မိမိတို့ရဲ့ ဝိညာဉ်သားရဲတွေကို စွန့်စားခိုင်းဝံ့တဲ့ လွတ်မြောက်အင်မော်တယ်တွေကတော့ တုံ့ဆိုင်းမနေဘဲ သားရဲတွေကို ရှေ့ဆက်တိုးဖို့ အမိန့်ပေးလိုက်ကြပါတယ်။ ဒါပေမဲ့ သားရဲတွေကို အဆုံးရှုံးမခံနိုင်တဲ့ အင်မော်တယ်တွေကတော့ သူတို့ကို ပြန်ဆုတ်ခိုင်းလိုက်ကြပါပြီ။
ဒါပေမဲ့ မကြာခင်မှာပဲ အင်မော်တယ် အတော်များများရဲ့ မျက်နှာပျက်သွားကြပါတယ်။
ဂျူဟွာဟာ အဲဒီအခြေအနေကို သတိထားမိတာကြောင့် မေးလိုက်ပါတယ်။
“ဘာဖြစ်လို့လဲ”
“သူတို့ ပြန်ထွက်လာလို့ မရတော့ဘူး”
အင်မော်တယ် တစ်ယောက်က ဆိုပါတယ်။
“ကျွန်တော့် သားရဲ ပြောပြချက်အရဆိုရင် ရှေ့မှာ မမြင်ရတဲ့ အတားအဆီးတစ်ခုက ပိတ်ထားသလိုပဲတဲ့”
“ဝင်ရုံပဲ ရပြီး ထွက်လို့မရတဲ့ သဘောလား”
ဂျူဟွာ ခေါင်းငြိတ်လိုက်ပါတယ်။ ဒီအန္တရာယ်ရှိတဲ့ နေရာတွေဟာ ဝင်္ကပါတွေနဲ့ စီရင်ထားတာမျိုး ဖြစ်နိုင်ပါတယ်။ ဝင်ပေါက်ပဲရှိပြီး ထွက်ပေါက်မရှိတဲ့ သဘောမျိုး ဖြစ်နေတာပါ။
ဒါကလည်း ဖြစ်နိုင်ပါတယ်။ ဖင်းဂေါ့ တွေဟာ သူတို့ကို ဒီနေရာအထိ အပင်ပန်းခံ မျှားခေါ်လာတယ်ဆိုကတည်းက ဒီနေရာက ရိုးရိုးလေးတော့ မဟုတ်နိုင်ဘူး မဟုတ်လား။
ဂျူဟွာ စဉ်းစားနေတုန်းမှာပဲ အဝေးကို ရောက်နေကြတဲ့ စိတ်ကြီးကြတဲ့ ဝိညာဉ်သားရဲအချို့ဟာ သူတို့ရဲ့ မူလအသွင်တွေကို ပြောင်းလဲလိုက်ကြပြီး မမြင်ရတဲ့ အတားအဆီးကို အသည်းအသန် တိုက်ခိုက်ကြပါတော့တယ်။ ဒါပေမဲ့ နှမြောစရာကောင်းတာကတော့ သူတို့ ဘယ်လောက်ပဲ တိုက်ခိုက်ပါစေ အဲဒီအတားအဆီးက လှုပ်တောင် မလှုပ်ခဲ့ပါဘူး။
ဒါဟာ ပုရွက်ဆိတ်က သစ်ပင်ကြီးကို လှုပ်ခါဖို့ ကြိုးစားနေသလို ပါပဲ။
“ပြန်လာလို့ မရဘူးဆိုမှတော့ မင်းတို့ သားရဲတွေကိုပဲ ရှေ့ဆက်တိုးခိုင်းလိုက်တော့”
ဂျူဟွာက အမိန့်ပေးလိုက်ပါတယ်။
“ဟုတ်ကဲ့ပါ”
အင်မော်တယ်တစ်စုလည်း ခေါင်းငြိတ်ရုံကလွဲလို့ ဘာမှမတတ်နိုင်တော့ပါဘူး။
စိတ်ထဲမှာ မတင်မကျ ဖြစ်နေပေမယ့်လည်း လက်ရှိမှာတော့ တခြားရွေးချယ်စရာ မရှိတော့ဘူးလေ။
ဝိညာဉ်သားရဲတွေရဲ့ ပုံရိပ်ဟာ မြူတွေကြားထဲ ပျောက်ကွယ်သွားပါတော့တယ်။ ဂျူဟွာလည်း ဒီအတိုင်း ထိုင်မနေပါဘူး။ သူဟာ အင်မော်တယ် အချို့ကို အဖွဲ့ခွဲပြီး ပတ်ဝန်းကျင်ကို ကင်းထောက်ခိုင်းလိုက်ပါတယ်။ ဒီထူးဆန်းတဲ့ အန္တရာယ်ဇုန်က ဘယ်လောက်တောင် ကျယ်ဝန်းသလဲဆိုတာ သိချင်လို့ပါ။
နာရီဝက်လောက် ကြာတဲ့အခါမှာတော့ အထဲကို ဝင်သွားတဲ့ ဝိညာဉ်သားရဲတွေဟာ အပြင်က အင်မော်တယ်တွေနဲ့ တစ်ကောင်ပြီး တစ်ကောင် အဆက်အသွယ် ပြတ်တောက်သွားပါတော့တယ်။ ဘယ်သားရဲတစ်ကောင်မှ သတင်းစကား ပြန်မပို့နိုင်ခဲ့ပါဘူး။
ဒီအခြေအနေကို မြင်တော့ အပြင်က အင်မော်တယ်တွေရဲ့ မျက်နှာဟာ ဖြူလျော်လာပါတယ်။
အထဲဝင်သွားတဲ့ သားရဲတွေက အလွန်အမင်း အစွမ်းမထက်ဘူးဆိုဦးတော့၊ အားနည်းတဲ့ကောင်တွေတော့ မဟုတ်ကြပါဘူး။ သူတို့တွေ သတင်းစကားလေး တစ်ခွန်းတောင် ပြန်မပို့နိုင်ဘဲ ပျောက်ကွယ်သွားတယ်ဆိုတာ အထဲက အန္တရာယ်ဟာ ထင်ထားတာထက် ပိုကြီးမားနေလို့ပါပဲ။
ခုနတင် သူတို့ကိုယ်တိုင်သာ ဇွတ်ဝင်မိရင် ဘယ်လိုဖြစ်သွားမလဲဆိုတာ တွေးကြည့်ရင်း ရင်ထိတ်နေကြပါတယ်။
နောက်ထပ် နာရီဝက်အနည်းငယ် ကြာတဲ့အခါမှာတော့ ပတ်ဝန်းကျင်ကို ကင်းထောက်ဖို့ လွှတ်လိုက်တဲ့ အင်မော်တယ်တွေ ရေနန်းတော် စစ်သင်္ဘော ပေါ် ပြန်ရောက်လာကြပါပြီ။
“အခြေအနေ ဘယ်လိုလဲ” .
ဂျူဟွာက မေးလိုက်ပါတယ်။
“ကျွန်တော်တို့ ဒီနေရာရဲ့ အဆုံးသတ်ကို ရှာမတွေ့ခဲ့ပါဘူး”
အင်မော်တယ် တစ်ယောက်က ပြောပါတယ်။ ဂျူဟွာရဲ့ မျက်နှာ အနည်းငယ် မည်းသွားတာကို မြင်တော့ သူက တုံ့ဆိုင်းမနေဘဲ ဆက်ပြောပြလိုက်ပါတယ်။
“ဒါပေမဲ့ ဒီကနေ မိုင် ၁၅၀ (၁၀၀ လီ) အကွာမှာ ပိုင်ကျီကလန်က အင်မော်တယ်တွေနဲ့ ဆုံခဲ့ပါတယ်။ သူတို့ပြောပြချက်အရ သူတို့လည်း ဖင်းဂေါ့တွေရဲ့ မြှူဆွယ်မှုကို ခံရပြီး လူတစ်ထောင်လောက် ဒီအန္တရာယ်ဇုန်ထဲ ကျရောက်သွားပြီလို့ သိရပါတယ်”
“ပိုင်ကျီကလန် ဟုတ်လား”
ဒါကို ကြားတော့ ဂျူဟွာ မျက်မှောင်ကြုတ်သွားပါတယ်။
အဲဒီနောက် သူဟာ ဆက်သွယ်ရေး မှော်ရတနာကို ထုတ်ယူပြီး ပိုင်ကျီကလန်ရဲ့ ခေါင်းဆောင် ကောင်းကင်အင်မော်တယ် ပိုင်ယွမ်ဆီကို ဆက်သွယ်လိုက်ပါတယ်။
အခြေအနေက အင်မော်တယ် ပြောတဲ့အတိုင်းပါပဲ။ ပိုင်ကျီကလန် တပ်မဟာဟာလည်း ဖင်းဂေါ့တွေရဲ့ ထောင်ချောက်ထဲ ဆွဲခေါ်ခံလိုက်ရပြီး လူတစ်ထောင်လောက် အထဲမှာ ပိတ်မိနေပါပြီ။
ဂျူဟွာ တစ်ခုခုတော့ မှားနေပြီလို့ ခံစားလိုက်ရပါတယ်။ သူဟာ တခြား ကလန်ကြီးတွေက အင်မော်တယ်တွေကိုပါ တပြိုင်နက် ဆက်သွယ်ကြည့်လိုက်ပါတယ်။ ရလဒ်ကတော့ သူ့ကို စိတ်မကောင်းစွာနဲ့ သက်ပြင်းချမိစေတာပါပဲ။
မျှော်လင့်ထားတဲ့အတိုင်း တခြားကလန်တွေဟာလည်း ကျွမ်းရွှေကလန်နဲ့ ပိုင်ကျီကလန်တို့လိုပဲ ဖင်းဂေါ့တွေရဲ့ မြှူဆွယ်မှုကို ခံခဲ့ရတာပါ။ အချို့ကလန်တွေက ဖင်းဂေါ့တွေရဲ့ အကြံကို ရိပ်မိပေမယ့် အတော်များများကတော့ ထောင်ချောက်ထဲ ဆင်းမိသွားကြပါတယ်။
ဒီတပ်မဟာကြီးဟာ မူလက လူပေါင်း ခုနစ်သောင်းကျော် ရှိတာပါ။ တကယ်လို့ အထဲကျသွားတဲ့သူတွေ ပြန်မထွက်လာနိုင်ဘူးဆိုရင်တော့ အင်အား ငါးသောင်းလောက်ပဲ ကျန်ပါတော့မယ်။
“ဒါပေမဲ့ ဖင်းဂေါ့တွေရဲ့ စတေးမှုက ပိုများနေသလိုပဲ”
ဂျူဟွာ နားမလည်နိုင် ဖြစ်နေပါတယ်။ ဖင်းဂေါ့တွေဟာ သုံးလလောက် အောင့်အီးသည်းခံပြီးမှ ဒီအကြံကို ထုတ်ခဲ့တာပါ။ သူတို့ရဲ့ ရည်ရွယ်ချက်က လူသားတွေကို အင်အားလျော့အောင် လုပ်ဖို့လောက်ပဲလား။
သူတို့ ရည်ရွယ်ချက် အောင်မြင်တယ်ဆိုဦးတော့၊ ဖင်းဂေါ့တွေဘက်က အကျအဆုံးကလည်း လူသားတွေထက် မနည်းပါဘူး။
တခြားကလန်တွေကို ထားဦး၊ ကျွမ်းရွှေကလန်ကို မျှားခေါ်ခဲ့တဲ့ ယွမ်ရှန်းအဆင့် ဖင်းဂေါ့ ၅၀ ဆိုတာ မနည်းတဲ့ အရေအတွက်ပါ။ သူတို့ကို ဒီနေရာအထိ ခေါ်လာဖို့အတွက် ဖင်းဂေါ့ ၄၉ ဦးဟာ အသေခံခဲ့ရတာပါ။ နောက်ဆုံးမှာ ကျွမ်းရွှေကလန်က အထဲကိုတောင် မဝင်သွားခဲ့ဘူး မဟုတ်လား။
ပြောရရင် အဲဒီ ဖင်းဂေါ့ ၄၉ ဦးဟာ အလကား အသေခံလိုက်ရသလိုပါပဲ။ ကျန်တဲ့ ကလန်တွေကို မျှားခေါ်တဲ့ ဖင်းဂေါ့တွေလည်း ဒီလိုပဲ ဖြစ်မှာ သေချာပါတယ်။
ဂျူဟွာ စဉ်းစားနေတုန်းမှာပဲ ဘိုးဘေးကြီး ထျန်ယန်ရဲ့ အသံက သူ့နားထဲ ပဲ့တင်ထပ်ကြားလိုက်ရပါတယ်။
“ဂျူဟွာ။ ဒါက မိစ္ဆာအာရုံ ထင်ယောင်ထင်မှား နယ်မြေပဲ။ အထဲကို ဝင်သွားတဲ့သူတွေဟာ အဆုံးမရှိတဲ့ ထင်ယောင်ထင်မှားတွေကြားထဲ ကျရောက်သွားလိမ့်မယ်။ ငါတို့လို ကောင်းကင်အင်မော်တယ်တွေ ဦးဆောင်ပြီး ထုတ်မပေးသရွေ့တော့ အထဲကလူတွေ အသက်ရှင်လျက် ပြန်ထွက်လာဖို့ဆိုတာ အလွန်ခက်ခဲတယ်။ မင်းတို့တွေ ခဏလောက် လမ်းကြောင်းပြောင်းပြီး သွားကြတော့”
ဘိုးဘေးကြီး ထျန်ယန်ရဲ့ အသံဟာ ချက်ချင်း ပျောက်ကွယ်သွားပါတယ်။ ဂျူဟွာမှာ မေးချင်တာတွေ အများကြီး ရှိပေမယ့် ဘိုးဘေးကြီးက ပြတ်ပြတ်သားသား ပြောလိုက်တာကြောင့် စိတ်ထဲက သံသယတွေကို ခေတ္တ မျိုသိပ်ထားလိုက်ရပါပြီ။ ဘိုးဘေးကြီးရဲ့ သတိပေးချက်ကြောင့် ဂျူဟွာဟာ တုံ့ဆိုင်းမနေဘဲ တခြားကလန်တွေက ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းပြီး ကျွမ်းရွှေကလန် တပ်မဟာကို တခြားလမ်းကြောင်းကနေ လှည့်သွားဖို့ အမိန့်ပေးလိုက်ပါတယ်။
မိစ္ဆာအာရုံ ထင်ယောင်ထင်မှား နယ်မြေ လို့ ခေါ်တဲ့ ဒီနေရာဟာ အတော်လေးကို ကျယ်ဝန်းလှပါတယ်။ ဆောင်းဦးတောင်တန်း မဟာရွှံ့နွံအိုင်ထဲမှာ တပ်မဟာရဲ့ အသွားအလာက နှေးတာကြောင့် ဒီလို လမ်းလွှဲသွားဖို့အတွက် တစ်လနီးပါး အချိန်ပေးလိုက်ရပါတယ်။
ကျွမ်းရွှေကလန် တပ်မဟာက အဲဒီနယ်မြေကို လှည့်ပတ်ကျော်ဖြတ်ခဲ့တဲ့ ညမှာပဲ ဘိုးဘေးကြီး ထျန်ယန်ဟာ စစ်သင်္ဘောပေါ်က ဂျူဟွာရဲ့ အခန်းထဲမှာ ပေါ်လာပါတယ်။
“ဘိုးဘေးကြီး။”
ဂျူဟွာက လက်အုပ်ချီ ဂါရဝပြုလိုက်ပါတယ်။
“ဂျူဟွာ... မင်း စိတ်ထဲမှာ မေးခွန်းတွေ အများကြီး ရှိနေတယ် မဟုတ်လား”
ဘိုးဘေးကြီးက မေးလိုက်ပါတယ်။
“မေးခွန်းရယ်လို့တော့ မဟုတ်ပါဘူး”
ဂျူဟွာက ခဏစဉ်းစားပြီး ဆက်ပြောပါတယ်။
“ကျွန်တော် သိချင်တာက... ကောင်းကင်အင်မော်တယ်တွေက အဲဒီနယ်မြေထဲကနေ အပြင်ကို ထွက်နိုင်တယ်ဆိုရင် တခြားကလန်က ကောင်းကင်အင်မော်တယ် ဘိုးဘေးတွေက ဘာဖြစ်လို့ သူတို့ရဲ့ ကလန်သားတွေကို သွားမကယ်ထုတ်ကြတာလဲ ဆိုတာပါပဲ”
“ဘာလို့လဲဆိုတော့ အဲဒီလို လုပ်ရတာ စတေးဖို့ မထိုက်တန်လို့ပါပဲလေ”
ဘိုးဘေးကြီးက ပြတ်ပြတ်သားသား ပြောပါတယ်။
“စတေးဖို့ မထိုက်တန်းဘူး ဟုတ်လား”
“ဒီနယ်မြေရဲ့ အလယ်ဗဟိုမှာ ကြေးမုံကျောက် လို့ခေါ်တဲ့ ထူးဆန်းတဲ့ ကျောက်တုံးတစ်တုံး ရှိတယ်။ သာမန်သတ္တဝါတွေ ဝင်သွားရင် အဆုံးမဲ့ ထင်ယောင်ထင်မှား ပုံရိပ်ယောင်တွေကြားထဲ ကျသွားလိမ့်မယ်။ ဒါပေမဲ့ ကြေးမုံကျောက်ကို ကိုင်ထားတဲ့သူကတော့ ဒီထင်ယောင်ထင်မှားပုံရိပ်ယောင်တွေကို ခုခံနိုင်စွမ်း ရှိတယ်”
ဘိုးဘေးကြီးက ဆက်ပြောပါတယ်...
“ဒီဖင်းဂေါ့တွေက ဆောင်းဦးတောင်တန်း မဟာရွှံ့နွံအိုင်ထဲမှာ နှစ်ပေါင်းများစွာ နေလာခဲ့ကြတာ။ သူတို့လက်ထဲမှာ ကြေးမုံကျောက်တွေ ရှိနေမှာ သေချာတယ်။ အခု ငါပြောတာကို နားလည်လား”
“ဘိုးဘေးကြီး ဆိုလိုတာက... အဲဒီနယ်မြေထဲမှာ ကြေးမုံကျောက်ကို ကိုင်ထားတဲ့ ဖင်းဂေါ့တွေက ခြုံခိုတိုက်ခိုက်ဖို့စောင့်နေပြီး ကောင်းကင်အင်မော်တယ်တွေကို လုပ်ကြံဖို့ ကြံစည်နေတာမျိုးလား”
ဂျူဟွာ အံ့ဩတုန်လှုပ်စွာ မေးလိုက်ပါတယ်။
“ဖြစ်နိုင်ခြေ အတော်များတယ်”
ဘိုးဘေးကြီးက ခေါင်းငြိတ်ပြပါတယ်။
“ငါတို့လို ကောင်းကင်အင်မော်တယ်တွေက အဲဒီထင်ယောင်ထင်မှားတွေကို တာအိုနှလုံးသားနဲ့ ခုခံနိုင်တယ်ဆိုဦးတော့၊ အဲဒီအတွက် အာရုံစိုက်နေရတာကြောင့် ငါတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက အများကြီး လျော့နည်းသွားလိမ့်မယ်။ အဲဒီလို အခြေအနေမျိုးမှာ ဖင်းဂေါ့တွေနဲ့ တိုက်ရတာက အဖြေကို ခန့်မှန်းရ ခက်ခဲစေတယ်”
“အဲဒါကြောင့်ကိုး”
ဂျူဟွာ နားလည်သွားပါပြီ။ ဘိုးဘေးကြီး ပြောချင်တာက ရှင်းပါတယ်။
အချို့သော လွတ်မြောက်အင်မော်တယ်တွေနဲ့ မူလတာအိုတန်ခိုးရှင်တွေရဲ့ အသက်ဟာ ကောင်းကင်အင်မော်တယ်တွေ စွန့်စားရလောက်အောင် တန်ဖိုးမရှိတာပါ။ ကောင်းကင်အင်မော်တယ် တစ်ဦးသာ အထဲမှာ ကြေးမုံကျောက်ကိုင်ထားတဲ့ မြေကမ္ဘာ အဆင့်ဖင်းဂေါ့ တစ်ကောင်ရဲ့ ပိတ်ဆို့မှုကို ခံရမယ်ဆိုရင် အလွန်ကို အန္တရာယ်ကြီးမားတဲ့ အခြေအနေမျိုး ကြုံတွေ့ရနိုင်တယ် မဟုတ်ပါလား။
***