ဤသည်မှာ အလွန်ထူးဆန်းသည့် စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်မျိုးဖြစ်သည်။
လူတစ်ယောက်သည် သူတစ်ယောက်တည်း ထူးဆန်းသည့်ဝတ်စုံကို ဝတ်ဆင်ထားပါက လူအားလုံးသည် သူ့ကို အာရုံစိုက်ကြည့်နေမည်ဟု ထင်မှတ်တတ်ကြသည်။ သို့သော် ထိုထူးဆန်းသည့်အဝတ်များကို လူအများစုမှ ဝတ်ဆင်ထားလျှင်တော့ တစ်ယောက်တည်း အာရုံစိုက်ခံရသကဲ့သို့သော ခံစားချက်သည် အနည်းငယ် လျော့ပါးပျောက်ကွယ်သွား၏။ ဤသည်မှာ လူသားများ၏ ထူးဆန်းသည့် စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတစ်မျိုး ဖြစ်ပေသည်။
နန်ပါးထျန်းတစ်ယောက်တည်း ဒူးထောက်ဦးညွှတ်ပါက အလွန်စိတ်တိုဒေါသထွက်စရာကောင်းသည့် အရှက်ရမှုကြီးဟု ခံစားရလိမ့်မည်။ သို့သော် အဖွဲ့သားများနှင့်အတူ ဒူးထောက်ဦးညွှတ်ပါက အရှက်ရသည့်ခံစားချက်သည် အနည်းငယ် လျော့ပါးသွားနိုင်ပေသည်။
သို့သော် ထိုခံစားချက် မည်မျှလျော့နည်းသွားသည်ဖြစ်စေ နန်ပါးထျန်းသည် ဂုဏ်သိက္ခာပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ မျန့်ရွှေစီရင်စု၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်မှာ ချန်ကျဲ့၏ ဤသို့အခြေအနေသို့ တွန်းပို့ခြင်းခံလိုက်ရပေသည်။
ချန်ကျိုစစ်က တကယ် ကျက်သရေတုံးတဲ့ကောင်ပဲ။
ထိုသို့တွေးလိုက်ရင်း နန်ပါးထျန်းသည် အံတင်းတင်းကြိတ်လျက် မြေပြင်ပေါ် ဒူးထောက်လိုက်သည်။ ဒူးထောက်လိုက်သည်နှင့်တစ်ပြိုင်နက် ကမ္ဘာကြီးပူပြင်းလာသည်မှာ ဒူးထောက်ထားသည့် သူ့ဒူးများအောက်တွင် သံပူပြားများ ခံထားသည့်အလား ခံစားရပေသည်– မဟုတ်ပေ။ ခန္ဓာကိုယ်တစ်ခုလုံး မသက်မသာခံစားနေရခြင်းဖြစ်သည်။
တစ်ပြိုင်နက်တည်းပင် ပွဲကြည့်နေသူများ၏ တီးတိုးပြောဆိုသံများသည်လည်း သူ၏နားထဲသို့ စီးဝင်လာခဲ့သည်။
“ကြည့်စမ်း ကြည့်စမ်း ဟားဟား… နန်ပါးထျန်း တကယ်ဒူးထောက်နေပြီ။ သူ တကယ်ကြီး ဒူးထောက်နေပြီ”
“ကောင်းလိုက်တာ၊ ခေါင်းဆောင်နန်က တကယ် ဒူးထောက်ဦးညွှတ်နေတာပဲ။ ရှက်ဖို့ကောင်းလိုက်တာကွာ”
“ဂုဏ်သိက္ခာမဲ့လိုက်တာ၊ တကယ့်ကို သိက္ခာမဲ့တာပဲ ဟား ဟား…”
“ဟုတ်ပကွာ။ အခုကစပြီးတော့ မျန့်ရွှေမှာ ခေါင်းဆောင်နန်အကြောင်းပြောတိုင်း ဒီအရှက်ရစရာ အဖြစ်အပျက်ကြီးက တွဲပါလာနေတော့မှာပဲ ဟားဟား…””
…
လူအုပ်ကြီး၏ တိုးရှရှ တီးတိုးစကားသံများသည် နန်ပါးထျန်း၏နားစည်ကို ရိုက်ခတ်နေခဲ့ရာ နန်ပါးထျန်းမှာ ရှက်ရွံ့မှုကြောင့် မျက်နှာကြီး ပူပြင်းနီရဲလာတော့သည်။ ရှက်ရွံ့သည့်ခံစားချက်သည် သူ့တစ်ကိုယ်လုံးကို ဝါးမျိုထား၏။ ဤသည်မှာ လူတစ်ယောက်ကို ဒေါသပေါက်ကွဲစေနိုင်သည့် အရှက်ရခြင်းမျိုး ဖြစ်သည်။ ထိုအခိုက်အတန့်၌ နန်ပါးထျန်းသည် အံတင်းတင်းကြိတ်ထား၏။ ခန္ဓာကိုယ်ကို တောင့်တင်းထားသည်မှာ သူ၏နောက်ကျောရိုးများ အမှုန့်ဖြစ်ကြေလွင့်သွားတော့မည်အလားပင်။
နန်ပါးထျန်းသည် ချန်ကျိုစစ်အား အရိုးတစ်ချောင်းချင်းစီတိုင်း နစ်ဝင်သည်အထိ မုန်းတီးသွားခဲ့သည်။ ဖြစ်နိုင်လျှင် ချန်ကျိုစစ်ကို ပြာမှုန်များဖြစ်သည်အထိ အမှုန့်ကြိတ်ပစ်လိုက်ချင်သည်။
သို့သော် နန်ပါးထျန်းသည် ချန်ကျဲ့အား ခေါင်းမော့ကြည့်ရန်ပင် မဝံ့ရဲတော့ချေ။ ချန်ကျဲ့၏မျက်လုံးများတွင် လှောင်ပြောင်သရော်ခြင်းများဖြင့် ပြည့်နှက်နေမည်ကို သူသိသည်။ သို့ဖြင့် နန်ပါးထျန်းသည် ခေါင်းငုံ့ကာ ချန်ကျဲ့နှင့် အကြည့်ချင်းမဆုံမိအောင် ရှောင်ရှားရန်သာ တတ်နိုင်လေသည်။ ဤနည်းဖြင့် သူစိတ်သူ လှည့်စားထားခဲ့သည်။
ဟုတ်ပါ၏။ နန်ပါးထျန်းသည် သူ့စိတ်သူလှည့်စားရန် ကြိုးပမ်းနေခဲ့ပါ၏။
ဤအခိုက်အတန့်၌ နန်ပါးထျန်းသည် မိမိကိုယ်ကိုယ် ငှက်ကုလားအုပ်တစ်ကောင်အဖြစ်သို့ ပြောင်းလဲပြီး အမွေးအတောင်များထဲ ခေါင်းထိုးစိုက်ထားကာ ဘာကိုမျှ မကြည့်မမြင်ဘဲ နေလိုက်ချင်တော့သည်။
သို့သော် သူသည် ငှက်ကုလားအုပ်တစ်ကောင်ဖြစ်ချင်နေသော်ငြား လူအချို့သည် သူ့ဆန္ဒအတိုင်း ဖြစ်ခွင့်မပေးပေ။ လျိုလောင်ကွေ့သည် ထိုလူအချို့ထဲမှ တစ်ယောက်ဖြစ်ပေသည်။
ထိုလူအိုကြီးသည် ကောက်ကျစ်စဉ်းလဲပြီး သူ့အား အူထဲအသည်းထဲမှ မုန်းတီးနေသူဖြစ်သည်။ လျိုလောင်ကွေ့သည် နန်ပါးထျန်းမှ သူ့သားကို အန္တရာယ်ပြုခဲ့ချိန်ကတည်းက နန်ပါးထျန်းနှင့် တိုက်ခိုက်ရန် အသင့်ပြင်ထားပြီး ဖြစ်သည်။ သို့သော် ယဲ့လုဖုန်းရှိနေသောကြောင့် လက်တုံ့ပြန်လိုသည့်စိတ်ကို ထိန်းချုပ်ထားခဲ့ရပေသည်။
သို့သော် ယခုတွင် နန်ပါးထျန်းသည် ဤသို့ဆိုးရွားစုတ်ပြတ်သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ရာ လျိုလောင်ကွေ့သည် အဘယ်သို့များ ထိူလူအားနည်းနေချိန်တွင် တစ်ချက်လောက် ပိတ်ကန်ပစ်နိုင်မည့် အခွင့်အရေးကို လက်လွှတ်ခံပါမည်နည်း။ ဤအခွင့်အရေးကို အမိအရ မဖမ်းဆုပ်ပါက ကျိုစစ်၏ အားစိုက်ထုတ်မှုများကို စိတ်ပျက်စေလိမ့်မည် မဟုတ်ပါလော။
ထိုသို့တွေးလျက် လျိုလောင်ကွေ့သည် ချန်ကျဲ့အနားသို့ လာရပ်ကာ အသံမြှင့်လျက် ပြောသည်။
“ကျိုစစ် ငါတို့ခေါင်းဆောင်နန်ကို ကြည့်ပါဦး။ ပုံမှန်ဆို အရမ်းကိုမှ အထင်ကြီးဖွယ် လေးစားကြည်ညိုဖွယ်ကောင်းတဲ့လူက အခုတော့ တအီအီညည်းနေတဲ့ ခွေးတစ်ကောင်လို ဒူးထောက်နေတာကွာ ဟားဟားဟား….”
ထိုစကားတွင် ခေါင်းဆောင်နန်သည် ချက်ချင်း ဒေါသပေါက်ကွဲကာ လျိုလောင်ကွေ့အား သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကြည့်လာခဲ့သည်။
မင်းက ငါ့ကို စော်ကားပြောဆိုရဲတယ်ပေါ့လေ။ ငါ့ကို ခွေးလို့တောင် သမုတ်လိုက်သေးတယ်။ တကယ်သေချင်နေတာပဲ။
လျိုလောင်ကွေ့သည် နန်ပါးထျန်းအား တမင်အရှက်ခွဲနေခြင်းဖြစ်ကြောင်း ချန်ကျဲ့ သိသည်။ ထို့ကြောင့် ပြောလိုက်သည်။
“ခေါင်းဆောင်လျိုက စိတ်ကူးယဉ်တတ်လိုက်တာဗျာ။ ခေါင်းဆောင်လျိုပြောတော့မှ တကယ်တူသလိုလိုရှိလာတယ်ဗျ”
“မင်းတို့နှစ်ယောက် ငါ့ကို ဒေါသထွက်ပြီး သေအောင်ကြံစည်နေကြတာလား”
နန်ပါးထျန်းသည် ထိန်းချုပ်မထားနိုင်တော့ချေ။ ချန်ကျဲ့မှ နန်ပါးထျန်းကို လှည့်ကြည့်လိုက်ပြီး ပြောသည်။
“”ဘာလဲ သည်းမခံနိုင်တော့ဘူးလား။ ခင်ဗျား မကျေနပ်ရင်လည်း ထရပ်လိုက်လေ။ ကျုပ်နဲ့ ခေါင်းဆောင်လျိုက ခင်ဗျားနဲ့ တိုက်ခိုက်ဖို့ ဆန္ဒရှိပါတယ်”
နန်ပါးထျန်းသည် အလွန်မောက်မာသူဖြစ်သည့်တိုင် သူ၏ဝှက်ဖဲကိုမူ ထုတ်မသုံးလိုသေးပေ။ ချန်ကျိုစစ်နှင့် လျိုလောင်ကွေ့တို့ နှစ်ယောက်ပူးပေါင်းပါက သူအနိုင်မတိုက်နိုင်ကြောင်း နန်ပါးထျန်းသည် ကောင်းစွာသိ၏။ သို့သော် ဝှက်ဖဲကိုမူ ထုတ်မသုံးလိုသေးပေ။ ဝှက်ဖဲမှာ အရေးကြုံပါက အသက်ကယ်ရန်အတွက် သိမ်းဆည်းထားခြင်း ဖြစ်ပေသည်။
သို့ဖြင့် နန်ပါးထျန်းသည် အမျက်ဒေါသများကို ဖိနှိပ်ကာ လျိုလောင်ကွေ့၏ ထေ့ငေါ့လှောင်ပြောင်သည့်စကားများကိုလည်း လျစ်လျူရှုလျက် လှောင်ပြောင်သရော်မှုအားလုံးကို ကြိတ်မှိတ်သည်းခံနေခဲ့သည်။
ထို့နောက် နန်ပါးထျန်းသည် ခန္ဓာကိုယ်ကို တည့်မတ်လိုက်ပြီး ယဉ်ကျေးစွာ လက်ဟန်ပြအရိုအသေပြုလျက် ပြောသည်။
“ညီနောင်တို့ ခရီးလမ်းချောမွေ့ဖြောင့်ဖြူးပါစေ။ ဒီနေ့ ငါ နန်ပါးထျန်းက မင်းတို့အပေါ် မတရားပြုမူခဲ့မိတာပါ။ ဒါပေမဲ့ ငါ ဒီလိုလုပ်ခဲ့တာက တော်ဝင်နန်းတော်ရဲ့ ဝန်ကို မျှဝေထမ်းပိုးပေးဖို့အတွက်ပါ။ ညီနောင်တို့လည်း မြေအောက်ကမ္ဘာမှာ ငြိမ်းချမ်းစွာ အနားယူနိုင်ပြီး ငါ့ကို အပြစ်မယူဖို့ မျှော်လင့်ပါတယ်။ ငါနဲ့ အဖွဲ့သားညီနောင်၇၀၀တို့က မင်းတို့ခရီးလမ်းဖြောင့်ဖြူးစေဖို့အတွက် ဂါရဝပြုပို့ဆောင်ပါတယ်”
ထို့နောက် နန်ပါးထျန်းသည် ဒုန်းခနဲအသံမြည်သည်အထိ ခေါင်းတလားကို ခေါင်းဖြင့် သုံးကြိမ်ဦးတိုက်ခဲ့သည်။ နောက်ရှိ ချင်းယင်နှင့် လက်အောက်ငယ်သားများမှလည်း အော်ပြောကြသည်။
“ခရီးလမ်းဖြောင့်ဖြူးပါစေ ညီနောင်တို့”
ထို့နောက် နန်ပါးထျန်းကဲ့သို့ သုံးကြိမ်ဦးတိုက်ကြသည်။
သို့ဖြင့် နန်ပါးထျန်းသည် ဂုဏ်သိက္ခာကို အနည်းငယ်မျှ အဖတ်ဆယ်နိုင်သွားခဲ့သည်။ အနည်းဆုံးတော့ ပြောစကားအတိုင်း ကတိတည်သည်ဟူသည့် အချက်ကိုဖြင့် လုပ်ပြသွားနိုင်ခဲ့ပေသည်။
ချန်ကျဲ့သည် ထိုမြင်ကွင်းကို မျက်လုံးအိမ်တို့မှေးကျုံ့လျက် လေးနက်တည်ငြိမ်စွာ ကြည့်နေခဲ့သည်။
နန်ပါးထျန်းက တကယ် သန်မာတဲ့လူပါပဲလား။ မျန့်ရွေမှာ ဒီလောက်နှစ်တွေအများကြီး ရပ်တည်လာတာ သေချာပေါက် ငတုံးတစ်ကောင်က လုပ်နိုင်မယ့်အရာတော့ မဟုတ်ဘူး။ သူခုနက ပြောလိုက်တဲ့ စကားနည်းနည်းနဲ့တင် သူက လိမ္မာပါးနပ်တယ်ဆိုတာ ထင်ရှားနေတာပဲ။
ချန်ကျဲ့သည် ထိုသို့ဆင်ခြင်သုံးသပ်ပြီးနောက် ခေါင်းတလား၂၈လုံးဘက်သို့ လှည့်ကြည့်ကာ စိတ်ထဲမှ တွေးနေခဲ့သည်။
‘ညီနောင်တို့ ခရီးလမ်းသာယာဖြောင့်ဖြူးပါစေ။ နန်ပါးထျန်းက မင်းတို့အားလုံးကို ဒူးထောက်တောင်းပန်ခဲ့ပြီ။ ငါ မင်းတို့အတွက် နည်းနည်းချင်းစီ တဖြည်းဖြည်း လက်တုံ့ပြန်ပေးသွားပါ့မယ်”
ထို့နောက် ချန်ကျဲ့သည် ရှောင်ဟူကို လက်ဝှေ့ရမ်းအချက်ပြလိုက်သည်။
“ရှောင်ဟူ ညီနောင်တွေကို ခေါင်းတလားတွေ သံပြန်ရိုက်ခိုင်းလိုက်။ ညီနောင်တွေရဲ့ နောက်ဆုံးခရီးကို ဆက်ပို့ဆောင်ကြရအောင်”
ထိုအခါ ရှောင်ဟူသည် ချက်ချင်းပင် ခေါင်းတလားများကို ပြင်ဆင်ရန်နှင့် သံပြန်ရိုက်ရန် စီစဉ်လုပ်ဆောင်သည်။
ထိုစဉ် ချန်ကျဲ့သည် ယဲ့လုဖုန်းအား အရိုအသေပြုလိုက်ပြီး မေးသည်။
“သခင်ကြီး တခြားဘာများ မှာကြားချင်ပါသေးလဲ”
ယဲ့လုဖုန်းမှ ပြန်ပြောသည်။
“မရှိတော့ပါဘူး။ မင်းတို့ဆက်လုပ်ကြပါ”
ချန်ကျဲ့သည် ယဲ့လုဖုန်းအား နောက်တစ်ကြိမ် ကျေးဇူးတင်စကားဆိုပြီးနောက် ကျားဖြူခန်းမအဖွဲ့သားများကို အမိန့်ပေးလိုက်သည်။
“ခေါင်းတလားတွေကို သယ်ကြတော့၊ ငါတို့သွားကြမယ်”
ထိုအခါ စစ်ရှီးမှ အော်ပြောသည်။
“တေးဂီတတွေ ပြန်တီးခတ်ကြ။ ထွက်ခွာမယ်”
ထိုအခါ ဂီတပညာရှင်များသည် စျာပနအခမ်းအနားသုံး တေးဂီတသံကို စတင်တီးခတ်ကြသည်။ စီတန်းလှည့်လည်မှုသည် ချင်းရှန်းသို့ ဆက်လက်ဦးတည်သွားခဲ့သည်။ သူတို့သွားရာလမ်းတစ်လျှောက်၌ ဒင်္ဂါးပြားများ ပြန့်ကျဲကျန်ရစ်ခဲ့ပေသည်။
(ငွေအသပြာက လမ်းပြသလို့ ကြီးကြီးငယ်ငယ် ဝိဥာဉ်အပေါင်းတို့ ကျုပ်တို့ညီနောင်တွေကို အခက်တွေ့အောင် မလုပ်ကြပါနဲ့)
ဝေးကွာသွားသည့်လူအုပ်ကြီးကို ကြည့်နေခဲ့လျက် နန်ပါးထျန်းသည် မြေပြင်မှ ပြန်ထရပ်လိုက်သည်။ ထိုအချိန်၌ ယဲ့လုဖုန်းသည် နန်ပါးထျန်းအနီးသို့ မြင်းစီးလျက် တိုးကပ်လာပြီး ပြောသည်။
“ခေါင်းဆောင်နန် ဒါက မင်းယုံကြည်ချက်အပြည့်နဲ့ ကတိပေးခဲ့တဲ့ အောင်မြင်မှုကြီးဆိုတာလား။ မိန်ဂိုဏ်းသားတွေက ဘယ်မှာများလဲ”
အမျက်ဒေါသအပြည့်ဖြစ်နေသည့်တိုင် ထွက်ပေါက်ပေးစရာနေရာမရှိနေသည့် နန်ပါးထျန်းသည် ယဲ့လုဖန်းကို ဒေါသတကြီး မော့ကြည့်လိုက်သည်။ သူ၏စိတ်မှာ ယဲ့လုဖုန်းအား ပြန်ချေပပြောဆိုရန် အသင့်ဖြစ်နေ၏။ သို့သော် ယဲ့လုဖုန်း၏ခက်ထန်သည့် မျက်လုံးများသည် သူ့အား နောက်ပြန်ဆုတ်သွားစေခဲ့သည်။ ထိုအခါမှ နန်ပါးထျန်းသည် အသိပြန်ဝင်သွားခဲ့၏။ ယဲ့လုဖုန်းသည် သူပြန်လည်၍ အချေအတင်ပြောဆိုခြင်းငှာ တတ်နိုင်သူမဟုတ်ပါချေ။
***