နောက်တစ်နေ့ နံနက်စောစောမှာပဲ ဂျူဟွာဟာ သူ့ရဲ့တပ်မဟာကို ဦးဆောင်ပြီး ဗဟိုစစ်တဲကြီးနဲ့ မလှမ်းမကမ်းက ကွင်းပြင်ကျယ်ဆီကို ရောက်ရှိလာပါတယ်။ မကြာခင်မှာပဲ တခြားကလန်ကြီးတွေရဲ့ တပ်မဟာတွေလည်း အသီးသီး စုရုံးရောက်ရှိလာကြပါတယ်။
မနေ့က သဘောတူညီချက်အရ တပ်မဟာကို အပိုင်း ၃ ပိုင်း ခွဲခြားထားပါတယ်။ အလယ်မှာတော့ အရေအတွက် ၅ သောင်းရှိတဲ့ မိုးနဂါးတပ်မဟာက နေရာယူထားပါတယ်။ ဘယ်ဘက်ခြမ်းမှာတော့ နတ်ဘုရားနက် ကလန်၊ ရှောက်ယန်ကလန်နဲ့ တခြားကလန်တွေရဲ့ တပ်ပေါင်းစု ရှိနေပြီး အင်အား ၇ သောင်းကနေ ၈ သောင်းဝန်းကျင် ရှိပါတယ်။ ညာဘက်ခြမ်းမှာတော့ ဂျူဟွာ ဦးဆောင်တဲ့ တပ်ပေါင်းစုဖြစ်ပြီး အင်အားကတော့ ၇ သောင်းကနေ ၈ သောင်းဝန်းကျင်ပဲ ရှိပါတယ်။
တပ်တွေ အားလုံး စုံလင်သွားပြီးနောက်မှာတော့ ပန်းကိုးပွင့် အင်မော်တယ်ဟာ တပ်မဟာ ၃ ခုရဲ့ အရှေ့ကောင်းကင်ယံမှာ ပေါ်ထွက်လာပါတယ်။ တန်ခိုးရှင်ပေါင်း နှစ်သိန်းနီးပါးရဲ့ အကြည့်တွေဟာ သူ့ဆီမှာပဲ စုပြုံကျရောက်နေပါတော့တယ်။
“ငါတို့ လူသားမျိုးနွယ်ဟာ သာမန်ဘဝကနေ ရုန်းကန်ထွက်လာပြီး မိုးကောင်းကင်ကို စစ်ခင်းခဲ့ကြတယ်။ မြေပြင်ကို တိုက်ခိုက်ခဲ့တယ်။ သဘာဝက မွေးဖွားလာခဲ့ကြတဲ့ ဖင်းဂေါ့ တွေကိုလည်း တိုက်ခိုက်ခဲ့ကြတယ်။ ရေတွက်လို့မရတဲ့ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတော့ ငါတို့ လူသားမျိုးနွယ်ဟာ အားနည်းတဲ့ဘဝကနေ လုံး၀ ရုန်းထွက်နိုင်ခဲ့ပြီး လောကသုံးပါးထဲမှာ ပထမတန်းစား မျိုးနွယ်စုကြီး တစ်ခု ဖြစ်လာခဲ့ပြီ”
ပန်းကိုးပွင့် အင်မော်တယ်ရဲ့ အသံဟာ ဟိန်းထွက်လာပါတယ်။ သူက ဆက်ပြီး...
“ဒီနေ့မှာတော့ ငါ ပန်းကိုးပွင့်ဟာ ရှအင်ပါရီယာ ပြည့်ရှင်ရဲ့ အမိန့်အရ ဆောင်းဦးတောင်တန်း မဟာရွှံ့နွံအိုင်က ဖင်းဂေါ့တွေကို နှိမ်နင်းဖို့ တာဝန်ပေးအပ်ခြင်း ခံရပါတယ်။ တာအိုရောင်းရင်းတို့နဲ့ အခုလို ဆုံတွေ့ရတာ ငါ့အတွက် ဂုဏ်ယူစရာပါပဲ။ စကားတွေ အရှည်ကြီး မပြောတော့ပါဘူး။ တာအိုရောင်းရင်းတို့အားလုံးရဲ့ အင်မော်တယ်ကံတရားတွေ ကောင်းမွန်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”
ခဏတာ ငြိမ်သက်သွားပြီးနောက် ပန်းကိုးပွင့် အင်မော်တယ်ရဲ့ အသံ ထပ်ထွက်လာပါတယ်။
“မိုးနဂါးတပ်မဟာ... ချီတက်စေ”
ပန်းကိုးပွင့် အင်မော်တယ်ရဲ့ အမိန့်အဆုံးမှာတော့ အလယ်က မိုးနဂါးတပ်သား ၅ သောင်းဟာ တစ်ပြိုင်နက်တည်း လေထဲကို ပျံတက်သွားကြပါတယ်။ လျှပ်တပြက်အတွင်းမှာပဲ ပန်းကိုးပွင့် အင်မော်တယ်နဲ့ မိုးနဂါးတပ်သားတွေဟာ စခန်းကနေ ထွက်ခွာပြီး ဆောင်းဦးတောင်တန်းရဲ့ အနက်ရှိုင်းဆုံးနေရာဆီကို ပျံသန်းသွားကြပါတော့တယ်။
မကြာခင်မှာပဲ နတ်ဘုရားနက် ကလန်နဲ့ ရှောက်ယန်ကလန်တို့ရဲ့ တပ်တွေလည်း ကောင်းကင်ပေါ် ပျံတက်ပြီး ကျွမ်းရွှေကလန် စခန်းကနေ အမြန်ဆုံး ထွက်ခွာသွားကြပါတယ်။
“တာအိုရောင်းရင်း ပိုင်ယွင်၊ တာအိုရောင်းရင်း ခူဟွန်း ငါတို့လည်း ထွက်ကြစို့”
ဂျူဟွာဟာ တခြားကလန်တွေက တပ်မှူးတွေကို စိတ်ချင်းဆက်သွယ်ပြီး အသိပေးလိုက်ပါတယ်။ အဲဒီနောက် ကျွမ်းရွှေကလန်ရဲ့ တပ်ကို အရင်ဆုံး ဦးဆောင်ပြီး လေထဲကို ပျံတက်သွားပါပြီ။ တခြားကလန်တွေလည်း သူ့နောက်ကနေ အမြန်လိုက်ပါလာကြပြီး ဂျူဟွာ ဦးဆောင်တဲ့ တပ်မဟာဟာ အခြားလမ်းကြောင်းတစ်ခုကနေ ဆောင်းဦးတောင်တန်း မဟာရွှံ့နွံအိုင်ထဲကို စတင် ဝင်ရောက်သွားပါတော့တယ်။
ဆောင်းဦးတောင်တန်း မဟာရွှံ့နွံအိုင်ဟာ နာမည်နဲ့လိုက်အောင်ပဲ ရွှံ့ညွန်အိုင်တွေနဲ့ ပြည့်နှက်နေပါတယ်။ သာမန်ရွှံ့အိုင်တွေဆိုရင်တော့ ကိစ္စမရှိပေမယ့် ဒီနေရာက ရွှံ့အိုင်တွေကတော့ ဘာကြောင့်မှန်းမသိဘဲ လူတွေ သတိမထားမိတဲ့အချိန်မှာ မြေအောက်ကနေ ပြင်းထန်တဲ့ ဆွဲငင်အားကြီးတွေ ရုတ်တရက် ထွက်ပေါ်လာတတ်ပါတယ်။ အဲဒီဆွဲငင်အားဟာ အလွန် ကျယ်ပြန့်သလို အစွမ်းကလည်း ကြောက်စရာ ကောင်းလှပါတယ်။
အနားကနေ ဖြတ်ပျံသွားတဲ့ လွတ်မြောက်အင်မော်တယ်တစ်ယောက်တောင်မှ ကောင်းကင်ပေါ်ကနေ အရှင်လတ်လတ် အောက်ကို ပြုတ်ကျသွားအောင် အဆွဲခံရနိုင်ပါတယ်။ တစ်ခါ အဆွဲခံရပြီဆိုရင်တော့ သာမန် လွတ်မြောက်အင်မော်တယ်တစ်ယောက်ဟာ အသက်ရှင်ဖို့ လုံး၀ လမ်းမရှိတော့ပါဘူး။
ဒါတင်မကသေးပါဘူး... ဒီရွှံ့နွံအိုင်တွေပေါ်မှာ ထူးဆန်းပြီး ထူထဲတဲ့ မြူနှင်းတွေကလည်း တစ်နှစ်ပတ်လုံး ဖုံးလွှမ်းနေပါတယ်။ အဲဒီမြူနှင်းတွေဟာ အမြင်အာရုံကို ဝေဝါးစေရုံတင်မကဘဲ နတ်ဘုရားအာရုံကိုပါ ပိတ်ဆို့ထားတာပါ။ ကောင်းကင်အင်မော်တယ် တစ်ယောက်တောင်မှ အဝေးကြီးကို အာရုံမခံနိုင်ပါဘူး။ လွတ်မြောက်အင်မော်တယ်တွေနဲ့ မူလတာအို သူတော်စင်တွေဆိုရင်တော့ ဒီနေရာမှာ မျက်စိကန်းသလို ဖြစ်သွားကြမှာပါ။
တခြား အန္တရာယ်ရှိတဲ့ နေရာတွေကို ထည့်မတွက်ရင်တောင် ဒီရွှံ့ညွန်အိုင်တွေနဲ့ မြူနှင်းတွေကြောင့်တင် ဆောင်းဦးတောင်တန်းဟာ သေမင်းတမန်နယ်မြေတစ်ခု ဖြစ်နေပါပြီ။ ဒီမှာ အမြဲနေထိုင်တဲ့ ဖင်းဂေါ့တွေကတော့ လူသားတပ်မဟာထက် ဒီမြေပြင်အကြောင်းကို ပိုသိကြပါတယ်။ သူတို့ဟာ ကြောက်စရာကောင်းတဲ့ ဆွဲငင်အားတွေ ဘယ်အချိန်၊ ဘယ်နေရာမှာ ထွက်လာမလဲဆိုတာကိုတောင် ခန့်မှန်းနိုင်ကြပါတယ်။
ဒါပေမဲ့ လူသားမျိုးနွယ်ကလည်း ပြင်ဆင်မှုမရှိဘဲ ဝင်လာတာတော့ မဟုတ်ပါဘူး။ မြူနှင်းတွေကို ရင်ဆိုင်ဖို့အတွက် ကလန်ကြီးတွေဟာ အထူးကျင့်စဉ်တွေနဲ့ လျှို့ဝှက်ပညာရပ်တွေ ကျွမ်းကျင်တဲ့ လွတ်မြောက်အင်မော်တယ်တွေကို ထည့်ပေးလိုက်ပါတယ်။ ကြောက်စရာကောင်းတဲ့ ဆွဲငင်အားတွေအတွက်လည်း ဗေဒင်တွက်ချက်ခြင်း နိမိတ်ဖတ်ခြင်းမှော်ရတနာတွေသုံးပြီး ကြိုတင်ရှောင်ရှားနိုင်အောင် ပြင်ဆင်ထားကြပါတယ်။
မဟာရွှံ့နွံအိုင်ထဲကို ဝင်ရောက်ပြီးနောက်မှာတော့ ဂျူဟွာဟာ ကလန်အားလုံးကို စုပြီး မသွားခိုင်းပါဘူး။ ပန်းကိုးပွင့် အင်မော်တယ်ရဲ့ အစီအစဉ်က ဆောင်းဦးတောင်တန်းရဲ့ အစွန်အဖျားကနေ တဖြည်းဖြည်း တိုက်ခိုက်သွားဖို့ပါ။ အကုန်စုနေရင် တစ်နေရာတည်းပဲ ရှင်းနိုင်မှာ မဟုတ်လား။ ဒါပေမဲ့ တစ်ခုနဲ့တစ်ခု အရမ်းဝေးသွားရင်လည်း ဖင်းဂေါ့တွေက တစ်ဖွဲ့ချင်းစီကို ခွဲတိုက်သွားမှာ စိုးရိမ်ရပါတယ်။
ဒါကြောင့် ဂျူဟွာက ကလန်တစ်ခုနဲ့တစ်ခု အနှောင့်အယှက် မဖြစ်စေပဲ သီးသန့်ဖြစ်သွားစေပေမယ့် တစ်ခုခုဖြစ်ရင် ချက်ချင်း အကူအညီပေးနိုင်မယ့် အကွာအဝေးမှာပဲ ထားရှိပါတယ်။ ဂျူဟွာဟာ ကျွမ်းရွှေကလန်အတွက် အတော်လေး စိတ်ချရတဲ့ လမ်းကြောင်းကို ရွေးချယ်ပေးထားပါတယ်။ ဒီလမ်းမှာ အန္တရာယ်ရှိတဲ့နေရာတွေ ရှိပေမယ့် သေနှုန်းအလွန်မြင့်တဲ့နေရာတွေတော့ မရှိပါဘူး။ သူတို့သာ သတိထားမယ်ဆိုရင် စစ်ပွဲပြီးတဲ့အထိ ကျွမ်းရွှေကလန်တပ်ဟာ အထိအခိုက်နည်းနည်းနဲ့ အသက်ရှင်နိုင်မှာပါ။
ဆောင်းဦးတောင်တန်းရဲ့ ပတ်ဝန်းကျင်က ကြမ်းတမ်းလွန်းတာကြောင့် ပထမဆုံးနေ့မှာ တပ်ဟာ မိုင် ၃၀ (လီ ၁၀၀) လောက်ပဲ ခရီးပေါက်ပါတယ်။ လမ်းမှာ ဖင်းဂေါ့တစ်ကောင်မှ မတွေ့ရပါဘူး။ ရန်လာစတဲ့ ဉာဏ်နည်းတဲ့ မိစ္ဆာသားရဲအချို့ကိုတော့ တပ်မဟာက အလွယ်တကူပဲ ချေမှုန်းလိုက်ပါတယ်။
ဒါကတော့ ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ဖင်းဂေါ့တွေဟာ အပြင်ဘက်မှာ လူသားတပ်မဟာကို ခြုံခိုတိုက်ခိုက်ခဲ့ကတည်းက စစ်ပွဲအတွက် အဆင်သင့်ပြင်ထားတယ်ဆိုတာ သိသာပါတယ်။ ဒီလိုအခြေအနေမှာ အားနည်းတဲ့ ဖင်းဂေါ့လေးတွေကို အသေခံဖို့ အပြင်မှာ ထားခဲ့မှာ မဟုတ်ပါဘူး။
ဂျူဟွာဟာ တခြားတပ်မှူးတွေနဲ့ ဆက်သွယ်ကြည့်တဲ့အခါမှာလည်း သူတို့ရဲ့ အခြေအနေက တူတူပဲဆိုတာ သိရပါတယ်။ လမ်းမှာ ဖင်းဂေါ့ တစ်ကောင်မှ မတွေ့ကြရပါဘူး။
“အားလုံးပဲ... သတိမလွတ်ကြနဲ့။ အဲဒီ ဖင်းဂေါ့တွေက ငါတို့ကို ဘေးကနေ ချောင်းကြည့်နေနိုင်တယ်”
ဂျူဟွာက တပ်မဟာ အရှေ့ကနေ အသံနက်ကြီးနဲ့ သတိပေးလိုက်ပါတယ်။
“ဟုတ်ကဲ့ပါ”
တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေရင်းနဲ့ မျက်စိတစ်မှိတ်အတွင်းမှာပဲ ၃ လတာ အချိန်ကာလ ကုန်လွန်သွားခဲ့ပါပြီ။
ဒီအတောအတွင်းမှာ တပ်မဟာဟာ ဆောင်းဦးတောင်တန်းရဲ့ တစ်ဝက်ကျော်လောက်အထိ အတားအဆီးမရှိ ရှင်းလင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဆောင်းဦးတောင်တန်းထဲမှာ ပုန်းနေတဲ့ ဖင်းဂေါ့တွေကတော့ ပျောက်ချင်းမလှ ပျောက်နေကြဆဲ။ တပ်မဟာကြီးက ဒီလောက်အထိ အကြီးအကျယ် ရှင်းလင်းနေတာတောင် ဖင်းဂေါ့တစ်ကောင်မှ ပေါ်မလာပါဘူး။
တိုက်ပွဲတွေ မရှိတာကြောင့် ၃ လအတွင်းမှာ တပ်မဟာရဲ့ အထိအခိုက်ကတော့ မရှိသလောက်ပါပဲ။ ကံဆိုးပြီး အန္တရာယ်ရှိတဲ့နေရာထဲ ရောက်သွားတဲ့လူ ဒါမှမဟုတ် ရွှံ့ညွန်ဆွဲငင်အားထဲ ပါသွားတဲ့ လူအနည်းငယ်ကလွဲရင် ကျန်တဲ့လူတွေ အားလုံး အဆင်ပြေနေကြပါတယ်။
ဒီလိုအခြေအနေမျိုးမှာ လူအများစုဟာ တစ်ခုခုမှားနေမှန်း သိပေမယ့်လည်း တဖြည်းဖြည်းနဲ့ သတိလက်လွတ် ဖြစ်လာကြပါတော့တယ်။
တစ်နေ့မှာတော့... ကျွမ်းရွှေကလန်တပ်မဟာဟာ ရေနန်းတော် စစ်သင်္ဘောကြီးပေါ်မှာ အနားယူနေကြတုန်း ဂျူဟွာဟာ ကျွမ်းရွှေကလန်က အစွမ်းထက်တဲ့ လွတ်မြောက်အင်မော်တယ် အချို့နဲ့အတူ လက်ရှိအခြေအနေကို ဆွေးနွေးနေပါတယ်။
“တာအိုရောင်းရင်း ဂျူဟွာ... အဲဒီ ဖင်းဂေါ့တွေ တခြားနေရာကို ထွက်ပြေးသွားကြပြီလား မသိဘူးနော်။ မဟုတ်ရင် ငါတို့တွေ သူတို့ရဲ့ အသိုက်နားအထိ ရောက်နေပြီကို တစ်ကောင်မှ မတွေ့ရတာ ထူးဆန်းတယ်”
အင်မော်တယ် ချင်းမူလင်က ဆိုလိုက်ပါတယ်။ သူမက အလယ်ကခုံမှာ ထိုင်နေတဲ့ ဂျူဟွာအတွက် ပယင်းရောင် အရက်ကောင်းတစ်ခွက် ငှဲ့ပေးရင်း ပြုံးပြီး မေးလိုက်တာပါ။
ဂျူဟွာ ဘာမှပြန်မပြောပါဘူး။ သူက အရက်ခွက်ကို ကောက်ကိုင်လိုက်ပြီး တည်ငြိမ်တဲ့ မျက်နှာထားနဲ့ တစ်ရှိန်ထိုး မော့သောက်လိုက်ပါတယ်။
“ဟားဟား... အင်မော်တယ် ချင်းမူလင် ပြောသလိုသာဆိုရင်တော့ ငါတို့အတွက် ဖင်းဂေါ့နှိမ်နင်းရေးက အေးဆေးဖြစ်သွားပြီပေါ့”
အောက်က လွတ်မြောက်အင်မော်တယ် တစ်ယောက်က လှမ်းပြောပါတယ်။
“အဲဒီ ဖင်းဂေါ့တွေ တကယ် ထွက်ပြေးသွားရင်တော့ သိပ်ကောင်းမှာပဲ”
နောက်တစ်ယောက်ကလည်း ထောက်ခံပါတယ်။
ဂျူဟွာဟာ သူတို့ကို ခဏလောက် စကားပြောခွင့်ပေးထားပြီးမှ အေးအေးဆေးဆေးပဲ ပြောလိုက်ပါပြီ။
“ငါလည်း အဲဒီလိုပဲ မျှော်လင့်ပါတယ်။ ဒါပေမဲ့ မင်းတို့ ဘာပဲတွေးတွေး... အခုကစပြီး ဘယ်သူမှ သတိမလွတ်စေနဲ့။ တစ်ယောက်ယောက် အမှားလုပ်မိရင်တော့ ငါ့ရဲ့ အညှာတာကင်းမဲ့မှုကို အပြစ်မတင်နဲ့တော့”
ဂျူဟွာရဲ့ သတိပေးချက်ကြောင့် လွတ်မြောက်အင်မော်တယ်တွေ အားလုံး ခေါင်းညိတ်လိုက်ကြပါတယ်။ ဒါပေမဲ့ သူတို့ တစ်ခုခု ပြန်ပြောဖို့ ပြင်လိုက်တုန်းမှာပဲ ဂျူဟွာရဲ့ မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားပါပြီ။ သူဟာ နေရာကနေ ရုတ်တရက် ဝုန်းကနဲ ထရပ်လိုက်ပါတော့တယ်။
***