ဝူဟိုင်က ရှေ့ကနေ လျှောက်ရင်း ပြောလိုက်သည်။
“မင်း အပြင်ကနေ ဟင်းသီးဟင်းရွက် ဝယ်လာတာ သိပ် မတွေ့ဖူးပါဘူး"
ယွမ်ကျိုးက ခေါင်းညိတ်ပြီး ဖြေသည်။
“တစ်ခါတစ်လေပေါ့"
ဝူဟိုင်က ခေါင်းငြိမ့်ရင်း ပန်းကန်ကို ချလိုက်ပြီး ဝံ့ကြွားစွာ ပြောလိုက်သည်။
“ပြောရမယ်ဆိုရင်တော့ သူဌေးယွမ်ရေ၊ ဒီကိတ်ကို မင်း မစားဖူးတာသေချာတယ်”
ယွမ်ကျိုးက ခဏစဉ်းစားပြီးမှ လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
“မစားဖူးဘူး ကြားတောင် မကြားဖူးဘူးရယ်”
ဝူဟိုင်က ဂုဏ်ယူသံနဲ့ ဆက်ပြောပြန်သည်။
“ဟူနန်ပြည်နယ်မှာ အနုပညာပြပွဲလုပ်တုန်းက တစ်ခါ စားကြည့်ပြီး လုပ်နည်း သင်လာခဲ့တာ”
“တစ်ကြိမ်ပဲ စားဖူးတာလား”
ယွမ်ကျိုး စိတ်ထဲမှာ မလွယ်ကူသကဲ့သို့ ခံစားလိုက်ရသည်။
ဝူဟိုင်က ရင်ဘတ်ပုတ်ပြပြီး အာမခံလိုက်သည်။
“စိတ်မပူပါနဲ့ ဟင်းချက်တာတော့ မတော်ပေမယ့် မုန့်တော့ လုပ်တတ်ပါတယ်”
ယွမ်ကျိုးက မျက်နှာတည်တည်ဖြင့် ပြောလိုက်သည်။
“အရင် ဖွင့်ကြည့်လို့ရမလား”
အကယ်၍ ထူးဆန်းသည့်ပုံပေါက်လျှင် မစားဘူး ဆုံးဖြတ်ထားသည်။
“ရပါတယ် ဒါပေမယ့် အရင်ဆုံးဓားတစ်လက်ပေးဦး”
ဝူဟိုင်က ခေါင်းညိတ်ရင်း ဆိုလိုက်သည်။
“ခဏစောင့်ဦး ”
ယွမ်ကျိုးက မီးဖိုခန်းထဲသို့ ဝင်သွားပြီး သူ့မှာရှိသမျှထဲမှ သာမာန်အဖြစ်ဆုံး ဓားတစ်လက်ကို ယူလာကာ လက်ကိုင်ဘက်ကို ဝူဟိုင်ဆီ လှည့်ပြီး ပေးလိုက်သည်။
ဝူဟိုင်က ဓားလက်ကိုင်ကို ကောက်ယူရင်း ပန်းကန်ဖုံးကို ဖယ်လိုက်သည်။
“အခုတော့ မန်ဒရင်းဘဲကိတ်ကို ကြည့်ဖို့ အချိန်ရောက်ပြီ လှတယ်မလား”
အဖုံးဖယ်ပြီးနောက် ဝူဟိုင်က ဂုဏ်ယူသံနဲ့ ပြောလိုက်သည်။
အဖြူရောင် ရိုးရိုး ပန်းကန်ပြားပေါ်တွင်ထောင့်မှန်စတုဂံပုံစံ ရှည်မျောမျော ကိတ်မုန့် တစ်လုံးရှိပြီး အနားစွန်းများက ခပ်၀ိုင်း၀ိုင်းဖြစ်နေသည်။တစ်လက်မခန့် ထူပြီး မျက်နှာပြင်ပေါ်တွင် နှမ်းစေ့များ ဖြူးထားသည်။
အရောင်မှာ အဝါနုရောင် ဖြစ်ပြီး ဆီပူပေါ်တွင် ကြော်ထားသကဲ့သို့ ထင်ရသည်။
မည်သို့ ကြည့်ကြည့် “မန်ဒရင်းဘဲ” နာမည်နှင့်လားလားမျှ မသက်ဆိုင်လှပေ။
ယွမ်ကျိုးက မေးလိုက်သည်။
“မန်ဒရင်းဘဲနဲ့ ဘာဆိုင်လို့လဲ”
ဝူဟိုင်က ထူးဆန်းသည့်အပြုံးဖြင့် ကိတ်ကို ဓါးဖြင့် လှီးရန် ပြင်လိုက်သည်။
“ခဏနေ သိရတော့မှာပါ"
ထို့နောက် ဓားဖြင့် ကိတ်ကို စတင် ဖြတ်လိုက်သည်။
ယွမ်ကျိုး ထင်ထားသည်မှာ ဝူဟိုင်သည် အတွင်းတွင် အထူး စက်ကိရိယာ တစ်ခုခုကိုထည့်ပြီး ဖြတ်ထုတ်မည်ဟု ပင်။
သို့သော် ဝူဟိုင်က ကိတ်ကို ဘေးဘက်မှ တိုက်ရိုက် နှစ်ပိုင်း ဖြတ်လိုက်သည်။
ထို့နောက် မျက်လုံးတောက်တောက်များဖြင့်မော့ကြည့်ကာ မေးလိုက်သည်။
“ဘယ်လိုလဲ မန်ဒရင်းဘဲ အတောင်ပံလို့ မထင်ဘူးလား”
“ဘာကြီး”
ယွမ်ကျိုးက နားမလည်စွာ ပြန်ကြည့်သည်။
ဘေးဘက်က နှစ်ပိုင်း ဖြတ်လိုက်တာနှင့် မန်ဒရင်းဘဲ အတောင်ပံလို ဖြစ်သွားနိုင်မည်လား။
“ဘယ်အပိုင်းက အတောင်ပံနဲ့တူတာလဲ”
ယွမ်ကျိုးက ရိုးသားစွာ မေးလိုက်သည်။
ဝူဟိုင်က ကိတ်မုန့်နှစ်ပိုင်းကို နည်းနည်း ရွှေ့ပြီး ပြန်ပြပြန်သည်။
“ဒီဘက်ကနေ ကြည့်လိုက်ပါဦး အတောင်ပံလို မထင်ဘူးလား”
ယွမ်ကျိုးက ပန်းကန်ကို အချိန်အတော်ကြာ မျက်စိမလွှဲစတမ်း ကြည့်နေပြီးနောက် ပုံမှန်သံနှင့် ပြောလိုက်သည်။
“အရသာကိုပဲ အရင်စမ်းကြည့်ကြရအောင်”
ဝူဟိုင်က ကိတ်အပိုင်းကြီးကို ယွမ်ကျိုးထံ သီးသန့်ပေးကာ ပြောလိုက်သည်။
“ဒီအပိုင်းက မင်းအတွက် ငါကတော့ ဒီအပိုင်းကိုပဲ စားမယ်”
“မလိုပါဘူး မင်းလုပ်ထားတာကို ငါက စားပေးရုံဆိုတော့ အပိုင်းသေးလေးဆို လုံလောက်တယ်”
ပြောရင်း ယွမ်ကျိုးက တူနှင့် အပိုင်းသေးကို လျင်မြန်စွာ ကောက်ယူလိုက်သည်။
ဝူဟိုင်က ယုံကြည်ချက်ပြည့်ဝစွာ ပြောလိုက်သည်။
“ကောင်းပြီလေ ငါလုပ်ထားတဲ့ မန်ဒရင်းဘဲကိတ် အရသာကို မြည်းကြည့်ပါဦး”
“အင်း”
ယွမ်ကျိုးက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
မစားမီ၊ ယွမ်ကျိုးက ရေခွက်ကို ယူကာ ပါးစပ်ထဲရှိ အရသာများ ပျောက်ကင်းသွားစေရန် ရေအနည်းငယ် သောက်လိုက်သည်။
ဝူဟိုင်ကမူ မိမိဘာသာ ယူလာခဲ့သော ရေကို သောက်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ယွမ်ကျိုးသည် စီးပွားရေးအချိန်ပြင်ပတွင် မည်သည့်အရာမျှ အခမဲ့ မပေးတတ်သောကြောင့် ဖြစ်သည်။
ရေသောက်ပြီးနောက် ပါးစပ်ထဲတွင် အခြားအရသာ မကျန်ရှိတော့ကြောင်း သေချာစေပြီးမှ ယွမ်ကျိုးသည် ဝူဟိုင်၏
“မန်ဒရင်းဘဲကိတ်” ကို စတင် စားကြည့်လိုက်သည်။
“ခရပ်စ်”
ယွမ်ကျိုး တစ်ကိုက် ကိုက်လိုက်သည်။
အပြင်ဘက်အခွံက မီးအနည်းငယ် ကျွမ်းထားသကဲ့သို့ ကြွပ်ရွနေပြီး အတွင်းတွင်တော့ မုန့်သားက ခပ်ပျော့ပျော့၊ အလွှာလေးများ ဖွာထွက်နေကာ အလယ်တွင် ကြက်သွန်မြိတ်အစာသွပ်ထားသည်။
ဝူဟိုင်က ကိုယ့်အပိုင်းကို မစားသေးဘဲ ယွမ်ကျိုး၏ အမြင်ကို စောင့်ကာ မေးလိုက်သည်။
“ဘယ်လိုလဲ အရသာကောင်းလား”
ယွမ်ကျိုးက ဇဝေဇဝါဖြစ်သွားသည်။
“ဒါက ကိတ်လား”
ဝူဟိုင်က ဂုဏ်ယူသံနဲ့ ပြောသည်။
“ဟုတ်တယ်လေ ဟူနန်ပြည်နယ် ရိုးရာမုန့်
မန်ဒရင်းဘဲကိတ် လေ”
“ခင်ဗျားဟာက ပေါင်မုန့်ရှည်ကို ဆီနဲ့ကြော်ထားတာ မဟုတ်ဘူးလား”
ယွမ်ကျိုးက မေးခွန်းမေးသည် ဟန်ဖြင့် ပြော နေသော်လည်း လေသံက သေချာသည့်ပုံပေါ်လေသည်။
“ပေါင်မုန့်ကိုကြော်တာလား"
ဝူဟိုင်က နားမလည်သကဲ့သို့ မျက်လုံးပြူးပြလိုက်သည်။
ယွမ်ကျိုးက ကိုင်ထားသော မုန့်ကို အချိန်တော်တော်ကြာ ကြည့်ပြီးမှ မေးလိုက်သည်။
“ဒီပေါင်မုန့်ရဲ့ အလွှာအရာက ဘယ်မှာလဲ”
“ ပြောပြီးသားလေ ဒါက မန်ဒရင်းဘဲကိတ်၊ ပေါင်မုန့် မဟုတ်ဘူးလို့”
ဝူဟိုင်က မရှင်းပြနိုင် ဖြစ်သွားသည်။
ယွမ်ကျိုးက တည်ကြည်စွာ ပြောလိုက်သည်။
“အရသာကနေ ပုံစံအထိ ပေါင်မုန့်နဲ့ တူလွန်းတယ်”
ထို့နောက် ခဏစဉ်းစားပြီး ထပ်မံ ပြောပြန်သည်။
“ခင်ဗျား ပေါင်မုန့်လုပ်တဲ့အခါ အဆင့် တစ်ခုခု ကျန်ခဲ့လို့ ထင်တယ်”
“ဒါက ကိတ်မုန့်ပါဆိုမှ မန်ဒရင်းဘဲကိတ်ကွ”
ဝူဟိုင်က စိတ်တိုလွန်း၍ သူ့နှုတ်ခမ်းပေါ်က နှုတ်ခမ်းမွှေးငုတ်တိုလေးများပင် လှန်ထွက်လာသည်။
ယွမ်ကျိုးက လက်ညှိုးထိုးပြရင်း ပြောသည်။
“ခင်ဗျားကိုယ်တိုင် စမ်းစားကြည့်ပြီး ပေါင်မုန့်ဟုတ်မဟုတ် ပြောကြည့်ပါ့လား”
“ဟွန့်”
ဝူဟိုင်က မုန့်ကို ကိုင်ပြီး တစ်ကိုက် ကိုက်လိုက်သည်။
ထိုခဏတွင် သူ အသံတိတ်သွားသည်။
အရသာက အမှန်ပင် ပေါင်မုန့်နဲ့ ဆင်တူနေသည်။ အထူးသဖြင့် ယွမ်ကျိုးက အတိအကျ ပေါင်မုန့်ဟု ထောက်ပြပြီးနောက်ပိုင်း ပေါင်မုန့်အရသာ ပိုမို ထင်ရှားလာသည်။
စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကြောင့်လား မသိနိုင်ပေ။
အတွင်းပိုင်း အသားပျော့ပျော့နှင့် အနည်းငယ်ထူသော အလွှာများ၊ လတ်ဆတ်ပြီးအနည်းငယ် ငန်သော ဖြည့်စွက်ပစ္စည်းအားလုံးသည် ပေါင်မုန့်၏ လက္ခဏာများနှင့် မခြားနားပေ။
“အင်း.. ပေါင်မုန့်က အရသာကောင်းသားပဲ”
ယွမ်ကျိုးက ထပ်မံ တစ်ကိုက် ကိုက်ပြီး အတည်ပြုသံနဲ့ ပြောလိုက်သည်။
ဝူဟိုင်ကလည်း ခေါင်းညိတ်ကာ
“အင်း အင်း ဒီပေါင်မုန့်က တော်တော်လေး ကောင်းတယ်နော်”
ပြောပြီး မန်ဒရင်းဘဲကိတ်ကို ကိုက်စားရင်း ပန်းကန်ကို ကိုင်ကာ ခြေလှမ်းမြန်မြန်ဖြင့် ယွမ်ကျိုး စားသောက်ဆိုင်မှ ထွက်သွားလေသည်။
ထို့နောက် ယွမ်ကျိုးသည် ပေါင်မုန့်ကြော်ကို တိတ်တိတ်ဆိတ်ဆိတ် စားပြီးသွားသည်။
သူ၏ စိတ်ထဲတွင် ဝူဟိုင်အပေါ် လေးစားမှု့ တစ်ခု ပေါ်ထွက်လာသည်။
ကိတ်အရသာကို ပေါင်မုန့်အရသာ ဖြစ်အောင် ပြောင်းလဲနိုင်ခြင်းသည် လွယ်ကူသောအရာ မဟုတ်ပါ။
ထို့ကြောင့်လည်း လက်ထဲမှ မုန့်ကို မဆိုင်းမတွ အကုန်စားလိုက်သည်။
ညနေစာအတွက် ယွမ်ကျိုးသည် စနစ်မှ ပစ္စည်းများကို မသုံးခဲ့ပဲ မနေ့က အဘွားအိုထံမှ ဝယ်ယူထားသော ဂေါ်ဖီနှင့် ဟင်းသီးဟင်းရွက်များဖြင့် စွပ်ပြုတ်ရည်တစ်အိုး ချက်ပြုတ်လိုက်သည်။
ထိုဟင်းသီးဟင်းရွက်များမှာ ပိုးမရှိ၊ ဆေးမသုံးထားဘဲ သဘာဝအတိုင်း ဖြစ်သည့်အပြင် အရသာလည်း အလွန်ချိုမြိန်လှသည်။
ညနေစာကို ယွမ်ကျိုး အလွန်ကျေနပ်စွာ စားသုံးခဲ့သည်။
နောက်တစ်နေ့ မနက်စောစောတွင် မိုးရွာခဲ့သောကြောင့် လမ်းမများမှာ အနည်းငယ် စိုစွတ်နေဆဲဖြစ်သည်။
မနက်စာ စားချိန်ပြီးဆုံးပြီးနောက် ယွမ်ကျိုးသည် ဆိုင်တံခါးရှေ့တွင် ထိုင်ကာ ပန်းပုထုရန် စတင်ခဲ့သည်။
အမှန်မှာ ယနေ့မနက်တွင် ဝူဟိုင်သည် ထူးထူးခြားခြား တိတ်ဆိတ်နေခဲ့သည်။
“ပေါင်မုန့်နဲ့ ကိတ်မုန့် ကွာခြားတာ မသိလို့ စိတ်မကောင်းဖြစ်နေတာပဲလား မသိဘူး”
ယွမ်ကျိုးက ရယ်သံကို ထိန်းချုပ်ကာ အတွေးထဲတွင် ပြောလိုက်သည်။
မနေ့က အချိန်မလုံလောက်သဖြင့် မုန်လာဥနီများအားလုံးကို ပုံမဖော်နိုင်ခဲ့ပေ။
ထိုကဲ့သို့ အရည်အသွေးကောင်းသော မုန်လာဥနီများကို လတ်ဆတ်နေချိန်တွင်သာ ပုံဖော်ရမည်ဖြစ်သည်။
မဟုတ်လျှင် အလဟသ ဖြစ်သွားမည်။
ယွမ်ကျိုးသည် မနက် ၈ နာရီတွင် ဆိုင်ဖွင့်ကာ ၉ နာရီတွင် ဆိုင်ပိတ်လိုက်သည်။
၉ နာရီ ၂၀ ကျော်ခန့်တွင် သူသည် ထိုင်ခုံပေါ်တွင် ထိုင်နေချိန်၊ မနေ့က ဟင်းသီးဟင်းရွက် လာရောင်းခဲ့သော အဘွားအိုသည် ထပ်မံ လျှောက်လာသည်ကို တွေ့လိုက်ရသည်။
သို့သော် ယနေ့တွင် လမ်းမတစ်လျှောက် ဟင်းသီးဟင်းရွက် မရောင်းဘဲ တံခါးရှေ့တွင် ထိုင်နေသော ယွမ်ကျိုးထံ တိုက်ရိုက် လာခဲ့သည်။
“သူဌေး မနေ့က ဟင်းသီးဟင်းရွက် အများကြီး ဝယ်သွားတာ မြင်တော့ ဒီနေ့လည်း လိုမယ်ထင်လို့ လာတာပါ
မနေ့ကဟာတွေက မနက်ခင်းမဟုတ်တော့ သိပ်မလတ်ဆတ်ဘူး
ဒီဟာတွေက ဒီမနက်စောစောမှ ခူးထားတာ မင်းအတွက် လိုတာတွေ ရွေးယူပါဦး၊ ကျန်တာတွေကို ငါ လမ်းမှာ ဆက်ရောင်းလိုက်မယ်”
အဘွားအိုက ပြုံးပြုံးလေးဖြင့် ပြောလိုက်သည်။
ယွမ်ကျိုးက ခဏ အံဩ သွားပြီးမှ
“ကျေးဇူးတင်ပါတယ်” ပြန်ပြောလိုက်သည်။
“မလိုပါဘူးကွယ် မနေ့က ကျန်တာတွေ ဝယ်သွားတာကိုပဲ ငါက ကျေးဇူးတင်ရမှာ
မနက်ကခူးထားတာဆိုတော့ ပိုကောင်းတယ် လိုတာတွေ ကြည့်ပါဦး”
အဘွားအိုက ပြောရင်း ရေစက်လေးများ စိုနေသော ဝါးခြင်းကြီးထဲမှ ဟင်းသီးဟင်းရွက်များကို လက်ညှိုးညွှန်ပြသည်။
“မနေ့က ဝယ်သလိုပဲ ထည့်ပေးပါ"
ယွမ်ကျိုးက ပြုံးကာ သဘာဝကျကျ ပြောလိုက်သည်။
“ကိုယ်တိုင်ရွေးမလား၊ အဘွားရွေးပေးရမလား အကုန်လုံး လတ်ဆတ်တယ်နော်”
သူမသည် ဟင်းသီးဟင်းရွက်များ၏ လတ်ဆတ်မှုကို ပြောရာတွင် အထူးဂုဏ်ယူနေသည်။
"အကုန်လုံးကောင်းပါတယ် အဘွားပဲ ရွေးပေးပါ"
ယွမ်ကျိုးက ခေါင်းညိတ်ကာပြုံးလျက် ဖြေလိုက်သည်။
“ဟုတ်ပြီ ရွေးပေးမယ်”
အဘွားအိုက ပျော်ရွှင်စွာ ပြောသည်။
“ထည့်စရာ ယူလိုက်ဦးမယ်"
ယွမ်ကျိုးက ပြောပြီး ခြင်းတောင်းယူရန် သွားကာ မနေ့ က၀ယ်သော မျှစ်နုများကိုလည်း ဘေးချထားလိုက်သည်။
“ ရွေးပြီး ဘေးမှာ ထားပေးမယ်နော်”
အဘွားအိုက ဝမ်းသာသံဖြင့် ပြန်ပြောသည်။
ယွမ်ကျိုးနှင့် အဘွားအိုတို့ နှစ်ဦးစလုံး လက်မြန်မြန်ဖြင့် လုပ်ဆောင်ကြရာ မိနစ်အနည်းငယ်အတွင်း ချိန်တွယ်ခြင်းနှင့် ငွေပေးချေခြင်း အားလုံး ပြီးဆုံးသွားသည်။
ထို့နောက် အဘွားအိုသည် ခြင်းတောင်းများကို
ထမ်းပိုးဖြင့် ထမ်းကာ ခြေလှမ်းမြန်မြန်ဖြင့် စျေးဘက်သို့ ထွက်သွားလေသည်။
ယွမ်ကျိုးက ခြင်းတောင်းကို ကိုင်ကာ ပြုံးမိလျက် ပြောလိုက်သည်။
“ဒီနေ့လည်း မနက်စာက အသီးအရွက်ဟင်းရည်ပဲ ဖြစ်မယ်ထင်တယ် မဆိုးပါဘူးလေ”
အပိုင်း (၄၆၃)
ပြီးပါပြီ။
***