လင်းဟုန်သည် ယွမ်ကျိုးကို သူ၏အစီအစဉ်ထဲ ဆွဲသွင်းနိုင်ခဲ့ပြီဖြစ်၍ နေ့လယ်စာစားချိန်တစ်လျှောက်လုံး အလွန်ပျော်ရွှင်နေခဲ့သည်။ ဝူဟိုင်း၏ ရန်စမှုများကိုပင် မကြားချင်ယောင်ဆောင်ကာ ဖုန်းထဲမှ စီးပွားရေးကိစ္စများကို ပြုံးပြုံးရွှင်ရွှင် ကိုင်တွယ်နေတော့သည်။
နေ့လယ်စာစားချိန် ပြီးဆုံးသွားသောအခါ ဖောက်သည်များ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသော်လည်း လင်းဟုန်ကတော့ ယွမ်ကျိုး အလုပ်သိမ်းသည်အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့သည်။
"ကြည့်ရတာတော့ တစ်ခုခုအကြံစည်ရှိနေတာပဲ"
ဝူဟိုင်းက လင်းဟုန်ကို ကြည့်ပြီး လျှာတစ်ချက်သပ်ကာ မှတ်ချက်ပေးလိုက်သည်။
"ဟားဟား..." လင်းဟုန်က နှာခေါင်းတစ်ချက်ရှုံ့ရုံသာ တုံ့ပြန်ပြီး ဘာမှပြန်မပြောပေ။
"နေ့လယ်စာစားချိန် ပြီးဆုံးပါပြီ။ ညနေခင်းကျမှ ပြန်လာဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်"
ယွမ်ကျိုး၏ အသက်မပါသောစကားသံအဆုံးတွင် ဖောက်သည်များ အကုန်ထွက်သွားကြသည်။ ပုံမှန်ဆိုလျှင် တိတ်ဆိတ်စွာ ထွက်သွားလေ့ရှိသော မာစတာချန်မှာ ယနေ့တွင် ထူးထူးခြားခြား ကျန်ရစ်နေခဲ့သည်။
"ကဲ... သွားကြစို့ သူဌေးယွမ်" လင်းဟုန်က စိတ်မရှည်စွာဖြင့် အတင်းနှိုးဆော်တော့သည်။
"ခဏစောင့်ပါ... ကျွန်တော် ကိုယ်လက်သန့်စင်ပြီး အဝတ်အစားလဲရဦးမယ်" ယွမ်ကျိုးက သူ၏အဝတ်အစားများကို ညွှန်ပြရင်း ပြောလိုက်သည်။
ယွမ်ကျိုးသည် နာမည်ကျော် စားဖိုမှူးတစ်ဦး ဖြစ်လာကတည်းက သူ၏ ရုပ်ရည်နှင့် သန့်ရှင်းမှုကို ပိုမိုဂရုစိုက်လာခဲ့သည်။ အမှန်တကယ်တော့ ယွမ်ကျိုးတွင် တစ်နေ့တာအတွက် အဝတ်အစား သုံးစုံရှိသော်လည်း အရောင်ချင်း တူနေသဖြင့် မည်သူမျှ သတိမထားမိကြခြင်းပင်။ မီးဖိုချောင်တွင် အစားအသောက်များကို ချက်ပြုတ်ပြီးတိုင်း အစားအစာအပေါ် လေးစားသောအားဖြင့် အဝတ်အစားသစ် လဲလှယ်တတ်သည့် သူ၏အကျင့်မှာ အလွန်ပင် စေ့စပ်လွန်းလှသည်။
"အေးပါဗျာ... မြန်မြန်သာလုပ်ပါ" လင်းဟုန်က လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။
ထိုစဉ် မာစတာချန်က ကြားထဲမှ ဝင်ပြောလိုက်သည်။
"မစ္စတာယွမ်... ကျွန်တော်လည်း ဟင်းသီးဟင်းရွက် ရွေးချယ်ပုံကို လေ့လာဖို့ လိုက်ခဲ့လို့ ရမလား"
မာစတာချန်၏ ဝဖြိုးသောမျက်နှာတွင် အပြုံးကြီးတစ်ခု ပေါ်လာသည်။
သူ၏ ရည်ရွယ်ချက်မှာ ယွမ်ကျိုး မုန်လာဥများကို မည်သို့ စံနှုန်းဖြင့် ရွေးချယ်သည်ကို အနီးကပ် လေ့လာချင်နေခြင်းပင်။
"ဒီခရီးစဉ်ကို လင်းဟုန်က ခေါ်သွားတာဆိုတော့ သူ့ဆီကပဲ ခွင့်ပြုချက်တောင်းပါ"
ယွမ်ကျိုးက စကားလမ်းကြောင်းလွှဲပေးလိုက်ရာ၊ လင်းဟုန်ကလည်း ပုခုံးတွန့်ကာ သဘောတူလိုက်သည်။
"ရပါတယ်... ဒါပေမဲ့ ခင်ဗျားဘာသာ ကားမောင်းလိုက်ခဲ့ရမယ်နော်"
"ကျေးဇူးတင်ပါတယ် မစ္စတာယွမ်... စိတ်မပူပါနဲ့ မစ္စတာလင်း၊ ကျွန်တော် ကိုယ်ပိုင်ကားနဲ့ပဲ နောက်က လိုက်ခဲ့ပါ့မယ်" မာစတာချန်က ယွမ်ကျိုးကို ဦးစွာဦးညွှတ်ကာ ကျေးဇူးတင်လိုက်သည်။
"ဟောဗျာ... ခွင့်ပြုတာက ငါပါကွ။ အရင်ဆုံး ကျေးဇူးတင်ခံရတာကတော့ ဒီသံလိုက်အိမ်မြှောင် (ယွမ်ကျိုး) ဖြစ်နေရော"
လင်းဟုန်က မကျေမနပ် ညည်းတွားလိုက်သော်လည်း ယွမ်ကျိုးကတော့ မကြားချင်ယောင်ဆောင်ကာ အပေါ်ထပ်သို့ တက်သွားတော့သည်။
မိနစ် ၁၀ ခန့်အကြာတွင် ယွမ်ကျိုး ပြန်ဆင်းလာခဲ့သည်။ ယခုတစ်ခါတွင် သူသည် အနက်ရောင် သိုးမွှေးအင်္ကျီ၊ အညိုရောင် အပေါ်အင်္ကျီနှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားရာ၊ ကြည့်ရသည်မှာ လန်းဆန်းပြီး သဘာဝကျလှသည်။
"သွားကြစို့... သံလိုက်အိမ်မြှောင်ရေ" လင်းဟုန်က ခေါ်လိုက်သည်။
"စောင့်နေပေးလို့ ကျေးဇူးတင်ပါတယ်" ယွမ်ကျိုးက ခေါင်းညိတ်ပြရင်း ဆိုင်တံခါးကို သေချာစွာ သော့ခတ်ကာ လင်းဟုန်နှင့်အတူ ထွက်ခွာလာခဲ့ပါတော့သည်။
"ဖတ်... ဖတ်... ဖတ်..."
လူသုံးယောက်၏ ခြေသံများမှာ စည်းချက်ညီညီ ထွက်ပေါ်လာပြီးနောက် ကားရပ်နားရာနေရာသို့ ရောက်ရှိလာကြသည်။ ယွမ်ကျိုး၏ စားသောက်ဆိုင်အနီးတွင် ကားပါကင်မရှိသဖြင့် ဖောက်သည်အများစုမှာ ၎င်းတို့၏ကားများကို ဤနေရာတွင်သာ စုရပ်ထားလေ့ရှိကြသည်။
လင်းဟုန်၏ကားမှာ တောက်ပသော အဝါရောင် Ferrari ဇိမ်ခံကားဖြစ်ပြီး မြင်ရသူတိုင်း ငေးလောက်အောင် ဟိတ်ဟန်ကြီးမားလှသည်။ ၎င်းသည် လင်းဟုန်ကဲ့သို့ မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲသူတစ်ဦး၏ အကြိုက်နှင့် အလွန်လိုက်ဖက်လှသော ဇိမ်ခံကားမျိုးပင်။
သို့သော် ယွမ်ကျိုးကတော့ ထိုကားကို သိပ်သဘောကျပုံမရပေ။ အမှန်အတိုင်းပြောရလျှင် သူသည် ကားများအကြောင်းကိုလည်း နားမလည်သလို စိတ်လည်းမဝင်စားပါ။ သူ့အတွက် ကားဆိုသည်မှာ လမ်းလျှောက်သည်ထက် ပိုမြန်သည့် သယ်ယူပို့ဆောင်ရေး ယာဉ်တစ်စီးမျှသာ ဖြစ်သည်။
လင်းဟုန်သည် ဤရှားပါးသော အခွင့်အရေးကို အသုံးချကာ သူ၏ဇိမ်ခံကားကို ယွမ်ကျိုးအား ကြွားဝါချင်နေခြင်း ဖြစ်သည်။ သို့သော် အတန်ကြာအောင် စောင့်ဆိုင်းသော်လည်း ယွမ်ကျိုးထံမှ ချီးကျူးစကား မကြားရသဖြင့် လင်းဟုန်ကပင် မနေနိုင်ဘဲ စတင်မေးမြန်းလိုက်တော့သည်။
"ကဲ... ငါ့ကားကို ဘယ်လိုမြင်လဲ"
"မဆိုးပါဘူး... လူနှစ်ယောက်အထက် ပိုဆံ့ဖို့အတွက်ဆိုရင်တော့ နည်းနည်းကျဉ်းတာပေါ့" ယွမ်ကျိုးက ခေါင်းညိတ်ရင်း လေးလေးနက်နက် မှတ်ချက်ပေးလိုက်သည်။
"အဟမ်း... အဟမ်း... ဘာပြောလိုက်တယ်" လင်းဟုန်သည် သူ၏နားကြားများ မှားနေသလားဟုပင် ထင်မှတ်သွားရသည်။
ဘေးနားမှ မာစတာချန်မှာ ရယ်ချင်စိတ်ကို အသည်းအသန် အောင့်ထားရသဖြင့် မျက်နှာကြီး နီမြန်းနေတော့သည်။ ယွမ်ကျိုးသည် Ferrari ဇိမ်ခံကားကြီးကို ကြည့်ပြီး 'ကျဉ်းသည်' ဟု အမှန်တကယ် ပြောလိုက်ခြင်းပင်။
"နည်းနည်းလေးပဲ ကျဉ်းတာပါ" ယွမ်ကျိုးက ထပ်မံ အတည်ပြုလိုက်ပြန်သည်။
"ကမ္ဘာပေါ်မှာ လူလေးယောက်ဆံ့တဲ့ စပေါ့ကား (Sports Car) ရှိလို့လား" လင်းဟုန်က သွားများကို ကြိတ်ကာ အော်လိုက်တော့သည်။
"ဒါတော့ ငါမသိဘူး... ဒါနဲ့ သွားမယ့်နေရာက မြို့ပြင်ဆိုတော့ မြန်မြန်သွားကြရအောင်" ယွမ်ကျိုးက နာရီကို စစ်ဆေးပြီးနောက် တည်ငြိမ်စွာ ဆိုသည်။
"ကောင်းပါပြီ... မစ္စတာလင်း၊ ခင်ဗျား ရှေ့က ဦးဆောင်ပါ၊ ကျွန်တော် နောက်က လိုက်ခဲ့ပါ့မယ်" မာစတာချန်က ယွမ်ကျိုးကို နှုတ်ဆက်ပြီးနောက် သူ၏ကားဆီသို့ လျှောက်သွားသည်။
မာစတာချန်၏ ကားမှာလည်း သာမန်မဟုတ်ပေ။ ဖော်ရွေသောပုံစံရှိသည့် ဤစားဖိုမှူးကြီးသည် ယွမ် ၁ သန်းကျော် တန်ကြေးရှိသော လိမ္မော်ရောင် "Land Cruiser" SUV ကားကြီးကို မောင်းနှင်ခြင်းဖြစ်သည်။ အဆင့်မြင့် စားဖိုမှူးကြီးတစ်ယောက်မှာ အမှန်တကယ်ပင် ချမ်းသာလှပေသည်။
"ဒီကားကတော့ ပိုပြီး ကျယ်ပုံပဲ" ယွမ်ကျိုးက Land Cruiser ဘေးတွင် ရပ်ထားသည့် သေးငယ်သော Ferrari ကားလေးကို ကြည့်ကာ လင်းဟောင်ကို ပြောလိုက်သည်။
"ဟွန်း... ငါ့ကားက ယွမ် ၄ သန်းကျော်တန်တယ်။ ဂီယာ ၇ ချက်၊ မြင်းကောင်ရေ ၅၅၇ အားရှိတဲ့ V8 အင်ဂျင်ကွ" လင်းဟုန်က စိတ်တိုတိုဖြင့် သူ၏ကားအချက်အလက်များကို ရွတ်ပြနေတော့သည်။
"ဪ... အတော်လေး ဈေးကြီးတာပဲ။ သွားကြစို့လေ" ယွမ်ကျိုးက ခေါင်းညိတ်ပြပြီး ပုံမှန်အတိုင်းပင် ပြောလိုက်ပြန်သည်။
"ခင်ဗျားကတော့... ကားအကြောင်း တကယ်ကို ဘာမှမသိတာပဲ" လင်းဟုန်က စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားလိုက်သည်။
"ဟုတ်တယ်... ငါ တကယ်ကို ဘာမှမသိဘူး" ယွမ်ကျိုးက အေးဆေးစွာပင် ဝန်ခံလိုက်ရာ၊ မာစတာချန်မှာတော့ ရယ်မောခြင်းကို မနည်းထိန်းချုပ်ကာ ကားပေါ်သို့ တက်သွားပါတော့သည်။
လင်းဟုန်သည် သူ၏ တန်ဖိုးကြီးလှသော Ferrari စူပါကားလေးကို ဂုဏ်ယူစွာ ပြသချင်ခဲ့သော်လည်း ယွမ်ကျိုးက ကားအကြောင်းကို ဝေဖန်ရလောက်အောင် နားမလည်ခဲ့ပေ။ ယွမ်ကျိုး၏ အမြင်တွင် ကားဆိုသည်မှာ 'ကြီးလေ ဈေးကြီးလေ' ဟုသာ မှတ်ယူထားပုံရသည်။ သူ့အတွက်တော့ မဂ္ဂလက်ဗ် (Maglev) ရထားထက် ကြီးမားပြီး ဈေးကြီးသော ယာဉ်မရှိဟုပင် ယုံကြည်နေသယောင်ရှိသည်။
လင်းဟုန်သည် ဇိမ်ခံကား၏ အရှိန်အဝါကို ပြသလိုသဖြင့် လမ်းတစ်လျှောက် အရှိန်ပြင်းပြင်း မောင်းနှင်ခဲ့သည်။ သို့သော် လမ်းပြစနစ် (GPS) အတိုင်း မိနစ် ၄၀ ခန့် မောင်းနှင်လာပြီးနောက် ကြမ်းတမ်းသော လမ်းပိုင်းတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
*ကာ... ကာ... ကာ...*
မူလက ငြိမ်သက်နေသော ဇိမ်ခံကားလေးထံမှ ထူးဆန်းသော တုန်ခါသံများ ထွက်ပေါ်လာတော့သည်။
"သေစမ်း ဘာလို့ ဒီလမ်းက ဒီလောက်တောင် ရွှံ့တွေ ထူနေရတာလဲ" လင်းဟုန်မှာ အရှက်ကွဲသွားသလို ခံစားလိုက်ရကာ စကားမပြောနိုင်ဘဲ ဖြစ်သွားသည်။
"ဘာဖြစ်လို့လဲ" လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေသော ယွမ်ကျိုးက မေးလိုက်သည်။
"ရှေ့ကလမ်းက ရွှံ့တွေ အရမ်းများလွန်းတယ်။ ကားက ဆက်သွားလို့ မရတော့ဘူး" လင်းဟောင်က စိတ်ပျက်လက်ပျက်ဖြင့် အင်ဂျင်ပိတ်ကာ ပုခုံးတွန့်ပြလိုက်ရသည်။
ထိုစဉ် မာစတာချန်၏ SUV ကားကြီးမှာ လင်းဟုန််၏ Ferrari ဘေးတွင် ထည်ထည်ဝါဝါ ထိုးရပ်လာသည်။
"မာစတာယွမ်... ကျွန်တော်တို့ ဦးတည်ရာကို မရောက်သေးဘူးလားဗျ။ ကျွန်တော့်ကားနဲ့ပဲ ဆက်သွားကြရအောင်" မာစတာချန်က ဂရုတစိုက် ဖိတ်ခေါ်လိုက်သည်။
"ငါ့အတွက်တော့ ပြဿနာမရှိပါဘူး" ယွမ်ကျိုးက ခေါင်းညိတ်ပြသည်။
"တောက်" လင်းဟုန််ကတော့ အပြင်ဘက်က ကျောက်စရစ်လမ်းနှင့် ရွှံ့ဗွက်များကို ကြည့်ကာ သူ့ကားလေး နစ်သွားမည်ကို စိုးရိမ်သဖြင့် ဆက်မမောင်းရဲတော့ပေ။ သူသည် သက်ပြင်းချကာ ကားပေါ်မှ ဆင်းလိုက်ရတော့သည်။
"ငါလည်း မင်းတို့နဲ့ပဲ လိုက်ခဲ့တော့မယ်" လင်းဟုန်၏ အသံမှာ အတော်လေး စိတ်ဓာတ်ကျနေပုံရသည်။
"ကြွပါ မာစတာယွမ်" မာစတာချန်က ကားပေါ်မှဆင်းကာ ယွမ်ကျိုးအတွက် ရှေ့ခန်းတံခါးကို ဖွင့်ပေးလိုက်ပြီး လင်းဟုန်ကိုတော့ နောက်ခန်းထွင်ထိုင်ရန် ယဉ်ကျေးစွာ ပြောလိုက်သည်။
"မစ္စတာလင်း... လမ်းပြပေးနိုင်အောင် နောက်ခန်းမှာ ထိုင်ပေးပါဦး"
"အေးပါ... ဆက်သာမောင်း၊ ဟိုရောက်ရင် မြင်ရပါလိမ့်မယ်" လင်းဟုန်က စိတ်မရှည်စွာ ပြန်ဖြေလိုက်သည်။
ယနေ့ခရီးစဉ်မှာ လင်းဟုန် မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။ သူသည် စိတ်ထဲမှ ကြိတ်ကာ ညည်းတွားနေမိသည်။
"ငါက ကြွားချင်လို့ အေးဆေးဟန်ဆောင်နေတာကို... ဒီသံလိုက်အိမ်မြှောင် (ယွမ်ကျိုး) နဲ့ကျမှ အမြဲတမ်း အလွဲလွဲအချော်ချော် ဖြစ်နေရတယ်လို့"
သူ့ဒိုင်ယာရီထဲမှာ မှတ်စုလေးတစ်ခု ရေးထားသင့်သည် သူတွေးလိုက်မိသည်။
"မတ်လ ၂၄ ရက် -
နေသာသည်"
"မှတ်ချက် - ယွမ်ကျိုးရှိနေလျှင် ဟန်မဆောင်နှင့်၊ အပြင်မထွက်နှင့်"
ကျွမ်းကျင်စားဖိုမှူးစနစ်
အပိုင်း (၄၅၇)
ပြီးပါပြီ။
***