"ကျိုကျာ ထမင်းဖြူ တစ်ပန်းကန် ပေးပါဦး" ဝူဟိုင်း သဘောတူလိုက်သည်နှင့် ဘေးနားက ဖောက်သည်က အခွင့်အရေးကို လက်လွတ်မခံဘဲ ချက်ချင်းမှာယူလိုက်တော့သည်။
"ဟုတ်ကဲ့... စုစုပေါင်း ၉၈ ယွမ် ကျသင့်ပါမယ်ရှင်" ကျိုကျာက ပြုံးရွှင်စွာ အတည်ပြုပေးသည်။
"ဘဏ်ကနေ ငွေလွှဲလိုက်ပါပြီ" ထိုဖောက်သည်က ဖုန်းလေးကို မြှောက်ပြရင်း ကျေနပ်အားရစွာ ဆိုသည်။ ငွေပေးချေမှု အောင်မြင်သွားပြီးနောက် ကျိုကျာက ထွက်သွားခဲ့သည်။
ဝူဟိုင်းကတော့ သူပိုင်ဆိုင်သည့် ဟင်းရည်တစ်ဇွန်းနှင့် ထိုဖောက်သည်ထံမှ ထမင်းဖိုးကို တွက်ချက်ကာ အပေးအယူ မျှတသွားပြီဟု ယူဆပုံရသည်။
"ကဲ... ထမင်းလည်း မှာပြီးပြီဆိုတော့ ဟင်းရည်တစ်ဇွန်းလောက် ခပ်လို့ရမလား" ဖောက်သည်က ဝူဟိုင်းကို လှမ်းမေးလိုက်သည်။
"ရတာပေါ့... ဒါပေမဲ့ ကိုယ့်ဇွန်းနဲ့ကိုယ် ခပ်ရမယ်နော်" ဝူဟိုင်က တည်ငြိမ်စွာ ပြောလိုက်သော်လည်း၊ တကယ်တော့ သူသည် ထိုဖောက်သည်၏ ဇွန်းအရွယ်အစားကို သူ၏ဇွန်းနှင့် တိတ်တဆိတ် နှိုင်းယှဉ်ကြည့်ပြီးဖြစ်သည်။ သူ၏ဇွန်းက ပိုကြီးမှန်း သိထားသဖြင့် သူက အသာစီးရနေသည် မဟုတ်ပါလား။
"ခင်ဗျားဇွန်းက ပိုကြီးတာပဲ... ခင်ဗျားဇွန်းနဲ့ ခပ်ပေးတာက ပိုမျှတမယ် ထင်တယ်" ဖောက်သည်ကလည်း လိမ္မာပါးနပ်စွာဖြင့် တုံ့ပြန်လိုက်သည်။
"တကယ်လား..." ဝူဟိုင်းသည် ထိုသို့ပြောရင်း သူ၏ဇွန်းကို ပါးစပ်ထဲသို့ အလျင်အမြန် ထိုးထည့်လိုက်သည်။
"ခုနက ဘာပြောလိုက်တာလဲ... ငါ သေချာမကြားလိုက်လို့။ မင်းသိတဲ့အတိုင်းပဲ ငါက အသက်နည်းနည်းရလာတော့ နားက သိပ်မကြည်တော့ဘူးလေ"
ဝူဟိုင်းက သူ့နှုတ်ခမ်းမွှေးလေးကို ပွတ်သပ်ရင်း အပြစ်ကင်းစင်ဟန် ဆောင်လိုက်သည်။
ဖောက်သည်မှာ ဝူဟိုင်း၏ လူလည်ကျပုံကို ကြည့်ကာ ခဏမျှ ဆွံ့အသွားရ၏။
"ဘာမှမဟုတ်တော့ပါဘူးဗျာ" ဖောက်သည်က ညည်းတွားလိုက်ရတော့သည်။
"အော်... ဟုတ်သားပဲ။ ကျတော့်ဇွန်းပေါ်မှာ ဆီစက်လေးတွေ တွေ့လို့ ကျွန်တော် လျက်လိုက်မိတယ်။ စိတ်မရှိနဲ့နော်" ဝူဟိုင်းက လူလည်ကျစွာ ထပ်မံစနောက်လိုက်ပြန်သည်။
"ဟွန်း... သူဌေးယွမ်ရဲ့ ဇွန်းပေါ်မှာ ဆီစက်ရှိတယ်ဆိုတာ ဘယ်တုန်းက မြင်ဖူးလို့လဲ" ဖောက်သည်က မျက်လုံးလှန်ပြရင်းအံကြိတ်ကာ ပြောလိုက်ရသည်။
"တော်ပြီ.. ဟင်းရည် မြန်မြန်ခပ်ပေးတော့။ အေးသွားရင် အရသာပျက်ကုန်လိမ့်မယ်"
"ရပါတယ်... သတိပေးတဲ့အတွက် ကျေးဇူးပါ" ဝူဟိုင်းက ဖော်ရွေလှသော အပြုံးဖြင့် တုံ့ပြန်လိုက်သည်။
ထိုဖောက်သည်သည် ဝူဟိုင်းထံမှ ဟင်းရည်တစ်ဇွန်းကို အစအဆုံး သန့်သန့်ရှင်းရှင်း ခပ်လိုက်ပြီး သူ၏ 'ကြက်ဥကြော်ထမင်း' ပေါ်သို့ သေချာစွာ ဆမ်းလိုက်သည်။ သူသည် ဝူဟိုင်း၏ နည်းလမ်းကို အတုယူကာ ဟင်းရည်နှင့် ထမင်းကို ဖြည်းဖြည်းချင်း နယ်ဖတ်လိုက်သည်။
"ကဲ... စားကြည့်လို့ရပြီ" သူ့လုပ်ဖော်ကိုင်ဖက်က ဘေးမှနေ၍ ရယ်မောရင်း အားပေးလိုက်သည်။
"မြန်မြန်စားဗျာ... ဒီလူက တကယ်ကို ကပ်စေးနဲတဲ့လူ"
ဝူဟိုင်းကတော့ သူတစ်ပါး ကဲ့ရဲ့သည်ကို ဂရုမစိုက်ဘဲ သူ၏ ဟင်းရည်ဆမ်းထမင်းကိုသာ အရသာခံစားနေတော့သည်။
ဖောက်သည်သည် ဟင်းရည်နံ့ သင်းနေသော ကြက်ဥကြော်ထမင်းကို တစ်ငုံချင်း ခပ်ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။ ယွမ်ကျိုး၏ ကြက်ဥကြော်ထမင်းမှာ 'Cooking Master Boy' ကာတွန်းထဲက ရွှေရောင်ကြော်ထမင်းကဲ့သို့ပင် တောက်ပြောင်နေပြီး၊ ယခုအခါ စပ်ရှိန်သော ဟော့ပေါ့ဟင်းရည်နှင့် ပေါင်းစပ်လိုက်သောအခါ မည်သို့သော ထူးခြားသည့် အရသာမျိုး ထွက်ပေါ်လာမည်မသိပေ။
စည်းကမ်းကြီးပြီး မျက်နှာကလည်း အေးစက်စက်နိုင်လှသော ယွမ်ကျိုး၏စားသောက်ဆိုင်သည် အပြင်လောက၌ တည်ရှိသော အိပ်မက်ကမ္ဘာတစ်ခုလိုပင်။ ရွှေဝါရောင် တောက်ပြောင်နေသော ကြက်ဥကြော်ထမင်းပေါ်ကို ပူပူစပ်စပ်ဟော့ပေါ့၏နီရဲတောက်ပြောင်နေသော ဟင်းရည်များ လောင်းချလိုက်သည့်မြင်ကွင်းမှာ အန်နီမေးရှင်းကားတစ်ကားကြည့်နေရသကဲ့သို့ပင် အလွန်လှပလွန်းလှသည်။
တောက်ပသော အရောင်နှစ်မျိုး ထိပ်တိုက်တွေ့ဆုံမှုသည် တစ်ခုကိုတစ်ခု ဖျက်ဆီးပစ်ခြင်းမျိုးမဟုတ်ဘဲ အချင်းချင်း ပိုမိုတောက်ပလာစေရန် ပံ့ပိုးပေးနေသကဲ့သို့ပင်။
"ဒီအရောင်တွေက တကယ်ကို မျက်စိပသာဒ ဖြစ်စေတာပဲ..." ဖောက်သည်က စိတ်လှုပ်ရှားစွာ ရေရွတ်ရင်း ထမင်းကို တစ်ငုံ မျိုချလိုက်သည်။
ကြက်ဥကြော်ထမင်း၏အရသာမှာ ပြောစရာမလိုပေ။ နူးညံ့သော ကြက်ဥအဖတ်လေးများ ထုပ်ပိုးထား သောအနေတော် ဆန်စေ့ငယ်လေးများက ပါးစပ်ထဲရောက်သည်နှင့် အရသာခံအဖုလေးများကို နှိုးဆွပေးလိုက်တော့သည်။ ယခုအခါထို အရသာအပြင် 'အစပ်' ဟူသည့် ထူးခြားသော အာရုံတစ်ခုကပါ ထပ်တိုးလာလေပြီ။
ကြက်ဥဟာ မည်သည့်ပါဝင်ပစ္စည်းနှင့်မဆို လိုက်ဖက်ညီစွာ ပေါင်းစပ်နိုင်သော အစွမ်းရှိ၏။ ယခုလည်း ပြင်းရှရှ အစပ်ဟင်းရည်နှင့် တွေ့ဆုံသောအခါ ကြက်ဥ၏ပင်ကိုယ်ဂုဏ်သတ္တိကြောင့် အစပ်အရသာကို ပိုမိုပေါ်လွင်လာစေရန် မြှင့်တင်ပေးလိုက်သကဲ့သို့ပင်။
"ဟူး... ရှူး... စပ်လိုက်တာ" ဝူဟိုင်းကဲ့သိုပင် ထိုဖောက်သည်သည်လည်း ပါးစပ်ထဲသို့ ထမင်းဝင်သွားသည်နှင့် အစပ်ကြောင့် ထအော်မိတော့သည်။
သို့သော် ခဏအကြာတွင် သူသည် ပါးစပ်ကို အတင်းပိတ်ပြီး အားရပါးရ စားတော့၏။ အရသာမှာ အံ့သြစရာကောင်းလောက်အောင်ပင် ထူးကဲလှ၏။ မူလက ကြက်ဥနံ့သင်းပြီး ချိုမြိန်နေသော ကြက်ဥကြော်ထမင်းသည် အစပ်ဟင်းရည်နှင့် ပေါင်းစပ်လိုက်သောအခါ လျှာဖျားပေါ်တွင် တဖျပ်ဖျပ်ပေါက်နေသော မီးရှူးမီးပန်းများကဲ့သို့ အရသာအမျိုးမျိုးကို ပေးစွမ်းလေ၏။အစပ်အရသာက အရင်ဆုံးထွက်ပေါ်လာပြီး နောက်ဆုံးတွင် ထုံစေအရသာလေးက လျှာကို ညင်သာစွာ လှုံ့ဆော်သွားသည်။
"အရသာက... အရမ်းကို ကောင်းလွန်းတယ်" သူသည်'ဟစ်' ခနဲ 'ဟစ်' ခနဲ အသံတွေပြုရင်း အငမ်းမရ စားနေမိ၏။
ဟင်းရည်ဆမ်းထားသော ကြက်ဥကြော်ထမင်းသည် နှစ်လုတ်၊ သုံးလုတ်အတွင်းမှာပဲ ဗိုက်ထဲကို ပျောက်ကွယ်သွားတော့သည်။ စားပြီးနောက် ဖောက်သည်သည် ထိုင်ခုံပေါ်မှာ ခဏတာ ငြိမ်သက်သွားပြီးနောက် ဘေးက လုပ်ဖော်ကိုင်ဖက်ကို ရုတ်တရက် လှည့်မေးလိုက်သည်။
"ဟေ့ကောင်... ငါတို့ အတူတူ အလုပ်လုပ်လာတာ ဘယ်နှစ်နှစ်ရှိပြီလဲ"
"သုံးနှစ်လေ... ဘာလို့လဲ" သူ့လုပ်ဖော်ကိုင်ဖက်က သတိထားပြီး ပြန်ကြည့်သည်။
"ဒီကောင် ငါ့ဆီက ပိုက်ဆံချေးချင်လို့များလား" ဘေးနားက လုက်ဖော်ကိုင်ဖက်က စိတ်ထဲမှနေ၍ ထင့်နေမိပါတယ်။
"ဒါဆိုရင်... မင်း ငါ့အတွက် ရိုးရိုးထမင်းဖြူ နောက်တစ်ပွဲ မှာပေးစမ်းပါ။ ငါ အဲဒီအစပ်ဟင်းရည်ကို ထပ်စားချင်လွန်းလို့" ဖောက်သည်က အတည်ပေါက် ပြောလိုက်သည်။
"မင်းကလည်း... ငါ့မှာတော့ တကယ့်အရေးကြီးကိစ္စမှတ်လို့ လန့်သွားတာပဲ။ အေးပါ... မှာပေးပါ့မယ်" သူ့လုပ်ဖော်ကိုင်ဖက်က ရယ်မောရင်း သာသာယာယာပင်ပြန်ပြောလိုက်၏။
"မင်း သဘောတူတယ်ဆိုရင်တော့ ကောင်းတာပေါ့" ဖောက်သည်က ဝူဟိုင်းကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
"နောက်ထပ် ထမင်းတစ်ပန်းကန် ထပ်မှာဦးမလား။ ဒီဟင်းရည်က ထမင်းတစ်ပန်းကန်လုံး စိမ်စားဖို့တော့ လောက် လောက်ပါတယ်"
ဖောက်သည်က ဝူဟိုင်းကို အလွန်ရင်းနှီးသော လေသံဖြင့် မေးလိုက်ပြန်သည်။ သူက ဝူဟိုင်းထံက ဟင်းရည်တစ်ဇွန်း ထပ်မံရရှိရန်အတွက် တမင်မြှူဆွယ်နေခြင်း ဖြစ်သည်။
"ဟုတ်တယ်လေ... အတော်လေး ပိုနေသေးတာပဲ" ဝူဟိုင်းက သူ၏ ဟင်းရည်အိုးလေးကို ကြည့်ကာ ကျေနပ်စွာ အတည်ပြုလိုက်သည်။
"ဒါဆို ကျွန်တော့်သူငယ်ချင်းက ထမင်းတစ်ပန်းကန် ထပ်မှာပေးလိမ့်မယ်။ အရင်အတိုင်းပဲ လဲစားရအောင်" ဖောက်သည်က အခွင့်အရေးရပြီအမှတ်ဖြင့် စိတ်အားထက်သန်စွာ ပြောလိုက်သည်။ သူက ကြင်နာတတ်သော သူငယ်ချင်းတစ်ယောက်အလား ဟန်ဆောင်နေခြင်းပင်။
သို့သော် ဝူဟိုင်းကလည်း အကွက်မြင်သူပီပီ သူ့အားငြင်းလိုက်သည်။ထို့နောက် သူလည်း ထမင်းကြော်တစ်ပွဲချက်ချင်းမှာယူလိုက်သည်။
"မလိုတော့ပါဘူးဗျာ... ခင်ဗျား စားပြသွားတဲ့ပုံအရ ကြက်ဥကြော်ထမင်းက ဒီဟင်းရည်နဲ့ ပိုလိုက်ဖက်တယ်ဆိုတာ ငါ သိသွားပြီ။ ကျိုကျာ... ငါ့ကို ကြက်ဥကြော်ထမင်းတစ်ပန်းကန် ချပေးပါဦး"
"ဟာ... ခင်ဗျားကတော့ တကယ်ပါပဲ။ ဒီလို မဟုတ်တဲ့ နည်းလမ်းနဲ့ အမြတ်ထုတ်နေတာ်။ ကောင်းကြသေးရဲ့လား" ဖောက်သည်က ဝူဟိုင်း၏ လည်လွန်းပုံကို ကြည့်ကာ လက်လျှော့လိုက်ရတော့သည်။
"ခင်ဗျားရဲ့ စေတနာအတွက်တော့ ကျေးဇူးတင်ပါတယ်" ဝူဟိုင်းက အောင်နိုင်သူတစ်ယောက်ကဲ့သို့ ပြုံးရွှင်စွာ တုံ့ပြန်လိုက်သည်။
စားသောက်ဆိုင်ထဲတွင် ဖောက်သည်များ၏ ဆူညံသံများ၊ ရယ်မောသံများနှင့်အတူ အရသာရှိသော ဟင်းလျာများကို ပျော်ရွှင်စွာ စားသုံးနေကြသည်။ ညစာစားချိန် ကုန်ဆုံးသွားပြီးနောက် ဖောက်သည်များ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြရာ ဆိုင်လေးမှာ တိတ်ဆိတ်သွားတော့သည်။
"ဒီညတော့ မိုးရွာနေလို့ ဘာဘီကျူးလည်း မရှိဘူး၊ အရက်လည်း မရှိဘူး" ယွမ်ကျိုးက တံခါးဝတွင် ရပ်ရင်း အပြင်ဘက်တွင် ဝပ်နေသော ခွေးလေး 'ဘော့က်' ကို ကြည့်ကာ ပြောလိုက်သည်။
မိုးစက်လေးများ တဖွဲဖွဲကျနေသော ဝရန်တာအောက်တွင် ဘော့က် သည် ဘာမှပြန်မပြောဘဲ ဝမ်းလျားမောက်ကာ ငြိမ်နေဆဲပင်။
"ငါ အခု ဟော့ပေါ့ချက်စားမလို့... မင်း ငါနဲ့အတူ စားမလား" ယွမ်ကျိုးက ခွေးလေးကို ငုံ့ကြည့်ကာ မေးလိုက်သည်။
*ရှီလီ... ရှီလီ...* မိုးစက်သံမှလွဲ၍ ဘာတုံ့ပြန်မှုမှ မရှိပေ။
"မင်းကတော့လေ... ငါပဲ အစာကျွေး၊ငါပဲ ရေတိုက်ထားတာတောင် ငါ့အပေါ် ဘယ်တော့မှ အလိုက်တသိ မရှိဘူး။ အသုံးမကျတဲ့ ခွေးစုတ်" ယွမ်ကျိုးက လရောင်မှိန်မှိန်အောက်တွင် ဘော့က်ကို အသာအယာ လှောင်ပြောင်လိုက်မိသည်။
"နေဦး... ခွေးတွေက အစပ်စားလို့ မရဘူးလို့ ကြားဖူးတယ်။ တကယ်လားတော့ မသိဘူး။ ဘာပဲဖြစ်ဖြစ် မစားတာ အကောင်းဆုံးပါပဲလေ" ယွမ်ကျိုးက သတိရသွားပြီး ခွေးလေးကို ကျွေးမည့်အတွေးကို လက်လျှော့လိုက်သည်။
*ဟွာလာ...* ယွမ်ကျိုးသည် ဆိုင်တံခါးကို ဆွဲပိတ်လိုက်ပြီး မီးဖိုချောင်သို့ ပြန်ဝင်သွားခဲ့သည်။ သူသည် မိမိအတွက် ပူပူနွေးနွေး ဟော့ပေါ့တစ်အိုးကို စတင်ချက်ပြုတ်တော့သည်။ တိတ်ဆိတ်ငြိမ်သက်နေသော စားသောက်ဆိုင်လေးထဲတွင် ယွမ်ကျိုးတစ်ယောက်တည်းသာ သီးသန့်ဖြစ်နေသော်လည်း၊ ပွက်ပွက်ဆူနေသော
ဟော့ပေါ့အိုးလေးက သူ့ကို နွေးထွေးမှုများ ပေးနေတော့သည်။
ကျွမ်းကျင်စားဖိုမှူးစနစ်
အပိုင်း (၄၅၅)
ပြီးပါပြီ။
***