ထိုအခိုက်အတန့်၌ ချန်ကျဲ့သည် ထန်ဇီယွဲ့ကို ကြည့်လိုက်သည်။ ချန်ကျဲ့၏မျက်နှာအမူအရာမှာ ဖော်ပြ၍မရနိုင်သည့် လှောင်ပြောင်ရိပ်တချို့သန်းနေခဲ့ကာ မျက်လုံးများသည် နတ်ဘုရားတို့၏မျက်လုံးများအလား တောက်ပနေလျက် ကြောက်မက်ချောက်ချားဖွယ်လည်း ကောင်းပေသည်။
ဤသည်မှာ အစမှ အဆုံးအထိ ပြဇာတ်တစ်ခုဖြစ်ခဲ့သည်။ စျာပနအခမ်းအနားသည် ထောင်ချောက်တစ်ခုဖြစ်ခဲ့သည်။ ခေါင်းဆောင်အတွက် ရည်ရွယ်ထားသည့် ထောင်ချောက်တစ်ခုဖြစ်ခဲ့သည်။
ချန်ကျိုစစ်၏အစီအစဉ်မှာ ခေါင်းတလားများထဲတွင် စစ်လက်နက်ပစ္စည်းများထည့်၍ မြို့ပြင်သို့ ပို့ဆောင်မည်ဟု တုံးအစွာ သူယုံကြည်နေခဲ့ချိန်တွင် လက်တွေ့တွင်တော့ သူကိုယ်တိုင်မှာ ချန်ကျိုစစ်၏ထောင်ချောက်ထဲ ကျရောက်သွားခဲ့ခြင်း ဖြစ်လေသည်။
ငါ ဘယ်လောက်တောင် တုံးအခဲ့လိုက်သလဲ
ဒါဆို ဒါက ပင့်ကူအိမ်ကြီးတစ်ခုလိုမျိုး ငါနဲ့ ခေါင်းဆောင်တို့ သတိမထားမိဘဲ ကိုယ့်ဆန္ဒနဲ့ကိုယ် လမ်းလျှောက်ဝင်လာပြီး သူ့သားကောင်ဖြစ်သွားမှာကို စောင့်ဆိုင်းနေခဲ့တာပဲ။
ဒါတွေအားလုံးရဲ့ ရည်ရွယ်ချက်က ဘာများလဲ။
ထန်ဇီယွဲ့သည် ထိုသို့နားလည်သွားခဲ့ရာ မထိန်းချုပ်နိုင်စွာဖြင့် ခါးသက်သက်ပြုံးမိလိုက်သည်။ ခေါင်းတလားများကို တစ်ဖန်ပြန်ကြည့်လိုက်သည်တွင် ချန်ကျိုစစ်သည် ခေါင်းဆောင်မှ သူ၏အဖွဲ့သား၂၈ဦးကို ဦးညွှတ်တောင်းပန်စေရန်အတွက် ဤအရာအားလုံးကို စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း နားလည်လိုက်ရသည်။
အဖွဲ့သားလေးတစ်စုအတွက်နဲ့ ဒီလောက်ကြီးမားတဲ့ အကြံအစည်ကြီးကို ကြံစည်လုပ်ဆောင်တာ ထိုက်တန်ရဲ့လား။
ဒီလူက တကယ်ကြောက်ဖို့ကောင်းတာပဲ။
ထန်ဇီယွဲ့သည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် အတွေးထဲ ထပ်မံနစ်မြောသွားပြန်သည်။
မဟုတ်သေးဘူး၊ ဒီခေါင်းတလားတွေထဲမှာ ဘာမှမရှိဘူးဆိုရင် စစ်လက်နက်ပစ္စည်းတွေက ဘယ်မှာလဲ။
မြို့ထဲမှာရှိနေတုန်းပဲလား။
ထန်ဇီယွဲ့သည် ကိစ္စရပ်များမှာ အလွန်ရိုးရှင်းလွန်းနေသည်ဟု အမြဲခံစားနေခဲ့ရသည်။ ချန်ကျိုစစ်သည် ထောင်ချောက်ကို တစ်ခုတည်းဆင်ထားမည့်သူမျိုး မဟုတ်ပေ။
ထန်ဇီယွဲ့သည် မျက်မှောင်ကြုတ်လျက် သူသတိမထားဘဲ ကျော်သွားခဲ့မိလောက်မည့် ချန်ကျဲ့၏အကြံအစည်များကို ပြန်တွေးကြည့်နေခဲ့သည်။ ချန်ကျဲ့၏ ရည်ရွယ်ချက်အစစ်အမှန်ကို သိနိုင်ရန် ကြိုးစားနေခဲ့သည်။
ထန်ဇီယွဲ့ အတွေးထဲ နစ်မြောနေစဉ် ချန်ကျဲ့သည် နန်ပါးထျန်းကို ကြည့်၍ ပြောသည်။
“ခေါင်းဆောင်နန် ဘာလို့တွန့်ဆုတ်နေတာလဲ။ အခုမှ ကြောက်နေတာလား”
နန်ပါးထျန်းသည် ချန်ကျဲ့အား စူးစူးရဲရဲစိုက်ကြည့်လျက် ပြောသည်။
“ကြောက်တယ်တဲ့လား ငါကလား”
ချန်ကျဲ့မှ ရယ်မောလျက် ပြောသည်။
“ဒါဆို ခေါင်းဆောင်နန် ကြွပါ”
နန်ပါးထျန်းသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ချန်ကျဲ့၏နောက်မှ ခေါင်းတလားများထံ ဦးတည်ဆက်လျှောက်သည်။ လျှောက်နေစဉ်အတွင်း ချန်ကျဲ့၏မျက်နှာအမူအရာကိုလည်း ဆန်းစစ်နေခဲ့သည်။ သို့သော် မည်သည့် မရိုးဖြောင့်မှုကိုမျှ ရှာမတွေ့ချေ။
ချန်ကျဲ့သည် စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ပြုံးနေခဲ့ကာ မျက်လုံးအစုံသည်တော့ အဆိပ်ပြင်းမြွေတစ်ကောင်အလားပင်။
ချန်ကျဲ့အနီးသို့ နီးကပ်သွားနေသည့် နန်ပါးထျန်းမှာ မိမိကိုယ်ကိုယ် အရာအားလုံးကို မြိုချပစ်ရန် အသင့်စောင့်ဆိုင်းနေသည့် အဆိပ်ပြင်းမြွေပွေးတစ်ကောင်၏ အာခံတွင်းထဲသို့ ဦးတည်လျှောက်သွားနေသည့်အလား ခံစားနေရသည်။ သူ၏စိတ်နှလုံးမှာ ထိတ်လန့်ချောက်ချားဖွယ်ခံစားချက်၏ ဖိနှိပ်ခြင်းကို ခံနေရပေသည်။
ဒါက တကယ်ပဲ ထောင်ချောက်လား။
တကယ်ထောင်ချောက်တော့ မဖြစ်နိုင်လောက်ပါဘူးနော်။
နန်ပါးထျန်းသည် မေးခွန်းများပြည့်နှက်နေသည့် အမူအရာဖြင့် ချန်ကျဲ့ကို အကြည့်မလွှဲတမ်း ကြည့်နေခဲ့သည်။ သို့သော် ချန်ကျဲ့ထံတွင် မည်သည့်ပြစ်ချက်မျှ ရှာမတွေ့ပေ။ ချန်ကျဲ့အနားသို့ ရောက်သောအခါ နန်ပါးထျန်းသည် ချန်ကျဲ့၏နားသို့ ကပ်ပြောလိုက်သည်။
“မင်း တကယ်ပဲ ဘာလုပ်ထားတာလဲ”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“ခေါင်းဆောင် ကျုပ်ကို အထင်လွဲနေပါပြီ။ ကျုပ်က ဒီတိုင်း ဈာပနအခမ်းအနားလုပ်နေတာကို ခေါင်းဆောင်ကသာ ဟန့်တားခဲ့တာပါ။ အခုမှ မလုံမလဲခံစားနေရတာပါလား”
“ချန်ကျိုစစ် ငါမင်းကို အကြံပေးလိုက်မယ်။ လှည့်ကွက်တွေ သုံးမနေနဲ့”
နန်ပါးထျန်းမှ အံတင်းတင်းကြိတ်လျက် ပြောသည်။ ထိုစကားတွင် ချန်ကျဲ့မှ ရယ်မောလျက် တုံ့ပြန်သည်။
“ကျုပ်က လူတွေကို အမြဲ ရိုးသားပွင့်လင်းစွာ ဆက်ဆံပါတယ် ခေါင်းဆောင်။ ခင်ဗျား ကျုပ်ရဲ့ညီနောင်တွေကို ဦးညွှတ်တောင်းပန်တာကို ကျုပ် တကယ်လိုလားတာပါ။ ကျုပ် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်မှာတုန်းက ပြောခဲ့တယ်လေ။ ခင်ဗျား သူတို့ကို သေချာပေါက် ဦးညွှတ်တောင်းပန်စေရမယ်လို့”
နန်ပါးထျန်းသည် ချန်ကျဲ့ကို ရုတ်ချည်း လှည့်ကြည့်လိုက်ရင်း ထိုနေ့က စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ရှိ အဖြစ်အပျက်ကို ပြန်တွေးတောလိုက်သည်။ ချန်ကျိုစစ်သည် သူ့အား ထိုလူ၂၈ယောက်ကို တောင်းပန်အောင်လုပ်မည်ဟု အမှန်တကယ်ပင် ပြောခဲ့ပါ၏။ ထိုအချိန်က နန်ပါးထျန်းသည် ထိုစကားကို အရေးမထားခဲ့ပေ။ သို့သော် ထိုစကားမှာ မည်မျှကြောက်မက်ဖွယ်ဖြစ်ကြောင်း သိရှိခဲ့ရသည်။ ချန်ကျိုစစ်သည် ထိုအချိန်ကတည်းက ဒီနေ့အတွက် စီစဉ်နေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ထိုအတွေးနှင့်အတူ နန်ပါးထျန်းသည် ဤသည်မှာ ချန်ကျဲ့၏ထောင်ချောက်ဖြစ်ကြောင်း နားလည်သွားခဲ့သည်။
ဤတစ်ဆင့်ချင်း တစ်ဆင့်ချင်းစီတိုင်းသည် သူ့အား အဖွဲ့သား၂၈ယောက်ကို တောင်းပန်ရန်၊ သူ့အား အရှက်ရစေရန်အတွက် စီစဉ်ဖန်တီးထားခြင်း ဖြစ်ပေသည်။ ဤတွက်ချက်တွေးခေါ်မှုအရဆိုလျှင် ခေါင်းတလားများတွင် သေချာပေါက် ဘာမှရှိနေလိမ့်မည် မဟုတ်ပေ။
နန်ပါးထျန်းသည် လှောင်ရယ်ချင်စိတ်များ ပြည့်နှက်နေသည့် ချန်ကျဲ့၏မျက်လုံးများကို စူးစိုက်ကြည့်နေခဲ့သည်။ ချန်ကျဲ့မှ ပြောသည်။
“ခေါင်းဆောင် ခေါင်းတလားတွေထဲမှာ ဘာမှမရှိပါဘူး။ ခေါင်းဆောင် ဖွင့်လိုက်ရင် သေချာပေါက် ရှုံးနိမ့်မှာပါ။ ဒါပေမဲ့ ခေါင်းဆောင် မဖွင့်ဘဲ ထားလိုက်ရဲရဲ့လား”
ချန်ကျဲ့သည် ထိုစကားများကို နူးညံ့ညင်သာစွာ ပြောဆိုနေခြင်းဖြစ်သော်ငြား နန်ပါးထျန်းအတွက်မူ သေခြင်းတရား၏ အချက်ပေးခေါင်းလောင်းသံကဲ့သို့ ဖြစ်ပေသည်။
ဟုတ်တယ်၊ ငါ ဒီခေါင်းတလားတွေကို မဖွင့်တော့ဘဲ နောက်ပြန်လှည့်ဝံ့ရဲ့လား။
ချန်ကျဲ့သည် နန်ပါးထျန်းအား ကျုပ် ခင်ဗျားကို ဖမ်းမိပြီဟူသည့် မျက်နှာအမူအရာမျိုးဖြင့် ကြည့်နေခဲ့သည်။
ကဲ ခင်ဗျား အခု ဘယ်လိုလုပ်မလဲ။
ထိုအခါမှ နန်ပါးထျန်းသည် ချန်ကျဲ့မှာ မည်မျှရွံရှာမုန်းတီးဖွယ်ကောင်းကြောင်း နားလည်သွားရကာ ဒေါသဆူပွက်နေတော့သည်။
ဒါတွေအားလုံးက ခင်ဗျားရှေ့ ပွင့်ပွင့်လင်းလင်းချထားတဲ့ ပရိယာယ်လေးတွေပါပဲ။ ကျုပ်က ခင်ဗျား ဖွင့်မလား၊ မဖွင့်ဘူးလား မေးကြည့်ရုံပါ။
အထဲမှာ လက်နက်တွေ မရှိပါဘူးလို့ ကျုပ် ခင်ဗျားကို အမှန်အတိုင်းပြောပြခဲ့ပြီးပြီ။ ခင်ဗျား ဖွင့်မလား မဖွင့်ဘူးလား။
နန်ပါးထျန်း ခင်ဗျားမှာ ရွေးချယ်စရာမရှိဘူး။ ကျုပ် ဆွဲပေးထားတဲ့ လမ်းကြောင်းပေါ်မှာ လိမ်လိမ်မာမာနဲ့ လိုက်လျှောက်ပြီး ညီနောင်တွေကို ဦးညွှတ်တောင်းပန်ရုံပဲ တတ်နိုင်လိမ့်မယ်။ ခင်ဗျားက ကျုပ်ချန်ကျိုစစ်ရဲ့လက်ထဲက ရုပ်သေးရုပ်တစ်ရုပ်ပဲ။
ယခုအချိန်၌ နန်ပါးထျန်းသည် ချန်ကျဲ့အား သေလောက်အောင် ရွံရှာမုန်းတီးနေခဲ့သည်မှာ ချန်ကျဲ့၏အသားများကို စုတ်ဖြဲဝါးစားပစ်ချင်သည်အထိပင်။ သူသည် အလွန်တရာမှ အေးအေးလူလူဟန်ဖြင့် ချန်ကျဲ့ကို စူးစိုက်ကြည့်နေခဲ့သည်။
ကျုပ်က ဒီလိုတောင် လုပ်ရဲမှတော့ သေချာပေါက် ခင်ဗျားရဲ့ နာကျည်းမုန်းတီးမှုကို မကြောက်လို့ပဲပေါ့။ ခြုံငုံကြည့်လိုက်ရင် ကျုပ်တို့နှစ်ယောက်က အသေအကြေတိုက်ခိုက်ဖို့ ကံကြမ္မာဖန်လာပြီးသားပဲ။ ခင်ဗျားရဲ့အဲဒီအကြည့်က ဘယ်သူ့ကို ခြောက်နိုင်မယ်ထင်နေတာလဲ။
ချန်ကျဲ့သည် နန်ပါးထျန်းကိုကြည့်လျက် ခပ်ဖွဖွရယ်မောလိုက်သည်။
“ခေါင်းဆောင် ဖွင့်မကြည့်ချင်တော့ရင်လည်း မဖွင့်တော့ဖို့ ရွေးချယ်နိုင်ပါတယ်”
နန်ပါးထျန်းသည် ချန်ကျဲ့ကို စူးစိုက်ကြည့်လျက် ပြောသည်။
“ချန်ကျိုစစ် ငါပြောလိုက်မယ်၊ မကောင်းမှုက ကောင်းမှုကို ဘယ်တော့မှ အနိုင်မရနိုင်ဘူး။ မင်းက တော်ဝင်နန်းတော်ကို ဆန့်ကျင်တဲ့လုပ်ရပ်တွေ လုပ်ခဲ့တယ်။ ငါ့ရဲ့ဂုဏ်သိက္ခာပျက်စီးရရင်တောင်မှ သခင်ကြီးယဲ့လုအတွက် ငါ မင်းရဲ့မကောင်းမှုတွေကို ဖော်ထုတ်ရမယ်။ ငါ ခေါင်းတလားတွေကို ဖွင့်စစ်ဆေးမယ်”
“ပြီးတော့ ကုန်သည်အဖွဲ့ခေါင်းဆောင်က သူတို့ရဲ့ခေါင်းတလားကို ဖွင့်စစ်ဆေးတာကို ညီနောင်တွေလည်း နားလည်ပေးလိမ့်မယ်လို့ ငါယုံကြည်တယ်။ ငါ့အနေနဲ့ သူတို့ကို ကျိန်းသေပေါက် ဒူးထောက်တောင်းပန်ဖို့ မလိုအပ်ဘူး။ မင်း ငါ့ကို ဒူးထောက်တောင်းပန်ဖို့ အတင်းအကျပ်တောင်းဆိုနေတာကမှ ညီနောင်တွေရဲ့ဝိဉာဉ်ကို စော်ကားတာပဲ”
ထိုစကားများကြောင့် ချန်ကျဲ့မှာ အော်ရယ်မိလုနီးပါးပင်။ ယခုတွင် နန်ပါးထျန်းမှာ အသက်ရှင်လိုသည့်ဆန္ဒများ အထွတ်အထိပ်ရောက်လျက် ရုန်းကန်နေပေသည်။ ဤသို့စကားလုံးများကို အသုံးပြု၍ သူ့အား ပါးစပ်ပိတ်နိုင်ရန် ကြိုးပမ်းနေ၏။
ခေါင်းတလားတွေကို ဖွင့်စစ်ဆေးချင်ပေမဲ့ အရှုံးကိုတော့ လက်မခံချင်ဘူး။ ဘယ်လောက်တောင် အရှက်မဲ့လိုက်သလဲ။
နန်ပါးထျန်း၏စကားအဆုံး၌ ချန်ကျဲ့မှ နန်ပါးထျန်းကိုကြည့်၍ ပြောသည်။
“ခေါင်းဆောင် သခင်ကြီးယဲ့လုအပြင် သူရဲကောင်းအားလုံးလည်း ဒီနေရာမှာရှိနေတာကို ခင်ဗျား ဒီလိုစကားတွေပြောတာ အရမ်းအရှက်မဲ့လွန်းတာ မဟုတ်ဘူးလား။ ခင်ဗျားက ကုန်သည်အဖွဲ့ခေါင်းဆောင်ဆိုတာနဲ့ပဲ ညီနောင်တွေကို ခင်ဗျားစိတ်ရှိသလို စော်ကားနိုင်ပြီး သူတို့ရဲ့ဝိဉာဉ်တွေကိုလည်း စော်ကားနိုင်ပြီတဲ့လား။ ခင်ဗျားရဲ့နည်းလမ်းအတိုင်းဆိုရင် ကျုပ်တို့က ခင်ဗျားက ခေါင်းဆောင်ဖြစ်တာနဲ့ပဲ ခင်ဗျားရဲ့ ကိုယ့်ကိုယ်ကိုယ် လူအများရဲ့အထက်မှာ ကြီးကျယ်မြင့်မြတ်ပါတယ်ဆိုတဲ့ စိတ်သဘောထားကို စိတ်ကျေနပ်စေဖို့အတွက် ကျုပ်တို့ရဲ့မိသားစုဝင်တွေကို စော်ကားခွင့်ပြုထားရမှာတဲ့လား”
***