အနောက်မြို့သို့ ဦးတည်ထွက်ခွာသွားသည့် လူအုပ်ကြီးကို ငေးစိုက်ကြည့်နေခဲ့သည့် ထန်ဇီယွဲ့မှာ စိတ်မအေးနိုင်ပေ။ ထန်ဇီယွဲ့ စိတ်ထဲမှ တွေးနေခဲ့သည်။ ချန်ကျိုစစ်က ငါ့ရဲ့ ဒီတုံ့ပြန်မှုကိုရော ကြိုခန့်မှန်းမိနေခဲ့လောက်မလား။ ငါးဖမ်းကုန်သည်အဖွဲ့သားတွေက မုလန်လူမျိုးတွေဆီမှာ မိန်ဂိုဏ်းရဲ့စစ်လက်နက်ပစ္စည်းတွေကို သွားရှာနေမယ့်မြင်ကွင်းကို စောင့်ကြည့်နေလောက်မလား။
ထန်ဇီယွဲ့သည် ကိစ္စများမှာ ဤမျှ မရိုးရှင်းနိုင်ဟု ခံစားမိနေခဲ့သည်။
ဒါကရော ချန်ကျိုစစ်ရဲ့ နောက်ထပ်ထောင်ချောက်တစ်ခုဖြစ်နေမလား။
ထန်ဇီယွဲ့သည် မိမိကိုယ်ကိုယ်ယုံကြည်မှုမရှိတော့ပေ။ သူသည် ချန်ကျဲ့ထံ တစ်ကြိမ်ပြီးတစ်ကြိမ် ရှုံးနိမ့်နေခဲ့လေရာ အလွန်အမင်း စိုးရိမ်ပူပန်လွန်းလာတတ်ကာ တစ်ကြိမ်မြွေကိုက်ခံထားရဖူးသူမှ ဆယ်နှစ်တိုင်တိုင် ကြိုးများကို ကြောက်ရွံ့နေသကဲ့သို့ စိတ်အခြေအနေမျိုး ဖြစ်နေခဲ့သည်။ ချန်ကျဲ့သည် ကိစ္စများကို ထိုမျှခန့်မှန်းရလွယ်ကူအောင် စီစဉ်ထားလိမ့်မည်မဟုတ်ဟု သူခံစားမိနေခဲ့သည်။
ဤသို့ထောင်ချောက်မျိုးနှင့် ရင်ဆိုင်ရပါက တတ်နိုင်သမျှ ဘာမှမလုပ်ဘဲ နေခြင်းသည် အကောင်းဆုံးဖြစ်၏။ လုပ်ဆောင်မှုနည်းလေလေ အမှားနည်းလေလေဖြစ်သော်ငြား နန်ပါးထျန်းသည် မစောင့်ဆိုင်းနိုင်ပေ။ ယဲ့လုဖုန်း၏ စိတ်သဘောထားကို ပြောင်းလဲရန် လိုအပ်နေခဲ့သည်။
ထို့ကြောင့် နည်းလမ်းရှာပေးခဲ့သော်ငြား ဆုံးဖြတ်ချက်ချပြီးသည်နှင့် စိတ်နှလုံးထဲတွင် ကြောက်ရွံ့မှုလှိုင်းများ လှိမ့်တက်လာခဲ့သည်။ သူဆုံးဖြတ်ချက်ချလိုက်သည့်အရာသည် ချန်ကျိုစစ်မှ ကြိုတင်ကြံစည်ထားသည့်အရာ ဖြစ်နေမည်ကို သူစိုးရိမ်နေခဲ့သည်။ အကြိမ်ကြိမ်အခါခါ ရှုံးနိမ့်မှုများကြောင့် ထန်ဇီယွဲ့သည် ချန်ကျိုစစ်ကို အနည်းငယ် ကြောက်ရွံ့နေခဲ့လေပြီ။
ထန်ဇီယွဲ့သည် မိမိထက် သိုင်းပညာထူးချွန်သူများကို မကြောက်ရွံ့ပေ။ သို့သော် ဥာဏ်ပညာပိုင်းတွင် ရှုံးနိမ့်ခဲ့ရခြင်းသည်တော့ သူ့အား လုံးဝ စိတ်ပျက်လက်ပျက် ဖြစ်စေနိုင်သည်။
ဤတစ်ကြိမ်သည်လည်း ချန်ကျိုစစ်မှ ကြိုတင်ကြံစည်ထားသည့် ထောင်ချောက်မဖြစ်စေရန် မျှော်လင့်နေခဲ့သည်။ ထိုသို့အတွေးများဖြင့် ထန်ဇီယွဲ့သည် နန်ပါးထျန်းနောက်သို့ လိုက်သွားခဲ့သည်။ အခြားအဖွဲ့သားများသည် အတော်ဝေးဝေးရောက်နေကြပြီဖြစ်၏။
မည်သို့ပင်ဖြစ်စေ ခေါင်းဆောင်နန်အား ဤခက်ခဲသည့်အချိန်ကို ကျော်ဖြတ်နိုင်စေရန် သူကူညီပေးရပေမည်။
ခေါင်းဆောင်နန်က ငါ့ကို စိတ်ရင်းနဲ့ဆက်ဆံပေးခဲ့တဲ့သူပဲ။ ငါကလည်း ခေါင်းဆောင်ကို စိတ်ရင်းအမှန်နဲ့ တန်ပြန်ဆက်ဆံရမယ်။
…
ချင်းရှန်း၌ ချန်ကျဲ့သည် အဖွဲ့သားများနှင့်အတူ ဂူသင်္ချိုင်းရှေ့တွင် ရပ်နေခဲ့သည်။ ခေါင်းတလား၂၈လုံး မြှုပ်နှံရာ သင်္ချိုင်းမြေတွင် စျာပနအခမ်းအနားဂီတသံများနှင့်အတူ စက္ကူပြာများ ဝဲလွင့်နေသည်။ ထိုစဉ် စစ်ရှီးမှ ပြောသည်။
“ခန်းမအရှင်သခင် မြေချဖို့အချိန်ကျပါပြီ”
ချန်ကျဲ့မှ ပြောသည်။
“အင်း သေရည်ယူလာခဲ့ပါ”
ထိုအခါ ကျိုးချူသည် သေရည်တစ်ပုလင်းကို ယူလာပေးသည်။ ချန်ကျဲ့သည် သေရည်ကို တစ်ငုံသောက်သုံးလိုက်ပြီးနောက် ကျန်သေရည်များကို မြေပြင်သို့ လောင်းချရင်း ပြောသည်။
“ညီနောင်တို့ ငြိမ်းချမ်းစွာ အနားယူကြပါ”
“မြေဖို့ကြတော့”
ထို့နောက် ချန်ကျဲ့သည် မြေဝါလက်တစ်ဆုပ်ကို ယူကာ ခေါင်းတလားတစ်လုံးထက်သို့ ဖြူးပေးလိုက်သည်။ ချန်ကျဲ့သည် ခေါင်းတလား၂၈လုံးအတွက် ကိုယ်တိုင်ကိုယ်ကျ မြေချပေးခဲ့သည်။
ထုံးတမ်းစဉ်လာအားလုံး လုပ်ဆောင်ပြီးနောက်၌ အဖွဲ့သားညီနောင်များသည် ပေါက်ပြားများဖြင့် စတင်၍ မြေဖို့ကြသည်။
ချန်ကျဲ့သည် သူ၏မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်လိုက်သည်။ ဤမျက်ရည်များသည် အစစ်အမှန်ဖြစ်၏။ ဤညီနောင်များကို သူရဲကောင်းများအဖြစ် အသိအမှတ်ပြု အောက်မေ့သတိရခြင်းဖြစ်သည်။
ဖျပ် ဖျပ်…
ထိုစဉ် စာပို့ခိုတစ်ကောင် ပျံသန်းရောက်ရှိလာသည်။ ချန်ကျဲ့ စာပို့ခိုကို တစ်ချက်ကြည့်လိုက်သည်။ စစ်ရှီးသည် ထိုစာပို့ခိုကို ဖမ်းယူလိုက်ပြီး ၎င်း၏ခြေထောက်မှ ဝါးကျည်တောက်ကို ဖွင့်ကာ အထဲမှ သတင်းစကားကို ဖတ်လိုက်သည်။
ထို့နောက် ချန်ကျဲ့ဘေးသို့ လျှောက်လာပြီး ပြောသည်။
“ခန်းမအရှင်သခင် နန်ပါးထျန်းနဲ့သူ့လူတွေ အနောက်မြို့ကို သွားနေကြပါပြီ”
ချန်ကျဲ့၏ နှုတ်ခမ်းထောင့်စွန်းတို့ အနည်းငယ် ကွေးတက်သွားလျက် ခပ်ဟဟ ရယ်မောသည်။
“ဟားဟား ထန်ဇီယွဲ့က တုံ့ပြန်တာ အတော်လေးမြန်တာပဲ”
စစ်ရှီးမှ ပြောသည်။
“ခေါင်းဆောင်နန်က လှည့်ကွက်ထဲ ဝင်ပါ့မလား။ ထန်ဇီယွဲ့ကလည်း ငတုံးမှ မဟုတ်ဘဲ။ ကျွန်တော်တို့ရဲ့အကြံအစည်ကို ခန့်မှန်းမိတာလည်း ဖြစ်နိုင်တယ်မဟုတ်လား”
ချန်ကျဲ့မှ ရယ်မောလျက် မေးသည်။
“မင်းသာ ကျယ်ပြောတဲ့သဲကန္တာရထဲ ရောက်နေပြီး ရေဆာနေမယ်၊ မင်းရှေ့မှာက အဆိပ်ပါကောင်း ပါနေနိုင်တဲ့ ရေတစ်ခွက်ရှိနေမယ်၊ အဲဒါဆို မင်းသောက်မှာလား”
စစ်ရှီးသည် ခဏမျှတွေးတောပြီးနောက် ပြန်ပြောသည်။
“စိတ်ပျက်အားငယ်နေတဲ့အချိန်မှာ အဆိုးက အကောင်းဖြစ်သွားတာပဲ”
“အမှန်ပဲ။ အဆိပ်ရေမှန်း သိနေရင်တောင် အဲဒီရေကိုမှ မသောက်ရင် ရေငတ်ပြီး သေရတော့မှာလေ။ ဒါပေမဲ့ သောက်လိုက်ရင်တော့ အသက်ရှင်ကောင်း ရှင်နိုင်သေးတယ်။ အဆိပ်က ကိုယ့်ကို မသေစေတာလည်း ဖြစ်နိုင်တယ်မဟုတ်လား”
“အဲဒါကြောင့် တစ်ခါတလေကျ ဥာဏ်ရည်ထက်မြက်တာက ပြဿနာကိုဖြေရှင်းမပေးနိုင်ဘူး။ ဒါက လူသိရှင်ကြားဖြစ်စေတဲ့ ထောင်ချောက်ပဲ။ နန်ပါးထျန်းက ကစားပွဲထဲကို ဝင်ရောက်လိုက်ပြီးမှတော့ အလွယ်တကူ လွတ်မြောက်ဖို့ မမျှော်လင့်သင့်တော့ဘူး။ ဒါက ငါ သူ့အတွက်ပေးနိုင်တဲ့ အကောင်းမွန်ဆုံးလက်ဆောင်ပဲ”
“ပြီးတော့ ညီနောင်တွေအတွက် လုပ်ပေးနိုင်တဲ့ အကောင်းဆုံးဂုဏ်ပြုတုံ့ပြန်မှုပဲ”
ချန်ကျဲ့သည် ပြောပြီးနောက် ရှေ့ရှိ အစိမ်းရောင်ကျောက်ကမ္ပည်းတိုင်ကို ခပ်ဖွဖွပုတ်လိုက်ရင်း စစ်ရှီးကို ပြောသည်။
“အမိန့်ထုတ်ပြန်လိုက်။ ချင်းမင်နေ့တိုင်းမှာ လူစေလွှတ်ပြီး ညီနောင်တွေကို လာကြည့်ရမယ်။ ညီနောင်တွေက သူ့တို့တစ်ဘဝလုံးပေးဆပ်ခဲ့ရတာ.. ညီနောင်တွေအတွက် ငွေစက္ကူများများ ပိုမီးရှို့ပေးလိုက်ပါ”
“ဟုတ်ကဲ့ပါ ခန်းမအရှင်သခင်”
ချန်ကျဲ့ ခေါင်းညိတ်ပြလိုက်ပြီး အဖွဲ့သားများကို ဦးဆောင်ကာ သင်္ချိုင်းမြေမှ ထွက်ခွာလာခဲ့သည်။
သူလုပ်သင့်သည့်အရာအားလုံးကို လုပ်ပြီးခဲ့လေပြီ။
ချန်ကျဲ့သည် ထိုညီနောင်များ၏ သေဆုံးမှုကြောင့် စိတ်နှလုံးနာကျင်ရသော်လည်း နောင်တမရပါချေ။ ‘အောင်မြင်မှုတစ်ခုသည် အရိုးထောင်ချီကို အကျိုးပြုသည်’ဟူသည့် ဆိုရိုးစကားလည်း တည်ရှိသည် မဟုတ်ပါလော။ ချန်ကျဲ့လျှောက်သည့် လမ်းသည် စွန့်လွှတ်အနစ်နာခံရခြင်းများဖြင့် သွေးလွှမ်းသည့်လမ်းအဖြစ် ကံကြမ္မာဖန်ထားပြီး ဖြစ်သည်။ ယခုအချိန်တွင် လူများ သေဆုံးရသကဲ့သို့ နောင်အနာဂတ်တွင်လည်း ပိုများသည့်လူများ သေဆုံးရနိုင်ခြေရှိသည်။ ချန်ကျဲ့သည် ထိုသို့သေဆုံးသွားရသူများအတွက် ဝမ်းနည်းပူဆွေးပြီး အမှတ်ရနေမည်ဖြစ်သော်ငြား ရှေ့ဆက်လျှောက်ခြင်းကိုမူ ဘယ်သောအခါမျှ ရပ်တန့်မည် မဟုတ်ပေ။
ဤလမ်းသည် အထီးကျန်ရန် ကံကြမ္မာဖန်ဆင်းထားပြီး ဖြစ်ပြီး ဤလမ်းသည် ရှေ့သို့ ဆက်လျှောက်ရန်မှအပ အခြားမရှိလေပြီ။
ချန်ကျဲ့ လုံးဝ နောင်တမရပါချေ။ နောင်တရခြင်းသည် အသုံးမဝင်သည့်အပြင် အကူအညီလည်း မဖြစ်နိုင်သည် မဟုတ်ပါလော။
သေချာပေါက်ပင် ဤလမ်းတစ်လျှောက်၌ ချန်ကျဲ့သည် အကူအညီများလည်း ရယူရလိမ့်မည်ဖြစ်ပြီး ညီနောင်များစွာလည်း သေဆုံးရလိမ့်မည်ပင်။
ချန်ကျဲ့သည် ရှောင်ဟူနှင့် ကျိုးချူတို့ ဘယ်ညာခြံရံလျက် စစ်ရှီး၊ ချန်ကျူးနှင့် အခြားသောအဖွဲ့သား ဆယ်ချီ၊ရာချီ၏ နောက်မှ ထောက်ပံ့ပေးမှုဖြင့် ရှေ့သို့ ဆက်လက်ချီတက်ပေမည်။
ထိုအဖွဲ့သားများသည် ချန်ကျဲ့နှင့်အတူ မမြင်ရသည့် အနာဂတ်ဆီသို့ အတူတကွ ချီတက်ကြလိမ့်မည်။
ထိုစဉ် အနောက်မြို့ လင်ဟယ့်ရွာ၌
သိပ်သည်းထူထပ်သည့် တောအုပ်ကို ဖြတ်သန်း၍ မြစ်တစ်စင်း စီးဆင်းနေသည်။ ထိုမြစ်သည် မျန့်ရွှေမြစ်၏ မြစ်လက်တက်တစ်ခုဖြစ်ပြီး မျန့်ရွှေမြစ်ထဲသို့ စီးဝင်သည်။
ယခင်က ရွာသားများသည် တောအုပ်ထဲတွင် ထင်းခွေလေ့ရှိကြသည်။ သို့သော် ယခုတွင်တော့ ထိုနေရာသည် မုလန်လူမျိုးများ၏ သုသာန်ဖြစ်လာခဲ့သည်။
နန်ပါးထျန်းတို့အုပ်စုသည် တောအုပ်ကို ဖြတ်သန်း၍ အပြေးနှင်လာသည်တွင် နေရာလွတ်ကြီးကို မြင်တွေ့လိုက်ရသည်။ နေရာလွတ်ဟူသည့်အတိုင်း ဘာမျှမရှိနေဘဲ ရှင်းလင်းနေ၏။ သစ်ပင်အမြစ်များကို နုတ်ယူရှင်းလင်းထားပြီး မြေအသစ်ပြန်ဖို့ထားသည့် အုတ်ဂူများသာလျှင် ရှိနေပေသည်။ ဤသည်မှာ မုလန်လူမျိုးကွယ်လွန်သူများ အနားယူရာနေရာဖြစ်သည်။
“ငါတို့ရောက်လာတာ နောက်ကျသွားပြီ”
နန်ပါးထျန်းသည် မြေဖို့ထားသည့် အုတ်ဂူအသစ်များကိုကြည့်လျက် မျက်မှောင်ကြုတ်နေခဲ့သည်။
ချင်းယင်မှ ပြောသည်။
“ရပါသေးတယ်။ မြေဖို့ထားတာကို ကြည့်ရတာတော့ အချိန်မကြာလောက်သေးဘူး။ အုတ်ဂူတွေမှာလည်း ဖြိုဖျက်ဖောက်ထွင်းခံထားရတဲ့ ခြေရာလက်ရာမရှိဘူး။ စစ်လက်နက်ပစ္စည်းတွေက အထဲမှာ ရှိနေသေးတာလည်း ဖြစ်နိုင်ပါတယ်”
“ကောင်းပြီ၊ လာကြစမ်း၊ အုတ်ဂူတွေကို တူးလိုက်ကြ”
နန်ပါးထျန်းသည် အချိန်ဖြုန်းမနေဘဲ အုတ်ဂူတူးဖော်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။ သို့သော် ထိုစဉ် နောက်ကျကျန်နေခဲ့သည့် ထန်ဇီယွဲ့မှ အော်ပြောလာ၏။
“မလုပ်နဲ့ ခေါင်းဆောင်။ ကျွန်တော်တို့ အုတ်ဂူတွေကို တူးလို့မဖြစ်ဘူး”
“ဟမ်”
နန်ပါးထျန်းသည် နားမလည်နိုင်စွာဖြင့် ထန်ဇီယွဲ့ကို လှည့်ကြည့်လာခဲ့သည်။
***