ယွမ်ကျိုးသည် ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်အားဘဲ ပန်းကန်များကို စိတ်နှစ်ကာဆေးကြောနေလေသည်။ သူသည် စကားတစ်ခွန်းမှ မပြောသော်လည်း စားသောက်ဆိုင်အတွင်းရှိ လေထုမှာတော့ အေးချမ်းသာယာပြီး ပျော်ရွှင်စရာကောင်းနေဆဲပင်။
နေ့လည်စာစားချိန်ပြီးမှသာ ယွမ်ကျိုး တစ်ယောက် သေချာစဉ်းစားရန် အချိန်ရတော့သည်။ ဝူဟိုင်းပေးခဲ့သော အကြံအစည်မှာ အစပိုင်းတွင် ရယ်စရာကောင်းသည်ဟု ထင်ရသော်လည်း၊ ပြန်လည်သုံးသပ်ကြည့်သောအခါတွင် အတော်လေး အဓိပ္ပာယ်ရှိနေသည်။
"ဒါပေမဲ့... မန်မန်ကို မင်းရည်းစားဟင်းချက်ကောင်းလား လို့ အရင်မေးကြည့်သင့်တယ်" ယွမ်ကျိုးက မျက်မှောင်ကြုတ်လျက် တိုးတိုးလေး ရေရွတ်လိုက်မိသည်။
ထိုစဉ်မှာပင် စနစ်၏ အသိပေးချက်က ပေါ်လာပြီး ယွမ်ကျိုး၏ အတွေးစကို ဖြတ်တောက်လိုက်သည်။
"ဂုဏ်ယူပါတယ် ဆိုင်ရှင်... သင်ဟာ 'စားဖိုမှူး၏နှလုံးသား' ကိုဆုလာဘ်အဖြစ် ရရှိပါပြီ"
"ဒါက ဘာကြီးလဲ... စနစ်၊ မင်းရူးသွားတာလား" ယွမ်ကျိုးက ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ဆုလာဘ်ကို အခုပဲ ရယူနိုင်ပါပြီ"
"တယောက်ယောက်က တခြားသူအပေါ် တအား အာရုံစိုက်နေတယ်ဆိုရင် မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေတတ်တယ်တဲ့။ စနစ်... မင်း ဘာမဟုတ်တာ ကြံစည်နေတာလဲ" ယွမ်ကျိုးက သတိကြီးကြီးဖြင့် မေးခွန်းထုတ်လိုက်သည်။
ယွမ်ကျိုး၏ အတွေ့အကြုံအရ စနစ်ထံမှရသော ဆုလာဘ်တိုင်း၏ နောက်ကွယ်တွင် သေချာပေါက် ထောင်ချောက်တစ်ခု ရှိနေတတ်သည်။ 'ကောင်းကင်ကနေ မုန့်ကျလာတယ်' ဆိုသည့်စကားပုံကို ယွမ်ကျိုး ကောင်းကောင်းနားလည်သည်။ သို့သော် သူအဖို့ မုန့်ကျလာလျှင်ပင် သူ့ခေါင်းပေါ်သို့ တည့်တည့်ကျလာမည်မှာ သေချာသည်။
"ဒီဆုလာဘ်က ငန်းကင်မစ်ရှင်ကို သတ်မှတ်ထားတဲ့အချိန်ထက် စောပြီး ပြီးလို့ ရရှိတာပါ"
"တကယ်လား... ပြီးခဲ့တဲ့တစ်ခေါက်ကလည်း မစ်ရှင်ပြီးလို့ဆိုပြီး ငန်းကင်နည်းကို ဆုပေးခဲ့တယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်းပေးတဲ့ မစ်ရှင်တွေက အများကြီးပိုခက်သွားတယ်လေ" ယွမ်ကျိုးက မျက်လုံးကို အပေါ်လှန်ကာ မယုံကြည်နိုင်စွာ ပြောလိုက်သည်။
စနစ်၏အကျင့်မှာ ထိုအတိုင်းပင်။ ယွမ်ကျိုး ဟင်းချိုထုပ် ဆုရသောအခါက ဆိုင်ဖွင့်ချိန်ကို လျှော့ချပစ်ခဲ့သည်။ စာအိတ်နီဆု ရတုန်းကလည်း အခွန်အမြောက်အမြား ပေးဆောင်ခဲ့ရသည်။ အဆင့်တက်၍ ဘွဲ့တစ်ခုရသည့်အခါတွင်လည်း အဘိဓာန်စာအုပ်ခန့်ထူသည့် စာရင်းစာအုပ်ကြီးကို ဖတ်ခိုင်းပြန်သည်။ ဤကဲ့သို့သော သာဓကများမှာ မရေမတွက်နိုင်အောင်ပင်။
သို့သော် ယခုတစ်ကြိမ်တွင် ယွမ်ကျိုးသည် စနစ်ကို မှားယွင်းစွာ စွပ်စွဲခဲ့ခြင်း ဖြစ်သည်။ ဤဆုလာဘ်သည် စားဖိုမှူးကြီးဇန်နှင့် တိုက်ရိုက်ပတ်သက်နေသည်။ စနစ်သည် ငန်းကင်မစ်ရှင်အတွက် အချိန်ကန့်သတ်ချက် မထားသော်လည်း 'အမြန်ဆုံးပြီးမြောက်ရန်' ဟူသော မမြင်ရသည့် လိုအပ်ချက်တစ်ခု ရှိနေခဲ့သည်။ စားဖိုမှူးကြီးဇန်နှင့် အခြေအတင်ဖြစ်ခဲ့မှုကြောင့် ယွမ်ကျိုးသည် လုံ့လအပြည့်ဖြင့် ဤဟင်းလျာကို အချိန်တိုအတွင်း ကျွမ်းကျင်အောင် ကြိုးစားခဲ့ခြင်းဖြစ်သည်။
အခြားတစ်ဖက်တွင်မူ... Goose Jin Xuan စားသောက်ဆိုင်၏ မီးဖိုချောင်အတွင်း၌
"စားဖိုမှူးကြီးဇန်... ခင်ဗျားရဲ့ ငန်းကင်လက်ရာက ပိုပိုပြီး အရသာရှိလာတာပဲ။ တကယ်ကို အံ့မခန်း လက်ရာမြောက်လှပါတယ်"
အထွေထွေမန်နေဂျာချင်က မျက်လုံးများကို မှိတ်လျက် ငန်းကင်၏ အရသာကို ခံစားရင်း ချီးကျူးလိုက်သည်။
"အင်း... 'အကောင်းဆုံး' ဖြစ်ဖို့ဆိုရင်တော့ နည်းနည်း လိုသေးတယ်" စားဖိုမှူးကြီးဇန်က မည်သည့်မျက်နှာအမူအရာမျှမပြဘဲ ခပ်အေးအေးပင် ပြန်ဖြေသည်။
"ဆရာကြီးဇန်က ကိုယ့်ကိုယ်ကိုယ် အရမ်းဖိအားပေးတာပဲ။ ခင်ဗျားရဲ့လက်ရာက အစကတည်းက ကောင်းပြီးသားပါ။ အခုဆို ပိုတောင် တိုးတက်လာသေးတယ်။ ငန်းကင်တဲ့နေရာမှာ ခင်ဗျားက တကယ့် ပါရမီရှင်ပဲ" မန်နေဂျာချင်က ပြုံးရွှင်စွာ ဆက်ပြောသည်။
"ကျွန်တော် ဒီလိုချီးကျူးစကားနဲ့ မထိုက်တန်ပါဘူး" စားဖိုမှူးကြီးဇန်က အေးစက်စက် လေသံဖြင့် တုံ့ပြန်လိုက်သည်။ သူ့မျက်နှာတွင် ပျော်ရွှင်ရိပ်မရှိဘဲ တစ်စုံတစ်ခုကို လေးနက်စွာ စဉ်းစားနေပုံရသည်။
"ဆရာကြီးကလည်း နှိမ့်ချလွန်းနေပါပြီ။ အရင်က ငန်းကင်ဆိုရင် အဆီနည်းနည်းများသလို ခံစားရပေမယ့် အခုတော့ တစ်မျိုးလေး ထူးခြားသွားပြီ။ ဆက်တိုက်စားရင်တောင် အီမသွားတော့ဘူး။ ကြည့်ပါဦး... ကျွန်တော်တောင် အများကြီးစားလိုက်မိတယ်" အထွေထွေမန်နေဂျာချင်က စားဖိုမှူးကြီးဇန် မည်သည့်အတွက်ကြောင့် မျက်နှာပျက်နေမှန်း မသိသော်လည်း၊ သူ၏ လက်ရာသစ်ကိုတော့ တကယ်ပဲ နှစ်ခြိုက်စွာ ချီးကျူးနေမိသည်။
"ဟွန့်... ခဏစောင့်ပါ။ ကျွန်တော် မီးဖိုချောင်ဘက် သွားလိုက်ဦးမယ်" စားဖိုမှူးကြီးဇန်က အပြုံးတစ်စက်မျှမရှိသော မျက်နှာဖြင့် ခပ်ပြတ်ပြတ်ပြောကာ ထွက်သွားတော့သည်။
"ကောင်းပါပြီ... ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ပါ။ ဪ... မနက်ဖြန်မှာ 'ဘဲငန်းကင်ပွဲ' ရှိတာ မမေ့နဲ့ဦးနော်" မန်နေဂျာချင်ကတော့ ဆရာကြီး၏ စိတ်ဆတ်မှုကို အထူးတလည် စိတ်ထဲထည့်မနေတော့ဘဲ ငန်းသားကို အရသာခံရင်း ပြောလိုက်သည်။
"ရပြီ... မမေ့ပါဘူး" စားဖိုမှူးကြီးဇန်က လှည့်မကြည့်ဘဲ လေသံမာမာဖြင့် ပြန်ဖြေလိုက်သည်။
သူ တံခါးပြင်ရောက်သွားမှ မန်နေဂျာချင်က ပြုံးလျက် တိုးတိုးလေး ရေရွတ်လိုက်သည်။
"စားဖိုမှူးကြီးတစ်ယောက်က အခုလို ကိုယ့်လက်ရာအပေါ် တင်းကျပ်တာ ကောင်းတာပေါ့။ သူက တန်ဖိုးထားမှလည်း ဖောက်သည်တွေဆီက ဈေးပိုတောင်းလို့ရမှာလေ"
မီးဖိုချောင်ထဲ ပြန်ရောက်သောအခါ စားဖိုမှူးကြီးဇန်သည် သူ၏ တပည့်သုံးယောက်ကို ထုံးစံအတိုင်း ပွက်ပွက်ညံအောင် ဆူငေါက်လိုက်ပြီးနောက်၊ ငန်းကင်လုပ်နည်းအသစ်ကို လေ့လာရန် သူ၏ သီးသန့်မီးဖိုချောင်ငယ်လေးထဲသို့ ဝင်သွားတော့သည်။
"ဟူး... နောက်ဆုံးတော့ ဘီလူးကြီး ထွက်သွားပြီ" ကိုယ်လုံးကိုယ်ပေါက် ဝဝနှင့် တပည့်ဖြစ်သူက ရင်ထဲက အလုံးကြီး ကျသွားသလို သက်ပြင်းချလိုက်သည်။
"မင်းကတော့ စိတ်သက်သာရာရတာပေါ့... ငါ့မှာတော့ သူ့ကို ဖုန်းဆက်တိုင်း အဆူခံနေရတာ။ ငါ ဘာမှပြန်မပြောရဲတာ မင်းတို့လည်း မြင်သားပဲ" အရပ်အမောင်း မပုမရှည်နှင့် စားဖိုမှူးကျန်းခေါ် တပည့်က မျက်လုံးလှန်ကာ ညည်းတွားလိုက်သည်။
"ဒါနဲ့... ဆရာကြီးဇန် ဘာတွေဖြစ်နေတယ်လို့ ထင်လဲ။ ခုနတုန်းကဆို ဒေါသတွေထွက်ပြီး သူအမြဲတမ်း တန်ဖိုးထားတဲ့ 'ငန်းကင်မီးဖိုဟောင်း' ကြီးကိုတောင် ရိုက်ခွဲပစ်တော့မလို့။ အဲဒီမီးဖိုကို သူဘယ်လောက် မြတ်နိုးလဲဆိုတာ ငါတို့အသိဆုံးလေ။ သူကိုယ်တိုင် နေ့တိုင်း သန့်ရှင်းရေးလုပ်ပေးနေတာကို" အပိန်ဆုံးတပည့်က တွေးရင်း ပြောလိုက်သည်။
"ဟုတ်တယ်... အခုဆို သူက အဲဒီမီးဖိုချောင်လေးထဲမှာပဲ အောင်းနေပြီး ငန်းတွေ တစ်ကောင်ပြီးတစ်ကောင် ကင်နေတာ။ 'ငါတစ်သက်လုံး ငန်းကင်လာတာ... ဘယ်တော့မှ အရှုံးမပေးဘူး' လို့လည်း အမြဲ ရေရွတ်နေသေးတယ်" ဝဝနှင့် လူက ကျန်နှစ်ယောက်ကို စပ်စုသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
"ငါ့ကို လာမကြည့်နဲ့... ငါလည်း မသေချာဘူး။ ဒါပေမဲ့ ငါ့အထင်တော့ ဟိုတစ်နေ့က တောင်စီလမ်းက 'ဘော့စ်ယွမ်' ဆိုတဲ့လူက ဆရာကြီးကို အကြီးအကျယ် ထိုးနှက်လိုက်တာနဲ့ တူတယ်" အရပ်မပုမရှည်နှင့်လူက တိုးတိုးလေး ခန့်မှန်းလိုက်သည်။
"ဖြစ်နိုင်ခြေ များတယ်။ ဒါပေမဲ့ တစ်ခုတော့ သေချာတယ်... ဆရာကြီးဇန်ရဲ့ ငန်းကင်လက်ရာ ပိုကောင်းလာတာပဲ" ဝဝနှင့်လူက အားကျသလို သက်ပြင်းချပြန်သည်။
"ဆရာကြီး ဒီလောက်အထိ ရူးသွပ်နေတာက ကောင်းသလား မကောင်းဘူးလားတော့ မသိဘူး။ သူ့ရဲ့ ဒေါသကတော့ ပိုဆိုးလာပြီ" အပိန်ဆုံးလူက ပုခုံးတွန့်ကာ အကူအညီမဲ့စွာ ဆိုလိုက်သည်။
ထိုအချိန်တွင် ယွမ်ကျိုးမှာတော့ ဤကိစ္စများကို ဘာမှမသိဘဲ၊ စနစ်က ပေးအပ်ထားသည့် ဆုလာဘ်နှင့် ပတ်သက်၍ အငြင်းပွားနေဆဲ ဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင် ယွမ်ကျိုးသည် ထိုဆုလာဘ်ကို ဖွင့်ကြည့်ရန်ပင် ဝန်လေးနေမိသည်။
"ဆုလာဘ်ကို အလောတကြီး ယူလိုက်လို့ ထပ်ပြီး အလိမ်ခံရရင် ဘာလုပ်မလဲ"
ဤသည်မှာ ယွမ်ကျိုး၏ ရင်ထဲက အဓိက စိုးရိမ်ပူပန်မှုပင်။
ဆုလာဘ်မှာ စနစ်၏မျက်နှာပြင်ထက်တွင် တလက်လက်တောက်ပနေဆဲပင်။ ယွမ်ကျိုးအနေနဲ့ မဖွင့်ကြည့်ရန် ကြိုးစားသော်လည်း စူးစမ်းလိုစိတ်က တားမရဆီးမရ ဖြစ်လာတော့သည်။
"မေ့လိုက်တော့။ ဖွင့်ကြည့်တာပဲ ကောင်းတယ်။ မဟုတ်ရင် တစ်နေကုန် စိတ်ထဲ တနုံ့နုံ့ဖြစ်နေတော့မှာ"
ယွမ်ကျိုးက ဆုံးဖြတ်ချက်ချလိုက်ပြီး ဆိုင်ငယ်လေးထဲတွင် ဟိုဟိုဒီဒီ လျှောက်သွားနေစဉ် ဆာဂက်စတက်စ် ရေမှော်နံရံကပ် ပန်းချီကားထဲမှ သက်ဝင်လှုပ်ရှားနေသော ပုစွန်ရုပ်လေးကို တွေ့လိုက်ရသည်။ သူက ပွင့်ချပ်ပုံသဏ္ဌာန် ငါးလေးများကြားတွင် ထင်ရှားနေသော ထိုပုစွန်ရုပ်ကို ကြည့်ကာ ခပ်နောက်နောက်ပင် ဆိုလိုက်သည်။
"မင်း အသက်ရှင်နေသေးတာပဲ... ဒါဆိုရင်တော့ ငါ့အတွက် ကံကောင်းစေမယ့် နိမိတ်ပဲ။ ဆုလာဘ်ကို စစ်ဆေးတော့မယ်နော်"
ယွမ်ကျိုးက စနစ်ထဲသို့ဝင်ကာ ဆုလာဘ်ကို အသေးစိတ် စစ်ဆေးလိုက်သည်။
"စားဖိုမှူး၏ နှလုံးသား - အဆင့် (၁)"
"ရရှိသည့်အရာ - 'ပူပူစပ်စပ်ဟော့ပေါ့ဟင်းခတ်အမွှေးအကြိုင်' ပြင်ဆင်နည်း"
"စနစ်၏ အကြံပြုချက် - အခုလို အေးစက်စက် ရာသီဥတုမှာ ဗိုက်ပြည့်စေမယ့် ဟော့ပေါ့လေးမှ မစားရရင်၊ မင်းဘဝက ငါးခြောက်လို ဘဝနဲ့ ဘာကွာတော့မှာလဲ။ လူငယ်လေး... မင်း တကယ်ကံကောင်းတာပဲ"
"ဒီလို ပြောင်ချော်ချော် အကြံပေးချက်တွေကို မြင်ရတာ တကယ်ကို စိတ်ပျက်ဖို့ကောင်းတယ်... စနစ်ရေ၊ ဒါ မင်းရဲ့နဂိုပုံစံ မဟုတ်တာ သေချာတယ်" ယွမ်ကျိုးက နဖူးကိုလက်ဖြင့်ထောက်ကာ အကူအညီမဲ့စွာ ရေရွတ်လိုက်မိသည်။
သို့သော် ရိုးသားစွာ ဝန်ခံရလျှင် 'ပူပူစပ်စပ်ဟော့ပေါ့' ဆိုသည်မှာ အလွန်ဆွဲဆောင်မှုရှိသော ဆုလာဘ်တစ်ခုပင်။ ယွမ်ကျိုး ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်ရာ ကောင်းကင်မှ မိုးစက်လေးများ တဖွဲဖွဲကျလာသည်။ မိုးက သည်းသည်းထန်ထန် ရွာခြင်းမဟုတ်သော်လည်း လေအေးများနှင့်အတူ ပါလာသဖြင့် တစ်ကိုယ်လုံး ချမ်းစိမ့်စိမ့် ဖြစ်သွားစေသည်။
ဖောက်သည်များ မိုးစိုမည်ကိုတော့ သူမစိုးရိမ်ပေ။ တောင်စီလမ်းရှိ ဆိုင်များအားလုံးတွင် လသာဆောင်အမိုးများ ရှိသလို၊ သူ၏ဆိုင်ရှေ့တွင်လည်း ဖောက်သည်များ မိုးခိုရန် နေရာအလုံအလောက် ရှိနေသည်။
တံခါးအပြင်ဘက်မှ မိုးအေးအေးကို ကြည့်ရင်း ယွမ်ကျိုး စိတ်ထဲတွင် သံသယတစ်ခု ဝင်လာသည်။
"စနစ်... ဆုရတဲ့ 'ပူပူစပ်စပ်ဟော့ပေါ့' ကအနှစ်လုပ်နည်း တစ်ခုတည်းပဲလား"
"ဟုတ်ပါတယ်" စနစ်က တိုတိုတုတ်တုတ်ပင် အဖြေပေးသည်။
"ဒါဆို... ဟော့ပေါ့ထဲ ထည့်စားရမယ့် ပါဝင်ပစ္စည်းတွေကကော" ယွမ်ကျိုးက စပ်စုလိုက်သည်။ သူ့ဆိုင်တွင်ပါဝင်ပစ္စည်းတချို့ ရှိသော်လည်း ဟော့ပေါ့အတွက်တော့ လုံလောက်မည် မဟုတ်ပေ။
"လောလောဆယ်တော့ ပါဝင်ပစ္စည်းတွေ မရှိသေးပါဘူး" စနစ်က ပြန်ဖြေလိုက်၏။
"ဒါဆို ငါတို့ဆိုင်ထဲမှာရှိတဲ့ တခြားပါဝင်ပစ္စည်းတွေကိုပဲ ယူသုံးရမှာပေါ့" ယွမ်ကျိုးက ပုခုံးတွန့်ကာ ဆိုသည်။
သို့သော် စနစ်၏ အဖြေက သူ့ကို ဆွံ့အသွားစေသည်။ "ဆိုင်ထဲက ပါဝင်ပစ္စည်းတွေက ဟော့ပေါ့အတွက် မသင့်တော်ပါဘူး"
"မင်း ဘာကိုဆိုလိုတာလဲ" ယွမ်ကျိုးက သတိထားပြီး မေးလိုက်သည်။
"ဆိုင်ရှင်ရေ... ဟော့ပေါ့အတွက် ပါဝင်ပစ္စည်းတွေ ပေးမယ်လို့ ဘယ်သူက ပြောလို့လဲ"
"မင်းပြောတာ မှန်လွန်းလို့ ငါ ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး" ယွမ်ကျိုး ခဏမျှ ဆွံ့အသွားရသည်။
သို့သော် အသားဖတ်၊ အသီးအရွက်စသည့်
ပါဝင်ပစ္စည်းများ မပါလျှင် ၎င်းကို ဟော့ပေါ့ဟု ခေါ်၍ရမည်မဟုတ်ပေ။
ကျွမ်းကျင်စားဖိုမှူးစနစ်
အပိုင်း (၄၅၁)
ပြီးပါပြီ။
***