“နေပါဦး ခေါင်းဆောင်၊ မတူးပါနဲ့”
နန်ပါးထျန်းမှ အုတ်ဂူတူးရန် အမိန့်ပေးလိုက်ချိန်တွင် ထန်ဇီယွဲ့မှ ရုတ်တရက် ဟန့်တားလာခဲ့သည်။
နန်ပါးထျန်းနှင့် ချင်းယင်တို့နှစ်ဦးစလုံးသည် ထန်ဇီယွဲ့ကို လှည့်ကြည့်လျက် မေးသည်။
“ဘာဖြစ်လို့လဲ”
ထန်ဇီယွဲ့မှ ပြောသည်။
“ဒီနေရာ.. ဒီနေရာက မူမမှန်ဘူး။ ဖုန်းရွှေက အရမ်းထူးဆန်းနေတယ်”
“ဖုန်းရွှေလား”
ထိုအခါ နန်ပါးထျန်းသည် ပတ်ဝန်းကျင်းကို မော့ကြည့်လိုက်သည်။ သူတို့ရှိနေသည့်နေရာသည် မြစ်ငယ်လေးတစ်ခု၏ဘေးတွင်ဖြစ်ကာ ရှေ့တွင် တောအုပ်တစ်ခုရှိပြီး နောက်တွင် မျန့်ရွှေမြစ်ရှိသည်။
ဂူသင်္ချိုင်းသည် မြစ်ကမ်းဘေးတွင် ရှိနေသည်။
မြစ်ကမ်းဘေးမှာ မြှုပ်နှံတာလား။
နန်ပါးထျန်း တီးတိုးရေရွတ်လိုက်သည်။ သူကိုယ်တိုင်လည်း တစ်စုံတစ်ရာ မူမမှန်ဟု ခံစားလိုက်ရသည်။ ထို့နောက် ထန်ဇီယွဲ့မှ ပြောသည်။
“ဒီကိုကြည့်ပါ။ ရှေ့မှာ တောအုပ်က လေကို ပိတ်ထားပြီး နောက်ဘက်က မြစ်က ရေကို ဟန့်တားထားပါတယ်။ အစိမ်းရောင်တောင်ကုန်းတွေမှာ သစ္စာရှိအရိုးတို့ကို မြှုပ်နှံတယ်ဆိုတဲ့ ဆိုရိုးစကားရှိတယ် မဟုတ်ပါလား။ ဒါပေမဲ့ ဘယ်သူကများ ကွယ်လွန်သူကို မြစ်ကမ်းဘေးမှာ မြှုပ်နှံဖို့ ရွေးချယ်မှာပါလဲ”
“အထူးသဖြင့် ဒီလိုမျိုး မြစ်ကမ်းဘေးမှာ မြှုပ်နှံတာမျိုးကို ပိုလို့တောင် မလုပ်ကြပါဘူး။ မျန့်ရွှေမြစ်က နှစ်တိုင်း မိုးရာသီဆိုရင် ရေကြီးရေလျှံတတ်ပါတယ်။ ခေါင်းဆောင် အခုအချိန်မှာ ဒီမြေနေရာကို မြင်တွေ့နေရပေမဲ့ ရေတက်လာတဲ့အခါ ဒီမြေအားလုံး ရေမြုပ်သွားပြီး တိုက်စားခံရမှာပါ”
“ရေထဲမှာ အုတ်ဂူတည်တဲ့လူကို ခေါင်းဆောင် တွေ့ဖူးပါရဲ့လား။ ရေမြုပ်သွားမယ့်အုတ်ဂူမျိုး တည်တာကိုလေ”
ထန်ဇီယွဲ့၏ စကားအဆုံး၌ နန်ပါးထျန်းနှင့် ချင်းယင်တို့နှစ်ဦးစလုံး ခေါင်းညိတ်လိုက်ကြသည်။ ဖုန်းရွှေသည် အမှန်တကယ်ပင် မူမမှန်နေကြောင်း ထောက်ခံကြ၏။
ဘာလို့ ဒီလိုဖြစ်နေရတာလဲ။
“အဲဒါကြောင့် ကျွန်တော့်အထင်တော့ သူတို့ ဒီနေရာကို တမင်ရွေးချယ်ထားတာလို့ ထင်ပါတယ်။ မြစ်နားမှာဆိုတော့ မြစ်ဘေးမှာ လှေတချို့စောင့်ဆိုင်းနေရုံပါပဲ။ ခေါင်းတလားတွေရောက်လာရင် မြှုပ်နှံလိုက်တဲ့ ခေါင်းတလားတွေထဲကနေ စစ်လက်နက်ပစ္စည်းတွေကို ယူပြီး လှေပေါ်တင်လိုက်ဖို့ပဲ လိုအပ်ပါတယ်။ အဲဒီလိုက စစ်လက်နက်ပစ္စည်းတွေကို ခိုးထုတ်ဖို့ ပြီးပြည့်စုံတဲ့နည်းလမ်းပါပဲ”
ထိုအခါ နန်ပါးထျန်းမှ ပြောသည်။
“ခေါင်းတလားတွေထဲမှာ ဘာမှမရှိနေလောက်တော့ဘူးလို့ ပြောတာလား”
ထန်ဇီယွဲ့မှ ပြန်ပြောသည်။
“ဟုတ်ပါတယ်”
ချင်းယင်မှ ပြောသည်။
“ခန်းမအရှင်သခင်ထန် ဒါက မင်းရဲ့ ခန့်မှန်းချက်သက်သက်ပဲလား ဒါမှမဟုတ် ခေါင်းတလားတွေထဲမှာ ဘာမှမရှိတော့ဘူးဆိုတာ သေချာတဲ့သက်သေရှိတာလား”
ထန်ဇီယွဲ့ အနည်းငယ်မျက်မှောင်ကြုတ်သွား၏။ ထို့နောက် ပြောသည်။
“ခန့်မှန်းချက်ပါ”
ထိုအခါ ချင်းယင်မှ ပြောသည်။
“ဒါဆိုရင်တော့ ကျွန်တော်တို့ တူးကြည့်သင့်တယ်လို့ ထင်ပါတယ်။ ခေါင်းဆောင် ခန်းမအရှင်သခင်ထန်ရဲ့ ခန့်မှန်းချက်လေးတစ်ခုကြောင့်နဲ့ ကျွန်တော်တို့ ဒီအခွင့်အရေးကို လက်လွှတ်လိုက်လို့ မဖြစ်ပါဘူး။ ကျွန်တော်တို့ ဒီကိုရောက်လာတဲ့ အချိန်အရဆို လှေတွေ ကြိုစောင့်နေခဲ့ရင်တောင်မှ ဘယ်လိုလုပ်ပြီး လက်နက်အကုန်လုံးကို သယ်ပို့ပြီးစီးဖို့ အချိန်လောက်ငှပါ့မလဲ။ ကျွန်တော်တော့ ခေါင်းတလားတွေထဲမှာ လက်နက်တွေ ရှိနေဦးမယ်လို့ ထင်ပါတယ်”
“ခေါင်းဆောင် ခန်းမအရှင်သခင်ချင်းပြောတာက ကျိုးကြောင်းဆီလျော်ပေမဲ့ ဒါကလည်း ချန်ကျိုစစ်ရဲ့ထောင်ချောက်ဖြစ်နေမှာကို စိုးရိမ်ရပါတယ်။ အကယ်၍များ ကျွန်တော်တို့ခေါင်းတလားတွေကို တူးထုတ်နေတုန်း မုလန်လူမျိုးတွေ နောက်ကြောင်းပြန်လာခဲ့လို့ အုတ်ဂူတူးနေတာကို လူမိသွားရင် ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမှ ရှင်းပြနိုင်တော့မှာ မဟုတ်ပါဘူး”
“နောက်ကြောင်းပြန်လာမယ်တဲ့လား။ လူသေကို မြှုပ်နှံပြီးနေပြီပဲ၊ ဘာလို့ပြန်လာကြဦးမှာလဲ။ ခန်းမအရှင်သခင်ထန် အရမ်းကြီး အတွေးများမနေပါနဲ့ဗျာ။ အမှန်အတိုင်းပြောရရင် ခန်းမအရှင်သခင်ထန်ကိုကြည့်ရတာ ချန်ကျိုစစ်ရဲ့လှည့်ကွက်ထဲမှာ အကြိမ်ကြိမ်ကျရှုံးခဲ့ရတာကြောင့် ချန်ကျိုစစ်ကို ကြောက်နေသလိုပဲ။ ကျွန်တော်ပြောပါရစေ၊ ချန်ကျိုစစ်က နတ်ဘုရားတစ်ပါးမှ မဟုတ်ဘဲနဲ့ ဘယ်လိုလုပ်ပြီး အရာအားလုံးကို တိတိကျကျ ကြိုတင်ခန့်မှန်းစီစဉ်ထားနိုင်ပါ့မလဲ။ လုံးဝ မဖြစ်နိုင်ပါဘူးဗျာ”
“ခေါင်းဆောင် ကျေးဇူးပြုပြီး ဒီကိစ္စကို နောက်တစ်ကြိမ်ပြန်စဉ်းစားပေးပါ”
ထန်ဇီယွဲ့သည် ချင်းယင်နှင့် ဖက်ပြိုင်မငြင်းခုံပေ။ ထိုအစား နန်ပါးထျန်းကိုသာ ဆက်လက်တိုက်တွန်းသည်။
နန်ပါးထျန်းသည် ထိုစကားများတွင် အကျပ်ရိုက်သွားရပြန်သည်။ ထိုစဉ် ချင်းယင်မှ ထပ်ပြောသည်။
“ခေါင်းဆောင် ခန်းမအရှင်သခင်ထန်ပြောတာ အဓိပ္ပာယ်ရှိတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီအထိတောင် လာခဲ့ကြပြီးပြီ။ အခုပြန်သွားမယ်ဆိုရင် ဒီကိစ္စတွေအားလုံးအတွက် အရှေ့မြို့ဂိတ်က ကိစ္စအတွက်ကိုရော ကျွန်တော်တို့ သခင်ကြီးယဲ့လုကို ဘယ်လိုရှင်းပြမှာပါလဲ”
ထိုစကားတွင် နန်ပါးထျန်း၏မျက်နှာသည် ပိုလို့ပင် ရှုံ့မဲ့ပျက်ယွင်းသွားခဲ့သည်။
အမှန်ပဲ။ သခင်ကြီးယဲ့လုကို ဘယ်လိုရှင်းပြမလဲ။
နန်ပါးထျန်းသည် မိမိကိုယ်ကိုယ် သဲကန္တာရထဲတွင် ရေငတ်သေလုနီး လူတစ်ယောက်မှ အဆိပ်ရေတစ်ခွက်ကို တွေ့ရှိလိုက်သည့်အလား ခံစားနေရသည်။
သောက်မလား မသောက်ဘူးလား။
ထိုအခိုက်အတန့်၌ ထန်ဇီယွဲ့သည်လည်း တိတ်ဆိတ်နေခဲ့သည်။ သူပြောသင့်သည်များကို အလုံးစုံပြောပြခဲ့ပြီးဖြစ်သောကြောင့် ထန်ဇီယွဲ့သည် ဘာမျှထပ်မပြောတော့ပေ။ နန်ပါးထျန်းသာလျှင် ရွေးချယ်ရမည်ဖြစ်၏။ အဆုံးသတ်တွင်မူ သူသည် လက်အောက်ငယ်သားတစ်ဦးသာ ဖြစ်သည့်အတွက် သူလုပ်နိုင်သည့်အရာ များများစားစား မရှိပါချေ။
နန်ပါးထျန်းသည် အချိန်အတော်ကြာ တွေဝေနေခဲ့၏။ ထို့နောက် အမိန့်ပေးသည်။
“တူးမယ်”
“ကောင်းပြီ ညီနောင်တို့ တူးကြစို့”
နန်ပါးထျန်းသည် ချောက်ကမ်းပါးစွန်းသို့ ရောက်နေခဲ့လေပြီ။
ကံကောင်းမှုက စွန့်စားရဲသူဆီကို လာတတ်တယ်တဲ့။ ဒီအထိတောင် ရောက်လာခဲ့ပြီးမှတော့ အဆုံးထိ မတိုက်ခိုက်ကြည့်ဘဲ ဘယ်လိုနောက်ပြန်ဆုတ်နိုင်ပါ့မလဲ။
ထို့ပြင် သူ့တွင် လွတ်မြောက်ရာလမ်း မရှိပေ။ အခြေအနေကို ပြောင်းပြန်လှန်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေးမှာ မိန်ဂိုဏ်း၏စစ်လက်နက်ပစ္စည်းများကို ရှာဖွေတွေ့ရှိခြင်းဖြစ်သည်။ သို့မှသာ ဤအကျိုးနည်းအခြေအနေကြီးကို ပြောင်းပြန်လှန်နိုင်ပေမည်။
“တူးကြ တူးကြတော့”
မုလန်လူမျိုးများ၏ အုတ်ဂူသည် မနက်ပေ။ ထို့ကြောင့် ခေါင်းတလားထွက်လာသည်အထိ တူးဖော်ချိန်မှာ သိပ်မကြာမြင့်ချေ။
ချင်းယင်မှ နန်ပါးထျန်းကို လှည့်မေး၏။
“ခေါင်းဆောင် ခေါင်းတလားကို ဖွင့်ရမလား”
နန်ပါးထျန်းမှ ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ဖွင့်လိုက်”
“ဖွင့်ကြစို့”
ထိုအခါ အဖွဲ့သားတစ်စုသည် သံတူရွင်းများကို ခေါင်းတလားကိုယ်ထည်နှင့် အဖုံးကြား ထိုးသွင်းလိုက်ကြကာ ခေါင်းတလားအဖုံးကို ကလော်ဖွင့်ကြသည်။ သူတို့သည် ချန်ကျဲ့၏ခေါင်းတလားများကို တစ်ကြိမ်ဖွင့်ဖူးခဲ့သောကြောင့် ဤတစ်ကြိမ်တွင် ကျွမ်းကျင်နေလေပြီ။ သို့ဖြင့် တစ်ချက်ကလော်လိုက်ရုံဖြင့် ဂျွတ်ခနဲအသံနှင့်အတူ ခေါင်းတလားအဖုံးသည် ကြွသွားခဲ့သည်။
ထန်ဇီယွဲ့သည် သူ၏စိတ်နှလုံး၌ နိမိတ်မကောင်းသည့်ခံစားချက်များ ထပ်မံလှိုက်တက်လာသောကြောင့် မျက်ခုံးများကို တွန့်ချိုးလိုက်မိသည်။
ထန်ဇီယွဲ့သည် ထိုလူများကို ရပ်တန့်ပါရန် အော်ဟစ်တားဆီးလိုက်ချင်သည်။ သို့သော် နန်ပါးထျန်း၏ အရာအားလုံးပုံအောထားသည့် မျက်နှာအမူအရာကို မြင်သောအခါ ဘာမှမပြောဘဲ တိတ်ဆိတ်နေလိုက်တော့သည်။
ထိုအချိန်၌ နန်ပါးထျန်းသည် သူ၏ရှေ့ရှိ ခေါင်းတလားများကို စူးစိုက်ကြည့်နေခဲ့သည်။ မကြာမီ၌ အဖွဲ့သားများသည် ခေါင်းတလားအဖုံးကို အလုံးစုံဖွင့်ပြီးသွားကြသည်။
“ခေါင်းဆောင် ပွင့်သွားပါပြီ”
ထိုအခါ နန်ပါးထျန်းမှ အနားကပ်လာပြီး မေးသည်။
“ဘယ်လိုလဲ”
ထိုအမေးစကားတွင် အဖွဲ့သားသည် ခေါင်းတလားအတွင်းသို့ ကြည့်လိုက်ပြီးနောက် မျက်နှာအမူအရာမှာ ဆိုးဆိုးရွားရွား ပျက်ယွင်းသွား၏။ ထို့နောက် နန်ပါးထျန်းကို ခေါင်းမော့ကြည့်လာပြီး ပြောသည်။
“ဘာမှမရှိပါဘူး”
“ဘာကို ဘာမှမရှိတာလဲ”
နန်ပါးထျန်းသည် ခေါင်းတလားအနီးသို့ ပြေးလာကြည့်၏။ ခေါင်းတလားထဲတွင် ရုပ်အလောင်းတစ်လောင်းမှအပ ဘာမျှရှိမနေပေ။
“ဘယ်လို…”
နန်ပါးထျန်းသည် အလွန်တရာ အံ့ဩထိတ်လန့်သွားတော့သည်။ ချင်းယင်မှလည်း အော်ဟစ်လာ၏။
“မကောင်းတော့ဘူး ခေါင်းဆောင်။ ဒီမှာလည်း ဘာမှမရှိဘူး။ ခေါင်းတလားတွေထဲမှာ ရုပ်အလောင်းတွေပဲရှိတယ်။ ကျွန်တော်တို့ခန့်မှန်းတာ မှားသွားပြီ”
နန်ပါးထျန်းသည် မျက်လုံးများ နီရဲလျက် မယုံကြည်နိုင်စွာ ပြောသည်။
“ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ”
ထိုစဉ် ထန်ဇီယွဲ့မှ သူတို့၏နောက်ဘက်ရှိ မျန့်ရွှေမြစ်ကို လက်ညှိုးညွှန်လျက် ပြောသည်။
“ခေါင်းဆောင် ဒီက လှေတွေကိုသုံးပြီး မြစ်ကြောင်းတစ်လျှောက် စုန်ဆင်းသွားလိုက်ရင် ၁၅မိနစ်မပြည့်ခင်အချိန်အတွင်းမှာ မျန့်ရွှေမြစ်ရဲ့ အဓိကမြစ်ကြောင်းထဲကို ရောက်သွားမှာပါ”
ထိုအခါ နန်ပါးထျန်းသည် မြစ်ဘက်သို့ မျက်နှာမူလျက် ဒေါသတကြီး အော်ဟစ်၏။
“ချန်ကျိုစစ်ပဲ။ ချန်ကျိုစစ်က ငါ့ကို အကွက်ဆင်ထားတာပဲ”
ထန်ဇီယွဲ့သည် တိတ်ဆိတ်နေ၏။
အဲဒါက သံသယဝင်စရာလိုသေးလို့လား။
***