မကြာခင်မှာပဲ ရေနန်းတော် စစ်သင်္ဘော ကြီးဟာ မူလကီစွမ်းအင် တွေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေတဲ့ နေရာနဲ့ မလှမ်းမကမ်းကို ရောက်ရှိလာပါတယ်။
ဆောင်းဦးတောင်တန်း မဟာရွှံ့နွံအိုင်ထဲက မြူနှင်းတွေက အလွန်ထူးဆန်းပေမယ့် စစ်သင်္ဘောပေါ်က ကင်းထောက်ကျွမ်းကျင်တဲ့ လွတ်မြောက်အင်မော်တယ်တွေရဲ့ သတင်းပေးပို့မှုကြောင့် ဂျူဟွာဟာ ရှေ့တန်းက တိုက်ပွဲအခြေအနေကို အကြမ်းဖျင်း နားလည်လိုက်ပါတယ်။
မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ မူလတာအို ဖင်းဂေါ့အယောက် ၅၀ ဟာ ကျွမ်းရွှေကလန်ရဲ့ အင်အား ၃၀၀၀ ရှိတဲ့ တပ်မတော်ကို မယှဉ်နိုင်ပါဘူး။ သူတို့ဟာ မြေပြင်အနေအထားကို အသုံးချပြီး ခဏတဖြုတ် တားဆီးထားနိုင်ပေမယ့်လည်း ရေရှည်မှာတော့ ရှုံးနိမ့်ဖို့က သေချာသလောက် ရှိနေပါတယ်။
“ပတ်ဝန်းကျင်မှာ ခြုံခိုတိုက်ခိုက်မယ့်အဖွဲ့တွေ မရှိတာ သေချာလား”
ဂျူဟွာက ကင်းထောက်အင်မော်တယ်တွေဆီ စိတ်ချင်းဆက်သွယ်ပြီး မေးလိုက်ပါတယ်။
“မရှိပါဘူး”
အင်မော်တယ်တစ်ယောက်က ပြန်ဖြေပါတယ်။
“ကျွန်တော်လည်း ဘာမှမတွေ့ဘူး”
နောက်တစ်ယောက်ကလည်း ဆိုပါတယ်။
ကင်းထောက်အင်မော်တယ်တိုင်းက ရှေ့မှာ ခြုံခိုတိုက်ခိုက်မှုမရှိကြောင်း အတည်ပြုပေးတဲ့အခါမှာတော့ ဂျူဟွာလည်း စိတ်အနည်းငယ် အေးသွားပါပြီ။ သတိထားတာက ကောင်းပေမယ့် သတိလွန်ပြီး တုံ့ဆိုင်းနေလို့တော့ မဖြစ်ဘူး မဟုတ်လား။
“တပ်မဟာအားလုံး... တိုက်ခိုက်ကြစို့”
ဂျူဟွာက အမိန့်ပေးလိုက်ပြီး နောက်တစ်စက္ကန့်မှာပဲ ချိုးဟွာဓားဟာ သူ့လက်ထဲမှာ ပေါ်လာပါတယ်။
ဝုန်း...
ဂျူဟွာဟာ ကိုယ်ခန္ဓာကို မိုးကောင်းကင်တမျှ အသွင်ပြောင်းလဲခြင်း အသုံးပြုလိုက်ပြီး ပေ ၁၀၀၀ ကျော် (ကျန်း ၁၀၀) မြင့်တဲ့ နတ်ဘုရားကြီးအဖြစ် ချက်ချင်း ပြောင်းလဲသွားပါတယ်။ အဲဒီနောက် သူဟာ ရှေ့တန်း စစ်မြေပြင်ဆီ အရင်ဆုံး ပြေးဝင်သွားပါတော့တယ်။
၀ုန်း ၀ုန်း၀ုန်း
ဂျူဟွာရဲ့ နောက်မှာတော့ လွတ်မြောက်အင်မော်တယ်တွေ ဦးဆောင်တဲ့ ဝင်္ကပါတပ်ဖွဲ့တွေက ကပ်လျက် လိုက်ပါလာကြပါတယ်။
ဂျူဟွာ စစ်မြေပြင်ထဲ ရောက်သွားတဲ့အခါမှာတော့ တပ်ဖွဲ့ဝင်္ကပါတစ်ခုနဲ့ လုံးထွေးနေတဲ့ မူလတာအို ဖင်းဂေါ့နှစ်ဦးကို တွေ့လိုက်ရပါတယ်။ နှစ်ဦးနဲ့ တစ်ဖွဲ့ တိုက်နေတာ ဖြစ်ပေမယ့် ဒီဖင်းဂေါ့နှစ်ဦးက သာမန်အဆင့်တွေပဲ ရှိတာကြောင့် ကျွမ်းရွှေကလန်ရဲ့ ဝင်္ကပါကို ဦးဆောင်နေတဲ့ လွတ်မြောက်အင်မော်တယ်ကို မယှဉ်နိုင်ပါဘူး။
ဂျူဟွာ ရောက်လာတာကို မြင်တော့ အခြေအနေမဟန်မှန်းသိတဲ့ ဖင်းဂေါ့နှစ်ဦးဟာ ထွက်ပြေးဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ အသာစီးရနေတဲ့ လွတ်မြောက်အင်မော်တယ်က သူတို့ကို ဒီအတိုင်း လွှတ်ပေးပါ့မလား။
ဖင်းဂေါ့တွေ ထွက်ပြေးဖို့ လုပ်တာနဲ့ အဲဒီအင်မော်တယ်က နှောင်ကြိုးမှော်ရတနာ တစ်ခုကို ထုတ်ပြီး သူတို့ကို အဆက်မပြတ် တားဆီးလိုက်တာကြောင့် ဖင်းဂေါ့တွေဟာ အရှိန်လျှော့ပြီး မှော်ရတနာကို ပြန်ခုခံနေရပါတယ်။
ဂျူဟွာဟာ ချက်ချင်းပဲ အမှီလိုက်သွားပြီး သူ့ရဲ့ ချိုးဟွာဓား နဲ့ စကြက၀ဠာတည်ရှိမှုကို ထိုးခွင်းကာ ဖင်းဂေါ့နှစ်ဦးကို တိုက်ခိုက်ပါတော့တယ်။
“မင်းက သေချင်နေတာပဲ”
ဖင်းဂေါ့နှစ်ဦးဟာ ဒေါသတကြီး ဟိန်းဟောက်ပြီး သူတို့ရဲ့ လက်နက်တွေကို ဂျူဟွာဆီ ဝှေ့ယမ်းလိုက်ကြပါတယ်။
ဂျူဟွာဟာလည်း အခုအချိန် ခန္ဓာကိုယ်လမ်းစဉ်မှာ မူလတာအိုဖင်းဂေါ့အဆင့် ဖြစ်နေပေမယ့် သူက အစောပိုင်းအဆင့်ပဲ ရှိပါသေးတယ်။ တစ်ဖက်က ဖင်းဂေါ့နှစ်ဦးကတော့ အထွတ်အထိပ်အဆင့်တွေပါ။
အခြေခံစွမ်းအားမှာတော့ ဂျူဟွာက သူတို့ကို မယှဉ်နိုင်ပေမယ့် သူ့ရဲ့ တာအိုအဆင့်ကတော့ သူတို့ထက် အများကြီး မြင့်မားပါတယ်။
ခဏတာ တိုက်ခိုက်ပြီးနောက်မှာတော့ ဒီဖင်းဂေါ့တွေရဲ့ တာအိုနားလည်မှုဟာ အလွန်နိမ့်ကျလွန်းကြောင်း ဂျူဟွာ သိလိုက်ရပါတယ်။ သူတို့ဟာ သာမန်တာအိုတစ်ခုကိုတောင် နားမလည်ကြသေးပါဘူး။ သူတို့တွေ လွတ်မြောက်အင်မော်တယ်တစ်ယောက်ကို ယှဉ်နိုင်နေတာဟာ သူတို့ရဲ့ အစွမ်းထက်လှတဲ့ ခန္ဓာကိုယ်ကြောင့်သာပါ။
ခန္ဓာကိုယ်က သန်မာနေတာကြောင့် ဂျူဟွာက သူတို့နဲ့ ထိပ်တိုက်မတိုးဘဲ သူ့ရဲ့ ကျွမ်းကျင်တဲ့ ဓားသိုင်းနဲ့ပဲ ရင်ဆိုင်ခဲ့ပါတယ်။ မကြာခင်မှာပဲ ဖင်းဂေါ့ကြီးနှစ်ဦး ခန္ဓာကိုယ်ကို ဂျူဟွာရဲ့ ဓားချက်ပေါင်းများစွာ ထိမှန်သွားခဲ့ပါပြီ။
နတ်ဘုရားစွမ်းအားတွေ အလွန်အမင်း ကုန်ခမ်းသွားတဲ့အခါမှာတော့ ဖင်းဂေါ့တွေရဲ့ ခန္ဓာကိုယ် ပြန်လည်ကုသနိုင်စွမ်းဟာ နှေးကွေးသွားပါတော့တယ်။
ရုတ်တရက်ဆိုသလို...
ဖတ်... ဖတ်…
ဂျူဟွာရဲ့ ကြားဖြတ်သတ်ဖြတ်ခြင်း ဓားကွက်ဟာ ဖင်းဂေါ့ကြီးနှစ်ဦးရဲ့ ခေါင်းတွေကို ဖြတ်သန်းသွားပြီး ပြင်းထန်တဲ့ အော်ရာအရှိန်အဝါက သူတို့ရဲ့ဦးခေါင်းတွေကို တစ်စစီ ကြွေမွသွားစေပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူတို့ရဲ့ ပြတ်သွားတဲ့ခေါင်းတွေဟာ ပြန်မပေါက်လာတော့ပါဘူး။
ဝုန်း... ဝုန်း…
ဧရာမ ဖင်းဂေါ့အလောင်းကြီး နှစ်ခုဟာ မြေပေါ်ကို ပြိုလဲကျသွားတဲ့အခါမှာတော့ ဂျူဟွာလည်း စိတ်ထဲမှာ သက်ပြင်းချနိုင်သွားပါတယ်။
သူ့ရဲ့ ကီကျင့်စဉ် အစွမ်းက ဖင်းဂေါ့ခန္ဓာကိုယ်အစွမ်းထက် သာလွန်သွားကတည်းက သူဟာ အခုလို အနီးကပ်တိုက်ပွဲမျိုး မတိုက်ရတာ ကြာပါပြီ။ ဒီနေ့တိုက်ပွဲကတော့ သူ့ကို အရင်က ခံစားချက်ဟောင်းတွေ ပြန်ရလာပါတယ်။
ဒါကလည်း ဂျူဟွာ ဒီနေ့ ဖင်းဂေါ့ခန္ဓာကိုယ်နဲ့ တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်ပါ။ နောင်တစ်ချိန်မှာ သူဟာ ဖင်းဂေါ့လမ်းစဉ်ကိုပဲ လျှောက်လှမ်းရမှာဖြစ်လို့ ရန်သူတွေ အစွမ်းမထက်သေးတဲ့ အချိန်မှာ သိုင်းပညာကို ကျွမ်းကျင်အောင် ကြိုတင်လေ့ကျင့်ထားတာပါပဲ။
“ဒီခံစားချက်က မဆိုးဘူးပဲ။ ဓားတာအိုဆိုတာကတော့ သတ်ဖြတ်ခြင်းနဲ့ လက်တွေ့အသုံးချခြင်း တာအိုပါပဲ။ ဓားကို အစကတည်းက အနီးကပ်တိုက်ခိုက်ဖို့ ဖန်တီးခဲ့တာ မဟုတ်လား။ ဒီလို အနီးကပ်တိုက်ရတာက ငါ့ရဲ့ ဓားတာအို နားလည်မှုကို ပိုပြီး အထောက်အကူပြုစေတယ်”
ဒီအတွေးဟာ ဂျူဟွာရဲ့ စိတ်ထဲမှာ လျှပ်တပြက် ဖြတ်သန်းသွားပါပြီ။ အနားမှာ ရှိနေတဲ့ လွတ်မြောက်အင်မော်တယ်ကို သူလှည့်ကြည့်လိုက်ပါတယ်။
ဒါပေမဲ့ ဂျူဟွာ တစ်ခုခုပြောဖို့ ပြင်လိုက်တုန်းမှာပဲ သူ့ရဲ့ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားပါပြီ။
မြူတွေ ထူထပ်နေတာကြောင့် အဲဒီအင်မော်တယ်ဟာ ဂျူဟွာရဲ့ မျက်နှာအမူအရာ ပြောင်းသွားတာကို သတိမထားမိပါဘူး။ ဂျူဟွာက သူ့ကို ကြည့်နေတာကို မြင်တော့ တစ်ခုခု မှာစရာရှိတယ်လို့ သူ ထင်လိုက်ပါတယ်။
“တာအိုရောင်းရင်း ဂျူဟွာ... ဘာများ အမိန့်ရှိပါသလဲ”
သူကပဲ အရင်ဦးအောင် မေးလိုက်ပါတယ်။
“...မင်းက တာအိုရောင်းရင်း ဟယ်ဖုန်းမဟုတ်လား”
ဂျူဟွာက မေးလိုက်ပြီး စကားဆက်လိုက်ပါတယ်။
“ခုနက မင်း တော်တော်လေး ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့တယ်။ ငါ မင်းအတွက် ကောင်းမှုမှတ်တမ်း တင်ပေးထားမယ်”
ဂျူဟွာရဲ့ စကားကြောင့် အဲဒီအင်မော်တယ်ဟာ ဝမ်းသာသွားပေမယ့် တည်ငြိမ်စွာနဲ့ပဲ ပြန်ပြောလိုက်ပါတယ်။
“ကျွန်တော့်ရဲ့ အစွမ်းအစလေးက မူလတာအို ဖင်းဂေါ့ ခန္ဓာကိုယ်လေးနဲ့တင် ရန်သူ ဖင်းဂေါ့ကြီးနှစ်ဦးကို သတ်နိုင်တဲ့ တာအိုရောင်းရင်း ဂျူဟွာနဲ့ ယှဉ်ရင်တော့ ဘာမှမဟုတ်ပါဘူး”
“အင်း... တခြား တာအိုရောင်းရင်းတွေကို သွားကူညီပေးလိုက်ဦး။ တိုက်ပွဲပြီးမှ ငါတို့ ဆက်ပြောကြတာပေါ့”
ဂျူဟွာက လက်ကာပြလိုက်ပါတယ်။
“ဟုတ်ကဲ့ပါ”
အင်မော်တယ် ဟယ်ဖုန်းက အများကြီး မစဉ်းစားတော့ဘဲ တိုက်ပွဲသံတွေ ငြိမ်သက်သွားတဲ့ တခြားနေရာတွေဆီကို အမြန် ပျံသန်းသွားပါတော့တယ်။ မြူထူထူတွေအောက်မှာပဲ သူဟာ ဂျူဟွာရဲ့ အမြင်အာရုံကနေ ပျောက်ကွယ်သွားပါတယ်။
ဂျူဟွာ ဘာမှမပြောတော့ဘဲ မရေမရာနဲ့ အနားက ဖင်းဂေါ့အလောင်းကြီး နှစ်ခုကို လှည့်ကြည့်လိုက်ပါတယ်။
ခုနတင် သူ ဒီဖင်းဂေါ့နှစ်ဦးကို သတ်လိုက်ပြီးပြီးချင်းမှာပဲ အကြာကြီး ငြိမ်သက်နေတဲ့ သူ့ရဲ့ နတ်ဘုရားဝိညာဉ်ဟာ ရုတ်တရက် လှုပ်ရှားလာခဲ့ပါတယ်။ အရင်ကထက် အဆပေါင်းများစွာ သေးငယ်တဲ့ အလင်းစ နှစ်ခုကို သူ့ရဲ့ ဝိညာဉ်ထဲကို စုပ်ယူလိုက်ပါတယ်။
“ဒီအလင်းစတွေက ဖင်းဂေါ့တွေဆီက လာတာလား”
ဂျူဟွာ မျက်မှောင်ကြုတ်လိုက်ပါတယ်။
အရင်တုန်းက ချင်းမူလင်ရဲ့ ကျောက်စိမ်းဆွဲပြားအကူအညီနဲ့ သူ စုပ်ယူခဲ့တဲ့ အလင်းစက်လေးတွေဟာ လူသားဝိညာဉ် အမြောက်အမြားဆီက လာတာလို့ သူ ခန့်မှန်းခဲ့ဖူးပါတယ်။ အခု အခြေအနေအရဆိုရင်တော့ သူ့ရဲ့ ခန့်မှန်းချက်က ပိုသေချာသွားပါပြီ။ ဒီအလင်းစတွေဟာ လူသားဝိညာဉ်တွေဆီကတင် မဟုတ်ဘဲ ဖင်းဂေါ့တွေရဲ့ ဝိညာဉ်တွေထဲမှာလည်း ရှိနေတာပါ။
ဒီလိုအဆင့် တိုက်ပွဲမျိုးမှာ ဂျူဟွာက အစွမ်းကုန် တိုက်ခဲ့ရတာကြောင့် ဖင်းဂေါ့နှစ်ဦးရဲ့ ဝိညာဉ်တွေဟာ လေထဲမှာတင် ပျောက်ကွယ်သွားခဲ့ရပါတယ်။ သူ အခုစုပ်ယူလိုက်တဲ့ အလင်းစတွေဟာ အဲဒီ သေဆုံးသွားတဲ့ ဖင်းဂေါ့နှစ်ဦးဆီက ထွက်ပေါ်လာတာ ဖြစ်ရပါမယ်။
“တခြားနေရာတွေကို သွားကြည့်ရမယ်”
ဂျူဟွာက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး တိုက်ပွဲသံတွေ ငြိမ်သွားတဲ့ နေရာတစ်ခုဆီကို အမြန် သွားလိုက်ပါတယ်။
ခဏအကြာမှာတော့ ဂျူဟွာဟာ နေရာတစ်ခုကို ရောက်သွားပါပြီ။ သူ့ခြေရင်းမှာ ဧရာမ ဖင်းဂေါ့အလောင်းကြီး တစ်ခု ရှိနေပြီး သူ့ဝိညာဉ်ဟာ ထူးထူးခြားခြား ထပ်မံ တုန့်ပြန်လာခဲ့ပါပြီ။ အလင်းစတစ်ခုကို ထပ်မံ စုပ်ယူလိုက်ပြန်ပါတယ်။
“အခုတော့ အတည်ပြုနိုင်ပြီ။ ဒီအလင်းစတွေက သက်ရှိတွေရဲ့ ဝိညာဉ်ဆီက လာတာပဲ။ ကျင့်ကြံခြင်း မရှိတဲ့ သာမန်လူတွေရဲ့ ဝိညာဉ်က အားနည်းတာကြောင့် ဝိညာဉ်ပေါင်း များစွာကို အသုံးပြု သွန်းလောင်းထားတဲ့ မှော်ရတနာဆီကမှ အလင်းစက်လေး အနည်းငယ်ပဲ ရခဲ့တာ။ ဒါပေမဲ့ မူလတာအို ဖင်းဂေါ့တွေရဲ့ ဝိညာဉ်တွေကတော့ အားကောင်းတာကြောင့် တစ်ဦးကို အလင်းစတစ်စ ထွက်လာတာပဲ”
ဂျူဟွာဟာ စိတ်ထဲကနေ ရေရွတ်လိုက်ပြီး တုံ့ဆိုင်းမနေတော့ဘဲ နောက်ထပ် စစ်မြေပြင်တစ်ခုဆီကို အမြန် ပြေးထွက်သွားပါတော့တယ်။
သူ့ရဲ့ ခန့်မှန်းချက်သာ မှန်မယ်ဆိုရင်တော့ ရှေ့မှာ ဖြစ်လာတော့မယ့် စစ်ပွဲကြီးဟာ အလင်းစ အမြောက်အမြားကို ထွက်ပေါ်လာစေပါတော့မှာပါ။
***