မျန့်ရွှေစီရင်စု အပြင်ဘက် သင်္ချိုင်းငယ်တစ်ခု၌
နေမင်းကြီးသည် ကောင်းကင်ထက်တွင် တောက်ပစွာ ထိန်လင်းလျက် လူအပေါင်းကို နွေးထွေးမှုပေးနေခဲ့သည်။ သို့တိုင် နန်ပါးထျန်း၏နှလုံးအိမ်သည်တော့ အေးစိမ့်နေခဲ့သည်။
နန်ပါးထျန်းသည် မိမိကိုယ်ကိုယ် တုံးအသည့်ဝက်ခေါင်းကဲ့သို့ ခံစားနေရ၏။ ချန်ကျဲ့၏ ထောင်ချောက်ထဲ တန်းတန်းမတ်မတ် ကျရောက်သွားခဲ့လျက် မျန့်ရွှေတစ်ခုလုံး၏ လှောင်ရယ်ဖွယ်ဟာသကြီး ဖြစ်သွားခဲ့လေပြီ။
ခွေးများနွားများနှင့် မခြားနားသည့် နိမ့်ကျသည့်အဖွဲ့သားတစ်အုပ်ကို ဦးညွှတ်တောင်းပန်ရခြင်းမှာ သူ့အတွက် အရှက်ရခြင်းဖြစ်ပြီး ကြီးမားသည့် ဂုဏ်သိက္ခာထိခိုက်မှုကြီးဖြစ်ပေသည်။
သို့သော် သူ့တွင် ရွေးချယ်စရာမရှိပေ။ ကြည့်ပါလေ၊ ချန်ကျိုစစ်သည် ကောက်ကျစ်စဉ်းလဲသည့်မျက်လုံးများဖြင့် သူ့ကို စောင့်ကြည့်နေသည် မဟုတ်ပါလော။
ချန်ကျိုစစ်သည် အလွန်ကောက်ကျစ်စဉ်းလဲကာ ဉာဏ်များလွန်း၏။
ထို့နောက် နန်ပါးထျန်းသည် မျန့်ရွှေစီရင်စု၏ သိုင်းလောကသူရဲကောင်းများကို လှည့်ကြည့်လိုက်သည်။ သူ၏ ရန်သူဟောင်းကြီးဖြစ်သော လျိုလောင်ကွေ့သည် ပါးစပ်နားတက်ချိတ်မတတ် ပြုံးရယ်နေ၏။ သူ၏ ကံဆိုးမှုအတွက် ပျော်ရွှင်နေခြင်းပင်။
ဟုတ်တာပေါ့၊ သူက ချန်ကျိုစစ်ရဲ့မဟာမိတ်ပဲလေ။
ပုံမှန်အချိန်များတွင် သူ့အား ခေါင်းဆောင်နန်ဟု တွင်တွင်ခေါ်လေ့ရှိခဲ့သူများသည် ယခုတွင်တော့ ပုန်းကွယ်ကာ အချင်းချင်း တီးတိုးပြောဆိုနေကြလေသည်။ ထိုသို့မြင်ကွင်းများကို မြင်ရသည်တွင် နန်ပါးထျန်းသည် ထိုလူများအား မြေကြီးထဲသို့ ဖိနင်းသတ်ပစ်လိုက်ချင်တော့သည်။
ထို့ပြင် ယဲ့လုဖုန်းလည်း ရှိသေး၏– ဒါပေါ့၊ ကျုပ်တို့ရဲ့ တည်ကြည်သလောက် အေးစက်တဲ့ သခင်ကြီးယဲ့လု။ သူ့ရဲ့အဲဒီမျက်လုံးတွေထဲမှာ သနားကရုဏာဆိုတာ မရှိဘူး။ တွက်ချက်မှုတွေပဲရှိတယ်။
တကယ့်ကို တည်ငြိမ်အေးချမ်းတဲ့ စည်းမျဉ်းဥပဒေအတွက် ငါ့ရဲ့ဂုဏ်သိက္ခာကို ချနင်းပစ်လိုက်တာပဲ။
“ခေါင်းဆောင်နန် မင်းဘာတွေ တွန့်ဆုတ်နေတာလဲ”
ယဲ့လုဖုန်း၏ စကားသံထွက်ပေါ်လာသည်။ နန်ပါးထျန်းသည် ထိတ်လန့်သွားလျက် ချက်ချင်း ပြန်ပြောသည်။
“သခင်ကြီးယဲ့လု ကျွန်တော် တကယ် ဒူးထောက်ဖို့လိုလို့လား”
ယဲ့လုဖုန်းမှ ပြောသည်။
“ခေါင်းဆောင်နန် လောင်းကြေးကို မင်းကိုယ်တိုင်ထပ်ခဲ့တာ။ အခု မင်းရှုံးသွားပြီဆိုတော့ ဒူးထောက်ရမှာပေါ့။ မဟုတ်ရင် မင်းက သူရဲကောင်းတွေအလယ်မှာ ရယ်စရာဟာသကြီးဖြစ်သွားမယ် မဟုတ်ဘူးလား။ ပြီးတော့လည်း မင်းက မင်းရဲ့ငါးဖမ်းကုန်သည်အဖွဲ့သားတွေရဲ့ ရုပ်အလောင်းတွေကို စော်ကားပြုမူခဲ့တယ်။ သူတို့ရဲ့ဝိဉာဉ်တွေကို နှစ်သိမ့်ဖို့အတွက် ဒူးထောက်တောင်းပန်တာလောက်တော့ မင်းလုပ်ပေးသင့်တယ်”
ထို့နောက် ယဲ့လုဖုန်းသည် နန်ပါးထျန်းကိုကြည့်၍ ထက်ရှသည့် မေးခွန်းတစ်ခုကို မေးမြန်းလာသည်။
“မဟုတ်မှ ခေါင်းဆောင်နန်က ငါက မင်းကို ဒုက္ခပေးနေတယ်လို့ တွေးနေတာများလား”
ထိုအခါ နန်ပါးထျန်းမှ ပြန်ပြောသည်။
“မဟုတ်ပါဘူး သခင်ကြီးယဲ့လု လုံးဝ မဟုတ်ပါဘူး”
“အင်း ဒါဆိုလည်း ဒူးထောက်ဦးညွှတ်တောင်းပန်ပြီးတော့ မင်းအပြစ်ကို ဝန်ခံလိုက်တော့”
ထိုစကားများတွင် နန်ပါးထျန်း တိတ်ဆိတ်သွား၏။ ယဲ့လုဖုန်းသည် ချန်ကျဲ့ဘက်သို့ ခေါင်းလှည့်ကြည့်လာပြီး ပြောသည်။
“ကျိုစစ် ဒီနေ့ကိစ္စကို အဆုံးသတ်လိုက်ကြတာပေါ့။ ဒီကျားဖြူခန်းမရဲ့သူရဲကောင်းတွေက နေရောင်ခြည်အောက် ဖော်ထုတ်မခံခဲ့ရသင့်ဘူး။ သူတို့ရဲ့ဝိဥာဉ်တွေကို ဒီထက်ပိုပြီး အပြစ်မပြုမိရအောင်လို့ သူတို့ကို ခေါင်းတလားထဲ ပြန်ထည့်လိုက်ရအောင်”
“ဒီနေ့ရဲ့ မကျေမချမ်းမှုတွေကို ဒီနေရာမှာပဲ ထားခဲ့ကြတောပေါ့။ ဒီနေ့ကုန်လွန်သွားတာနဲ့ အရာအားလုံးကို မေ့လိုက်ကြမယ်။ ဘယ်သူမှ အငြိုးအတေးထားမနေနဲ့တော့။ မျန့်ရွှေစီရင်စုရဲ့အနာဂတ်အတွက် အားလုံးဝိုင်းဝန်းကူညီပြီး စီမံထိန်းသိမ်းပေးဖို့ လိုအပ်နေသေးတယ်။ မြို့ထဲက မိန်ဂိုဏ်းသားတွေကို ငါတို့တွေ အင်အားပူးပေါင်းပြီး ဖမ်းဆီးဖို့လိုအပ်တယ်”
ယဲ့လုဖုန်း၏ စကားအဆုံး၌ ချန်ကျဲ့သည် ချက်ချင်း လက်သီးယှက်အရိုအသေပြုလျက် ပြောသည်။
“ဟုတ်ကဲ့၊ သခင်ကြီးယဲ့လုရဲ့ သင်ကြားပြသမှုကို ကျွန်တော်မှတ်ထားပါ့မယ်။ ခေါင်းဆောင်က ကျွန်တော်တို့ကျားဖြူခန်းမရဲ့ညီနောင်တွေကို တောင်းပန်မယ်ဆိုရင် ဒီနေ့ကိစ္စကို အထင်လွဲမှားမှုတစ်ခုအနေနဲ့ပဲ ထားလိုက်ပါ့မယ်။ ဆက်ပြီး အငြိုးအတေးထားမနေတော့ပါဘူး။ သခင်ကြီး စိတ်ချထားနိုင်ပါတယ်”
ထိုအခါ ယဲ့လုဖုန်းမှ ပြောသည်။
“ကောင်းတယ် အရမ်းကောင်းတယ်”
ထို့နောက် ယဲ့လုဖုန်းသည် နန်ပါးထျန်းကို ပြောသည်။
“ခေါင်းဆောင်နန် ကျိုစစ်က သူ့ရဲ့ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ပြသပြီးပြီ။ အခု မင်းအလှည့်ပဲ”
နန်ပါးထျန်းသည် ယဲ့လုဖုန်းအား ကြည့်နေခဲ့သည်။ သူဒီနေ့ ထိုအဖွဲ့သားများကို တောင်းပန်ရုံမှတစ်ပါး ရွေးချယ်စရာမရှိသည်ကို သူနားလည်ပါ၏။ ထို့နောက် နန်ပါးထျန်းသည် ချန်ကျဲ့အား အမုန်းတရားအပြည့်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ချန်ကျိုစစ် မင်းစောင့်နေ။ ဒီနေ့အဖြစ်အပျက်အတွက် ငါမင်းကို သေချာပေါက် လက်စားချေမယ်”
ချန်ကျဲ့သည် နန်ပါးထျန်းအား အရေးမထားဟန်ဖြင့် တစ်ချက်မျှသာ ကြည့်လိုက်သည်။
လက်စားချေမယ်တဲ့လား။
ချန်ကျဲ့ ခပ်ဟဟရယ်မောလိုက်၏။
ကျုပ်တို့က ကမ္ဘာမကျေရန်သူတွေ ဖြစ်နေခဲ့ပြီးသားပဲ။ ကျုပ်က ခင်ဗျားလက်စားချေမှာကို ကြောက်နေရဦးမှာလား။
လာစမ်းပါ။ ခင်ဗျား ကျုပ်ကို လက်စားမချေရင် ကျုပ်အရင် ခင်ဗျားကို လက်စားချေတော့မှာ။ နောက်ဆုံးမှာ ဘယ်သူက ဘယ်သူ့ကို အနိုင်ပိုင်းပြီး ဘယ်သူအရင်သေမလဲဆိုတာ ကြည့်ကြတာပေါ့။
ချန်ကျဲ့သည် လှောင်ပြောင်သရော်ဟန်သော အကြည့်များဖြင့် နန်ပါးထျန်းကို ကြည့်နေခဲ့သည်။ ထိုစဉ် ချင်းယင်နှင့်နောက်လိုက်များမှ မျက်မှောင်ကြုတ်လျက် ပြောသည်။
“ချန်ကျိုစစ် မင်းအရမ်းလွန်သွားပြီ။ ငါတို့ခေါင်းဆောင်က ဘယ်လိုအဆင့်အတန်းမျိုးမို့လို့လဲ။ အဲဒါကို မင်းက ခေါင်းဆောင်ကို…”
ချင်းယင်၏အော်ဟစ်ပြောဆိုသံကြောင့် ချန်ကျဲ့သည် အတွေးထဲနစ်မြောနေရင်းမှ အသိပြန်ဝင်သွားခဲ့ပြီး နန်ပါးထျန်းကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။
“ခေါင်းဆောင် ဒီလူတွေလည်း ခေါင်းတလားဖွင့်တာမှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်တစ်ယောက်ပဲ ဒူးထောက်တောင်းပန်ရမှာပါ။ အဲဒီအတွက် ကျုပ် ဘာမှ စောဒကမတက်ပါဘူး။ ဒါပေမဲ့ ခေါင်းဆောင် ဒူးထောက်လိုက်တာနဲ့ သူတို့တွေက ခေါင်းဆောင်ကို အူလှိုက်သည်းလှိုက် ရယ်မောကြမှာ စိုးမိပါရဲ့ဗျာ”
“ဟုတ်တယ်မလား”
ထိုအခါ နန်ပါးထျန်းသည် ချန်ကျဲ့ကို ကြည့်လာသည်။ ချန်ကျိုစစ်၏ရည်ရွယ်ချက်ကို သူရှင်းရှင်းလင်းလင်းသိသော်ငြား ချန်ကျိုစစ်၏စကားများတွင် အမှန်တရားများ ပါဝင်နေသည်ကိုလည်း နန်ပါးထျန်း သိပါသည်။
ဒီတေလေဂျပိုးကောင်တစ်အုပ်တောင် ဒူးမထောက်တာကို ငါလို ခေါင်းဆောင်တစ်ယောက်က ဘာလို့ ဒူးထောက်ရမှာလဲ။ ဒီအကြောင်းသာ ပျံ့နှံ့သွားရင် ငါ နန်ပါးထျန်းတစ်ယောက်တည်း အရှက်ကွဲရမှာပေါ့။
ဒါပေမဲ့ သူတို့တွေပါ ဒူးထောက်တောင်းပန်မယ်ဆိုရင် အခြေအနေက အဲဒီလောက် ရှက်ဖို့မကောင်းတော့ဘူး။ အနည်းဆုံးတော့ အရှက်ရတဲ့သူက ငါတစ်ယောက်တည်း မဟုတ်တော့ဘူးပေါ့။ လူများရင် ပစ်မှတ်လည်း ပြန့်ကျဲသွားသလိုပဲမို့ လှောင်ရယ်ခံရတာလည်း လျော့နည်းသွားလိမ့်မယ်။
ထိုသို့အတွေးဖြင့် နန်ပါးထျန်းသည် ချန်ကျဲ့ကို အော်ပြော၏။
“ချန်ကျိုစစ် ဒီတစ်ကြိမ် မင်းနိုင်တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အရမ်းကျေနပ်မနေနဲ့။ ငါ့ကို စော်ကားခဲ့တဲ့ နောက်ဆက်တွဲအကျိုးဆက်က ဘယ်လိုမျိုးလဲဆိုတာ ငါမင်းကို အနှေးနဲ့အမြန် ပြသပေးမယ်”
ထိုအခါ ချန်ကျဲ့သည် ရယ်မောလျက် ပြန်ပြောသည်။
“ခေါင်းဆောင်ပြောတာ အမှန်တရားဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒါက အနာဂတ်မှာ ဖြစ်လာမယ့်အရာတွေပါ။ အခုတော့ ခေါင်းဆောင် ကျေးဇူးပြုပြီး ကတိတည်လိုက်ပါဦး”
ချန်ကျဲ့သည် ဖိတ်ခေါ်သည့် လက်ဟန်အမူအရာလုပ်ပြလိုက်သည်။ ထိုအခါ နန်ပါးထျန်းသည် အံတင်းတင်းကြိတ်လျက် ပြော၏။
“ကောင်းပြီ။ ငါနန်ပါးထျန်းက လောင်းကစား စားပွဲမှာ နေရာယူရဲမှတော့ ကစားလည်း ကစားရဲတယ်”
စကားအဆုံး၌ နန်ပါးထျန်းသည် ချင်းယင်ကို လက်ညှိုးထိုးလိုက်ပြီး ပြောသည်။
“ချင်းယင်”
ချင်းယင်မှ ခေါင်းလှည့်ကြည့်လာကာ တုံ့ပြန်သည်။
“ခေါင်းဆောင်”
နန်ပါးထျန်းမှ ပြောသည်။
“ချင်းယင် ညီနောင်တွေအားလုံးကို ဦးဆောင်ပြီး ငါနဲ့အတူ ကွယ်လွန်သူညီနောင်တွေကို ဦးညွှတ်ကြ”
“ဗျာ”
ချင်းယင်သည် လုံးဝ ကြောင်အသွား၏။
ခေါင်းဆောင် ဘာတွေစဉ်းစားနေတာလဲ။ အားလုံးအတူ ဦးညွှတ်ရမယ်တဲ့လား။ ဒါ ကျွန်တော်တို့ကိုပါ အတူဆွဲချသွားတာပဲ။ ခေါင်းဆောင် ဒူးထောက်ရတာနဲ့ပဲ ကျွန်တော်တို့ကပါ ဘာလို့ လိုက်ဒူးထောက်ရမှာလဲ။
ချန်ကျိုစစ်ရဲ့ရည်ရွယ်ချက်က ခေါင်းဆောင်ကို ဒူးထောက်ခိုင်းဖို့လေ၊ ကျွန်တော်တို့ကိုမှ မဟုတ်ဘဲ။
သို့သော် နန်ပါးထျန်းသည် ချင်းယင်၏ တုံ့ပြန်စကားကို စောင့်ဆိုင်းမနေဘဲ ပြောသည်။
“ဘာလဲ မင်းက မလုပ်ချင်ဘူးလား”
ချင်းယင်မှ ချက်ချင်း ပြန်ပြောသည်။
“မဟုတ်ပါဘူး၊ လုပ်ချင်ပါတယ်။ လာ အားလုံးပဲ လူစုလိုက်ကြ။ ခေါင်းဆောင်နောက်မှာ တန်းစီကြ။ ကျားဖြူခန်းမညီနောင်တွေကို ဦးညွှတ်တောင်းပန်ကြမယ်”
“ဒီကိစ္စက မင်းနဲ့လည်းဆိုင်တယ်။ ဟုတ်တယ် မင်း၊ ခေါင်းတလားတွေကို ဖွင့်တုန်းက မင်း အားအစိုက်ဆုံးပဲ။ လာ ငါ့ဘေးမှာ ဒူးထောက်စမ်း”
ချင်းယင်သည် အဖွဲ့သား၇၀၀အား နန်ပါးထျန်း၏နောက်တွင် တန်းစီရန် စီစဉ်သည်။
ဒီလိုမြင်ကွင်းဆိုရင်တော့ ခုနက အခြေအနေလောက် လှောင်ရယ်ချင်စရာမကောင်းလောက်တော့ပါဘူး။
***