ယဲ့လုဖုန်းသည် နန်ပါးထျန်းကို ကြည့်နေခဲ့သည်။ ယဲ့လုဖုန်း လိုချင်သည်မှာ ရလဒ်တစ်ခုသာ ဖြစ်၏။ နန်ပါးထျန်း၏ဂုဏ်သိက္ခာမှာမူ သူ့အတွက် အရေးမပါချေ။
ထိုအချိန်၌ နန်ပါးထျန်းသည်လည်း ယဲ့လုဖုန်းအား မကျေမနပ်ဖြင့် ကြည့်နေခဲ့သည်။ သို့တိုင် ယဲ့လုဖုန်းသည် အရေးမစိုက်ချေ။
ယခုတွင် နန်ပါးထျန်းသည် လူတိုင်း၏ပါးစပ်ဖျားတွင် ပြောစရာဖြစ်မည့် မီးဖိုထက်တွင် အကင်ခံရတော့မည့် သားကောင်နေရာသို့ ရောက်နေခဲ့လေပြီ။ သူ့တွင် နောက်ဆုတ်ဖို့လမ်း မရှိလေတော့– ခေါင်းတလားကို ဖွင့်စစ်ဆေးသည်ဖြစ်စေ၊ မဖွင့်သည်ဖြစ်စေ၊ ယဲ့လုဖုန်းသည် သူ့အား သေချာပေါက် ရှင်းပစ်မည်ဖြစ်သည်။ ထို့ပြင် အရေးအကြီးဆုံးအချက်မှာ ဤသည်မှာ ချန်ကျိုစစ်ကို ဆွဲချနိုင်မည့် အခွင့်အရေးကြီးဖြစ်သည်။ ဤသို့အခွင့်အရေးမျိုး နောက်တစ်ကြိမ်ထပ်ရောက်လာပါမည်ဟု မည်သူက အာမခံနိုင်ပါမည်နည်း။
သို့သော် နန်ပါးထျန်းသည် အကြောင်းအရင်းအတိအကျမရှိပါဘဲ ခေါင်းတလားဖွင့်ဖို့ရာ ဝန်လေးနေခဲ့သည်။
ချန်ကျိုစစ်က ဒါ ငါ့ကိုလှည့်ကွက်သုံးဖို့ကြိုးစားနေတာပဲဖြစ်မှာ၊ ဟုတ်တယ်မလား။ သူ့ပုံစံက နည်းနည်းလေးမှ စိုးရိမ်ထိတ်လန့်နေပုံမပေါ်ဘူး။ ပိုလို့တောင် မောက်မာထောင်လွှားနေသေးတယ်။ မဟုတ်မှ ဒါ ထောင်ချောက်များဖြစ်နေမလား။
ထောင်ချောက်ဖြစ်နေရင် ငါဘယ်လိုလုပ်မလဲ။ တကယ်ကြီး ဒူးထောက်တောင်းပန်ရမှာလား။ ငါ ဒီလိုအရှက်ကွဲမှုမျိုးကို သည်းခံနိုင်ပါ့မလား။
ပြီးတော့ ငါလို ငါးဖမ်းကုန်သည်အဖွဲ့ကြီးရဲ့ ခေါင်းဆောင်တစ်ယောက်က နိမ့်ကျတဲ့အစေခံတစ်အုပ်ကို ဦးညွှတ်ရတာ– ဒီအကြောင်းသာ လူတွေကြား ပျံ့နှံ့သွားရင် ငါ့ကို ဘယ်သူမှ မလေးစားကြတော့မှာ မဟုတ်ဘူးလား။
နန်ပါးထျန်း၏မျက်နှာမှာ သံရောင်ပြောင်းလာသည်အထိပင်။ ဘေးကျပ်နံကျပ်ဖြစ်နေကြောင်း သိသာလှ၏။
မာကြောသည့်နံရံနှင့် ဧရာမကျောက်တုံးကြီးတစ်တုံးကြား ညပ်နေသကဲ့သို့ ခံစားနေရပေသည်။
နန်ပါးထျန်းသည် အချိန်တစ်ခုကြာသည်အထိ မိမိမှာ ဖောက်ထွက်ရန်မဖြစ်နိုင်သည့် ဘေးကျပ်နံကျပ်အခြေအနေထဲ ပိတ်မိနေသည့်အလား ခံစားနေခဲ့ရကာ မည်သို့ပြုလုပ်သင့်သည်ကို စဉ်းစားမရဘဲ ဖြစ်နေခဲ့သည်။
ထိုစဉ် ချန်ကျဲ့မှ ပြောလာသည်။
“ကောင်းပြီ၊ သခင်ကြီးယဲ့လုက မျက်မြင်သက်သေအဖြစ် ဒီနေရာမှာရှိနေတာမို့ အခု ဒီနေရာမှာရှိနေတဲ့လူအားလုံးလည်း ကျုပ်တို့ကျားဖြူခန်းမအတွက် သက်သေဖြစ်ပေးမယ်လို့ ယုံကြည်ပါတယ်”
“ကျုပ်ချန်ကျိုစစ်က အမြဲတမ်း ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ပြုမူလုပ်ဆောင်ခဲ့ပါတယ်။ တော်ဝင်နန်းတော်ကို သစ္စာဖောက်တဲ့လုပ်ရပ်မျိုး ဘယ်တော့မှ လုပ်မှာမဟုတ်သလို ကျုပ်တို့ညီနောင်တွေရဲ့ ခေါင်းတလားကို အသုံးချပြီး မိန်ဂိုဏ်းရဲ့စစ်လက်နက်ပစ္စည်းတွေကို ထည့်သွင်းပို့ဆောင်တာမျိုး လုပ်မှာမဟုတ်ပါဘူး။ အဲဒါက ကျုပ်ကို စော်ကားလိုက်တာပါပဲ။ အဲဒါကြောင့် ဘာစကားအပိုမှမဆိုဘဲ ခေါင်းဆောင်နန်ကို ကျုပ်တို့ညီနောင်တွေရဲ့ခေါင်းတလားကို ဖွင့်စစ်ဆေးဖို့ ကျုပ်ခွင့်ပြုလိုက်တယ်”
“ခေါင်းတလားမှာ ပြဿနာတစ်ခုခုရှိခဲ့ရင် ကျုပ်ချန်ကျိုစစ် အသက်အသေခံလိုက်မယ်။ အကယ်၍ ဘာမှမရှိခဲ့ရင် ဒီနေရာမှာရှိနေတဲ့ ခင်ဗျားတို့အားလုံးက မျက်မြင်သက်သေတွေပါပဲ။ ခေါင်းဆောင်နန်အနေနဲ့ ညီနောင်တွေကို ဒူးထောက်တောင်းပန်ဖို့ တောင်းဆိုပါတယ်”
ချန်ကျဲ့၏စကားအဆုံး၌ လူအုပ်ကြီးမှ အော်ဟစ်ကြသည်။
“ခန်းမအရှင်သခင်ချန် ကျွန်တော်တို့သက်သေခံပေးပါ့မယ် သက်သေခံပါ့မယ်” ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“ကောင်းတယ်၊ အားလုံးက သက်သေခံပေးမယ်ဆိုမှတော့ ညီနောင်တို့ ခေါင်းဆောင်နန် ခေါင်းတလားဖွင့်ဖို့ လမ်းဖယ်ပေးလိုက်ကြပါ”
ချန်ကျဲ့သည် လူထုကို အသုံးချရမည့်နည်းလမ်းအား ကောင်းကောင်းသိပေသည်။ ထိုအချိန်၌ ချန်ကျဲ့သည် နန်ပါးထျန်းအား လူအာရုံစိုက်ခံအဖြစ် တွန်းပို့ခဲ့လိုက်သည်။
သွားလေ၊ စစ်ဆေးကြည့်လိုက်။
လူအုပ်ကြီးသည် နန်ပါးထျန်းကို အကြည့်မလွှဲတမ်းကြည့်နေကြသည်။ ချန်ကျဲ့သည် မည်သို့ မီးမွှေးရမည်ကို ကောင်းကောင်းသိ၏။ ထိုအခိုက်အတန့်၌ ချန်ကျဲ့သည် နန်ပါးထျန်းအား အထင်မြင်သေးစွာကြည့်လျက် ပြောသည်။
“ခေါင်းဆောင် ကြွပါ”
ချန်ကျဲ့၏မျက်နှာအမူအရာမှာ နန်ပါးထျန်းအား ထောင်ချောက်ဆီသို့ ဖိတ်ခေါ်နေသည့်အလားပင်။ နန်ပါးထျန်းအား ပို၍ ခက်ခဲကျပ်တည်းသည့် အခြေအနေသို့ တွန်းပို့လိုက်သည်။ နန်ပါးထျန်းကို ခဏမျှဟန့်တားလိုက်ခြင်းဖြင့် ရှေ့ဆက်သွားရန် ကြောက်ရွံ့သွားစေသည်။
ဒီခေါင်းတလားတွေထဲမှာ ဘာမှမရှိနေတာတော့ မဟုတ်လောက်ပါဘူးနော်။ ရှိလောက်မှာပါ။
ထိုအခိုက်အတန့်၌ ချန်ကျိုစစ်သည် သူ့အတွက် တမင်ရည်ရွယ်ပြီး ထောင်ချောက်ဆင်ထားသည်ဟု နန်ပါးထျန်း ခံစားလိုက်ရသည်။
နန်ပါးထျန်း၏နဖူးထက်တွင် ချွေးများ စိုရွှဲနေ၏။ လူအုပ်ထဲရှိ ထန်ဇီယွဲ့သည်လည်း စိုးရိမ်ပူပန်လာရသည်။ သူ့ကိုယ်သူ ချန်ကျိုစစ်၏လှည့်ကွက်ထဲ ထပ်မံကျရောက်သွားပြန်ပြီဟု ခံစားလာရ၏။
သို့သော်လည်း ထိုခံစားချက်မှာ သေချာသည်တော့ မဟုတ်ပါချေ။ ကတ်များကို ဖော်ပြလုနီး လောင်းကစားစားပွဲရှေ့ ရပ်နေရသကဲ့သို့ ခံစားချက်မျိုး ဖြစ်ပေသည်။
ချန်ကျဲ့သည် သူ၏ကတ်များကို အားလုံးသုံးလိုက်ပြီး နန်ပါးထျန်းကို စောင့်ကြည့်နေခဲ့သည်။
“ခင်ဗျား ဆက်လိုက်ရဲသလား”
နန်ပါးထျန်းသည် ဆက်မလိုက်ပါက လူအပေါင်း၏ ဟာသပြက်လုံးကြီးဖြစ်သွားမည်ဖြစ်ပြီး ယဲ့လုဖုန်းသည်လည်း သူ့ကို လုံးဝ သက်ညှာပေးလိမ့်မည် မဟုတ်ပေ။
ဒါပေမဲ့ ဆက်လိုက်လို့ ချန်ကျိုစစ်ရဲ့ဝှက်ဖဲက အရမ်းအားကောင်းနေရင် အဲဒီအခါကျ ဘယ်လိုလုပ်မလဲ။ ထန်ဇီယွဲ့သည် မျက်လုံးအိမ်တို့မှေးကျဉ်းလျက် မိမိကိုယ်ကိုယ် ကစားပွဲထဲ ရုန်းမထွက်နိုင်လောက်အောင် နစ်မြုပ်နေကြောင်း သတိထားမိလိုက်ရသည်။
ချန်ကျိုစစ်က တကယ် ကောက်ကျစ်စဉ်းလဲတာပဲ— ဒူးထောက်တောင်းပန်ဖို့ တောင်းဆိုတယ်တဲ့လား။ လုံးဝ နှလုံးကိုထိုးဖောက်တဲ့ ရိုက်ချက်ပဲ။
နန်ပါးထျန်းသည် သူ၏အဆင့်အတန်းကို အလွန်တန်ဖိုးထားသူဖြစ်၏။ ထိုကဲ့သို့သောလူတစ်ယောက်သည် သာမန်အဖွဲ့သားများ၏ရုပ်အလောင်းရှေ့တွင် အဘယ်သို့များ ဒူးထောက်ဦးညွှတ်နိုင်ပါမည်နည်း။
ဒါက ခေါင်းဆောင်အတွက်တော့ ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့လုပ်ရပ်ပဲ။
ချန်ကျိုစစ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကိုရော မြင်နိုင်ရဲ့လား။ ဒီထောင်ချောက်က ဖောက်ထွက်ဖို့နည်းလမ်းရှီပုံပေါ်ပေမဲ့ တကယ်တမ်းကျ နန်ပါးထျန်းအတွက် လွတ်လမ်းလုံးဝ မရှိနေဘူး။
သခင်ကြီးယဲ့လုက ဘယ်လိုဖြစ်ဖြစ် နန်ပါးထျန်းရဲ့လွတ်လမ်းအားလုံးကို ပိတ်မှာပဲ။ အဲဒါကြောင့် ဒါက နန်ပါးထျန်းအတွက် လုပ်ရင်လုပ်၊ မလုပ်ရင် သေရမယ့်တိုက်ပွဲပဲ။
ထိုသို့အတွေးများဖြင့် ထန်ဇီယွဲ့သည် ရုတ်တရက် မျက်လုံးပြူးသွားခဲ့သည်။
နေပါဦး– ချန်ကျိုစစ်က သခင်ကြီးယဲ့လုက ခေါင်းဆောင်နန်ရဲ့ လွတ်လမ်းအားလုံးကို ပိတ်မယ်ဆိုတာကို ကြိုခန့်မှန်းမိနေခဲ့တာလား။ အဲဒီတော့ ဆိုလိုတာက ခေါင်းတလားတွေထဲမှာ စစ်လက်နက်ပစ္စည်းတွေ ရှိမနေဘူးပေါ့။
ထန်ဇီယွဲ့မှ အော်ပြောရန် ပါးစပ်ဟလိုက်စဉ်
ချန်ကျဲ့ကို ခေါင်းမော့ကြည့်လိုက်မိသည်။ ထိုအခါ ချန်ကျဲ့၏ သူအော်ပြောလာမည်ကို စောင့်ဆိုင်းနေသည့်အလား ပြုံးနေသည့်မျက်နှာအမူအရာကို မြင်လိုက်ရသည်။
“အာ…”
ထန်ဇီယွဲ့သည် ပါးစပ်ဟလျက် တစ်ယောက်ယောက်မှ သူ့လည်မျိုကို ဆွဲညှစ်ထားသည့်အလား တစ်ဆို့နေသည့်အသံသာ ထွက်လာခဲ့သည်။ စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်ခံလိုက်ရခြင်းပင်။
ထန်ဇီယွဲ့၏မျက်လုံးများ ပြူးကျယ်နေ၏။ ယခုမှ အော်ပြောခြင်းသည် အသုံးမဝင်ချေ၊
အဘယ်ကြောင့်ဆိုသော် ချန်ကျဲ့အတွက်မူ နန်ပါးထျန်းသည် သားကောင်ဖြစ်နေခဲ့လေပြီ။ သို့ဖြစ်ရာ ချန်ကျဲ့၏အစီအစဉ်များကို ဖော်ထုတ်လိုက်လျှင်သော်မှ ယဲ့လုဖုန်းသည် ယုံကြည်လိမ့်မည် မဟုတ်ပေ။ ခေါင်းတလားထဲ၌ စစ်လက်နက်ပစ္စည်းရှိနေသည့် ဖြစ်နိုင်ခြေမှာ အလွန်တရာနည်းပါးနေလျှင်သော်မှ ယဲ့လုဖုန်းသည် အခွင့်အရေးကို အလွတ်ပေးလိမ့်မည် မဟုတ်ပေ။
နန်ပါးထျန်း အရှက်ရခြင်းမှာမူ ယဲ့လုဖုန်းအတွက် ဘာများ အရေးပါလိမ့်မည်နည်း။
ယဲ့လုဖုန်းအတွက်တော့ ဘာမျှဆုံးရှုံးစရာ မရှိပေ။ ထို့ကြောင့် ခေါင်းတလားများထဲ စစ်လက်နက်ပစ္စည်းများရှိနိုင်ခြေသည် သုညမှတ်နှင့် အလွန်နီးကပ်နေသည့်တိုင် သုညတိတိ မဟုတ်သ၍ ယဲ့လုဖုန်းသည် မလွဲမသွေ ဖွင့်စစ်ဆေးလိမ့်မည် ဖြစ်သည်။
ယဲ့လုဖုန်းအတွက်မူ ဆုံးရှုံးမှုမရှိပေ။ အကျိုးအမြတ်သာ ရှိ၏။
အဲဒီတော့ ချန်ကျိုစစ်က ဒါကိုပါ တွက်ချက်ထားပြီးသားပေါ့။
ထန်ဇီယွဲ့သည် ရုတ်တရက် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းထသွားခဲ့သည်။ ထိုအခိုက်အတန့်၌ ချန်ကျဲ့သည် ဧရာမပင့်ကူကြီးတစ်ကောင်အလား— ပင့်ကူမျှင်များကို ကြိုးကဲ့သို့ယက်ကာ ထောင်ချောက်ဆင်ထားပြီး သားကောင်မှ ကိုယ်တိုင် ထောင်ချောက်ထဲ ဝင်ရောက်လာသည်ကို စောင့်ဆိုင်းနေခဲ့သည်။
သူနှင့် ခေါင်းဆောင်တို့သည် သားကောင်များဖြစ်ကြပြီး ချန်ကျိုစစ်၏ ကျယ်ပြောသည့် ပင့်ကူအိမ်ထဲတွင် ကျရောက်နေခဲ့လေပြီ။
ယခုမှသာ သူနားလည်သွားခဲ့သည်— သူတို့ ပို၍ရုန်းကန်လေလေ ပင့်ကူအိမ်သည် ပို၍ လျင်မြန်စွာ ပိုမိုတင်းကြပ်လာလေလေပင်။ သို့ဖြင့် သူတို့အား ပို၍ လွတ်မြောက်ရန် ခက်ခဲသွားစေပေသည်။
ဒါက— ကြောက်ဖို့ကောင်းလိုက်တာ။
ချန်ကျိုစစ်က ကြောက်ဖို့ကောင်းတဲ့လူပဲ။
ငါ ဒီကစားပွဲမှာလည်း ထပ်ရှုံးပြန်ပြီလား။
ထန်ဇီယွဲ့သည် နှုတ်ခမ်းများကို သွေးထွက်လာသည်အထိ ပြင်းပြင်းထန်ထန် ဖိကိုက်နေခဲ့သည်။
ဆိုတော့ အကုန်လုံး အချည်းနှီးပဲပေါ့။ ငါထပ်ပြီး ချန်ကျိုစစ်ရဲ့ထောင်ချောက်ထဲ ကျသွားပြန်ပြီ။ ချန်ကျိုစစ်လက်မှာ ထပ်ကျရှုံးပြန်ပြီ။
***