“ခင်ဗျားက ခေါင်းဆောင်တစ်ယောက်ဖြစ်နေပြီးတော့ ဘယ်လိုလုပ်ပြီး အဖွဲ့သားညီနောင်တွေရဲ့ ခံစားချက်ကို လျစ်လျူရှုနိုင်ရတာလဲ။ ခင်ဗျား ဘယ်လိုတောင် အရှက်မဲ့တာလဲ။ အကျိုးဆက်ကို လက်မခံနိုင်ရင် အစကတည်းက ကစားမနေနဲ့”
“ဒီတိုင်း သိုင်းလောကရဲ့ ဟာသပြက်လုံးတစ်ခုသာ အဖြစ်ခံလိုက်တော့”
ထိုစကားအဆုံး၌ ချန်ကျဲ့၏သစ္စာရှိအပေါင်းအဖော် လျိုလောင်ကွေ့မှ ပြောလာသည်။
“ဟားဟား အမှန်ပဲ။ နန်ပါးထျန်း မင်း အကျိုးဆက်ကို လက်မခံနိုင်ရင် ကစားမနေနဲ့တော့။ မင်းကိုယ်မင်း ခေါင်းဆောင်ဆိုတာနဲ့ပဲ အမြဲမှန်ကန်နေသလိုမျိုး လုပ်မနေစမ်းနဲ့၊ ရွံဖို့ကောင်းတယ်။ မင်းက ဘာမို့လို့ တခြားသူတွေကို မတောင်းပန်နိုင်ရတာလဲ။ သူတို့က မင်းရဲ့ငါးဖမ်းကုန်သည်အဖွဲ့အတွက် အသက်ရင်းခဲ့ကြတာကို အခု နောက်ဆုံးကျတော့ သူတို့ဘက်က အမှန်တရားကို သက်သေပြခဲ့ရင်တောင် မင်းက ကိုယ့်ကိုယ်ကိုယ်မှန်တယ်လို့ တွေးနေဦးမှာတဲ့လား။ မင်းက တကယ် အရှက်မဲ့ပြီး ရွံဖို့ကောင်းတာပဲ”
“ဟုတ်တယ် ဟုတ်တယ်”
ထိုအခါ နေရာရှိလူအုပ်ကြီးသည်လည်း စတင်အော်ဟစ်လာကြသည်။ နန်ပါးထျန်းသည် ဒေါသကြောင့် မျက်နှာကြီး မည်းမှောင်သွားရကာ အံတင်းတင်းကြိတ်ထား၏။ နန်ပါးထျန်းမှ ချန်ကျဲ့ကို စူးစူးရဲရဲကြည့်လျက် ပြောသည်။
“ချန်ကျိုစစ် မင်း ကိစ္စတွေကို အဆုံးစွန်အထိရောက်အောင် တွန်းပို့ဖို့ ဆုံးဖြတ်ထားပြီလား”
ထိုအခါ ချန်ကျဲ့သည် အေးစက်သည့်အကြည့်များဖြင့် ပြန်ပြောခဲ့သည်။
“ခင်ဗျားကရော ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျုပ်ကို လွတ်လမ်းပေးခဲ့လို့လား”
ထိုအခါ နန်ပါးထျန်းသည် အံတင်းတင်းကြိတ်လျက် ပြောသည်။
“ကောင်းပြီ ကောင်းပြီ။ အဲဒီလိုဆိုမှတော့ ငါကလည်း အဆုံးထိ ကစားပေးရတာပေါ့”
ချန်ကျဲ့ ပြုံးလိုက်ပြီး ပြောသည်။
“ခေါင်းဆောင် ဆက်မကစားချင်ရင်တောင် သခင်ကြီးယဲ့လုက စောင့်ကြည့်နေပါတယ်။ ခေါင်းဆောင် သခင်ကြီးယဲ့လုရဲ့ အသိအမှတ်ပြုမှုယူထားပြီးပြီ မဟုတ်ဘူးလား။ အသိအမှတ်ပြုမှုယူထားပြီးမှတော့ နောက်ဆက်တွဲအကျိုးဆက်တွေကို မရှောင်လွှဲချင်နဲ့လေ”
“အဲဒါကြောင့် ခေါင်းဆောင်၊ စည်းမျဉ်းတွေက သတ်မှတ်ထားပြီးဖြစ်ပြီး သူရဲကောင်းတွေလည်း စောင့်ကြည့်နေကြပါတယ်။ ဒီမှာ အလဟသ အတင်းတောင့်ခံပြီး သိုင်းလောကသူရဲကောင်းတွေအတွက် ဟာသပြက်လုံးအဖြစ်ခံတာက အဓိပ္ပာယ်မရှိပါဘူး။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဂုဏ်သိက္ခာကိုထိန်းသိမ်းပြီး တန်းတန်းမတ်မတ်လုပ်လိုက်တာ ပိုကောင်းပါလိမ့်မယ်”
ချန်ကျဲ့သည် စကားအဆုံး၌ လက်ဟန်ပြလိုက်သည်။
“ခေါင်းဆောင် ကြွပါ”
ချန်ကျဲ့၏စကားများကြောင့် နန်ပါးထျန်းမှာ မျက်နှာဖြူဖျော့သွားရသည်။
“ကောင်းပြီ ချန်ကျိုစစ်။ ဒီကိစ္စဒီမှာမပြီးဘူး။ ချင်းယင် ခေါင်းတလားတွေဖွင့်လိုက်”
ထိုအခါ ချင်းယင်သည် သံတူရွင်းတစ်ချောင်းကို ချက်ချင်း ဆွဲယူပြီးနောက် သူ၏အဖွဲ့သားများကို လက်ဟန်ပြလိုက်သည်။ သို့ဖြင့် အဖွဲ့သားဒါဇင်ခန့်သည်လည်း ခေါင်းတလားများဖွင့်ရန် အသင့်ပြင်လိုက်ကြသည်။
ခေါင်းတလားများကို ဖွင့်လိုက်ပြီးပါက သာမန်ကာလျှံကာ စစ်ဆေး၍ မဖြစ်ချေ။ စေ့စပ်သေချာစွာ စစ်ဆေးရပေမည်။
“ဖယ်စမ်း”
ချင်းယင်သည် ရှောင်ဟူကို တွန်းဖယ်လိုက်သည်။ ရှောင်ဟူသည် ဒေါသပေါက်ကွဲမိလုနီးတွင် တစ်စုံတစ်ခုကို သတိရသွားသဖြင့် ဘေးဖယ်ပေးလိုက်ပြီး ပြောသည်။
“ညင်ညင်သာသာလုပ်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ကျုပ်တို့ရဲ့ညီနောင်တွေပဲလေ”
ချင်းယင်မှ ပြန်ပြောသည်။
“ငါနားလည်တယ်”
ထို့နောက် ချင်းယင်သည် လက်ဝှေ့ရမ်းလျက် အမိန့်ပေးလိုက်သည်။
“လာ အဖုံးကိုကော်ဖွင့်ကြ”
ထိုအခါ အဖွဲ့သားအုပ်စုများသည် ခေါင်းတလားများကို ချက်ချင်း ဝန်းရံလိုက်ကြသည်။ ချင်းယင်သည် ခေါင်းတလားတစ်လုံး၏ အဖုံးနှင့် ကိုယ်ထည်ကြားနေရာသို့ သံတူရွင်းကို ထိုးသွင်းကာ အားဖြင့် ကော်ထုတ်သည်။
ခေါင်းတလားများကို သံရိုက်ပိတ်ထားခြင်းဖြစ်သော်ငြား အရမ်းခိုင်မာလှသည် မဟုတ်ပေ။
ယခုတွင် ချင်းယင်သည် သံတူရွင်းကို အားပိုစိုက်ထုတ်၍ ကော်ထုတ်လိုက်သဖြင့် အက်ကွဲသံများ တရစပ် ထွက်ပေါ်လာခဲ့သည်။
အဖုံးသည် ပွင့်ဟသွားခဲ့လေပြီ။ ချင်းယင်မှ အံကြိတ်လျက် ပြောသည်။
“မ,လိုက်”
ချင်းယင်၏အမိန့်တွင် အဖွဲ့သားအုပ်စုသည် ခေါင်းတလားအဖုံးကို အားစိုက်ထုတ်၍ မ,လိုက်ကြသည်။ နေရာရှိလူအားလုံးသည် ထိုခေါင်းတလားထံ အာရုံစူးစိုက်နေကြသည်။
ယခုတွင် အရေးအကြီးဆုံးမေးခွန်းမှာ ခေါင်းတလားထဲတွင် လက်နက်များ ရှိခြင်း၊မရှိခြင်း ဖြစ်သည်။
နန်ပါးထျန်းသည်လည်း အသက်ရှူနှုန်းမြန်လာခဲ့သည်။
အထဲမှာ လက်နက်တွေရှိနေပါ့မလား။
ကောင်းကင်ဘုံကောင်းချီးပေးပါစေ။
နန်ပါးထျန်းသည် ခေါင်းတလားဆီသို့ အပြေးသွားခဲ့သည်။ ခေါင်းတလားထဲရှိ အရာကို မြင်နေရလေပြီ။
ခေါင်းတလားထဲတွင် ရုပ်အလောင်းတစ်ခု ငြိမ်းချမ်းစွာ အိပ်စက်နေသည်။ ခေါင်းတလားတွင် မပုပ်သိုးစေမည့် တန်ဖိုးကြီးဓာတုပစ္စည်းများ အသုံးပြုထားသည့်အပြင် အပုပ်နံ့မထွက်စေမည့် အမွှေးနံ့သာများကိုလည်း အသုံးပြုထားသည်။ ခေါင်းတလားတစ်လုံးလျှင် ငွေကမ္ပည်းပြားတစ်ခုလည်း ပါရှိသည်။
[ထာဝရတည်မြဲသော]
ထိုအရာများမှအပ ခေါင်းတလားထဲတွင် မည်သည့်အရာမျှ ရှိမနေပေ။ လက်နက်လည်းမရှိ၊ အခြားဘာမျှလည်း မရှိပေ။ ထိုမြင်ကွင်းတွင် နန်ပါးထျန်းသည် မယုံကြည်နိုင်စွာ မျက်လုံးပြူးကျယ်သွား၏။
ဘာမှမရှိဘူး။ ဘာဆိုဘာမှ ရှိမနေဘူး။
နန်ပါးထျန်းသည် ချန်ကျဲ့ကို ရုတ်ချည်း လှည့်ကြည့်သည်။
ချန်ကျဲ့သည် နန်ပါးထျန်းကို နာကျည်းမုန်းတီးခြင်းအပြည့်သော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
ညီနောင်တွေအတွက် ကျုပ်ရဲ့လက်စားချေမှုက လွယ်လွယ်နဲ့ အဆုံးသတ်သွားမှာ မဟုတ်ဘူး။ ဒီနေ့က သူတို့အတွက် လက်စားချေမှုရဲ့အတိုးပဲ။
“ဒီတော့ ခေါင်းဆောင်၊ ခင်ဗျားပြောတဲ့ စစ်လက်နက်ပစ္စည်းတွေက ဘယ်မှာများလဲ”
ချန်ကျဲ့မှ နန်ပါးထျန်းကို မေးလိုက်သည်။ နန်ပါးထျန်းသည် မျက်နှာကြီး မည်းမှောင်လျက် ပြန်ပြောသည်။
“ခေါင်းတလားတွေ အကုန်လုံးမှ မဖွင့်ရသေးဘဲ။ ခေါင်းတလားအကုန်လုံးဖွင့်ပြီးမှ သေချာမှာပေါ့။ လာ အကုန်ဖွင့်ကြစမ်း”
ထိုအခါ ချင်းယင်မှ လက်ဝှေ့ရမ်းလျက် ပြောသည်။
“အကုန်ဖွင့်လိုက်ကြ”
ထိုအခါ သူ၏အဖွဲ့သားများသည် အချင်းချင်း ဆော်ဩကြသည်။
“ဖွင့်ကြ အကုန်ဖွင့်ကြ”
မကြာမီ ခေါင်းတလား၂၈လုံးစလုံးကို ဖွင့်ပြီးသွားခဲ့သည်။ ခေါင်းတလားများအားလုံးတွင် မည်သည့်လက်နက်ပစ္စည်းကိုမျှ မတွေ့ရချေ။ ရုပ်အလောင်းများသာ ရှိ၏။
နန်ပါးထျန်းသည် သိသိသာသာ မျက်မှောင်ကြုတ်လျက် ကြည့်နေခဲ့သည်။ ချင်းယင်သည် ခေါင်းတလားတစ်လုံးချင်းစီကို အသည်းအသန်ရှာဖွေနေသည်။
“ဘာမှမရှိပါဘူး ခေါင်းဆောင်၊ ဘာမှရှာမတွေ့ပါဘူး”
ထိုအခါ နန်ပါးထျန်း၏မျက်နှာမှာ အလွန်အမင်း ပျက်ယွင်းသွားတော့သည်။ နေရာရှိလူများသည် နန်ပါးထျန်းမှ ဤအခြေအနေကို မည်သို့ဖြေရှင်းမည်အား စောင့်ကြည့်နေကြသည်။ ချန်ကျဲ့သည်တော့ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။ သူသည်လည်း နန်ပါးထျန်းမှ ဤအခြေအနေကို မည်သို့ကိုင်တွယ်ဖြေရှင်းမည်အား မြင်တွေ့ချင်နေခဲ့သည်။
နန်ပါးထျန်းသည် ခေါင်းတလား၂၈လုံးတွင် လက်နက်မရှိကြောင်း ကြားလိုက်ရသည်နှင့် သူ၏စိတ်မှာ ဗြောင်းဆန်သွားခဲ့သည်။
ငါတော့ လှည့်စားခံလိုက်ရပြီ။
ချန်ကျဲ့သည် နန်ပါးထျန်းအနီးသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားလိုက်ပြီး ပြောသည်။
“ခေါင်းဆောင် အခုဘာများပြောချင်သေးလဲ”
နန်ပါးထျန်းသည် ချန်ကျဲ့အား သွေးရောင်အလား နီမြန်းနေသည့် မျက်လုံးများဖြင့် ပြောသည်။
“ချန်ကျိုစစ် ကိုယ့်ကိုယ်ကိုယ် အရမ်းကျေနပ်မနေနဲ့။ ခေါင်းတလားထဲမှာ အလောင်းတွေရှိနေတာက ဘာကိုမှ သက်သေမပြနိုင်ဘူး။ မင်း အလောင်းတွေအောက်မှာ ဝှက်ထားမလား ဘယ်သူသိနိုင်မှာလဲ”
ချန်ကျဲ့မှ ပြန်ပြောသည်။
“အဲဒါက အရေးကြီးလို့လား”
နန်ပါးထျန်းမှ ပြောသည်။
“ကြီးတယ်”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“ကောင်းပြီလေ။ ခင်ဗျားက အတင်းအကျပ်ပြောနေမှတော့ ကျုပ်လည်း ဘာမှထပ်ပြောစရာမရှိတော့ပါဘူး”
နန်ပါးထျန်းမှ အမိန့်ပေးသည်။
“အလောင်းတွေ မ,လိုက်ကြ”
ချန်ကျဲ့သည် နန်ပါးထျန်းမှ အလောင်းများ မ,ရွှေ့နေသည်ကို ဒီတိုင်း ရပ်ကြည့်နေခဲ့သည်။ နန်ပါးထျန်းသည် လူအများစောင့်ကြည့်နေသည့် ရှေ့မှောက်၌ ရုပ်အလောင်းများကို မထီလေးစားပြုမူ၍ မဖြစ်လေရာ ရုပ်အလောင်းများကို လေစားရိုသေစွာဖြင့် ခေါင်းတလားထဲမှ ဖယ်ထုတ်ရန်သာ တတ်နိုင်ပေသည်။
အားလုံးသည် နန်ပါးထျန်းမှ ခေါင်းတလားများအား တစ်လက်မ မချန် ရှာဖွေစစ်ဆေးနေသည်အား စောင့်ကြည့်နေခဲ့ကြသည်။ နောက်ဆုံးတွင်တော့ နန်ပါးထျန်းသည် ခေါင်းတလားများထဲတွင် ရုပ်အလောင်းများမှအပ အခြားဘာမျှမရှိကြောင်း လက်ခံလိုက်ရတော့သည်။
ထိုစဉ် ချန်ကျဲ့သည် ယဲ့လုဖုန်းအား အရိုအသေပြုလိုက်ပြီး ပြောသည်။
“သခင်ကြီးယဲ့လု အခြေအနေက ရှင်းလင်းနေပါပြီ။ အခု ကျားဖြူခန်းမအရှင်သခင်တစ်ယောက်အနေနဲ့ ကျွန်တော်တောင်းဆိုပါတယ်။ ကျေးဇူးပြုပြီး ကွယ်လွန်သူညီနောင်တွေအတွက် တရားမျှတမှုရယူပေးပါ”
ယဲ့လုဖုန်းသည် ချန်ကျဲ့မှာ မတရားစွပ်စွဲခံရခြင်းဖြစ်ကြောင်း နားလည်လိုက်ရာ တင်းမာခက်ထန်စွာဖြင့် ပြောသည်။
“ခေါင်းဆောင်နန် မင်းအခုဘာပြောချင်သေးလဲ”
နန်ပါးထျန်းမှ တုံ့ပြန်ပြောသည်။
“သခင်ကြီးယဲ့လု ဒါတွေအားလုံးက ချန်ကျိုစစ်ရဲ့အကြံအစည်တွေပါ။ သူ ကျွန်တော့်ကို ထောင်ချောက်ဆင်ထားတာပါ”
ယဲ့လုဖုန်း အနည်းငယ် မျက်မှောင်ကြုတ်သွား၏။
“ခေါင်းဆောင်နန် ကုန်သည်အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ မင်းရဲ့လုပ်ရပ်ကို မင်းတာဝန်ယူသင့်တယ်။ ရှုံးတာက ရှုံးတာပဲ၊ ဆင်ခြေတွေမပေးပါနဲ့”
“ကျွန်တော် သခင်ကြီး ကျွန်တော် တကယ်အကွက်ချခံရတာပါ”
နန်ပါးထျန်းမှ ဆက်လက် ငြင်းဆန်ပြောဆိုသည်။ သို့သော် ယဲ့လုဖုန်းသည် နန်ပါးထျန်းကို အခွင့်အရေးထပ်ပေးရန် ဆန္ဒမရှိတော့ဘဲ ဒေါသတကြီး ပြောသည်။
“နန်ပါးထျန်း မင်း ကျိုစစ်ကို အကွက်ချကြံစည်နေတုန်းက ဘာလို့ မင်းက သူ့ကို အကွက်ချကြံစည်နေပါတယ်လို့ မပြောတာလဲ။ အခု မင်းကိုယ်မင်း အကွက်ချခံရတာပါလို့ပြောနေတာ ရယ်ရတယ်မထင်ဘူးလား။ တော်လောက်ပြီ။ ကွယ်လွန်သူဝိဉာဉ်တွေကို နှစ်သိမ့်ဖို့ ဒူးထောက်ပြီး သုံးကြိမ်ဦးညွှတ်တောင်းပန်လိုက်။ ဒီကိစ္စကို အဆုံးသတ်ရအောင်”
အာ
တကယ်ဒူးထောက်ရမှာလား။
နန်ပါးထျန်း ခေါင်းမော့ကြည့်လိုက်သည်။ သူ၏မျက်လုံးများမှာ အရှက်ရမှုကြောင့် ရီဝေနေသည်။
ငါ နန်ပါးထျန်းက ဒီနိမ့်ပါးတဲ့အဖွဲ့သားတွေရှေ့မှာ တကယ်ဒူးထောက်ရမှာလား။
***