို ဂရုမစိုက်ဘဲ ပေတစ်ထောင်မြင့်တဲ့ သစ်သားတိုင်ကြီးဆီကို အေးအေးဆေးဆေး လမ်းလျှောက်သွားပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ဟာ လေထဲကို တဖြည်းဖြည်း မြင့်တက်သွားပြီး တစ်ချိန်တည်းမှာပဲ အင်မော်တယ်ဓား ၃ စင်းဟာ သူ့ရှေ့မှာ ပေါ်ထွက်လာပါတယ်။
ဂျူဟွာရဲ့ ခန္ဓာကိုယ်ထဲက မှော်စွမ်းအားတွေဟာ လှိုင်းထန်လာပြီး ကမ္ဘာမြေရဲ့ မူလကီစွမ်းအင်တွေဟာလည်း အလုံးအရင်းနဲ့ စုဝေးလာပါတယ်။ အင်မော်တယ်ဓား ၃ စင်းဟာ ချက်ချင်းပဲ စွမ်းရည်သုံးပါး ဓားဝင်္ကပါအဖြစ် ပြောင်းလဲသွားပါတော့တယ်။
“ဖြတ်တောက် သတ်ဖြတ်ခြင်း”
ဂျူဟွာက ခပ်တိုးတိုး ရေရွတ်လိုက်ပါပြီ။ လျှပ်တပြက်အတွင်းမှာပဲ စူးရှတောက်ပတဲ့ ဓားအလင်းတန်းတစ်ခုဟာ ပေါ်ထွက်လာပြီး သစ်သားတိုင်ကြီးကို အားပြင်းပြင်းနဲ့ ရိုက်ခတ်သွားပါတယ်။
ဓားအလင်းတန်း ပျောက်ကွယ်သွားတဲ့အခါမှာတော့ သစ်သားတိုင်ပေါ်မှာ အရင်က လွတ်မြောက်အင်မော်တယ်တွေ ချန်ရစ်ထားတဲ့ ဓားရာတွေထက် အများကြီး ပိုနက်တဲ့ ဓားရာကြီးတစ်ခု ထင်ကျန်ရစ်ခဲ့ပါတယ်။
“ဟင်... ဒါကတော့...”
စောင့်ကြည့်နေတဲ့ လွတ်မြောက်အင်မော်တယ်တွေဟာ ပါးစပ်အဟောင်းသားနဲ့ မှင်သက်သွားကြပါပြီ။
“ဒီဓားရာက ခုနက တာအိုရောင်းရင်း စန်းရှန်းရဲ့ ပုဆိန်ရာလောက်တောင် နက်တယ် မဟုတ်လား”
“ဘယ်က လောက်တောင် ရမှာလဲ... ငါ သေချာကြည့်နေတာ။ အနက်ချင်းက စန်းရှန်းရဲ့ အရာနဲ့ အတိအကျ တူတူပဲဟ”
“အတိအကျ တူနေတာလား။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”
“တာအိုရောင်းရင်း ဂျူဟွာက ဒါကို တမင်သက်သက် လုပ်လိုက်တာနေမှာ”
“ဒါဆိုရင် သူ့မှာ လျှို့ဝှက်အစွမ်းတွေ ကျန်နေသေးပြီး စန်းရှန်းထက်တောင် ပိုစွမ်းနိုင်တယ်လို့ ဆိုလိုတာလား”
“တာအိုရောင်းရင်း ဂျူဟွာက ဓားအင်မော်တယ်တစ်ယောက်ပဲလေ။ သူ့ရဲ့ တိုက်ခိုက်မှုက အစွမ်းထက်တာ မဆန်းပါဘူး။ ဒါပေမဲ့ တစ်ခုတော့ သေချာသွားပြီ။ သူဟာ စန်းရှန်းနဲ့ အဆင့်ချင်း တူတူပဲ”
“ဒီလောက် အစွမ်းထက်တဲ့ လွတ်မြောက်အင်မော်တယ်ကို တစ်ခါမှ မကြားဖူးပါလား...”
“ငါလည်း မကြားဖူးဘူး။ ဒါပေမဲ့ ဒီနေ့တော့ ကိုယ်တိုင် မြင်လိုက်ရပြီ”
“ပန်းကိုးပွင့် အင်မော်တယ်ကို ကြည့်ရတာ သူက ဂျူဟွာရဲ့ အစွမ်းကို ကြိုသိနေပုံပဲ။ သူက အစကတည်းက သေနာပတိ ၂ ယောက်ကို ရွေးပြီးသား ဖြစ်မှာပါ။ အခု စမ်းသပ်တာက စန်းရှန်းနဲ့ ဂျူဟွာရဲ့ အစွမ်းကို အားလုံးကို ထုတ်ပြချင်ရုံသက်သက်ပဲ ထင်တယ်”
“ဟုတ်သားပဲ... ဒါက ပိုပြီး အဓိပ္ပာယ် ရှိတယ်။ ဘာပဲဖြစ်ဖြစ် ဂျူဟွာက ကျွမ်းရွှေကလန်ကလည်း ဖြစ်နေတော့ သူ့ရဲ့ ဦးဆောင်မှုကို ငါတို့ လက်ခံပါတယ်”
လွတ်မြောက်အင်မော်တယ်တွေဟာ စိတ်ချင်းဆက်သွယ်ပြီး တီးတိုးပြောနေကြပါတယ်။ အဲဒီအချိန်မှာ ဂျူဟွာကတော့ သူ့ရဲ့ ဓား ၃ စင်းကို ပြန်သိမ်းပြီး တည်ငြိမ်တဲ့ အမူအရာနဲ့ ပြန်လျှောက်လာပါတယ်။
“တာအိုရောင်းရင်း ဂျူဟွာကတော့ နာမည်နဲ့လိုက်အောင် တကယ်ကို စွမ်းတာပဲ”
ပန်းကိုးပွင့် အင်မော်တယ်က ပြုံးပြီး ချီးကျူးပါတယ်။
“တာအိုရောင်းရင်း ပန်းကိုးပွင့်ကလည်း မြှောက်ပင့်လွန်းနေပါပြီ။ ကျွန်တော့်ရဲ့ အစွမ်းက တာအိုရောင်းရင်းနဲ့ယှဉ်ရင် ပြောပလောက်စရာ မရှိပါဘူး”
ဂျူဟွာက လက်သီးနှစ်ဖက်ယှက် နှိမ့်ချစွာ ပြောလိုက်ပါပြီ။
“ဟားဟား... ဂျူဟွာကတော့ နှိမ့်ချလွန်းနေပြီ။ အခုကြည့်ရတာတော့ ဒုတိယ တပ်မဟာရဲ့ သေနာပတိကတော့ မင်းကလွဲလို့ တခြားသူ မရှိနိုင်တော့ဘူး”
ပန်းကိုးပွင့် အင်မော်တယ်က ရယ်မောလိုက်ပါတယ်။
“ကျွန်တော် ဂျူဟွာ... ဒီတာဝန်ကို အစွမ်းကုန် ထမ်းရွက်ပါ့မယ်”
ဂျူဟွာက လေးလေးနက်နက် ကတိပေးလိုက်ပါတယ်။
“ကောင်းပြီ... ဂျူဟွာရဲ့ စကားကို ကြားရတော့ ငါ စိတ်အေးသွားပါပြီ”
ပန်းကိုးပွင့် အင်မော်တယ်က ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် သူက ကျန်တဲ့ လွတ်မြောက်အင်မော်တယ်တွေကို လှည့်ကြည့်လိုက်ပြီး။
“တာအိုရောင်းရင်းတို့... တခြား စမ်းသပ်ချင်တဲ့သူ ရှိသေးလား”
အားလုံး ငြိမ်ကျသွားပါတယ်။ လမ်းကြောင်းတစ်ခုမှာ စန်းရှန်း၊ နောက်တစ်ခုမှာ ဂျူဟွာ... နှစ်ယောက်လုံးက သူတို့ထက် အပြတ်အသတ် သာနေတာပါ။ သူတို့ ရှေ့ထွက်စမ်းနေလည်း အပိုပဲ မဟုတ်လား။
“ဘယ်သူမှ မစမ်းတော့ဘူးဆိုရင်တော့ ဒီတပ်မဟာ ၂ ခုရဲ့ သေနာပတိတွေအဖြစ် တာအိုရောင်းရင်း စန်းရှန်းနဲ့ ဂျူဟွာတို့ကို သတ်မှတ်လိုက်ပါပြီ။ ဘယ်လိုလဲ”
“ပိုင်ကျိ ကလန် အနေနဲ့ ကန့်ကွက်စရာ မရှိပါဘူး”
ဝတ်စုံဖြူနဲ့ လူငယ်လေးပုံစံ လွတ်မြောက်အင်မော်တယ်က ချက်ချင်းပဲ ခေါင်းညိတ်လိုက်ပါတယ်။
သူကတော့ ပိုင်ကျိကလန်က ပိုင်ယွင်ပါ။ ဂျူဟွာ ရုတ်တရက် ပေါ်လာပြီး သူ့ရဲ့ သေနာပတိနေရာကို လုယူသွားသလို ဖြစ်နေပေမယ့် သူကတော့ ဂရုမစိုက်ပါဘူး။ သူ့အစွမ်း မမီသေးရင် နောက်မှ ကြိုးစားပြီး လိုက်မှီအောင်လုပ်မယ်ဆိုတဲ့ စိတ်ပဲ ရှိပါတယ်။
ပိုင်ယွင်က အရင်ဆုံး သဘောတူလိုက်တာကြောင့် ကျန်တဲ့လူတွေလည်း တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်လိုက်ကြပါတယ်။ ဒီလောက် အစွမ်းကွာခြားနေတာကိုတော့ သူတို့ လက်ခံကြရမှာပဲလေ။
ဂျူဟွာကတော့ ပိုင်ယွင်ကို ကြည့်ရင်း သူ့စိတ်ထဲမှာ ထူးဆန်းတဲ့ ခံစားချက်တစ်ခု ဖြစ်ပေါ်နေပါတယ်။
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ ထဲမှာ ပိုင်ကျိကလန်အကြောင်း အများကြီး ပါပါတယ်။ ဒါပေမဲ့ ရှောက်ယန် ကလန်လိုပဲ ပိုင်ကျိကလန်ဟာလည်း ဗီလိန်တွေအဖြစ် ပါလာတာပါ။ ပိုင်ကျိကလန်ရဲ့ ဘိုးဘေးကြီး ပိုင်ကျိ အစစ်အမှန် အင်မော်တယ်ဟာ ရှအင်ပါယာနဲ့ ရန်ငြိုးကြီးလှပေမယ့် အမြဲတမ်း ငြိမ်နေခဲ့သူပါ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ပိုင်ကျိကလန်ဟာ တော်လှန်ပုန်ကန်မှုကြီးမှာ အဓိက ခေါင်းဆောင်တွေအဖြစ် ပါဝင်လာခဲ့တာပါ။
အခုအချိန်မှာတော့ အဲဒီကိစ္စတွေ မဖြစ်သေးသလို အမှန်တကယ် ဖြစ်လာမလားဆိုတာ မသေချာသေးပေမယ့် ဂျူဟွာကတော့ ဝတ္ထုထဲက အချက်အလက်တွေကို ပိုပြီး ယုံကြည်လာနေပါပြီ။ ဒါဟာ အမှန်တကယ် ဖြစ်လာနိုင်ခြေ များပါတယ်။
ဒီလို အတွေးတွေ ရှိနေတာကြောင့် ပိုင်ကျိကလန်နဲ့ ရင်ဆိုင်ရတဲ့အခါ ဂျူဟွာ အနည်းငယ် ထူးဆန်းသလို ခံစားနေရတာပါ။ ဒါပေမဲ့ အပြင်ပန်းမှာတော့ သူ ဘာမှ ထုတ်မပြပါဘူး။ သူက လူအ မဟုတ်ပါဘူး။ ခုနကမှ ပိုင်ယွင်ရဲ့ နှာခေါင်းကို လက်ညှိုးထိုးပြီး မင်းတို့ကလန်က သစ္စာဖောက်တွေ လို့ သွားပြောလို့ မရဘူး မဟုတ်လား။
တကယ်လို့ သူသာ အဲဒီလို လုပ်လိုက်ရင် ပိုင်ကျိကလန်က သူ့ကို လွှတ်ထားမှာ မဟုတ်သလို ကျွမ်းရွှေကလန်ကလည်း သူ့ကို ကာကွယ်ပေးပါ့မလားဆိုတာ မသေချာပါဘူး။ အဓိကကတော့ အဲဒီလိုလုပ်တာက သူ့အတွက် ဘာမှ အကျိုးမရှိလို့ပါပဲ။ သူဟာ ရှအင်ပါယာအပေါ် အနည်းငယ် လေးစားမှု ရှိတယ်ဆိုပေမယ့် အသက်ပေးသစ္စာစောင့်သိဖို့ ဆိုတာကတော့ ဝေးပါသေးတယ်။
***