ဤကစားပွဲတွင် သူရှုံးနိမ့်သွားခဲ့လေပြီ။
“ကျွန်တော်တောင်းပန်ပါတယ် ခေါင်းဆောင်။ ချန်ကျိုစစ်က ဒီလောက်အထိခန့်မှန်းရခက်တဲ့လူဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်မထားခဲ့လို့ပါ…”
ထိုစကားတွင် နန်ပါးထျန်းသည် သက်ပြင်းရှည်ကြီး ချလိုက်ရင်း ထန်ဇီယွဲ့၏ပခုံးကို ခပ်ဖွဖွပုတ်ပေးခဲ့သည်။ နန်ပါးထျန်းသည် ထန်ဇီယွဲ့ကို ပြစ်တင်ပြောဆိုခြင်း မပြုခဲ့ပေ။
နန်ပါးထျန်းသည် ထန်ဇီယွဲ့၏ သစ္စာစောင့်သိမှုကို ကောင်းကောင်းသိပါ၏။ ဤနှစ်များအတွင်း ငါးဖမ်းကုန်သည်အဖွဲ့၏ တိုးတက်မှုများသည် ထန်ဇီယွဲ့၏ အစီအစဉ်များကြောင့်လည်း ပါဝင်သည်ကို ငြင်းဆန်မရပေ။ နန်ပါးထျန်းသည် ထန်ဇီယွဲ့ကို တကယ်လေးစားပါ၏။
သို့ဖြစ်ရာ ဤတစ်ကြိမ်တွင် ထန်ဇီယွဲ့သည် သူ့အား ထိခိုက်စေခဲ့သော်ငြား နန်ပါးထျန်းသည် ထန်ဇီယွဲ့အား အပြစ်မတင်ပါချေ။
ကိုယ်ရောစိတ်ပါ နှစ်မြှုပ်၍ အစီအစဉ်ရေးဆွဲပေးခဲ့သည် နည်းဗျူဟာရှင်အား အပြစ်မတင်သင့်ပါချေ။
ဤသည်မှာ နန်ပါးထျန်း၏ သဘောထားဖြစ်သည်။ သို့သော် နန်ပါးထျန်းမှ အပြစ်မတင်ဘဲ ရပ်နေစဉ် ချင်းယင်မှ ဒေါသတကြီး အော်ဟစ်လာ၏။
“ထန်ဇီယွဲ့ ဘာတွေဖြစ်ကုန်တာလဲ။။ မင်းကိုယ်မင်း ဗျူဟာပိုင်းမှာ ပြိုင်ဘက်ကင်းလို့ အမြဲပြောနေခဲ့တာ မဟုတ်ဘူးလား။ ဒီနေ့ကျ ဘာလို့ ချန်ကျိုစစ်ရဲ့ထောင်ချောက်ထဲ ကျသွားရတာလဲ။ စစ်လက်နက်ပစ္စည်းတွေ ရှာမတွေ့တဲ့အပြင် ငါတို့မှာ ခေါင်းတလားတွေကိုပါ သုံးကြိမ်ဦးညွှတ်လိုက်ရသေးတယ်။ အခု ငါတို့က မျန့်ရွှေတစ်ခုလုံးရဲ့ ဟာသကြီး ဖြစ်သွားပြီကွ”
“ပြီးတော့ အရှေ့မြို့ဂိတ်တံခါးက အစောင့်တွေကို နေရာရွှေ့တာကိုလည်း မင်း မတားခဲ့ဘူး။ မင်းဘယ်လိုတွေလုပ်နေတာလဲ။ ပြီးရင် သခင်ကြီးယဲ့လုကို ဘယ်လိုရှင်းပြကြမလဲ။ သခင်ကြီးယဲ့လုက မိန်ဂိုဏ်းသားတွေကို ငါတို့ တမင်လွှတ်ပေးလိုက်တာလို့ ထင်သွားလောက်မယ် မဟုတ်ဘူးလား”
ချင်းယင်မှ ဒေါသတကြီးဖြင့် ထန်ဇီယွဲ့ကို မေးခွန်းထုတ်သည်။
ထိုအခါ နန်ပါးထျန်းသည်လည်း ကူကယ်ရာမဲ့နေဟန်ဖြင့် ထန်ဇီယွဲ့ကို ကြည့်လိုက်သည်။
ဤတစ်ကြိမ်မှာ အလွန်ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ခြင်းဖြစ်၏။
ချင်းယင်သည် ထန်ဇီယွဲ့ကို အဆက်မပြတ် ပြစ်တင်ပြောဆိုနေသော်လည်း ထန်ဇီယွဲ့သည် ဘာမျှပြန်လည်မတုံ့ပြန်ဘဲ ပြစ်တင်ခံနေခဲ့သည်။
ထိုစဉ် နန်ပါးထျန်းမှ လက်ဝှေ့ရမ်းလျက် ပြောသည်။
“တော်လောက်ပြီ။ ဒီကိစ္စအတွက် ခန်းမအရှင်သခင်ထန်ကိုပဲ အပြစ်တင်လို့မရဘူး။ ငါတို့အားလုံး ချန်ကျိုစစ်ရဲ့ အဆိပ်ထောက်ချောက်ထဲ ကျသွားတာ သိသာနေတာပဲ။ အခုအချိန်မှာ အရေးအကြီးဆုံးက ဟိုလူ့အမှား၊ သည်လူ့အမှားနဲ့ အပြစ်တင်နေဖို့ မဟုတ်ဘူး။ အခုအချိန်မှာ အရေးအကြီးဆုံးက ဒီကိစ္စကြောင့် ဖြစ်လာမယ့် ဆိုးကျိုးသက်ရောက်မှုတွေကို အတတ်နိုင်ဆုံး လျှော့ချဖို့ပဲ”
“ငါတို့ ဖြေရှင်းဖို့နည်းလမ်းကို ရှာဖွေရမယ်”
ထိုအခါ ချင်းယင်မှ နန်ပါးထျန်းကို ပြောသည်။
“ခေါင်းဆောင် ကျွန်တော်တို့ဘာလုပ်နိုင်မလဲ”
နန်ပါးထျန်းသည် ခဏမျှ တိတ်ဆိတ်နေပြီးနောက် ပြောသည်။
“အခုအချိန်မှာ ချန်ကျိုစစ်ကို ဖမ်းဖို့က မဖြစ်နိုင်ဘူး။ ပြီးတော့ သခင်ကြီးယဲ့လု ငါတို့အပေါ် သံသယကင်းရှင်းဖို့အတွက်နဲ့ အပြစ်ပေးမခံရဖို့အတွက်ဆို နည်းလမ်းတစ်ခုပဲ ရှိတော့မယ်”
“ဘာနည်းလမ်းပါလဲ”
ချင်းယင်သည် နန်ပါးထျန်းကို ကြည့်နေခဲ့သည်။
နန်ပါးထျန်းမှ ပြောသည်။
“မုလန်လူမျိုးတွေအတွက် စစ်လက်နက်ပစ္စည်းတွေ ရှာဖွေပေးမယ်။ အဲဒါက သခင်ကြီးယဲ့လု အရမ်းစိုးရိမ်ပူပန်နေရတဲ့အရာပဲ။ ငါတို့က သခင်ကြီးယဲ့လုရဲ့ အဲဒီပူပန်မှုကို ကူညီဖြေရှင်းပေးနိုင်မယ်ဆိုရင် အပြစ်ပေးခံရမယ့်အရေးကို ရှောင်တိမ်းနိုင်မယ့်အပြင် သခင်ကြီးယဲ့လုရဲ့ ယုံကြည်မှုကိုလည်း ရရှိလိမ့်မယ်။ အဲဒါဆို ငါတို့ဘက်က အကျိုးယုတ်နေတဲ့ အခြေအနေကိုလည်း ပြန်လှန်နိုင်လိမ့်မယ်”
ထိုအခါ ချင်းယင်မှ ပြောသည်။
“လက်နက်ရှာဖွေမယ်တဲ့လား။ ဘယ်ကနေ စလုပ်ရမှာလဲ”
နန်ပါးထျန်းသည် ထန်ဇီယွဲ့ကို ကြည့်လိုက်သည်။
“ခန်းမအရှင်သခင်ထန် အကြံဉာဏ်လေးများရှိသလား”.
ထိုအခါ ထန်ဇီယွဲ့မှ ပြောသည်။
“ခေါင်းဆောင်ပြောတာ မှန်ပါတယ်။ ဒီရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေကို ချိုးဖျက်ဖို့ တစ်ခုတည်းသောနည်းလမ်းက လက်နက်ရှာဖွေပေးတာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ဒီထက်ပိုပြီး ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ လိုအပ်ပါသေးတယ်”
ထန်ဇီယွဲ့သည် မြေပြင်ထက်မှ သစ်ကိုင်းခြောက်တစ်ခုကို ကောက်ယူလိုက်သည်။
ထို့နောက် မြေပြင်တွင် လေးထောင်ပုံသဏ္ဍာန်ဆွဲလိုက်ပြီး ဆက်ပြောသည်။
“အရင်ဆုံး လက်နက်တွေက မြို့ထဲမှာ ရှိနေတုန်းပဲဆိုတာကို အတည်ပြုရမယ်။ လက်နက်တွေက မြို့ထဲမှာပဲ ဖြစ်နိုင်ခြေရှိတယ်။ လက်နက်တွေက မြို့ထဲမှာဆိုတော့ ငါတို့ရှာရမယ့်နယ်မြေကိုလည်း ချုံ့လိုက်နိုင်ပြီပေါ့”
“မိန်ဂိုဏ်းက လက်နက်တွေကို မြို့ပြင်ထုတ်ဖို့ နည်းလမ်းလိုအပ်ပါလိမ့်မယ်။ မြို့ဂိတ်တံခါးတွေက ပုံမှန်အတိုင်း စောင့်ကြပ်နေမှာမို့ သူတို့အတွက် အခွင့်အရေးမရှိပါဘူး။ ပြီးတော့ သူတို့က အလျင်လိုနေကြတာမို့လို့ ဒီနေ့ ဈာပနအခမ်းအနားမှာ လှုပ်ရှားကြပါလိမ့်မယ်”
“ချန်ကျိုစစ်ရဲ့ခေါင်းတလားတွေကိုတော့ ကျွန်တော်တို့ ခုနကပဲ စစ်ဆေးပြီးပါပြီ။ လက်နက်တွေ ရှိမနေပါဘူး။ ဆိုလိုတာက လက်နက်တွေကို တောင်မြို့ဂိတ်တံခါးဝကနေ ထုတ်မသွားခဲ့ပါဘူး”
ထန်ဇီယွဲ့သည် တောင်မြို့ဂိတ်တံခါးကို ကိုယ်စားပြုသည့် လေးထောင့်ပုံတွင် ကြက်ခြေခတ်ခြစ်လိုက်သည်။
“ခုနက ကင်းလှည့်တပ်သားက မိန်ဂိုဏ်းသားတွေ အရှေ့မြို့ဂိတ်တံခါးက ဖောက်ထွက်သွားပြီလို့ သတင်းပို့ခဲ့တယ်။ ဒါပေမဲ့ လက်နက်တွေ အများကြီး သယ်သွားတယ်လို့တော့ မပြောခဲ့ဘူး။ ဆိုလိုတာက ဒါက အာရုံဆွဲဆောင်ဖို့အတွက် လှည့်စားမှုတစ်ခုဖြစ်နိုင်တယ်။ တခြားနေရာတွေက စောင့်ကြပ်မှုနှုန်းကို လျှော့ချဖို့အတွက် ဒီလမ်းကို လမ်းကြောင်းရှင်းအောင် လုပ်တာပဲ*
ထန်ဇီယွဲ့မှ ပြောသည်။
“ဒါပေမဲ့ထူးဆန်းတယ်။ စွင်းထျဲချွေ့က ဘာလို့ သူ့ကိုယ်သူ ဖော်ထုတ်လိုက်ရတာလဲ”
ထန်ဇီယွဲ့သည် ထူးဆန်းနေသည့်အချက်ကို မေးခွန်းထုတ်ပြီးစဉ်းစားသည်။
စွင်းထျဲချွေ့က ထွက်ပြေးနေစဉ်အတွင်းမှာ သရုပ်မှန်ကို ဖုံးကွယ်သွားလို့ရပေမဲ့ တပ်သားတွေက သူ့ကို မှတ်မိသွားစေခဲ့တယ်။ မူမမှန်ဘူး။
ထိုသို့တွေးမိသည်နှင့် ထန်ဇီယွဲ့သည် ဆက်လက်၍ နှိုက်နှိုက်ချွတ်ချွတ် တွေးတောမနေတော့ဘဲ ပြောလိုက်သည်။
“အရှေ့မြို့ဂိတ်တံခါးကနေ လက်နက်တွေ ထုတ်မသွားဘူးဆိုတော့ လက်နက်တွေက မြို့ထဲမှာရှိနေသေးတယ်လို့ ဆိုလိုတာပဲ။ ဒါပေမဲ့ ဘယ်မှာလဲ”
ထန်ဇီယွဲ့သည် မြေပြင်ပေါ်တွင် သူဆွဲထားသည့် အရှေ့မြို့ဂိတ်တံခါးကို ကိုယ်စားပြုသည့် လေးထောင့်ပုံကို ကြက်ခြေခတ်လိုက်သည်။
ထန်ဇီယွဲ့၏ ခွဲခြမ်းစိတ်ဖြာမှုအဆုံး၌ နန်ပါးထျန်းမှ မေးလာသည်။
“အဲဒီတော့ ခန်းမအရှင်သခင်ထန် လက်နက်တွေက ဘယ်မှာလဲ။ စွင်းထျဲချွေ့ရဲ့ပန်းပဲရုံမှာ ဖွက်ထားတာလား”
ထန်ဇီယွဲ့ ခေါင်းခါသည်။
“မဖြစ်နိုင်ဘူး။ လက်နက်တွေ ပန်းပဲရုံမှာ ရှိနေတယ်ဆိုရင် စွင်းထျဲချွေ့က သူ့ကိုယ်သူ ဖော်ထုတ်လိုက်မှာ မဟုတ်ဘူး။ သူ့ကို လူတွေ သိသွားစေချင်လို့သာ စွင်းထျဲချွေ့က သူ့ကိုယ်သူ ဖော်ထုတ်လိုက်တာပဲ။ သူက ဘာလို့ လူသိခံချင်ရတာလဲ”
ထန်ဇီယွဲ့သည် အနည်းငယ် မျက်မှောင်ကြုတ်ထား၏။ ဤတွင် ထောင်ချောက်တစ်ခုခုရှိနေကြောင်း သူခံစားမိနေခဲ့သည်။
အရာအားလုံးကို မြှုပ်နှံပစ်နိုင်မည့် ထောင်ချောက်ကြီးတစ်ခုပင်။
ထိုစဉ် ချင်းယင်မှ ပြောသည်။
“ခန်းမအရှင်သခင်ထန် အခုလောလောဆယ် စွင်းထျဲချွေ့အကြောင်းကို ထားလိုက်ရအောင်ပါ။ အခုအာရုံစိုက်ရမှာက လက်နက်ရှာဖို့ပဲ။ လက်နက်တွေ ဘယ်မှာရှိနေနိုင်လဲဆိုတာကိုပါ”
“ခန်းမအရှင်သခင်ထန် အလျင်မလိုပါနဲ့။ အချိန်ယူစဉ်းစားပါ”
ဤအခိုက်အတန့်၌ နန်းပါးထျန်းသည် ထန်ဇီယွဲ့အပေါ် မျှော်လင့်ချက်အားလုံး ပုံအောလိုက်ပြီ ဖြစ်သည်။ ထန်ဇီယွဲ့မှ လက်နက်ရှိသည့်နေရာကို ခန့်မှန်းနိုင်သ၍၊ လက်နက်များကို သိမ်းယူပြီး သခင်ကြီးယဲ့လုထံ ပေးအပ်နိုင်သ၍၊ သခင်ကြီးယဲ့လု၏ သူ့အပေါ်ထားရှိသည့် သံသယများကို ရှင်းလင်းနိုင်ပြီး သခင်ကြီးယဲ့လု၏ယုံကြည်မှုကို ရရှိနိုင်မည် ဖြစ်သည်။ သို့ဖြစ်လျှင် ခုနက ချန်ကျိုစစ်၏ အကြံအစည်များသည် သက်ရောက်မှု မရှိနိုင်တော့ပေ။
ထို့ကြောင့် နန်ပါးထျန်းသည် ထန်ဇီယွဲ့ကို စိတ်အားထက်သန်စွာဖြင့် စောင့်ဆိုင်းနေခဲ့သည်။
ထို့နောက် ဘေးရှိ ချင်းယင်မှ ပြောသည်။
“ခေါင်းဆောင် ဒီလိုလုပ်ကြရင်ရော ဘယ်လိုလဲ။ ခန်းမအရှင်သခင်ထန် စဉ်းစားနေတုန်းမှာ ကျွန်တော်က လူတွေခေါ်သွားပြီး မြို့ထဲမှာ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်စစ်ဆေးနေလိုက်ပါ့မယ်။ မြေအောက်သုံးပေအနက် တူးရမယ်ဆိုရင်တောင်မှ အဲဒီလက်နက်တွေကို ရှာပါ့မယ်”
***