"ဦးလေးချန်... တော်တော့။ ဒီလောက်ဆို ရပါပြီ၊ ကျေးဇူးတင်ပါတယ်" ယွမ်ကျိုးက နောက်ထပ် မုန်လာဥတစ်လုံးကို ထပ်မံနှုတ်ရန် ပြင်နေသော ချန်ကျင်းထျန်းကို တားမြစ်လိုက်သည်။
"အေးအေး... ရပြီ။ ငါက ဒီကောင်တွေ ဘယ်လောက်တောင် ကြီးလာသလဲဆိုတာ ကြည့်ချင်လို့ပါ" ချန်ကျင်းထျန်းက သူယခုလေးတင် ကိုင်ထားသော မုန်လာဥနီကို ကြည့်ရင်း ဂုဏ်ယူစွာ ပြောသည်။
ယွမ်ကျိုးက ခေါင်းညိတ်ပြပြီး ဘာမှထပ်မပြောတော့ပေ။ ထိုစဉ် မာစတာချန်က ခြင်းတောင်းတစ်ခုကို ကိုင်ကာ ရှေ့သို့ တက်လာခဲ့သည်။
"ကျွန်တော့်ကို ပေးပါ... ကျတော်သယ်လိုက်ပါ့မယ်"
ယွမ်ကျိုးက သူနှင့်အတူ ပါလာသော သန့်ရှင်းသည့် အဝတ်စတစ်စကို ထုတ်ယူကာ မာစတာချန်ကို ကမ်းပေးလိုက်သည်။
အမှန်တော့ မာစတာချန်က လူတိုင်းအတွက် ခြင်းတောင်း တစ်ခုစီ ကြိုတင်ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။ ယွမ်ကျိုး၏ ခြင်းတောင်းကို မာစတာချန်ကပင် သဘာဝကျကျ သယ်ပေးထားသော်လည်း ယွမ်ကျိုးက သူ၏လက်သုတ်ရန် အဝတ်စကို ကိုယ်တိုင်ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ခြင်းတောင်းကို မာစတာချန်က ကိုင်ထားသဖြင့် ထိုအဝတ်စကို မာစတာချန်အား ပေးလိုက်ခြင်းပင်။
"ကျေးဇူးတင်ပါတယ် မာစတာယွမ်" မာစတာချန်က ထိုအဝတ်စကို ဝမ်းသာအားရ လက်ခံလိုက်သည်။ စားဖိုမှူးကောင်းတစ်ဦးအတွက် လက်သည် အသက်နှင့်အမျှ တန်ဖိုးရှိလှရာ၊ ယွမ်ကျိုး၏ လက်ချောင်းများမှာ သူ၏ရုပ်ရည်ထက်ပင် ပိုမိုဆွဲဆောင်မှုရှိပြီး အနုပညာဆန်လှသည်။
"သွားကြစို့" ယွမ်ကျိုးက ရှေ့ဆက်ရန် အချက်ပြသည်။
"တပည့်တစ်ယောက် ရှိနေတာကတော့ တကယ်ကို အားကိုးရတာပဲနော်" ဘေးမှကြည့်နေသော လင်းဟုန်က စနောက်လိုက်သည်။
"သူက ငါ့တပည့် မဟုတ်ဘူး" ယွမ်ကျိုးက တည်တည်ငြိမ်ငြိမ်ဖြင့်ပင် အမှန်ကို ပြင်ပေးလိုက်သည်။
"အိုး... ဟုတ်သားပဲ။ သူက မင်းရဲ့တပည့် မဟုတ်ဘူးပဲ ထားပါတော့။ ကဲ... တခြားဟင်းရွက်တွေ ဆက်သွားကြည့်ရအောင်" လင်းဟုန်က ပုခုံးတွန့်ကာ အလွယ်တကူပင် စကားလမ်းကြောင်း ပြောင်းလိုက်သည်။
မာစတာချန်ကတော့ ယွမ်ကျိုး၏ စကားကို ကြားသော်လည်း စိတ်မဆိုးသည့်အပြင် မုန်လာဥများကိုသာ ပို၍ပင် ဂရုတစိုက် ကိုင်တွယ်နေတော့သည်။ ပိုင်ရှင်ကြီး ချန်ကျင်းထျန်းကတော့ တစ်လှည့်စီ ကြည့်ရင်း ဇဝေဇဝါ ဖြစ်နေရသည်။ အသက်အရွယ်အရ ကြည့်လျှင် မာစတာချန်က ပိုကြီးသော်လည်း ယွမ်ကျိုးကို 'ဆရာ' သဖွယ် ဆက်ဆံနေသည်မှာ သူ့အတွက် ထူးဆန်းနေခြင်းပင်။
"ဒီလူငယ်လေးက တော်တော်လေး တည်ငြိမ်ပြီး ရင့်ကျက်တဲ့ပုံပဲ" ချန်ကျင်းထျန်းက ယွမ်ကျိုးကို ကြည့်ကာ ချီးကျူးလိုက်သည်။
"ဟုတ်ကဲ့... ကျွန်တော်က သဘာဝအတိုင်းကို တည်ငြိမ်တဲ့သူပါ" ယွမ်ကျိုးက ရှက်ရွံ့ခြင်းမရှိဘဲ ခပ်တည်တည်ပင် ပြန်ဖြေလိုက်သည်။
"သူဌေးယွမ်... လူဆိုတာ ရိုးသားရမယ်လေ။ ခင်ဗျား ချက်ပြုတ်တာ တော်တာ မှန်ပေမဲ့ တည်ငြိမ်တာနဲ့ ဘာဆိုင်လို့လဲ" လင်းဟုန်က လှောင်ပြောင်လိုက်သည်။
"အားလုံးက အတူတူပါပဲ" ယွမ်ကျိုးက ပြန်ပြောသည်။
လင်းဟုန်မှာ အေးစက်စက် နှာခေါင်းရှုံ့ရုံမှတစ်ပါး ဘာမှထပ်မပြောရဲပေ။ အမှန်တော့ ယနေ့ သူ ယွမ်ကျိုးကို ခေါ်လာရခြင်းမှာ အကောင်းဆုံး ဟင်းသီးဟင်းရွက်များကို ရွေးချယ်ခိုင်းရန် ဖြစ်သည်။ လင်းဟုန်သည် အစားကောင်းကြိုက်သူ ဖြစ်သော်လည်း ဂျုံပင်နှင့်ကြက်သွန်မြိတ်ကိုပင် ခွဲခြားနိုင်စွမ်း မရှိပေ။
စိုက်ခင်းထဲ လမ်းလျှောက်နေရင်း လင်းဟုန်က လယ်ကွင်းထဲက အပင်စိမ်းစိမ်းများကို လက်ညှိုးထိုးပြီး ယွမ်ကျိုးကို စပ်စုတော့သည်။
"ဒါက ဘာပင်လဲ... ဒီလို အေးတဲ့ရာသီမှာတောင် ကောင်းကောင်း ကြီးထွားနေတာပဲ"
"ဒါက 'လက်ကျူကာ ဆာတီဗာ' (Lactuca sativa) လို့ခေါ်တဲ့ ဆလတ်မျိုးကွဲပဲ။ တော်တော်လေးကို အားကောင်းတာ" ယွမ်ကျိုးက သဘာဝကျကျပင် အမည်ကို ရွတ်ပြလိုက်သည်။
"ဦးလေးချန်... ကျွန်တော့်အတွက် အဲဒီဟာလေး နည်းနည်းလောက် ခူးပေးပါဦး။ ဟော့ပေါ့အိုးထဲ ထည့်ပြုတ်ရင် အရသာရှိတယ်လို့ ကြားဖူးလို့" လင်းဟုန်က အပင်ကိုသာ မသိသော်လည်း နာမည်ကိုတော့ ကြားဖူးနားဝရှိသဖြင့် ချက်ချင်းပင် မှာယူလိုက်သည်။
"ရတာပေါ့... အခုပဲ ခူးပေးမယ်" ချန်ကျင်းထျန်းက လတ်ဆတ်သော အပင်အချို့ကို ကောက်ယူပြီး ခြင်းတောင်းထဲ ထည့်ပေးလိုက်သည်။
ခဏအကြာတွင် လင်းဟုန်က နောက်ထပ် အပင်တစ်မျိုးကို တွေ့ပြန်သည်။ "ဒါလေးကလည်း လှသားပဲ။ ဒါပေမဲ့ ခင်ဗျားဆိုင်မှာတော့ တစ်ခါမှ မမြင်ဖူးပါဘူး"
"ဒါက 'ကညွတ်ရွက်' (Asparagus lettuce)။ ငါ့ဆိုင်မှာတော့ ဒါကို မသုံးဘူး" ယွမ်ကျိုးက အတည်ပြုပေးသည်။
"ဒါကို 'ကော့စ်ဆလတ်' (Cos Lettuce) လို့ ခေါ်တာလား" လင်းဟောင်က ရုတ်တရက် သတိရသွားဟန်ဖြင့် မေး၏။
"ဟုတ်တယ်... မင်းတို့လို မြို့သားတွေကတော့ အဲဒီလို ခေါ်ကြတာပေါ့" ချန်ကျင်းထျန်းက ဝင်ဖြေပေးသည်။
ထိုအခါမှ ယွမ်ကျိုးသည် လင်းဟုန်၏ ရည်ရွယ်ချက်ကို ရိပ်မိသွားတော့သည်။ လင်းဟုန်က ဟင်းသီးဟင်းရွက်များအကြောင်း တစ်ခုပြီးတစ်ခု မေးပြီး၊ ယွမ်ကျိုးက 'ဟော့ပေါ့နှင့် လိုက်ဖက်သည်' ဟု ပြောသည်နှင့် ချက်ချင်းပင် ဦးလေးချန်ကို ခူးခိုင်းနေခြင်းပင်။ ယွမ်ကျိုးကလည်း လင်းဟုန် မေးသမျှကို စိတ်ရှည်လက်ရှည် ဖြေကြားပေးရာ မကြာခင်မှာပင် ခြင်းတောင်းမှာ ပြည့်လျှံသွားတော့သည်။
လင်းဟုန်မှာ အကြံအောင်မြင်သဖြင့် ကျေနပ်နေစဉ် ယွမ်ကျိုးက အေးအေးဆေးဆေးပင် သတိပေးလိုက်သည်။
"ဟင်းသီးဟင်းရွက်တွေကို ငါ့ဆိုင်က ပူပူစပ်စပ်ဟော့ပေါ့ဟင်းရည်ထဲ ထည့်ပြုတ်လိုက်ရင် သူတို့က အစပ်တွေကို အကုန်စုပ်ယူသွားလိမ့်မယ်နော်"
ယွမ်ကျိုးသည် လင်းဟုန် အစပ် သိပ်မစားနိုင်မှန်း သိလျက်နှင့် တမင်စနောက်လိုက်ခြင်းဖြစ်သည်။
"အာ... ဟုတ်သားပဲ။ ကောင်လေး... မင်းက အစပ်မစားနိုင်ရင် ဟော့ပေါ့အချို ထဲမှာပဲ ပြုတ်စားလိုက်ရုံပေါ့" မာစတာချန်က ကြင်နာစွာ အကြံပြုသည်။
"အဲဒီဆိုင်မှာ ဟော့ပေါ့အချိုမှ မရှိတာ... ဘယ်လိုလုပ်မလဲ" လင်းဟုန်မှာ ခဏမျှ မှင်သက်သွားပြီး ရေရွတ်လိုက်သည်။
"ဟုတ်တယ်... ငါ့ဆိုင်မှာ အခုထိ ဟော့ပေါ့အချို မရသေးဘူး" ယွမ်ကျိုးက ခေါင်းညိတ်ပြီး အတည်ပြုပေးလိုက်ရာ လင်းဟုန်မှာ မျက်နှာပျက်သွားတော့သည်။
စိုက်ခင်းပိုင်ရှင် ချန်ကျင်းထျန်းကတော့ အခြေအနေကို မသိဘဲ အားပေးပြန်သည်။
"အစပ်စားနိုင်တာ၊ မစားနိုင်တာ အရေးမကြီးပါဘူးကွာ။ ဒီဘရိုကိုလီတွေဆိုရင် အစပ်နဲ့ချက်မှ ပိုအရသာရှိတာ"
"ရပါတယ်... တကယ်လို့ အစပ်လွန်သွားရင်လည်း အစိမ်းစားလို့ ရတာပဲကို"
လင်းဟုန်မှာ ရှုံးနိမ့်မှုကို ဝန်မခံလိုသဖြင့် မာနဖြင့် ပြောလိုက်ရာ၊ ချန်ကျင်းထျန်းကလည်း ထောက်ခံလိုက်ပါတော့သည်။
"မှန်တယ်... ဒါတွေက သဘာဝအတိုင်း စိုက်ထားတာဆိုတော့ အစိမ်းစားလည်း ဘာမှမဖြစ်ဘူး"
"ကောင်းပြီလေ... မင်းသဘောပဲ" ယွမ်ကျိုးက ထုံးစံအတိုင်း မျက်နှာသေဖြင့် ခေါင်းညိတ်လိုက်သည်။
အမှန်တော့ စိုက်ခင်းက ဟင်းသီးဟင်းရွက်တွေက အရည်အသွေး ကောင်းမွန်လှသဖြင့် လင်းဟုန်အနေဖြင့် အပိုဝယ်ယူသွားခြင်းမှာ ကောင်းသောကိစ္စဖြစ်သည် သူတွေးမိသည်။ ဟင်းရွက်ခူးခြင်း၊ ရွေးချယ်ခြင်းနှင့် အသားများကို စီမံခြင်းအပါအဝင် နှစ်နာရီခန့် ကြာမြင့်ခဲ့သော ခရီးစဉ်မှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
"မာစတာယွမ်... ကျွန်တော်တို့ ဆိုင်ကိုပဲ ပြန်ကြမှာလား" မာစတာချန်က သူ၏ SUV ကားပေါ်ရောက်သည်နှင့် ယွမ်ကျိုးကို မေးမြန်းလိုက်သည်။ သူက ဘေးနားက လင်းဟုန်ကိုတော့ လုံးဝထည့်မတွက်ထားပေ။
"ဟုတ်တယ်... ဆိုင်ကိုပဲ ပြန်ရအောင်"
"သူဌေးယွမ်... ဒီနေ့အတွက် ပူပူစပ်စပ်ဟော့ပေါ့ တစ်ပွဲလောက် ကျွန်တော့်အတွက် ကြိုဖယ်ထားပေးလို့ မရဘူးလား" လင်းဟုန်က ကားနောက်ခန်းထဲက လတ်ဆတ်တဲ့ ဟင်းရွက်ထုပ်တွေကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ တောင်းဆိုလိုက်သည်။
"ဆိုင်ရဲ့ စည်းကမ်းအတိုင်းပဲ လုပ်ပါ" ယွမ်ကျိုးက ပြတ်သားစွာ တုံ့ပြန်သည်။
"တစ်ခါလောက်ပဲ ခြွင်းချက်အနေနဲ့လေဗျာ... နော်" လင်းဟုန်က အော်ဟစ်ကာ အသနားခံသော်လည်း ယွမ်ကျိုးကတော့မဖြစ်နိုင်ကြောင့် အတည်ပြုလိုက်သည်။
"ဘယ်တော့မှ မဖြစ်နိုင်ဘူး"
ခဏအကြာတွင် ယွမ်ကျိုးက တစ်ခုခုကို သတိရသွားဟန်ဖြင့်သတိပေးလိုက်သည်။
"ဒါနဲ့... အပြင်က ပါဝင်ပစ္စည်းတွေကို ဆိုင်ထဲယူလာပြီး စားချင်တယ်ဆိုရင်တော့ သေချာဆေးပြီး သန့်သန့်ရှင်းရှင်း ထုပ်ပိုးလာခဲ့ဖို့ လိုမယ်နော်"
"သိပါပြီဗျာ... ခင်ဗျားကတော့ တကယ့်ကို ခေါင်းမာတဲ့လူပဲ" လင်းဟုန်မှာ စိတ်ပျက်လက်ပျက် ရေရွတ်လိုက်တော့သည်။
တစ်ချိန်တည်းမှာပင်... မြို့ထဲရှိ အခြားတစ်နေရာ၌ အခြေအနေတစ်ခုမှာ အနည်းငယ် ရှုပ်ထွေးနေပုံရသည်။
"ဆရာ... ခဏနေရင် ညစာ အတူတူစားကြမလား"
Yves Saint Laurent မီးခိုးရောင် ဝတ်စုံကို စမတ်ကျကျ ဝတ်ဆင်ထားပြီး နောက်ဆုံးပေါ် iPhone ကို ကိုင်ထားသည့် လူငယ်တစ်ဦးက ဖုန်းခေါ်ဆိုနေခြင်းဖြစ်သည်။
"ဟွန့်... မင်းမှာ ဆရာရှိသေးတယ်ဆိုတာ မှတ်မိသေးတာပဲလား" ဖုန်းတစ်ဖက်မှ အသက်ကြီးကြီးအသံတစ်ခုက ဒေါသတကြီး ထွက်ပေါ်လာသည်။
"မှတ်မိတာပေါ့ဗျာ... တောင်ရှီလမ်းမှာ ဆုံကြရအောင်။ အဲဒီမှာ အရမ်းနာမည်ကြီးတဲ့ ဆိုင်တစ်ဆိုင် ရှိတယ်လို့ ကြားတယ်။ ဆရာက အစားကောင်းကြိုက်တတ်တာဆိုတော့ သဘောကျမှာပါ" လူငယ်က ရွှေရောင်ဘောင်မျက်မှန်ကို ပင့်တင်ရင်း ယဉ်ကျေးစွာ ပြောလိုက်သည်။
"မင်း ထွက်သွားတာ တစ်နှစ်လောက်ရှိပြီ။ အပြင်မှာ မင်းသေသွားပြီလို့တောင် ငါထင်နေတာ" ဆရာဖြစ်သူက ဆက်လက် ဆူပူနေဆဲပင်။
"ဒါဆိုရင်လည်း ဒီည ကျွန်တော့်ကို ကိုယ်တိုင်လာကြည့်လိုက်လေ" လူငယ်က အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"ဟွန်း"
တစ်ဖက်က နှာခေါင်းရှုံ့သံ ထွက်လာသည်။
"ငါ့ဘာသာ လာခဲ့မယ်။ မင်းဆီက အကူအညီ မလိုဘူး။ ငါ့အိမ်ကနေ လမ်းလျှောက်လာရင် မိနစ် ၂၀ တောင် မကြာဘူး"
"ကောင်းပါပြီ... ဒါဆိုရင် 'မာစတာစားဖိုမှူး စားသောက်ဆိုင်' မှာ ဆရာ့ကို စောင့်နေပါ့မယ်" လူငယ်လေးက ဖုန်းချလိုက်ပြီးယွမ်ကျိုး၏ ဆိုင်ရှိရာဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့သည်။
ကျွမ်းကျင်စားဖိုမှူးစနစ်
အပိုင်း (၄၅၉)
ပြီးပါပြီ။
***