ထိုအခါ ထန်ဇီယွဲ့မှ ပြောသည်။
“အဲဒီလောက်ရှာဖို့လွယ်နေရင် အရင်ကတည်းက ရှာတွေ့ပြီးလောက်ရောပေါ့”
“ပြီးတော့ စစ်လက်နက်ပစ္စည်းတွေက မြို့ထဲမှာ မရှိလောက်တော့ဘူးလို့ ငါထင်နေတယ်”
“ဘာ”
ချင်းယင်သည် မင်သက်သွား၏။
အဲဒါ ဘာကိုဆိုလိုတာလဲ။ အဲဒါဆို လက်နက်တွေက ဘယ်မှာလဲ။
နန်ပါးထျန်းလည်း ထန်ဇီယွဲ့ကိုကြည့်၍ မေးလာသည်။
“ခန်းမအရှင်သခင်ထန် အဲဒီစကားက ဘာအဓိပ္ပာယ်ပါလဲ”
ထိုအခါ ထန်ဇီယွဲ့သည် သစ်ကိုင်းခြောက်ကို ကိုင်ထားလျက် ပြောသည်။
“ခေါင်းဆောင်၊ ခန်းမအရှင်သခင်ချင်း၊ ချန်ကျိုစစ်ရဲ့ဈာပနအခမ်းအနားအပြင် မြို့ထဲမှာ ဒီနေ့ အကြီးအကျယ်ကျင်းပတာ ဘာအခမ်းအနားရှိသေးလဲ”
“ဘာအခမ်းအနားရှိသေးလို့လဲ”
ချင်းယင်မှ ပြောသည်။
“ဘာမှမရှိပါဘူး။ အရှေ့မြို့က မုလန်လူမျိုးတစ်အုပ်က ဈာပနအခမ်းအနားဆိုပြီး လျှောက်လုပ်နေကြတာပဲ ရှိ…”
“အမှန်ပဲ”
ထန်ဇီယွဲ့မှ ပြောသည်။
“မုလန်လူမျိုးတွေက ဈာပနအခမ်းအနားလုပ်နေတာ၊ ကြားရတာ အဓိပ္ပာယ်မရှိဘူး မဟုတ်လား။ အဲဒါကို ကျွန်တော်တို့ သတိမထားမိခဲ့ကြတာ”
“ချန်ကျိုစစ်က ကစားပွဲကို ကြီးကြီးကစားနေခဲ့တာပဲ။ ဒီကစားပွဲထဲမှာ ခေါင်းဆောင်ရော ကျွန်တော်ရော မုလန်လူမျိုးတွေရောက သူ့ရဲ့နယ်ရုပ်တွေပဲ။ သူ့ရဲ့ပြိုင်ဘက်က အစကနေ အဆုံးအထိ တစ်ယောက်တည်းဖြစ်နေခဲ့တာ။ အဲဒါက သခင်ကြီးယဲ့လုပဲ”
“အရှေ့မြို့ဘုရားပွဲမှာ သူ့လူတစ်ယောက်က မူလန်လူမျိုး ထာရာကိုသတ်ခဲ့ပြီး မုလန်လူမျိုးနဲ့ ဟန့်လူမျိုးတွေကြား ပြဿနာမွှေနှောက်ခဲ့တဲ့အချိန်ကတည်းက ချန်ကျိုစစ်ရဲ့ အကြံအစည်တွေ စတင်နေခဲ့ပြီလို့ ကျွန်တော်ထင်မိပါတယ်။ အဲဒီနောက်တော့ မိန်ဂိုဏ်းသားတွေကို ထာရာမိသားစုကို သတ်ခိုင်းခဲ့တယ်။ အဲဒီတော့ အားလုံးက သဘာဝကျကျပဲ မိန်ဂိုဏ်းသားတွေက ဟန့်လူမျိုးတွေရဲ့အမျက်ဒေါသကို ထုတ်ဖော်ပြသဖို့ လူသတ်ခဲ့တယ်လို့ တွေးကြတာပေါ့”
“ဒါပေမဲ့ ဒါကလည်း ချန်ကျိုစစ်ရဲ့ လှည့်ကွက်ဖြစ်နေမယ်လို့ ဘယ်သူထင်ထားမှာလဲ။ ချန်ကျိုစစ်က မုလန်လူမျိုးတွေရဲ့ခေါင်းတလားကို အသုံးချဖို့ စီစဉ်ထားခဲ့တာပဲ”
“နောက်တော့ ဒုတိယအကွက်ကို အမြန်ဆက်လုပ်ခဲ့တယ်။ သူ့ရဲ့ညီနောင်တွေအတွက် ကြီးကျယ်ခမ်းနားတဲ့ ဈာပနအခမ်းအနားကျင်းပပေးမယ့်အကြောင်း သတင်းဖြန့်ခဲ့တယ်။ အဲဒီသတင်းက တစ်မြို့လုံးပြန့်နှံ့သွားခဲ့ပြီး တန်ဖိုးကြီးခေါင်းတလား၂၈လုံးကို မှာယူလိုက်တာမှာ အဲဒီသတင်းက ပိုကျော်ကြားလာခဲ့တယ်။ အဲဒါက လူတွေအကုန်လုံး သူ့ကို အာရုံစိုက်လာအောင်လုပ်တဲ့ လှည့်ကွက်တစ်ခုပဲ– အဲဒါက သူခင်းချင်တဲ့လမ်းပဲ”
“ချန်ကျိုစစ်ရဲ့အဲဒီလုပ်ရပ်တွေက မုလန်လူမျိုးတွေရဲ့ မာနကို သွားထိုးစိုက်တယ်။ အဲဒီလိုနဲ့ မုလန်လူမျိုးတွေက သူတို့လည်း ချန်ကျိုစစ်နဲ့အပြိုင် ဈာပနအခမ်းအနားလုပ်သင့်တယ်လို့ တွေးလာကြမယ်။ သူတို့ရဲ့ကြီးမြတ်တဲ့အဆင့်အတန်းကို သက်သေထူဖို့ပေါ့။ အဲဒီလိုနဲ့ မုလန်လူမျိုးတွေကလည်း ဈာပနအခမ်းအနားကျင်းပဖို့ ဖြစ်လာခဲ့တာပဲ”
“ချန်ကျိုစစ်က စစ်လက်နက်ပစ္စည်းတွေကို မုလန်လူမျိုးတွေရဲ့ ခေါင်းတလားတွေထဲမှာ ခိုးထည့်ထားခဲ့တယ်။ ပြီးတော့ လူအားလုံးရဲ့အာရုံစိုက်မှုကို ရယူပြီး မြို့ထဲက ထွက်လာခဲ့ပြီး သူအပြစ်ကင်းစင်ကြောင်း သက်သေပြခဲ့တယ်”
“ကျွန်တော်တို့ ချန်ကျိုစစ်ကို လိုက်နေချိန်မှာ စစ်လက်နက်ပစ္စည်းတွေက မုလန်လူမျိုးတွေနဲ့အတူ မြို့ပြင်ကို သယ်ထုတ်သွားခံလိုက်ရပြီ”
“ချန်ကျိုစစ်ရဲ့ခေါင်းတလားတွေကို ဘယ်သူမှ မစစ်ဆေးရဲသလိုမျိုး မုလန်လူမျိုးတွေရဲ့ ခေါင်းတလားတွေကိုဆို ပိုလို့တောင် စစ်ဆေးရဲကြမှာ မဟုတ်ပါဘူး။ အခုအချိန်မှာ မုလန်လူမျိုးတွေက ခွေးရူးတွေလိုပဲ သူတို့ကို ထိလိုက်တာနဲ့ ကိုက်ကြတော့တာပဲ မဟုတ်ဘူးလား”
“ဒါဆို”
ထန်ဇီယွဲ့မှ ဆက်ပြောသည်။
“ဒါဆို စစ်လက်နက်ပစ္စည်းတွေက မုလန်လူမျိုးတွေရဲ့ ခေါင်းတလားတွေထဲမှာပေါ့”
ထိုအခါ ချင်းယင်မှ အံ့အားသင့်စွာ ပြောသည်။
“အစီအစဉ်က အသေးစိတ်ကျလိုက်တာ။ ချန်ကျိုစစ်က အရမ်းကြောက်ဖို့ကောင်းတာပဲ”
ချင်းယင်သည် မထိန်းချုပ်နိုင်စွာ မှတ်ချက်ပြုလိုက်၏။ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ အကြံအစည်သည် ခြံငုံကြည့်လိုက်ပါက ထိုမျှလည်း ထက်မြက်မနေပါဟု ထင်ရနိုင်သော်ငြား ကစားပွဲထဲ ပါဝင်နေသူများသည်တော့ ခန့်မှန်းသိရှိနိုင်ခြင်းငှာ မတတ်နိုင်ကြချေ။ ကမ္ဘာမကျေရန်သူများဖြစ်သည့် မုလန်လူမျိုးများနှင့် မိန်ဂိုဏ်းသားများကို ဆက်နွယ်အသုံးပြုသည့် အစီအစဉ်ကို ခန့်မှန်းနိုင်ရန်မှာ ပို၍ကွာဝေးပါ၏။
အဖြစ်အပျက်များပြီးနောက် အစအဆုံးပြန်လည်စဉ်းစားသောကြောင့် မဟုတ်ခဲ့လျှင် ထိုအချက်များကို သတိထားမိနိုင်မည် မဟုတ်ပေ။
ယခုကဲ့သို့ ပြန်စဉ်းစားပြီးချိန်တွင်ပင် ချန်ကျိုစစ်၏ အကွက်ချမှုများသည် သိရှိရှောင်တိမ်းနိုင်ရန် ခက်ခဲလွန်းပေသည်။ မိန်ဂိုဏ်းအတွက် စစ်လက်နက်ပစ္စည်းများကို မုလန်လူမျိုးများကို အသုံးချ၍ သယ်ဆောင်စေခြင်းဟူသည်မှာ ကြားရသူအဖို့ ရယ်ဖွယ်ဟာသကြီးပင် မဟုတ်ပါလော။
ပို၍ အဓိပ္ပာယ်မရှိသည့်အချက်မှာ ချန်ကျိုစစ်သည် ဤအရာအားလုံးကို မူလန်လူမျိုးထာရာကို သတ်ဖြတ်ခဲ့ခြင်းမှ အစီအစဉ် စတင်ခဲ့သည်ဟူသည့်အချက်ဖြစ်သည်။
ထိုအချက်ကို စဉ်းစားမိသည်တွင် နန်ပါးထျန်းတို့သုံးဦးမှာ ချန်ကျိုစစ်၏ ကြောက်မက်ဖွယ်ကောင်းမှုကြောင့် ကြက်သီးမွေးညင်းများ ထသွားရသည်။ ထောင်ချောက်သည် အစောကြီးကတည်းက ပြင်ဆင်ထားခဲ့ပြီးဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရှုပ်ထွေးပွေလီလွန်းလှသည်။
သို့ဖြင့် ထန်ဇီယွဲ့မှ ပြောသည်။
“အဲဒါေကြာင့် ခေါင်းဆောင်၊ မခန့်မှန်းနိုင်တဲ့ ပြဿနာတစ်ခုခု မဖြစ်ပေါ်သ၍ လက်နက်တွေက မုလန်လူမျိုးတွေရဲ့ ခေါင်းတလားတွေထဲမှာ ရှိနေမှာပါ”
ထိုအခါ နန်ပါးထျန်းသည် ထန်ဇီယွဲ့ကို လှည့်ကြည့်လာ၏။
“ဇီယွဲ့ ဘာမှ ထပ်ပြီး မလွဲချော်နိုင်တော့တာ သေချာလား”
ထန်ဇီယွဲ့မှ ပြန်ပြောသည်။
“ဒါက လက်နက်တွေကို မြို့ပြင်သယ်ထုတ်နိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးပဲ။ ဒီအခွင့်အရေးကို လက်လွတ်သွားရင် မြောက်ပိုင်းဒေသမှာ တိုက်ပွဲမစခင် လက်နက်တွေကို ပို့ဆောင်နိုင်တော့မှာ မဟုတ်ဘူး”
နန်ပါးထျန်းမှ အမိန့်ပေးသည်။
“ကောင်းပြီ။ လှုပ်ရှားကြတော့ ချင်းယင်”
“အမိန့်နာခံပါတယ်”
“ညီနောင်တို့ မုလန်လူမျိုးတွေရဲ့ ဈာပနအခမ်းအနားကို ဟန့်တားပြီး လက်နက်ရှာဖွေဖို့ ချီတက်ကြမယ်”
ချင်းယင်မှ တုံ့ပြန်သည်။
“ဟုတ်ကဲ့”
နန်ပါးထျန်း၏အမိန့်တွင် ထန်ဇီယွဲ့မှ ပြောသည်။
“ခေါင်းဆောင် ကျွန်တော်တို့ အရမ်းနောက်ကျသွားမှာ စိုးရပါတယ်။ ဒီအချိန်လောက်ဆို သူတို့တွေ ခေါင်းတလားတွေကို သတ်မှတ်နေရာဆီ ပို့ဆောင်ပြီးလောက်ပါပြီ”
ထိုအခါ ချင်းယင်မှ ပြောသည်။
“ဘာမှမဖြစ်ဘူး။ သင်္ချိုင်းမြေကို ရောက်ရင် အခမ်းအနားတစ်ခု လုပ်ရဦးမှာပဲ။ ကွယ်လွန်သူကို ဂါရဝမပြုခင် ရောက်အောင်သွားနိုင်ရင် တားဖို့ အချိန်မီတယ်။ အဲဒါဆို မိန်ဂိုဏ်းလည်း လက်နက်တွေကို သယ်ထုတ်သွားဖို့ အခွင့်အရေးရတော့မှာ မဟုတ်ဘူး”
နန်ပါးထျန်းမှ ပြန်ပြောသည်။
“ဟုတ်တယ်။ ဈာပနအခမ်းအနား မပြီးဆုံးခင် ရောက်အောင်သွားနိုင်သ၍ အဆင်ပြေတယ်။ မုလန်လူမျိုးတွေ ထွက်မသွားသေးရင် မိန်ဂိုဏ်းလည်း လက်နက်တွေကို ထုတ်ယူလို့ မရသေးဘူး။ အကယ်၍ လက်နက်တွေကို ထုတ်ယူထားနိုင်ရင်တောင် နေရာရွှေ့ပြောင်းဖို့က အချိန်လိုအပ်ဦးမှာပဲ။ လက်နက်တွေ သယ်ပြီး ခရီးဆက်ရင် အချိန်တိုအတွင်း ဝေးဝေးမရောက်နိုင်ဘူး။ ငါတို့ သူတို့ကို လမ်းမှာ ဖြတ်တိုက်လို့ရတယ်”
ထိုအခါ ချင်းယင်မှ အမိန့်ပေးသည်။
“ညီနောင်တို့ ချီတက်မယ်”
ထို့နောက် လူအုပ်ကြီးသည် မြို့ဆီသို့ ဦးတည်ချီတက်ကြသည်။ ထိုအခါ ထန်ဇီယွဲ့မှ အော်ပြောသည်။
“ဟေး မင်းတို့ဘယ်သွားနေကြတာလဲ”
ချင်းယင်မှ ပြန်ပြောသည်။
“မုလန်လူမျိုးတွေ ဘယ်က ထွက်သွားလဲဆိုတာ မြို့ထဲပြန်ပြီး စုံစမ်းမလို့လေ”
“စုံစမ်းဖို့ မလိုတော့ဘူး။ သူတို့ရဲ့ဂူသင်္ချိုင်းက အနောက်မြို့ပြင်မှာ။ အနောက်မြို့ကို သွားကြ”
ထိုအခါ ချင်းယင်မှ အမိန့်ေပးသည်။
“အနောက်မြို့ ညီနောင်တို့။ အနောက်မြို့ကို ချီတက်မယ်”
ချင်းယင်၏အမိန့်အောက်၌ အဖွဲ့သားများသည် အနောက်မြို့သို့ ချီတက်ကြသည်။ နန်ပါးထျန်းသည်လည်း နောက်မှ လိုက်ပါသွားခဲ့သည်။
***