ဂျူဟွာရဲ့ ရုတ်တရက် လှုပ်ရှားမှုကြောင့် ရှိနေတဲ့ လွတ်မြောက်အင်မော်တယ်တွေအားလုံး စိတ်မအေး ဖြစ်သွားကြပါတယ်။ ခုနကတင် ဖင်းဂေါ့ တွေ ထွက်ပြေးကုန်ပြီလားလို့ တွေးနေကြတာဖြစ်ပေမယ့် အခု ဂျူဟွာရဲ့ မျက်နှာပျက်သွားပုံအရ တစ်ခုခုတော့ ထူးခြားနေပြီဆိုတာ သိသာလှပါတယ်။
“တာအိုရောင်းရင်း ဂျူဟွာ။ တစ်ခုခုဖြစ်လို့လား”
အင်မော်တယ် ချင်းမူလင်း က အမြန်မေးလိုက်ပါတယ်။
“လေလွင့်တိမ်တိုက်နဲ့ ကျွမ်းရွှေ ဖင်ချိုးတို့က ရှေ့မှာ ဖင်းဂေါ့အဖွဲ့တစ်ဖွဲ့ကို တွေ့ထားတယ်။ မူလတာအို အဆင့်ဖင်းဂေါ့ အယောက် ၅၀ လောက်ရှိမယ်”
ဂျူဟွာက မျက်မှောင်ကြုတ်ရင်း ပြောလိုက်ပါပြီ။
“မူလတာအို ဖင်းဂေါ့ အယောက် ၅၀ လား”
လွတ်မြောက်အင်မော်တယ်တွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး တစ်ချိန်တည်းမှာပဲ သက်ပြင်းချနိုင်သွားကြပါတယ်။ မျိုးနွယ်စုငယ်လေးတွေအတွက်ဆိုရင်တော့ ဒီအဖွဲ့က ဒုက္ခပေးနိုင်ပေမယ့် ကျွမ်းရွှေကလန်ရဲ့ တပ်မဟာအတွက်တော့ မူလတာအိုအဆင့် ဖင်းဂေါ့ ၅၀ ဆိုတာ ဘာမှမဟုတ်ပါဘူး။
“အရင်က ရှင်းလင်းတုန်းက တစ်ကောင်မှ မတွေ့ဘဲနဲ့ အခုမှ ဒီလောက်အများကြီး ရုတ်တရက် ပေါ်လာတာက ထောင်ချောက်များ ဖြစ်နေမလား”
ချင်းမူလင်းက မေးပါတယ်။
“နတ်သမီး ချင်းမူလင်း ပြောတာ မှန်ပါတယ်။ အဲဒီ ဖင်းဂေါ့တွေက အကြောင်းရင်းမရှိဘဲ ရုတ်တရက် ပေါ်လာမှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်”
ဆံပင်ဖြူနဲ့ လွတ်မြောက်အင်မော်တယ် တစ်ယောက်က ခေါင်းညိတ်ထောက်ခံပါပြီ။
“ဒါပေမဲ့ အဲဒီ ဖင်းဂေါ့တွေကို ဒီအတိုင်း လွှတ်ထားလို့တော့ မရဘူး မဟုတ်လား”
နောက်ထပ် လွတ်မြောက်အင်မော်တယ် တစ်ယောက်ကတော့ အမြင်ကွဲပြားစွာနဲ့ပဲ ဆက်ပြောပါတယ်။
“ငါတို့က ရှအင်ပါရီယာပြည့်ရှင်ရဲ့ အမိန့်၊ ကလန်ရဲ့ အမိန့်နဲ့ ဒီကိုလာတာ။ တိုက်ပွဲကို ရှောင်လွှဲလို့ မရဘူးလေ”
သူ့စကားကြောင့် အားလုံး ငြိမ်ကျသွားပါတယ်။ အဲဒီအချိန်မှာ ဂျူဟွာက ရုတ်တရက် ပြောလိုက်ပါပြီ။
“ငါ လေလွင့်တိမ်တိုက်နဲ့ ဖင်ချိုးတို့ကို ပတ်ဝန်းကျင်ကို သေချာ လေ့လာထားဖို့ ပြောထားပြီးသားပါ။ တုန်းဟယ်၊ ချန်းကျင့်”
(စာကြွင်း -ဒုံဟဲနဲ့ ချန်ကျင်းကို တုန်းဟယ်နဲ့ ချန်းကျင့်ဆိုပြီး ပြောင်းလဲ အသုံးပြုထားပါတယ်။)
“ရှိပါတယ်”
ဂျူဟွာက သူတို့နာမည်ကို ခေါ်လိုက်တာကြောင့် လွတ်မြောက်အင်မော်တယ် နှစ်ယောက်ဟာ တစ်ခုခုကို ရိပ်မိသွားပြီး ချက်ချင်း ထရပ်လိုက်ကြပါတယ်။
“မင်းတို့ နှစ်ယောက် တပ်သား ၃၀၀၀ ကို ဦးဆောင်ပြီး လေလွင့်တိမ်တိုက်တို့ဆီကို အမြန်သွားပါ။ တကယ်လို့ ထူးခြားတာ မရှိရင် အဲဒီ ဖင်းဂေါ့ ၅၀ ကို ချက်ချင်း တိုက်ခိုက်ပြီးတော့ အဓိက တပ်မတော်ကြီး ရောက်လာတဲ့အထိ ထိန်းထားပါ”
ဂျူဟွာက တိုက်ရိုက် အမိန့်ပေးလိုက်တာကြောင့် လွတ်မြောက်အင်မော်တယ် နှစ်ယောက်ဟာ တုံ့ဆိုင်းမနေဘဲ လက်သီးချင်းယှက်ကာ အမိန့်ကို နာခံလိုက်ကြပါတယ်။
သာမန် မူလတာအိုအဆင့် ဖင်းဂေါ့တွေရဲ့ အစွမ်းဟာ လွတ်မြောက်အင်မော်တယ် တစ်ယောက်လောက်ပဲ ရှိတာပါ။ တပ်သား ၃၀၀၀ ရဲ့ အစွမ်းဟာ ထိပ်တန်း လွတ်မြောက်အင်မော်တယ် အယောက် ၃၀ ရဲ့ တိုက်ခိုက်ရေးစွမ်းအားနဲ့ ညီမျှပါတယ်။ အဲဒီ ဖင်းဂေါ့ ၅၀ ထဲမှာ အစွမ်းထက်တဲ့သူတွေ ပါလာရင်တောင် ကိစ္စမရှိပါဘူး။ တပ်သား ၃၀၀၀ နဲ့ဆိုရင် အဲဒီ ဖင်းဂေါ့တွေကို ထိန်းထားဖို့တင်မကဘဲ အနိုင်တိုက်ဖို့ဆိုတာကလည်း အသေးအဖွဲ ကိစ္စလေးတစ်ခုပါပဲ။
တုန်းဟယ်နဲ့ ချန်းကျင့်ဟာ အရင်တုန်းက ဂျူဟွာနဲ့ ဖင်ချိုးတို့ ကျွယ်ရွှေစင်မြင့်ပေါ်မှာ တိုက်ခိုက်တုန်းက မဟာဝင်္ကပါ ကို တာဝန်ယူခဲ့တဲ့သူတွေပါ။ သူတို့ဟာ ထိပ်တန်း လွတ်မြောက်အင်မော်တယ်တွေ မဟုတ်ပေမယ့် သာမန်လူတွေထဲမှာတော့ အတော်လေး အစွမ်းထက်သူတွေ ဖြစ်တာကြောင့် ဒီအစည်းအဝေးမှာ ပါဝင်ခွင့်ရနေတာပါ။
ဂျူဟွာရဲ့ အမိန့်ကို ရပြီးနောက်မှာတော့ သူတို့နှစ်ယောက်ဟာ ရေနန်းတော် စစ်သင်္ဘောပေါ်ကနေ ချက်ချင်း ဆင်းသွားပြီး တပ်သား ၃၀၀၀ ကို ဦးဆောင်ကာ လေလွင့်တိမ်တိုက်တို့ရှိရာဆီကို ဦးတည်သွားပါတော့တယ်။
သူတို့ ထွက်သွားပြီးနောက်မှာတော့ ဂျူဟွာက ကျန်တဲ့လူတွေကိုလည်း မှာကြားလိုက်ပါတယ်။
“မင်းတို့အားလုံးလည်း ကိုယ့်တပ်ကိုယ်ပြန်ပြီး အမြန်ပြင်ဆင်ကြ။ ပတ်ဝန်းကျင်ကို သတိထားပြီး ဖင်းဂေါ့တွေရဲ့ ခြုံခိုတိုက်ခိုက်မှုကို စောင့်ကြည့်ကြ”
“ဟုတ်ကဲ့ပါ”
လွတ်မြောက်အင်မော်တယ်တွေ အားလုံး လက်သီးချင်းယှက် နှုတ်ဆက်ပြီး အစည်းအဝေးခန်းမထဲကနေ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြပါတယ်။
“မင်း ဘာပြောစရာ ရှိသေးလို့လဲ”
ဂျူဟွာက မထွက်သေးဘဲ ကျန်နေတဲ့ ချင်းမူလင်းကို လှည့်ကြည့်ပြီး မေးလိုက်ပါတယ်။
“တာအိုရောင်းရင်း ဂျူဟွာ၊ ဒီ ချင်းရွှမ်းအရက်က ကျွန်မတို့ ချင်းမူကလန်ရဲ့ အထူးထုတ်ကုန်ပါ။ တာအိုရောင်းရင်း ဂျူဟွာ ဒါကို ကြိုက်ပုံရတာကြောင့် ကျွန်မ ဒါကို လက်ဆောင်ပေးချင်ပါတယ်”
ချင်းမူလင်းက ပြုံးပြီး လက်ဖဝါးအရွယ် ကျောက်စိမ်းပုလင်းလေးတစ်ခုကို ဂျူဟွာရဲ့ စားပွဲပေါ် တင်ပေးလိုက်ပါတယ်။
ဒီကျောက်စိမ်းပုလင်းလေးဟာ သိုလှောင်ခန်းမှော်ရတနာတစ်ခု ဖြစ်ပါလိမ့်မယ်။ အပြင်က ကြည့်ရင် သေးပေမယ့် အတွင်းမှာတော့ အရက်တွေ အများကြီး ဆံ့မှာပါ။
“ကောင်းပါပြီ... နတ်သမီး ချင်းမူလင်းရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်”
ဂျူဟွာက လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး စားပွဲပေါ်က ပုလင်းကို သိမ်းဆည်းလိုက်ပါတယ်။
ဂျူဟွာက သူ့လက်ဆောင်ကို လက်ခံလိုက်တာကို မြင်တော့ ချင်းမူလင်း အနည်းငယ် ဝမ်းသာသွားပါတယ်။ သူမက ဂါရဝပြုလိုက်ပြီး ထွက်သွားပါတော့တယ်။
“ဒါဆိုရင် ကျွန်မလည်း သွားပြီး ပြင်ဆင်လိုက်ပါဦးမယ်”
ဂျူဟွာ ဘာမှထပ်မပြောဘဲ ခေါင်းပဲ ငြိတ်ပြလိုက်ပါတယ်။ ခဏအကြာမှာတော့ ချင်းမူလင်း ထွက်သွားပါပြီ။ ဂျူဟွာဟာ စားပွဲကို ကြည့်ရင်း ခေါင်းကို အနည်းငယ် ခါလိုက်ပါတယ်။
ပြီးခဲ့တဲ့အကြိမ်က ကျောက်စိမ်းဆွဲပြား ပေးပြီးကတည်းက ဒီ ချင်းမူလင်းဟာ သူ့ကို မှော်ရတနာတွေ၊ ရှားပါးပစ္စည်းတွေကို ခဏခဏ လာပေးနေတာပါ။ ဒီပစ္စည်းတွေက အလွန်အမင်း တန်ဖိုးမကြီးပေမယ့် အရေအတွက်ကတော့ နည်းတာ မဟုတ်ပါဘူး။
ဂျူဟွာရဲ့ ပုံမှန်စိတ်နေစိတ်ထားအရဆိုရင် ပထမဆုံး လက်ဆောင်ကိုပဲ လက်ခံပြီး နောက်ထပ်ပေးတာတွေကို လက်ခံမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ချင်းမူလင်း ပထမဆုံးပေးခဲ့တဲ့ ကျောက်စိမ်းဆွဲပြားဟာ သူ့အတွက်တော့ အလွန်အဓိပ္ပာယ်ရှိတဲ့ အရာပါ။ ဂျူဟွာဟာ ချင်းမူလင်းနဲ့ ကမ္မရေစက်အကြွေးတွေ ရှိနေပြီလို့ ခံစားရတာကြောင့် နောက်ပိုင်းပေးတဲ့ လက်ဆောင်တွေကို မငြင်းတော့တာပါပဲ။
ဒီလိုဆိုရင် နောင်တစ်ချိန်မှာ ချင်းမူလင်း ဒုက္ခတွေ့လို့ သူ့ဆီ အကူအညီလာတောင်းရင် သူ ကူညီပေးဖို့ အကြောင်းပြချက် ရှိသွားတာပေါ့။ ဟုတ်ပါတယ်။ ဂျူဟွာက ဒီလက်ဆောင်တွေကို လက်ခံတာဟာ နောင်တစ်ချိန်မှာ သူမကို တစ်ကြိမ် ပြန်ကူညီပေးပြီး အဲဒီ ကျောက်စိမ်းဆွဲပြားရဲ့ ကမ္မရေစက်အကြွေးကို ဆပ်ဖို့အတွက်ပါ။
အကြောင်းရင်းမရှိဘဲ ဘယ်သူမှ လက်ဆောင်မပေးပါဘူး။ ချင်းမူလင်းရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ ကလန်အတွက်ပဲဖြစ်ဖြစ်၊ သူမကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ် နောင်တစ်ချိန်မှာ ဒုက္ခတွေ့ရင် ဂျူဟွာဆီ အကူအညီတောင်းဖို့ လမ်းစခင်းထားတာပါ။ သူမရဲ့ အမြင်မှာ ဂျူဟွာက အစွမ်းထက်တယ်။ အလားအလာရှိတယ်။ ကျွမ်းရွှေကလန်ကလည်း ဖြစ်တယ်ဆိုတော့ အခက်အခဲရှိရင် ဂျူဟွာက ကူညီနိုင်လိမ့်မယ်လို့ တွက်ထားတာပါ။ ဒီလက်ဆောင်တွေက အလကားတော့ မဟုတ်ပါဘူး။
တကယ်တော့ ဂျူဟွာဟာ ချင်းမူလင်းရဲ့ ဒီလို လက်ဆောင်ပေးတဲ့ ကိစ္စကို နားမလည်နိုင်ပါဘူး။ ကျင့်ကြံခြင်းဆိုတာ ကိုယ်တိုင် အားထုတ်ရမှာ မဟုတ်လား။ ဘာလို့ သူတစ်ပါးကို အားကိုးချင်နေရတာလဲ။ ချင်းမူလင်းဟာ လွတ်မြောက်အင်မော်တယ် ဖြစ်နေပြီဖြစ်သလို အသက် တစ်သောင်းကျော်လေးနဲ့ ထိပ်တန်း လွတ်မြောက်အင်မော်တယ် ဖြစ်လာတာဟာ ပါရမီကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ အခု ဂျူဟွာက သူမထက် ပိုစွမ်းနေရင်တောင် ဒါက ဘာကို ပြောင်းလဲနိုင်မှာမို့လို့လဲ။
ဒါပေမဲ့ သူ နားမလည်ဘူးဆိုပေမယ့် ချင်းမူလင်းရဲ့ အပြုအမူကိုတော့ သူ ဘာမှဝင်မပြောပါဘူး။ လူတိုင်းမှာ ကိုယ့်တာအိုနဲ့ ကိုယ့်အတွေးအခေါ် ရှိကြတာပဲလေ။ ဒါကို အတင်းအကျပ် လုပ်လို့မရပါဘူး။ ချင်းမူလင်းရဲ့ အပြုအမူဟာ သူမရဲ့ ချင်းမူကလန်ဟာ ကျွမ်းရွှေကလန်အပေါ် အမြဲမှီခိုလာရတာကြောင့်လည်း ဖြစ်နိုင်သလို၊ သူမ ကျင့်ကြံနေတဲ့ ကျင့်စဉ် ဒါမှမဟုတ် သူမ လျှောက်လှမ်းတဲ့ တာအိုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေတွေ အများကြီးပါပဲ၊ ဒါကို တွေးတောနေဖို့ မလိုပါဘူး။
ချင်းမူလင်းရဲ့ ကိစ္စဟာ ခဏတာ အနှောင့်အယှက်လေး တစ်ခုပါပဲ။ ဂျူဟွာ အများကြီး မစဉ်းစားတော့ပါဘူး။ ခဏလောက် ပြင်ဆင်ပြီးနောက်မှာတော့ သူဟာ နေရာမှာ ပျောက်သွားခဲ့ပြီး ရေနန်းတော် စစ်သင်္ဘောကြီးရဲ့ အပေါ်မှာ ပြန်လည် ပေါ်ထွက်လာပါတယ်။
ဆောင်းဦးတောင်တန်း မဟာရွှံ့နွံအိုင်ဟာ မြူတွေ ထူထပ်သလို စုပ်အားတွေကလည်း ဘယ်အချိန် ထွက်လာမလဲ မသိတာကြောင့် စစ်သင်္ဘောကြီးဟာ အမြန်နှုန်း သိပ်မရပါဘူး။ ဂျူဟွာဟာ သင်္ဘောပေါ်မှာ ရပ်နေရင်း အဝေးက မြူတွေကို ကြည့်ကာ ရုတ်တရက် ပေါ်လာတဲ့ ဒီဖင်းဂေါ့တွေရဲ့ ရည်ရွယ်ချက်ကို စဉ်းစားနေမိပါတယ်။
ဒါပေမဲ့ ဂျူဟွာ အများကြီး မစဉ်းစားရသေးခင်မှာပဲ အဝေးက ကမ္ဘာမြေရဲ့ မူလကီစွမ်းအင် တွေ လှုပ်ရှားလာမှုကို ခံစားလိုက်ရပါတယ်။ ပြောနေစရာ မလိုတော့ပါဘူး။ သူ ခုနက လွှတ်လိုက်တဲ့ တပ်သား ၃၀၀၀ နဲ့ ဖင်းဂေါ့ ၅၀ တို့ တိုက်ပွဲ စတင်နေပါပြီ။
“ခြုံခိုတိုက်ခိုက်တာ မဟုတ်ဘူးလား။ ဒါဆိုရင်တော့...”
ဒီအတွေးဟာ ဂျူဟွာရဲ့ စိတ်ထဲမှာ လျှပ်တပြက် တွေးလိုက်မိပါတယ်။ အဲဒီနောက် သူဟာ စစ်သင်္ဘောကို ထိန်းချုပ်နေတဲ့ လွတ်မြောက်အင်မော်တယ်ဆီကို စိတ်ချင်းဆက်သွယ်ပြီး အမိန့်ပေးလိုက်ပါတယ်။
မကြာခင်မှာပဲ ရေနန်းတော် စစ်သင်္ဘောရဲ့ အပေါ်ယံ မျက်နှာပြင်မှာ အမည်းရောင် အကာအကွယ်အလွှာတစ်ခု ပေါ်လာပြီး သင်္ဘောရဲ့ အရှိန်ဟာလည်း ရုတ်တရက် မြင့်တက်သွားပါတော့တယ်။
***