ဂျူဟွာဟာ လက်ကိုတစ်ချက်ဝှေ့ယမ်းပြီး အရင်က ပစ်ခတ်ထားတဲ့ မြားနှစ်စင်းကို ပြန်ခေါ်လိုက်ပါတယ်။ အဲဒီနောက် လေးညှို့ကို တစ်ကျော့ပြန် ဆွဲတင်လိုက်ပြီး ရှေ့က ဖင်းဂေါ့ဆီကို မြားဦးတည်လိုက်ပြန်ပါတယ်။
မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ သူ့ရဲ့မြားချက်က တိတိကျကျ ထိမှန်သွားပါပြီ။
တကယ်တော့ ဂျူဟွာဟာ ငယ်စဉ်တောင်ကျေး ကလေးဘဝတုန်းက မြားပစ်ပညာနဲ့ ထိတွေ့ဖူးခဲ့ပေမယ့် နောက်ပိုင်း တန်ခိုးရှင်လမ်းစဉ်ထဲ ရောက်သွားတဲ့အခါမှာတော့ လေးနဲ့မြားကို တစ်ခါမှ မကိုင်ဖြစ်တော့ပါဘူး။
ဒါပေမဲ့ မြားပစ်ပညာရဲ့ အနှစ်သာရဆိုတာ လေနဲ့ စကြ၀ဠာဟင်းလင်းပြင်တို့ကို ပေါင်းစပ်အသုံးချခြင်းပါပဲ။ ဂျူဟွာဟာ ပြီးပြည့်စုံတဲ့ လေပြင်းတာအိုကို နားလည်သဘောပေါက်ထားသူဖြစ်သလို၊ ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာလည်း စကြ၀ဠာမဟာတာအိုအပေါ် နားလည်မှုဟာ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တာကြောင့် မြားတစ်စင်း ပစ်ခတ်ဖို့ဆိုတာ သူ့အတွက် မခက်ခဲတော့ပါဘူး။
ဂျူဟွာဟာ အားလုံးရဲ့ မျှော်လင့်ချက်ကို မပျက်စေဘဲ ပစ်သမျှမြားတိုင်းကို ပစ်မှတ်ထိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အင်္ကျီအစိမ်းဝတ် လွတ်မြောက်အင်မော်တယ်က သူ့ကို မြားနတ်ဘုရား လို့ ချီးကျူးတာကိုတော့ ဂျူဟွာ အသိအမှတ်မပြုပါဘူး။ အရင်ကဆိုရင်တော့ တစ်မျိုးပေါ့၊ ဒါပေမဲ့ ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ အကြောင်းကို သိထားတဲ့ ဂျူဟွာအဖို့တော့ ရှေးခေတ်ဟောင်းက မြားနတ်ဘုရားလို့ ခေါ်ထိုက်သူတွေဟာ မြားပေါ်မှာ နှလုံးသားအင်အားကို ထည့်သွင်းအသုံးချနိုင်သူတွေမှန်း သူသိနေလို့ပါ။
ဒဏ္ဍာရီလာ ဟုန်ယွီနဲ့ လူသားမျိုးနွယ်ရဲ့ ရှေးခေတ်ဟောင်းမြားနတ်ဘုရားကြီးချီတို့လို ပုဂ္ဂိုလ်မျိုးတွေကမှ တကယ့် မြားနတ်ဘုရားစစ်စစ်တွေပါ။ သူတို့ရဲ့ မြားချက်တွေဟာ ပြင်းထန်ရုံတင်မကဘဲ တိကျမှုကလည်း ကြောက်စရာကောင်းလှပါတယ်။ မိုင်ပေါင်း သောင်းချီ၊ သိန်းချီ ဝေးကွာနေရင်တောင် မြားတစ်စင်တည်းနဲ့ ပစ်မှတ်ကို ထိအောင် ပစ်နိုင်ကြတာပါ။ ဂျူဟွာရဲ့ မြားပစ်ပညာကတော့ သူတို့နဲ့ယှဉ်ရင် ပြောပလောက်စရာ မရှိပါဘူး။
"နှလုံးသားအင်အားများလား..."
ဒီအတွေးဟာ ဂျူဟွာရဲ့ စိတ်ထဲမှာ လျှပ်တပြက် ဖြတ်ပြေးသွားပြီး ခေါင်းကို ခါလိုက်ပါတယ်။ သူ့မှာ အဲဒီကျင့်စဉ် မရှိသလို၊ ဘာမှမရှိရာကနေ နှလုံးသားအင်အား အသုံးချပုံကို အလိုအလျောက် နားလည်ဖို့ဆိုတာ ကောင်းကင်ဘုံကို တက်လှမ်းရသလို ခက်ခဲတဲ့အလုပ်ပါ။
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ ထဲက ဇာတ်လိုက် ဂျိနင်တောင်မှ တိတ်ဆိတ်ခြင်းကမ္ဘာထဲမှာ အချိန်အကြာကြီး တိုက်ပွဲဝင်ပြီးမှ တိုက်ဆိုင်မှုတစ်ခုကနေတစ်ဆင့် သူ့ရဲ့ဓားပေါ်မှာ နှလုံးသားအင်အား ထည့်သွင်းတဲ့နည်းကို နားလည်သွားခဲ့တာ မဟုတ်လား။
(စာကြွင်း။ တိတ်ဆိတ်ခြင်း ကမ္ဘာဆိုတာ စာရေးသူ သေချာ မမှတ်မိတော့တာကြောင့် ယခု ၀တ္ထုပါ အတိုင်းပဲဘာသာပြန် ရေးသားလိုက်ပါတယ်။)
ဂျူဟွာဟာ စိတ်ပျံ့လွင့်စရာတွေကို ဘေးဖယ်ထားလိုက်ပြီး မြားကို ထပ်ပြင်လိုက်ပါတယ်။ အရှေ့က ဖင်းဂေါ့ကို စိုက်ကြည့်ရင်း သူ့ရဲ့ နှလုံးသား မျက်လုံးနဲ့ မြားကို တစ်သားတည်း ဖြစ်စေလိုက်ပါပြီ။ ဒါကတော့ မြားပစ်ပညာရဲ့ အခြေခံအကျဆုံး အချက်ဖြစ်ပေမယ့်လည်း ဂျူဟွာအတွက်တော့ အခုထိ သိပ်ကျင့်သားမရသေးပါဘူး။
မြားဟာ လေးကြိုးပေါ်ကနေ ပျံထွက်သွားတဲ့အခါ ဂျူဟွာရဲ့ စိတ် ဟာလည်း မြားနဲ့အတူ ဖင်းဂေါ့ဆီကို လိုက်ပါသွားပါတယ်။
ဝုန်း…
မြားရဲ့ ကြောက်စရာကောင်းတဲ့ အရှိန်အဟုန်ကြောင့် ဖင်းဂေါ့ရဲ့ ခန္ဓာကိုယ်မှာ အပေါက်ကြီးတစ်ခု ဖြစ်သွားသလို ဂျူဟွာရဲ့ စိတ်မြင်ကွင်းဟာလည်း အဲဒီနေရာမှာတင် ပျောက်ကွယ်သွားပါတယ်။
"ဒီခံစားချက်က..."
ဂျူဟွာ အံ့အားသင့်သွားပါတယ်။ အဲဒီနောက်မှာတော့ သူ နားလည်သွားပါပြီ၊ ဒါဟာ နှလုံးသားအင်အားပါပဲ။
သူဟာ နှလုံးသားအင်အားရဲ့ အခြေခံအဆင့်ကို ရောက်ရှိနေတာ ကြာပြီဖြစ်ပေမယ့် အသုံးချပုံနည်းလမ်း မသိတာကြောင့် ဒီစွမ်းအားဟာ အပေါ်ယံသက်သက်ပဲ ရှိနေခဲ့တာပါ။ ခုနတင် သူကိုယ်တိုင်က ဘာမှမရှိရာကနေ နှလုံးသားအင်အားကို ဖော်ထုတ်ဖို့ဆိုတာ ကောင်းကင်တက်ရသလို ခက်တယ်လို့ တွေးခဲ့ပေမယ့်လည်း မသိစိတ်ထဲကနေ ကြိုးစားကြည့်နေမိပါတယ်။
ရလဒ်အနေနဲ့ကတော့ သူဟာ ဘာသဲလွန်စမှ မရတာမျိုး မဟုတ်ဘဲ လေးနဲ့မြားပေါ်မှာ နှလုံးသားအင်အားကို ဘယ်လိုငြိတွယ်စေရမလဲဆိုတဲ့ နည်းလမ်းရဲ့ အစွန်းအဖျားလေးကို ထိတွေ့မိသွားခဲ့တာပါပဲ။
ဒီခံစားချက် ပျောက်ကွယ်သွားမှာကို စိုးရိမ်တာကြောင့် ဂျူဟွာဟာ အများကြီး မစဉ်းစားတော့ဘဲ နောက်ထပ် မြားတစ်စင်းကို အမြန် ပစ်လိုက်ပါတယ်။ အဲဒီ ခံစားချက်ဟောင်း ပြန်ပေါ်လာပြန်ပါပြီ။ မြားက လေထဲမှာ ပျံသန်းနေတုန်းပဲ ရှိသေးပေမယ့် ဒီမြားဟာ ပစ်မှတ်ကို ကျိန်းသေ ထိမှန်တော့မယ်ဆိုတာကို ဂျူဟွာ ကြိုတင် သိရှိနေပါတယ်။
တကယ်ပဲ နောက်တစ်စက္ကန့်မှာ အဲဒီမြားဟာ ဖင်းဂေါ့ကို ထိမှန်သွားပါတော့တယ်။ ဂျူဟွာဟာ မြားတစ်စင်းပြီး တစ်စင်း ဆက်တိုက် ပစ်ခတ်နေပြီး စိတ်ထဲက ခံစားချက်ကလည်း ပိုပြီး ပြတ်သားလာပါတယ်။
နောက်ပိုင်းမှာဆိုရင် သူဟာ ဖင်းဂေါ့တွေကို ကြာကြာပေးနိုင်အောင်လို့ မြားရဲ့ အစွမ်းကိုတောင် တမင် လျှော့လိုက်ပါသေးတယ်။ ဒါမှ သူ နည်းနည်း အချိန်ကြာကြာ လေ့ကျင့်နိုင်မှာ မဟုတ်လား။
နာရီဝက် (ရေနွေးနှစ်အိုးကျက်) လောက် ကြာတဲ့အခါမှာတော့ ဖင်းဂေါ့ တစ်ကောင်တည်းပဲ ကျန်ပါတော့တယ်။ အခုအချိန်မှာတော့ ဂျူဟွာဟာ ဝမ်းသာပီတိ ဖြစ်နေရပါပြီ။ တခြားကိစ္စတွေကို ခဏထားဦး၊ သူ့ရဲ့ မြားပစ်ပညာဟာ နောက်ဆုံးတော့ အခြေခံအဆင့်ကို ဆုပ်ကိုင်မိသွားခဲ့ပါပြီ။ အခုအချိန်မှာ ဘယ်သူကပဲဖြစ်ဖြစ် သူ့ကို မြားနတ်ဘုရားလို့ ချီးကျူးပါစေ၊ သူကတော့ ကြည်ကြည်ဖြူဖြူ လက်ခံတော့မှာပါ။
"မင်းကို အဆုံးသတ်ပေးလိုက်တော့မယ်"
ဂျူဟွာဟာ နောက်ဆုံးကျန်တဲ့ ဖင်းဂေါ့ကို ကြည့်ပြီး မြားတစ်စင် ထပ်ပစ်လိုက်ပါတယ်။ နှလုံးသားအင်အား ပါဝင်နေတာကြောင့် ဒီမြားကို သူ ပေါ့ပေါ့ပါးပါး ပစ်လိုက်ရင်တောင်မှ...
"ဟင်?"
ဂျူဟွာ မျက်မှောင်ကြုတ်သွားပါတယ်။ သူဟာ စစ်သင်္ဘောကို ထိန်းချုပ်နေတဲ့ အင်မော်တယ်ဆီကို ချက်ချင်း အမိန့်ပေးလိုက်ပါပြီ။
"ရပ်လိုက်စမ်း"
ဂျူဟွာရဲ့ ရုတ်တရက် အမိန့်ကြောင့် အင်မော်တယ်တွေ အံ့အားသင့်သွားပေမယ့်လည်း တုံ့ဆိုင်းမနေဘဲ စစ်သင်္ဘောကြီးကို ချက်ချင်း ရပ်တန့်လိုက်ကြပါတယ်။
"တာအိုရောင်းရင်း ဂျူဟွာ... ခုနက မြားပစ်တာ လွဲသွားလို့လား"
အင်္ကျီအစိမ်းဝတ် အင်မော်တယ်က ပြုံးပြီး မေးလိုက်ပါတယ်။
"မဟုတ်ဘူး"
ဂျူဟွာက ခေါင်းခါလိုက်ပါတယ်။ သူဟာ အသည်းအသန် ထွက်ပြေးနေတဲ့ ဖင်းဂေါ့ကို ကြည့်ရင်း မျက်မှောင်ကြုတ်နေတုန်းပါပဲ။
ခုနက မြားက သီအိုရီအရဆိုရင် ထိရမှာပါ။ ဒါပေမဲ့ မြားက လမ်းခုလတ် ရောက်တဲ့အခါမှာ သူမြားပေါ်မှာ တင်ထားတဲ့ နှလုံးသားအင်အား ဟာ ရုတ်တရက် ပျောက်ကွယ်သွားတာကြောင့် မြားက လွဲချော်သွားတာလို့ ဆိုရပါလိမ့်မယ်။
"ရှေးခေတ်ဟောင်း သမိုင်းကြောင်းတွေထဲက ဖော်ပြချက်အရဆိုရင် နှလုံးသားအင်အားဆိုတာ အလွန်နက်နဲ ဆန်းကြယ်တဲ့ စွမ်းအားတစ်ခုပဲ။ ငါ့ရဲ့ နှလုံးသားအင်အားကို ဖြတ်တောက်နိုင်တယ်ဆိုရင် အရှေ့က နေရာကတော့ သာမန် မဟုတ်တော့ဘူး"
ဒီအတွေးဟာ ဂျူဟွာရဲ့ စိတ်ထဲမှာ ဖြတ်သန်းသွားပြီးနောက် အံ့ဩတုန်လှုပ်သွားပါတယ်။ သူဟာ နှလုံးသားအင်အားကို လေ့ကျင့်တာမှာပဲ အာရုံရောက်နေတာကြောင့် ဒီလောက် ရိုးရှင်းတဲ့ ကိစ္စကို သတိမထားမိခဲ့ပါဘူး။
ဒီဖင်းဂေါ့တွေကို သူတို့ လိုက်လံတိုက်ခိုက်နေတာ တစ်ကောင်ပြီး တစ်ကောင် သေကုန်ကြပြီ။ ဒါပေမဲ့ ကျန်တဲ့ကောင်တွေက လမ်းကြောင်းတစ်ခုတည်းကိုပဲ ဇွတ်ပြေးနေကြတာပါ။ တကယ်လို့သာ သူတို့တွေက လူစုခွဲပြီး ထွက်ပြေးကြမယ်ဆိုရင် စစ်သင်္ဘောကြီးနဲ့ လိုက်တိုက်ရင်တောင် အနည်းဆုံး နှစ်ကောင်၊ သုံးကောင်လောက်ကတော့ လွတ်သွားနိုင်တယ် မဟုတ်လား။
"ခြုံခိုတိုက်ခိုက်မှု စောင့်နေပြီပဲ"
ဂျူဟွာဟာ ဒါကို ရိပ်မိသွားပါတယ်။ အဲဒီနောက် သူက လှည့်ပြီး မေးလိုက်ပါတယ်။
"တာအိုရောင်းရင်းတို့ထဲမှာ ဝိညာဉ်သားရဲ ဒါမှမဟုတ် ရုပ်သေး အသုံးပြုတဲ့သူ ပါသလား။ ကင်းထောက် အချို့ကို စေလွှတ်ကြည့်ရအောင်"
ဂျူဟွာ ပြောလိုက်တာနဲ့ အင်မော်တယ်တစ်စုဟာ ရှေ့ထွက်လာပြီး နည်းလမ်းအမျိုးမျိုးနဲ့ ဝိညာဉ်သားရဲတွေ၊ ရုပ်သေးရုပ်တွေကို ရှေ့ကို စေလွှတ်လိုက်ကြပါတယ်။
ဝိညာဉ်သားရဲနဲ့ ရုပ်သေးရုပ်ဆိုတာ ကျင့်ကြံသူတိုင်းနီးပါး ကိုင်တွယ်တတ်တဲ့အရာတွေပါ။ ဒါ့အပြင် အခုရှိနေတဲ့သူတွေကလည်း လွတ်မြောက်အင်မော်တယ်တွေဆိုတော့ သာမန်ကျင့်ကြံသူတွေကြားမှာ ထိပ်တန်းအဆင့်တွေ မဟုတ်လား။
ဒါကြောင့် ခုနက မြားပစ်ပညာအကြောင်း မေးတုန်းကနဲ့မတူဘဲ အခုတစ်ကြိမ်မှာတော့ ရှေ့ထွက်လာတဲ့သူ အတော်လေး များပါတယ်။
အင်မော်တယ်တွေ အားလုံးရဲ့ အကြည့်အောက်မှာ ဝိညာဉ်သားရဲတွေနဲ့ ရုပ်သေးတွေ အများအပြား ရှေ့ကို ပျံထွက်သွားကြပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အချို့သော အင်မော်တယ်တွေရဲ့ မျက်နှာပျက်သွားကြပါပြီ။
"တာအိုရောင်းရင်း ဂျူဟွာ... ကျွန်တော့်ရဲ့ ရုပ်သေးနဲ့ အဆက်အသွယ် ပြတ်သွားပြီ"
အင်မော်တယ် တစ်ယောက်က ပြောပါတယ်။
"ကျွန်တော့်ဟာလည်း အတူတူပဲ"
"ကျွန်တော်လည်းပဲ"
အင်မော်တယ် အများအပြားက အဲဒီလို ပြောနေကြပေမယ့် ဂျူဟွာကတော့ ဘာမှမပြောဘဲ တည်ငြိမ်စွာနဲ့ ခေါင်းပဲ ငြိတ်ပြနေပါတယ်။
တကယ်ပဲ ရှေ့မှာ တစ်ခုခု ထူးခြားနေပြီလေ။ ခုနတင် သူတို့တွေ အဲဒီထဲကို ဇွတ်ပြေးဝင်မိတော့မလို့ပါ။
"ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဝိညာဉ်သားရဲတွေနဲ့ကတော့ အဆက်အသွယ် မပြတ်သေးဘူး"
တခြား အင်မော်တယ်တွေက အော်ပြောလိုက်ပါပြီ။
"ရှေ့မှာ ဘာတွေ ဖြစ်နေတာလဲ"
ဂျူဟွာက မေးမြန်းလိုက်ပါတယ်။
"ဒါက သီးခြား စကြ၀ဠာအလွှာ အသေးလေးတစ်ခု နဲ့ တူနေတယ်"
အင်မော်တယ်တစ်ယောက်က မရေမရာ ပြောလိုက်ပါတယ်။
"ဒါပေမဲ့ ဒီကနေကြည့်ရင် ဖင်းဂေါ့ကိုလည်း မြင်နေရတာပဲလေ၊ မင်းတို့ရဲ့ ဝိညာဉ်သားရဲတွေကိုလည်း ရှင်းရှင်းလင်းလင်း မြင်နေရတာပဲ မဟုတ်လား"
နောက်တစ်ယောက်က ထောက်ပြလိုက်ပါပြီ။
"ကျွန်တော်လည်း မသိတော့ဘူး။ ဒါက ဆောင်းဦးတောင်တန်း မဟာရွှံ့နွံအိုင်ကြီးက ဖန်တီးထားတဲ့ ထူးဆန်းတဲ့ အန္တရာယ်ရှိတဲ့ နေရာတစ်ခု ဖြစ်ရမယ်"
အဲဒီအင်မော်တယ်က ဆက်ပြောပါတယ်။
"ကျွန်တော့်ရဲ့ ဝိညာဉ်သားရဲက ကောင်းကင်စိမ်း မြွေ ပါ၊ သူ မှားမှာ မဟုတ်ပါဘူး"
"ဘာပဲဖြစ်ဖြစ် ရှေ့ကနေရာကတော့ ဘေးကင်းတဲ့နေရာ မဟုတ်ဘူး။ ငါတို့ ပေါ့ပေါ့ဆဆ ဝင်သွားလို့ မဖြစ်ဘူး"
"ဟုတ်တယ်၊ ဇွတ်မဝင်သင့်ဘူး"
"အရင်ဆုံး အခြေအနေကို စုံစမ်းရအောင်..."
အင်မော်တယ်တွေဟာ တစ်ယောက်တစ်ပေါက် ပြောနေကြပါတယ်။ ခဏလောက် စဉ်းစားပြီးနောက် ဂျူဟွာက မေးလိုက်ပါပြီ။
"သူ့ရဲ့ ဝိညာဉ်သားရဲကို အထဲအထိ ထပ်တိုးပြီး စုံစမ်းခိုင်းချင်တဲ့သူ ရှိသလား"
.
"ကျွန်တော် လုပ်ပါ့မယ်"
အင်မော်တယ်တစ်ယောက်က ချက်ချင်း ဆိုပါတယ်။
"ကျွန်တော့် သားရဲကိုလည်း လွှတ်လို့ရပါတယ်"
နောက်တစ်ယောက်ကလည်း ထောက်ခံပါတယ်။
မကြာခင်မှာပဲ အင်မော်တယ် ဆယ်ဦးကျော် သဘောာတူလိုက်ကြပါပြီ။ ဘာမှမပြောတဲ့ ကျန်တဲ့လူတွေကိုလည်း ဂျူဟွာ အတင်းအကျပ် မတိုက်တွန်းပါဘူး။
ဝိညာဉ်သားရဲဆိုတာ ရုပ်သေးတွေလိုမျိုး တစ်ခါသုံးပစ္စည်းမှ မဟုတ်တာ။ အချို့လူတွေက ဝိညာဉ်သားရဲတွေကို စီးတော်ယာဉ်အဖြစ် ဒါမှမဟုတ် ကင်းထောက်ဖို့လောက်ပဲ ပေါ့ပေါ့ပါးပါး မွေးထားကြတာမို့ သူတို့ သေသွားရင်လည်း သိပ်ပြီး စိတ်မနာကြပါဘူး။ ဒါပေမဲ့ အချို့ကတော့ သားရဲတွေကို ငယ်ငယ်လေးကတည်းက သားသမီးလို၊ သူငယ်ချင်းလို မွေးမြူလာကြတာမို့ သူတို့ရဲ့ အသက်ကို အရမ်းတန်ဖိုးထားကြပါတယ်။ ဂျူဟွာဟာ သူတို့ရဲ့ စိတ်ကို နားလည်တာကြောင့် အတင်းအကျပ် မစေခိုင်းဖြစ်တာပါပဲ။
…
"အခုမှ စတင်ခြေလှမ်းရုံရှိသေးတဲ့ ဒီခရီးရှည်ကြီးမှာ စာစဉ်ပေါင်း ၅၀၊ ၆၀ တိုင်အောင် အတူတူ လျှောက်လှမ်းကြရဦးမှာပါ။ ဒီစာအုပ်လေး စတင်ထွက်ရှိလာချိန်မှာ တာအိုရောင်းရင်းတို့နဲ့ အခုလို ကမ္မရေစက်ဆုံဆည်းခွင့်ရတာကို အထူးပင် ကျေးဇူးတင်ရှိမိပါတယ်။ ရှေ့ဆက်ရမယ့် တာအိုခရီးလမ်းတစ်လျှောက်မှာလည်း အားပေးဖော် အဖော်မွန်များအဖြစ် အဆုံးထိ ရှိနေပေးကြပါဦးလို့ ဖိတ်ခေါ်ချင်ပါတယ်။ နိဂုံးချုပ်အနေနဲ့... အားလုံးပဲ ဘဝခရီးလမ်းမှာ ကမ္မကံကောင်းခြင်းများနဲ့ ပြည့်စုံပြီး မြင့်မြတ်တဲ့ တာအိုဉာဏ်အလင်းများကို အစဉ်ထာဝရ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ခင်ဗျာ။"
***