နန်ပါးထျန်းသည် အရှက်ရမှုနှင့် အမျက်ဒေါသတို့ကို ထိန်းချုပ်ရန် ရုန်းကန်နေရသည်။ ထို့နောက် ယဲ့လုဖုန်းကို ပြောသည်။
“သခင်ကြီးယဲ့လု ဒါက ချန်ကျိုစစ် ဆင်ထားတဲ့ ထောင်ချောက်ပါ။ ကျွန်တော့်ကို ဒူးထောက်တောင်းပန်အောင် လုပ်ဖို့အတွက် တမင်စီစဉ်ထားတဲ့ ထောင်ချောက်ပါ”
ယဲ့လုဖုန်းသည် နန်ပါးထျန်းကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။
“မင်းသာ သူ့ကို သတ်ချင်မနေခဲ့ရင် သူ့ထောင်ချောက်ထဲ ကျသွားပါ့မလား။ အခု ဘာဖြစ်သွားလဲကြည့်ဦး။ ကျိုစစ်က မိန်ဂိုဏ်းနဲ့ပူးပေါင်းနေတာ မဟုတ်ခဲ့ဘူး။ မင်းကတော့ မျန့်ရွှေမှာ ဒီလိုပြဿနာကြီးမွှေပြီး လူတွေကို ကစဉ့်ကလျားဖြစ်စေခဲ့တယ်။ ဒီအချိန်အတောအတွင်းမှာ မိန်ဂိုဏ်းက ဘာပြဿနာမှ ထပ်မရှာဖို့ မင်းဆုတောင်းနေသင့်တယ်။ မဟုတ်လို့ကတော့…”
ယဲ့လုဖုန်းသည် စကားကို ပြီးဆုံးအောင် မပြောခဲ့သော်ငြား နန်ပါးထျန်းသည် ယဲ့လုဖုန်း၏ ဆိုလိုရင်းကို နားလည်ပါ၏။ ထို့ကြောင့် မျက်နှာပျက်ယွင်းသွားခဲ့သည်။
“အရမ်းကောင်းတယ်၊ ငါကတော့ စိတ်ရောကိုယ်ပါနှစ်ပြီး မင်းအတွက် အကျိုးပြုဖို့ ကြိုးစားခဲ့တာကို မင်းကတော့ ငါ့ဂုဏ်သိက္ခာကို လျစ်လျူရှုရုံတင်မကဘဲ ငါ့ကို သုံးပြီးသား ပစ္စည်းတစ်ခုလို စွန့်ပစ်ချင်နေတယ်။ နောက်ဆက်တွဲအကျိုးဆက်အားလုံးကို ငါတစ်ယောက်တည်း ထမ်းပိုးခိုင်းတယ်။ ယဲ့လုဖုန်း မင်းတကယ် အကြင်နာမဲ့တာပဲ”
ထိုသို့အတွေးများဖြင့် နန်ပါးထျန်း၏စိတ်နှလုံးတွင် အမျက်ဒေါသ၊ နာကျည်းမုန်းတီးမှုနှင့် ရှက်ရွံ့မှုများ လှိုက်တက်လာခဲ့သည်။ နန်ပါးထျန်းသည် ဤစကားတစ်ခွန်းကိုသာ ပြောချင်ပါ၏။
“သေစမ်း၊ ငါတကယ်အခြေအနေဆိုးရွားနေပြီ”
ထိုစဉ် မြင်းစီးကင်းလှည့်တပ်သားတစ်ဦးသည် ယဲ့လုဖုန်းတို့ရှိရာသို့ မြင်းကို ဒုန်းဆိုင်းဦးတည်လာနေသည်။ ထိုသို့ အမြန်လာနေရင်း ပါးစပ်မှလည်း အော်ဟစ်ပြောနေ၏။
“သခင်ကြီး မကောင်းတော့ဘူး၊ ပြဿနာတက်နေပြီ…”
ထိုအော်ဟစ်သံကြောင့် ယဲ့လုဖုန်း သိသိသာသာ မျက်မှောင်ကြုတ်သွား၏။ ချီမုကောသည် ချက်ချင်း မြင်းပေါ်တက်၍ ထိုအော်ဟစ်လာသည့် တပ်သားအနီးသို့ သွားပြီး မေးမြန်းလိုက်သည်။
“ဘာဖြစ်လို့လဲ”
ယဲ့လုဖုန်းသည် ချွေးများရွှဲနစ်လျက် မောပန်းနွမ်းနယ်မှုကြောင့် မေ့လဲကျလုမတတ်ဖြစ်နေသည့် ကင်းလှည့်တပ်သားကို ကြည့်နေခဲ့သည်။ ထိုတပ်သား၏ အဖြေစကားကိုလည်း ကြားလိုက်ရသည်။
“အရှေ့မြို့ဂိတ်တံခါး အရှေ့မြို့ဂိတ်တံခါးမှာ ပြဿနာတက်နေပြီ”
“အရှေ့မြို့ဂိတ်တံခါးလား။ အရှေ့မြို့ဂိတ်တံခါးမှာ ဘာဖြစ်လို့လဲ”
ယဲ့လုဖုန်း၏ အမေးစကားကို တပ်သားမှ ပြန်ဖြေသည်။
“ အရှေ့မြို့ဂိတ်တံခါးကို မိန်ဂိုဏ်းသားတွေ ရုတ်တရက် တိုက်ခိုက်လာပါတယ်။ ဂိတ်တံခါးက ချိုးဖျက်ခံလိုက်ရပြီး မိန်ဂိုဏ်းသားတွေ ထွက်သွားပါပြီ”
“ဘာ”
ယဲ့လုဖုန်း၏အသားအရောင်မှာ ရုတ်ချည်း ပြောင်းလဲသွားကာ ကင်းလှည့်တပ်သားအား စူးစိုက်ကြည့်လျက် ပြောသည်။
“မိန်ဂိုဏ်းသားတွေဆိုတာ သေချာလား”
“သေချာပါတယ်”
တပ်သားမှ အတည်ပြုပြောဆိုသည်။
“သူတိုက ဦးခေါင်းမှာ အနီရောင်အဝတ်တွေ ပတ်ထားတာကြောင့် ခွဲခြားသိဖို့ လွယ်ကူပါတယ်။ အိုး ဟုတ်သား၊ အဲဒီမိန်ဂိုဏ်းသားတွေရဲ့ခေါင်းဆောင်က စွင်းမိသားစုပန်းပဲရုံက စွင်းထျဲချွေ့ပါ။ သူက မိန်ဂိုဏ်းသားပါ”
ထိုစကားတွင် ယဲ့လုဖုန်း၏မျက်နှာမှာ ဖြူဖျော့သွားတော့သည်။ တပ်သားမှ ဆက်ပြောသည်။
“သူတို့အရှေ့မြို့ဂိတ်တံခါးကို တိုက်ခိုက်တာ လက်ဖက်ရည်အိုးတစ်အိုးတည်ချိန်တောင် မကြာလိုက်ဘဲ အရှေ့မြို့ဂိတ်တံခါးကို ဖောက်ထွက်နိုင်ခဲ့ပါတယ်”
“နေဦး သူတို့လူဘယ်နှယောက်လဲ”
ယဲ့လုဖုန်းမှ တပ်သား၏အမေးစကားကို ပြန်ပြောသည်။
“အယောက်တစ်ရာဝန်းကျင်ပါ”
“လူတစ်ရာလောက်က လက်ဖက်ရည်တစ်အိုးတည်စာ အချိန်အတွင်းမှာ အရှေ့မြို့ဂိတ်ကို ဖောက်ထွက်သွားတယ်ပေါ့လေ။ အရှေ့မြို့ဂိတ်စောင့်တွေက ဘယ်ရောက်သွားလို့လဲ။ သေနေကြလို့လား”
ယဲ့လုဖုန်း၏ မျက်နှာမှာ မည်းမှောင်နေ၏။ တပ်သားလေးမှ ခါးသီးစွာဖြင့် ပြန်ပြောသည်။
“သခင်ကြီး အရှေ့မြို့ဂိတ်မှာ စောင့်ကြပ်နေတဲ့သူ မရှိပါဘူး။ ရုံးတော်ဘက်က တပ်သားဒါဇင်လောက်ပဲ ရှိပါတယ်။ စွင်းထျဲချွေ့နဲ့ သူ့လူတွေ ချီတက်လာတာနဲ့ မြို့တံခါးက ချက်ချင်း ပွင့်သွားတာပါပဲ။ ကြိုတင်ပြင်ဆင်ထားမှုတချို့ကြောင့်သာ မဟုတ်ခဲ့ရင် မိန်ဂိုဏ်းသားတွေအတွက် လက်ဖက်ရည်တစ်အိုးတည်စာတောင် ကြာလိုက်မှာ မဟုတ်ပါဘူး”
“အရှေ့မြို့ဂိတ်တံခါးကို စောင့်ကြပ်နေတဲ့သူ မရှိဘူးတဲ့လား”
ယဲ့လုဖုန်း၏ မျက်နှာအမူအရာမှာ သိသိသာသာပြောင်းလဲသွားခဲ့ကာ ထိုစကားသာလျှင် စိတ်ထဲ ရစ်ဝဲနေခဲ့သည်။ ထို့နောက် နန်ပါးထျန်းကို လှည့်ကြည့်လိုက်၏။
အရှေ့မြို့ဂိတ်သည် နန်ပါးထျန်း၏ထိန်းချုပ်မှုအောက်တွင် ဖြစ်သည်။ နန်ပါးထျန်းသည် ချန်ကျိုစစ်ကို ဖမ်းဆီးရန်အတွက် သူ၏အဖွဲ့သား၇၀၀လုံးကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့အတွေးတွင် ယဲ့လုဖုန်းသည် ဒေါသကြောင့် မျက်လုံးများ နီရဲလာခဲ့ကာ နန်ပါးထျန်းကို ပြောသည်။
“မင်း မင်းစောင့်နေလိုက်”
နန်ပါးထျန်းသည်လည်း ဒေါသနှင့်အတူ မျက်နှာဖြူဖျော့သွား၏။
မိန်ဂိုဏ်းက ဒီလိုအခွင့်အရေးယူသွားမယ်လို့ ဘယ်သူက ထင်ထားမှာတဲ့လဲ။ နေပါဦး၊ ရန်သူက တကယ်ပဲ ဒါကို အခွင့်အရေးဝင်ယူသွားတာလား။
ဒါမှမဟုတ်…
နန်ပါးထျန်း၏မျက်နှာမှာ အလွန်အမင်း ရှုံ့မဲ့ပျက်ယွင်းနေ၏။
ဒါကလည်း ချန်ကျိုစစ်ရဲ့ အကြံအစည်တစ်ခုပဲလား။
“သခင်ကြီးယဲ့လု ကျွန်တော်…”
ယဲ့လုဖုန်းတွင် နန်ပါးထျန်းနှင့် ဖြေရှင်းနေရန် အချိန်မရှိပေ။ မြင်းပေါ်တက်၍ ဒုန်ဆိုင်းပြေးလိုက်ရန် ဟန်ပြင်တော့သည်။ ထို့နောက် လက်ဝှေ့ရမ်း၍ အမိန့်ပေးသည်။
“အားလုံးပဲ အရှေ့မြို့ဂိတ်တံခါးကို သွားမယ်။ မိန်ဂိုဏ်းသားတွေကို လုံးဝ လွတ်သွားလို့မဖြစ်ဘူး”
“ဟုတ်ကဲ့”
ယဲ့လုဖုန်း၏အမိန့်အဆုံး၌ မြင်းတပ်သား၅၀၀သည် အသင့်အနေအထားပြင်ဆင်ပြီးနောက် စွင်းထျဲချွေ့တို့အုပ်စုအား ဟန့်တားဖမ်းဆီးရန် အရှေ့မြို့ဂိတ်တံခါးဆီသို့ ဦးတည်ထွက်ခွာကြသည်။
ယဲ့လုဖုန်းသည် အကောင်းဘက်မှ တွေးလွန်းမိခဲ့ခြင်းပင်။ စွင်းထျဲချွေ့တို့အုပ်စုသည် လက်နက်များပို့ဆောင်နေရပါက မြန်မြန်သွားနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် စွင်းထျဲချွေ့တို့သည် ဘာကိုမျှ သယ်ဆောင်ထားခြင်း မရှိပေ။ စွင်းထျဲချွေ့တို့မိန်ဂိုဏ်းအုပ်စုသည် မြို့ပြင်ထွက်ပြီးသည်နှင့် ပင်လယ်ထဲလွတ်သွားသည့် နဂါးများအလား ဖမ်းဆီးမရနိုင်တော့ပေ။
ထို့ကြောင့် ယဲ့လုဖုန်း၏ လိုက်လံဖမ်းဆီးမှုသည် အချည်းနှီးသာ ဖြစ်ရလိမ့်မည်။
ယဲ့လုဖုန်း ထွက်ခွာသွားပြီးနောက် နန်ပါးထျန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။ ဤတစ်ကြိမ်တော့ နန်ပါးထျန်းသည် ကျောက်သားကြမ်းပြင်ကို အမှန်တကယ် ထိသွားခဲ့လေပြီ။ ချန်ကျိုစစ်ကို ဖမ်းဆီးရန် ကျရှုံးခဲ့ရုံသာမက ဒူးထောက်၍ သုံးကြိမ်ဦးညွှတ်တောင်းပန်ရခြင်းဖြင့် မိမိကိုယ်ကိုယ် အရှက်ရစေခဲ့မိလေသည်။
ဤမျှဖြင့် ပြီးဆုံးပြီဟု ထင်ထားခဲ့သော်ငြား ကံကောင်းမှုသည် အမြောက်အများ တစ်ပါတည်း ရောက်မလာတတ်သည့်တိုင် ကံဆိုးမှုသည်တော့ တစ်ဆက်တည်း အများကြီး ရောက်လာတတ်ပေသည်။ ယခုတွင် မိန်ဂိုဏ်းသားများသည် သူတာဝန်ယူထားသည့် မြို့ဂိတ်တံခါးမှ မြို့ပြင်ဖောက်ထွက်သွားခဲ့လေပြီ။ ထိုသို့ ဖောက်ထွက်သွားနိုင်ရသည့်အကြောင်းရင်းမှာလည်း ချန်ကျိုစစ်ကို ဖမ်းဆီးရန်အတွက် တပ်သားများကို နေရာရွှေ့ပြောင်းရန် သူကိုယ်တိုင်အမိန့်ပေးခဲ့သောကြောင့် ဖြစ်ပေသည်။
ဤသည်မှာ ဒဏ်ရာကို ဆားသိပ်လိုက်ခြင်းပင်။
ဤသည်မှာ သူ့ကို သေကြောင်းကြံစည်လိုက်ခြင်းပင် ဖြစ်၏။
ထိုသို့တွေးတောလျက် နန်ပါးထျန်းသည် ထန်ဇီယွဲ့အား စိမ်းသက်သက်မျက်လုံးများဖြင့် လှည့်ကြည့်လိုက်သည်။
ဒါတွေအားလုံး သူ့ကြောင့်ပဲ။ ဒီနေ့အဖြစ်အပျက်အားလုံးက သူ့ကြောင့် ဖြစ်လာရတာပဲ။ သူပဲ အရာအားလုံးကို စီစဉ်ပေးခဲ့တာ။ ထန်ဇီယွဲ့သည် သူ့အား မည်သို့မျှ သစ္စာမဖောက်နိုင်ဟု ယုံကြည်ရသောကြောင့်သာ မဟုတ်ခဲ့လျှင် ထန်ဇီယွဲ့သည် ချန်ကျိုစစ်၏သူလျှိုဟု နန်ပါးထျန်း ထင်မိလောက်ပေသည်။
နန်ပါးထျန်းသည် ထန်ဇီယွဲ့ကို လှည့်ကြည့်၍ ပြောခဲ့သည်။
“ခန်းမအရှင်သခင်ထန် ဒီနေ့ဖြစ်သွားခဲ့တဲ့ အခြေအနေတွေအတွက် မင်းမှာ ပြောစရာရှိသလား။ ချန်ကျိုစစ်က စစ်လက်နက်ပစ္စည်းတွေကို ခေါင်းတလားတွေထဲ ထည့်ပြီး ခိုးထုတ်လိမ့်မယ်လို့ မင်းပြောခဲ့တာ မဟုတ်ဘူးလား။ ကဲ အခုတော့ ဘယ်လိုဖြစ်သွားလဲ။ မင်း ဒီကိစ္စကို ဘယ်လိုရှင်းမလဲ”
ထန်ဇီယွဲ့၏ မျက်နှာသည်လည်း ဆိုးရွားနေခဲ့သည်။ သို့သော် နန်ပါးထျန်း၏ ကြိမ်းမောင်းခံရသောကြောင့် မဟုတ်ပါဘဲ ချန်ကျဲ့ထံ ရှုံးနိမ့်သွားသည့် ခံစားချက်ကြောင့် ဖြစ်ပေသည်။ ကြည့်ရသည်မှာ သူဆုံးဖြတ်ချက်ချခဲ့သည့် အရာရာတိုင်းသည် ချန်ကျိုစစ်မှ သူ့ကို တွေးမြင်စေလိုသည့် အရာများသာ ဖြစ်ပေလိမ့်မည်။
ထန်ဇီယွဲ့သည် အလွန်ဂုဏ်ယူဝံ့ကြွားတတ်သူဖြစ်ပြီး ဉာဏ်ရည်တိုက်ပွဲများ၌ မည်သူ့ကိုမျှ ရှုံးနိမ့်ခဲ့ဖူးသူ မဟုတ်ပေ။ ချန်ကျိုစစ်ကို ရှုံးနိမ့်လိမ့်မည်ဟုလည်း သူတစ်ခါမျှ တွေးမထားခဲ့ဖူးချေ။ အရင်တစ်ခေါက်က သစ်တောအုပ်ထဲတွင် ချန်ကျိုစစ်ထံ ရှုံးနိမ့်ခဲ့ပြီးနောက်၌ ထန်ဇီယွဲ့သည် သူ၏ဉာဏ်ပညာထက်မြက်မှုကို သက်သေထူရန်အတွက် ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် ထန်ဇီယွဲ့သည် ချန်ကျိုစစ်ကို အဆက်မပြတ် ပစ်မှတ်ထား၍ အကြံအစည်များစွာကို ကြံစည်ခဲ့ပြီး ဤတစ်ကြိမ်တွင်တော့ ချန်ကျိုစစ်ကို အနိုင်ရလိမ့်မည်ဟု မိမိကိုယ်ကိုယ် ယုံကြည်ထားခဲ့သည်။ သို့သော် မမျှော်လင့်စွာဖြင့် ဤသည်မှာလည်း ချန်ကျိုစစ် အစီစဉ်တကျ ဆင်ထားသည့် ထောင်ချောက်ဖြစ်နေခဲ့ပေသည်။
***