ယွမ်ကျိုး၏ စားသောက်ဆိုင်သို့ နေ့စဉ်လူအများအပြား လာရောက်ကြသော်လည်း ယနေ့ကဲ့သို့ ထူးခြားသော ပါဝင်ပစ္စည်းများ သယ်ဆောင်လာသည့် ဖောက်သည်မျိုးမှာ အတော်ပင် ရှားပါးလှသည်။
လမ်းဆုံသို့ ရောက်သည်နှင့် လင်းဟုန်သည် ကားတံခါးကို ဝုန်းခနဲဖွင့်ကာ SUV ကားပေါ်မှ ဆင်းလိုက်သည်။ မာစတာချန်ကတော့ သူ၏ကားကို တည်ငြိမ်စွာပင် ထိုးရပ်လိုက်သည်။
"ကားကို ဒီမှာပဲ ရပ်လိုက်တော့... ငါ့ဟင်းရွက်တွေ ငါဘာသာ သယ်သွားမယ်" လင်းဟုန်က ဆင်းဆင်းချင်း သူ၏ ဟင်းသီးဟင်းရွက်များအကြောင်းကိုသာ စိတ်ပူနေတော့သည်။
ရယ်စရာကောင်းသည်မှာ လင်းဟုန်တစ်ယောက် သူ၏ တန်ဖိုးကြီး Ferrari ပြိုင်ကားကြီးအကြောင်းကိုပင် မေ့လျော့နေပြီး၊ ယနေ့တစ်နေ့လုံး၏ အောင်မြင်မှုဖြစ်သော ဤဟင်းရွက်ထုပ်များကိုသာ အသည်းအသန် ဂရုစိုက်နေခြင်းပင်။
"ခဏလေးပါ မစ္စတာလင်း... ကျွန်တော် ကူပေးပါရစေ" မာစတာချန်က ကားနောက်ဖုံးကို ဖွင့်ရန် ဆင်းလာသည်။
"နေပါစေ... ငါ့ဘာသာပဲ လုပ်မယ်" လင်းဟုန်က အစားအသောက်နှင့် ပတ်သက်လျှင် အမြဲတမ်း တက်ကြွလွန်းသူဖြစ်သည်။ ချမ်းသာသော သခင်လေးတစ်ဦးဖြစ်သော်လည်း ယွမ်ကျိုး၏ တင်းကျပ်သော စည်းမျဉ်းများကို သူသည်းခံနိုင်ခြင်းမှာ အရသာရှိသော အစားအစာအပေါ် သူမည်မျှ သစ္စာရှိသည်ကို သက်သေပြနေခြင်းပင်။
"မစ္စတာလင်း... ခင်ဗျားက ဒါတွေကို ဘယ်လိုစီရမလဲ မသိဘူး။ ကျွန်တော်ပဲ လုပ်ပါရစေ" မာစတာချန်က လမ်းမဖယ်ပေးဘဲ သေတ္တာနားတွင် ရပ်ကာ အလေးအနက် ပြောလိုက်သည်။
"သူတို့က ထုပ်ပိုးပြီးသားတွေပဲဥစ္စာ... ဘာဖြစ်လို့လဲ" လင်းဟုန်က မကျေမနပ် ပြန်ပြောသည်။
"ဒီဟင်းရွက်တွေကို သူဌေးယွမ်က သေချာထုပ်ပိုးပေးထားတာ။ တစ်ခုနဲ့တစ်ခု ဖိမိရင် အရသာ ပျက်သွားနိုင်တယ်" မာစတာချန်၏ ရှင်းပြချက်ကြောင့် လင်းဟုန်မှာ လက်နှစ်ဖက်ကို မြှောက်ပြကာ အလျှော့ပေးလိုက်ရတော့သည်။
"အိုကေ... အိုကေ... ငါမထိတော့ဘူး၊ မင်းပဲ လုပ်တော့"
"မာစတာချန် ပြောတာ မှန်တယ်"
ယွမ်ကျိုးကလည်း ကားထဲမှနေ၍ အားဖြည့်လိုက်ရာ မာစတာချန်မှာ ဟင်းရွက်များကို Ferrari ကား၏ ရှေ့ခန်းထဲသို့ ဂရုတစိုက် ရွှေ့ပြောင်းပေးလိုက်သည်။
Ferrari ကဲ့သို့ အင်ဂျင်နောက်ဘက်တွင် ရှိသောကားများမှာ ပစ္စည်းရန်နေရာမှာ ရှေ့ဘက်တွင်သာ ရှိခြင်းဖြစ်သည်။
မာစတာချန်သည် ယွမ်ကျိုး၏ ဘေးတွင်နေရင်း ပါဝင်ပစ္စည်း ပြုပြင်ပုံ၊ ဆေးကြောပုံနှင့် ပုံသွင်းပုံများကို အမြဲလေ့လာနေသူဖြစ်ရာ ယွမ်ကျိုး၏ စီစဉ်မှုအတိုင်း တစ်ထပ်တည်းဖြစ်အောင် လုပ်ဆောင်နိုင်စွမ်း ရှိပေသည်။
"ညနေကျမှ ဆိုင်မှာ တွေ့မယ်" လင်းဟုန်က လက်ဝှေ့ယမ်းကာ လီဗာကို နင်းလိုက်ရာ ပြိုင်ကားကြီးမှာ ချက်ချင်းပင် မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။ အရှိန်မှာ မြန်လွန်းလှသဖြင့် ယွမ်ကျိုးပင် ဘာမှပြောချိန်မရလိုက်ပေ။
"မာစတာယွမ်... ကျွန်တော် တောင်ရှီလမ်းဆုံထိ လိုက်ပို့ပေးပါရစေ" မာစတာချန်က မေးလိုက်သည်။
"ရပါတယ်... ဒီနေ့ ပုံသွင်းမလေ့ကျင့်တော့ဘူးဆိုတော့ မင်းလည်း စောစောအိမ်ပြန်နားလို့ရတာပေါ့" ယွမ်ကျိုးက ခေါင်းညိတ်ပြလိုက်သည်။
"ကျေးဇူးတင်ပါတယ် မာစတာယွမ်" မာစတာချန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
"အင်း... လမ်းမှာတော့ ဂရုစိုက်ပြီး မောင်းဦးနော်" လင်းဟုန်၏ အရှိန်ပြင်းလှသော မောင်းနှင်မှုကို စဉ်းစားရင်း ယွမ်ကျိုးက သတိပေးလိုက်သည်။ "စိတ်ချပါခင်ဗျာ" မာစတာချန်ကလည်း ကတိပေးလိုက်သည်။
SUV ကားကြီးသည် Ferrari လောက် မမြန်သော်လည်း ကျယ်ဝန်းပြီး သက်တောင့်သက်သာရှိလှသည်။ မကြာခင်မှာပင် သူတို့နှစ်ဦးမှာ တောင်ရှီလမ်းသို့ ချောမောစွာ ရောက်ရှိလာပါတော့သည်။
ထုံးစံအတိုင်း မာစတာချန်က ယွမ်ကျိုးအတွက် ကားတံခါးကို လာရောက်ဖွင့်ပေးသည်။ သို့သော် ယခုတစ်ခါတွင် ယွမ်ကျိုးက မုန်လာဥများကို မာစတာချန်အား သယ်ခွင့်မပေးတော့ဘဲ သူကိုယ်တိုင်သာ တရိုတသေ သယ်ဆောင်သွားခဲ့သည်။ ယွမ်ကျိုး ဆိုင်ထဲသို့ ဝင်သွားသည်ကို မြင်ရမှသာ မာစတာချန်လည်း စိတ်အေးလက်အေးဖြင့် မောင်းထွက်သွားတော့သည်။
အချိန်တွေ ကုန်လွန်သွားခဲ့သည်။ ယွမ်ကျိုးသည် ဆိုင်သို့ပြန်ရောက်သည်နှင့် မုန်လာဥများကို စနစ်တကျ ဆေးကြောကာ နေပူထဲတွင် အခြောက်ခံထားလိုက်သည်။ ဤသည်မှာ နောက်တစ်နေ့အတွက် ထူးခြားသော ပုံသွင်းလက်ရာများနှင့် ဟင်းလျာသစ်များအတွက် သူ၏ ကြိုတင်ပြင်ဆင်မှုပင် ဖြစ်သည်။
တစ်ဖက်တွင်လည်း လင်းဟုန်သည် အိမ်သို့ အပြေးအလွှား ပြန်သွားခဲ့သည်။ သူသည် သူ၏ ဗီလာမှ စားဖိုမှူးများကို အမိန့်ပေးကာ ဟင်းသီးဟင်းရွက်များကို အသေအချာ ဆေးကြော၊ လှီးဖြတ်ပြီး စနစ်တကျ ပြန်လည်ထုပ်ပိုးခိုင်းတော့သည်။
သို့သော်လည်း လင်းဟောင်၏ ဗီလာမှ စားဖိုမှူးများမှာတော့ အချင်းချင်း တိုးတိုးတိတ်တိတ် ငြင်းခုံနေကြသည်။
"ဒီဘက်ခေတ် ချမ်းသာတဲ့သူတွေကတော့ ထူးဆန်းလိုက်တာ။ ဟင်းသီးဟင်းရွက်တောင် မရောင်းတဲ့ဆိုင်မှာ ဟော့ပေါ့သွားစားမယ်တဲ့... အပြင်ကနေ ကိုယ့်ဘာသာ ဝယ်ပြီး ပြင်ဆင်သွားရသေးတယ်" မီးဖိုချောင်အကူက ဟင်းရွက်ဆေးရင်း ရေရွတ်လိုက်သည်။
"ချမ်းသာတဲ့သူတွေမှာက တစ်ယောက်တစ်မျိုး ထူးခြားတဲ့ စရိုက်တွေ ရှိကြတာပဲလေ" ဝါရင့်စားဖိုမှူးကြီးကပင် သက်ပြင်းချကာ ထောက်ခံလိုက်ရသည်။ စားဖိုမှူးများ မည်သို့ပင် ထင်ကြေးပေးနေပါစေ၊ လင်းဟုန်ကတော့ သူ၏ ဟော့ပေါ့ပါတီအတွက် သူငယ်ချင်းများကို ဖုန်းဆက်ကာ အလုပ်ရှုပ်နေတော့သည်။
ညနေခင်း ဆိုင်ဖွင့်ရန် နာရီဝက်ခန့်အလိုတွင်...
ရှဲ့ကျွင်း အမည်ရှိ လူငယ်တစ်ဦး ယွမ်ကျိုး၏ ဆိုင်ရှေ့သို့ ရောက်ရှိလာသည်။ သူသည် နာရီပြင် အတတ်ပညာရှင်ကြီး လျန်ဂျီ ၏ တပည့်ဖြစ်သည်။ ရှဲ့ကျွင်းသည် သူ၏ ဆရာဖြစ်သူကို အကောင်းဆုံးနှင့် ဈေးအကြီးဆုံးသော ဟင်းလျာများဖြင့် တည်ခင်းဧည့်ခံကာ သူ၏ အောင်မြင်မှုကို ပြသချင်နေသူ ဖြစ်သည်။
သို့သော် ယွမ်ကျိုး၏ ဆိုင်ကို မြင်လိုက်ရသောအခါ ရှဲ့ကျွင်း၏ ပထမဆုံး တုံ့ပြန်မှုမှာ အံ့အားသင့်မှုပင်။
"ဒါ... ဒီလောက်တောင် သေးတာလား"
အင်တာနက်ပေါ်တွင် ဈေးအကြီးဆုံးနှင့် အရသာအရှိဆုံးဟု နာမည်ကြီးနေသော စားသောက်ဆိုင်မှာ ဤမျှ သေးငယ်လိမ့်မည် သူ မထင်ထားခဲ့ပေ။ ဆိုင်ရှေ့တွင် တန်းစီနေသော လူအုပ်ကြီးကို ကြည့်ရင်း ရှဲ့ကျွင်း မျက်ခုံးပင့်လိုက်မိသည်။
"ဒါ မင်းပြောတဲ့ နာမည်ကြီးစားသောက်ဆိုင်လား... ကြည့်ရတာတော့ မင်းရဲ့ လုပ်ငန်းခွင်မှာ အောင်မြင်နေတဲ့ပုံပဲ"
ရှဲ့ကျွင်း၏ ဘေးနားမှ ထေ့ငေါ့သော အသံတစ်ခု ထွက်ပေါ်လာသည်။ လှည့်ကြည့်လိုက်သောအခါ ဆရာဖြစ်သူ လျန်ဂျီက ရောက်ရှိလာပြီး ရှဲ့ကျွင်း ရွေးချယ်ထားသော ဆိုင်လေးကို ကြည့်ကာ သရော်ပြုံး ပြုံးနေပါတော့သည်။
"ဟုတ်ပါတယ်ဆရာ... ဒီဆိုင်က တကယ်ကို နာမည်ကြီးပြီး အရသာရှိတာပါ"
ရှဲ့ကျွင်းက သူ့ဆရာ၏အထင်သေးသော စကားများကို ဂရုမစိုက်ဘဲ ပြုံးပြုံးလေးပင် ပြန်ဖြေလိုက်သည်။ သူ့ဆရာရှေ့တွင် အောင်မြင်မှုကို ကြွားချင်သည်မှာ သူကိုယ်တိုင်ဖြစ်၍ မည်သည့်အခြေအနေမျိုးမဆို ဇွဲမလျှော့ဘဲ ရှေ့ဆက်ရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်။
"ဟွန်း... ဒီလို ဆိုင်အစုတ်လေးမှာ ငါ့ကို ကျွေးမွေးပြုစုနေတာ ကြည့်ရတာ မင်းရဲ့အခြေအနေက ငါထင်တာထက် ပိုဆိုးနေပုံပဲ" လျန်ဂျီက နှာခေါင်းရှုံ့ရင်း ပြောလိုက်သော်လည်း သူ့တပည့်နောက်တွင် တန်းစီရန်တော့ မငြင်းဆန်ခဲ့ပေ။
ဘေးနားတွင် တန်းစီနေသောသူများကတော့ ထိုဆရာတပည့်နှစ်ယောက်ကို ကြည့်ပြီး ဇဝေဇဝါ ဖြစ်နေကြ၏။ ဆရာဖြစ်သူ လျန်ဂျီက ရိုးရှင်းတဲ့ ချည်သားအင်္ကျီနှင့်ဘောင်းဘီ၊ ပေါ့ပေါ့ပါးပါး ဖိနပ်ကိုပဲ ဝတ်ထားပြီး၊ တပည့်ဖြစ်သူ ရှဲ့ကျွင်း ဝတ်ထားသော အဝတ်အစားကပင် ယွမ်သောင်းချီတန်သလို သူ့လက်ကောက်ဝတ်မှ Panerai Radiomir နာရီကြီးကလည်း ယွမ်တစ်သိန်းကျော် တန်ကြေးရှိတာ သိသာပေသည်။
"ဒီဆရာတပည့်အတွဲက တကယ့်ကို ထူးဆန်းတာပဲ" ဖောက်သည်တစ်ယောက်က တိုးတိုးလေး မှတ်ချက်ပေးလိုက်တယ်။
မကြာခင် ဆိုင်ဖွင့်ရန်အချိန်ရောက်လာသဖြင့် သူတို့နှစ်ယောက် ဆိုင်ထဲသို့ ဝင်ခွင့်ရခဲ့သည်။ ဆိုင်ထဲရောက်သည်နှင့် လျန်ဂျီက မီနူးစာအုပ်ကို ဆွဲယူကြည့်လိုက်ရာ မျက်လုံးပြူးသွားတော့သည်။
"ဟိုး... ဟိုး... မင်း တကယ်ပဲ ပိုက်ဆံတွေကို ဒီလို ဖြုန်းတီးပစ်နေတာလား" လျန်ဂျီက စားပွဲကို ဒေါသတကြီး ရိုက်လိုက်ပြီး သူ့တပည့်ကို ဟောက်ပါတော့သည်။
လျန်ဂျီ၏ အမြင်မှာတော့ ထိုမီနူးထဲမှ ဈေးနှုန်းများက ရူးသွပ်မှုတစ်ခုလိုပင်။ ယွမ် ၅,၈၈၈ တန် တရုတ်ငန်းကင်နှင့် ယွမ် ၂၆၈ တန် ခေါက်ဆွဲပြုတ်ကို မြင်လိုက်ရသောအခါ စည်းကမ်းကြီးသော ဆရာကြီးတစ်ယောက်အနေနှင့် ဒေါသထွက်သွားသည်မှာ မဆန်းပေ။
"စိတ်အေးအေးထားပါဆရာရယ်... ကျွန်တော် တတ်နိုင်ပါတယ်" ရှဲ့ကျွင်းက သူ့ဆရာကို ဖျောင်းဖျပြီး ထိုင်ခိုင်းရန် ကြိုးစားသော် လျန်ဂျီက လက်ကို ပုတ်ထုတ်လိုက်သည်။
အခြေအနေက ပို၍ တင်းမာလာနိုင်သောကြောင့် ယွမ်ကျိုးကိုယ်တိုင် သူတို့ဆီကို တည်ငြိမ်စွာ လျှောက်လာခဲ့သည်။
"နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်ခင်ဗျာ... အခုက ဟင်းမှာရမယ့် အချိန်ရောက်ပါပြီ။ ဒီနေ့ ဘာများ သုံးဆောင်မလဲခင်ဗျာ"
ယွမ်ကျိုး၏ အေးဆေးတည်ငြိမ်သော အသံကြောင့် ရန်ဖြစ်နေသော ဆရာတပည့်နှစ်ယောက်လုံး ခဏတာ ငြိမ်ကျသွားပါတယ်။ တခြားဖောက်သည်တွေကို အနှောင့်အယှက်မဖြစ်စေဖို့ ယွမ်ကျိုးက သူကိုယ်တို
င်ပဲ ဝင်ရောက်ဖြေရှင်းလိုက်ခြင်း ဖြစ်၏။
ကျွမ်းကျင်စားဖိုမှူးစနစ်
အပိုင်း (၄၆၀)
ပြီးပါပြီ။
***