“တပည့် နာခံပါ့မယ် ခင်ဗျာ”
ထန်ယွင်က ရည်ရည်မွန်မွန် ဆက်ပြောလိုက်သည်။
“ကျွန်တော်တို့ ကောင်းကင်ပြစ်ဒဏ် တောင်တန်းရဲ့ အလယ်ပိုင်းဒေသမှာ ပထမတန်းစား၊ ဒုတိယတန်းစားနဲ့ တတိယတန်းစား ကျင့်ကြံခြင်း ဂိုဏ်းပေါင်း ထောင်နဲ့ချီပြီး ရှိနေပါတယ်”
“ဒီဂိုဏ်းတွေဟာ လက်နက်၊ လက်နက်အစီအရင်၊ ဆေးပညာနဲ့ အစီအရင် ပညာရပ်တွေမှာ ကျွန်တော်တို့ ဟောင်ဖူနတ်ဘုရားဂိုဏ်းကို မယှဉ်နိုင်ကြပေမဲ့ သူတို့ ဂိုဏ်းအသီးသီးမှာ ဝိညာဉ်သတ္တုတွင်းတွေ ရှိကြပါတယ်... သူတို့ရဲ့ ကြွယ်ဝမှုကတော့ အတော်လေးကို များပြားမှာ သေချာပါတယ်”
“တရားသောသူ အကူအညီပေါများပြီး မတရားသောသူ အထောက်အပံ့နည်းတယ်လို့ ဆိုရိုးရှိပါတယ်... ကျွန်တော်တို့ ဂိုဏ်းအနေနဲ့ လူသားချင်းစာနာမှုကို ဆန့်ကျင်ပြီး သူတပါးကို မီးရှို့ဖျက်ဆီးတာ၊ သတ်ဖြတ်တာနဲ့ လုယက်တာမျိုးတွေ လုပ်လို့မရပါဘူး... အဲ့ဒီအပြင် သူတို့ကို ဖျက်ဆီးပစ်လိုက်ရင်တောင် သူတို့ရဲ့ မရေမတွက်နိုင်တဲ့ ဝိညာဉ်သတ္တုတွင်းတွေကို ထိန်းချုပ်ဖို့ ကျွန်တော်တို့ ဂိုဏ်းဘက်က လူအင်အား အမြောက်အမြား အသုံးပြုရပါလိမ့်မယ်”
“အဲ့ဒီအစား အားလုံး အတူတူ အကျိုးရှိမယ့် နည်းလမ်းကို သုံးပြီး ကျွန်တော်တို့ ဂိုဏ်းအတွက် သူတို့ရဲ့ လက်တွေကို အသုံးချပြီး ဝိညာဉ်သတ္တုတွေ တူးဖော်ခိုင်းတာက ပိုကောင်းပါလိမ့်မယ်”
“ကျွန်တော်တို့ ဂိုဏ်းဟာ ရှေးဟောင်းဂိုဏ်းကြီး ၁ ခုဖြစ်သလို ကောင်းကင်ပြစ်ဒဏ် တောင်တန်းရဲ့ ခေါင်းဆောင် ဖြစ်ခဲ့ဖူးတာကို တပည့် သိပါတယ်... ဂိုဏ်းချုပ်အနေနဲ့ အရင်က သူတို့လို ဂိုဏ်းလေးတွေနဲ့ အတူတူ လက်တွဲဖို့ဆိုတာ နှာခေါင်းရှုံ့ခဲ့ဖူးပါလိမ့်မယ်”
“ဒါပေမဲ့ ဟောင်ဖူနတ်ဘုရားဂိုဏ်းကို လျင်လျင်မြန်မြန် ကြီးထွားလာစေချင်ရင်တော့ ဂိုဏ်းချုပ်အနေနဲ့ ဂုဏ်ပုဒ်တွေကို ခေတ္တဘေးဖယ်ထားရပါလိမ့်မယ်... သူတို့ကို ဟောင်ဖူနတ်ဘုရားဂိုဏ်းကို ဖိတ်ခေါ်ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှုတွေ ဆွေးနွေးပေးပါ... ကျွန်တော်တို့ ဂိုဏ်းက ဆေးလုံးတွေ၊ ကျင့်စဉ်တွေ၊ လက်နက်တွေနဲ့ လက်နက်အစီအရင်တွေကို ထောက်ပံ့ပေးပြီး သူတို့က ဝိညာဉ်ကျောက်တုံးတွေနဲ့ ပြန်ဝယ်ကြမှာပါ”
“ဒါတွေအပြင် ကျွန်တော်တို့ ဂိုဏ်းက ရှားပါးလှတဲ့ ကောင်းကင်နဲ့ မြေကမ္ဘာ ရတနာတွေကိုလည်း ရောင်းချနိုင်ပါသေးတယ်... အချုပ်ပြောရရင် သူတို့ရဲ့ ဝိညာဉ်ကျောက်တုံး အားလုံးဟာ ကျွန်တော်တို့ ဂိုဏ်းထဲကို စီးဝင်လာမှာဖြစ်ပြီး ဂိုဏ်းရဲ့ ကြွယ်ဝမှုဟာလည်း အရှိန်အဟုန်နဲ့ တိုးပွားလာပါလိမ့်မယ်”
“တစ်ချိန်တည်းမှာပဲ သူတို့ကို ဟောင်ဖူနတ်ဘုရားဂိုဏ်းကို ဖိတ်ခေါ်တဲ့အခါ သူတို့တွေဟာ ဘာဖြစ်မလဲဆိုတာ မသိဘဲ ထိတ်လန့်နေကြမှာပါ... အဲ့ဒီအခါ ကျွန်တော်တို့ ဂိုဏ်းမှာ သူတို့ကို ဝါးမြိုပစ်ဖို့ ရည်ရွယ်ချက် မရှိဘူးဆိုတာ သိအောင် သူတို့ကို နှစ်သိမ့်ပေးဖို့လည်း လိုပါတယ်”
“ဒီလိုလုပ်ခြင်းအားဖြင့် အချင်းချင်း အဆုံးမရှိ တိုက်ခိုက်နေကြတဲ့ ဒီဂိုဏ်းတွေဟာ သူတို့ကိုယ်သူတို့ ပိုမို အစွမ်းထက်လာစေဖို့ ကျွန်တော်တို့ ဂိုဏ်းဆီကနေ အစွမ်းထက်တဲ့ လက်နက်တွေ၊ ဆေးလုံးတွေနဲ့ အခြားသော အရင်းအမြစ်တွေကို ဈေးကြီးပေးပြီး ဝယ်ယူဖို့ အင်မတန် ဆန္ဒရှိကြပါလိမ့်မယ်”
“အကောင်းဆုံးကတော့ ဂိုဏ်းချုပ်အနေနဲ့ ကျွန်တော်တို့ဂိုဏ်းရဲ့ တောင်တံခါး အပြင်ဘက်မှာ ကောင်းကင်ပြစ်ဒဏ် တောင်တန်းရဲ့ အကြီးဆုံး ဈေးမြို့တော်ကြီးတစ်ခု တည်ဆောက်ပြီး ဂိုဏ်းရဲ့ အစွမ်းထက်တဲ့ သူတွေကို အဲ့ဒီမြို့မှာ စောင့်ကြပ်ခိုင်းထားရင် ဂိုဏ်းပေါင်း ထောင်နဲ့ချီတဲ့ တပည့်တွေဟာ ဘေးကင်းလုံခြုံစွာ ကုန်သွယ်နိုင်ကြမှာပါ”
“ပြီးတော့ အဲ့ဒီ ဈေးမြို့တော်မှာ ကျွန်တော်တို့ဂိုဏ်းရဲ့ အရောင်းဆိုင်တွေနဲ့ လေလံရုံတွေကို တည်ထောင်ပြီး တခြားဂိုဏ်းတွေကနေ နှစ်စဉ် ဝိညာဉ်ကျောက်တုံးတွေ ဆက်သခိုင်းရပါမယ်... ဒါတွေအားလုံး ပုံမှန် လည်ပတ်သွားပြီဆိုရင်တော့ ကျွန်တော်တို့ဂိုဏ်းဟာ နေ့စဉ် ရွှေပုံပေါ်မှာ ထိုင်နေရသလို ဖြစ်သွားမှာပါ”
ထန်ယွင်၏ စကားကို နားထောင်ပြီးနောက် ထန်ထိုင်ကျုံးတယ်၏ သန်မာသော ကိုယ်ခန္ဓာမှာ အနည်းငယ် တုန်ယင်သွားပြီး မြွက်ဟလိုက်သည်။
“သိပ်ကောင်းတဲ့ အကြံပဲ... အရမ်းကောင်းတယ်”
“ဂိုဏ်းချုပ်... ဒီလိုလုပ်တာရဲ့ အားနည်းချက်ကတော့ ဒီဂိုဏ်းတွေရဲ့ အင်အားဟာ တဖြည်းဖြည်း ပိုမို သန်မာလာမှာပါ... အကယ်၍ တစ်နေ့မှာ ဂိုဏ်းတစ်ခုခုက အိမ်ရှင်ကို ပြန်ပြီး ဆရာလုပ်ဖို့ အရိပ်အယောင် ပြလာပြီဆိုရင်တော့ ကျွန်တော်တို့ ဂိုဏ်းအနေနဲ့ သံမဏိလက်သီးနဲ့ သွေးချောင်းစီးအောင် နှိမ်နင်းပြီး အဲ့ဒီဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းပြရပါမယ်... ဒါမှ တခြားဂိုဏ်းတွေ ကြောက်လန့်သွားပြီး ဟောင်ဖူနတ်ဘုရားဂိုဏ်းဟာ စည်းမျဉ်းတွေကို သတ်မှတ်တဲ့ အုပ်စိုးသူ ဖြစ်တယ်ဆိုတာ သူတို့ သိသွားမှာပါ”
“ဒီနည်းလမ်းအတိုင်း ဆိုရင်တော့ နောက်နှစ်ပေါင်း ရာဂဏန်းအတွင်းမှာ ကျွန်တော်တို့ ဂိုဏ်းဆီမှာ ဒူးထောက် အညံ့ခံပြီး လက်အောက်ခံ ဂိုဏ်းတွေ ဖြစ်လာချင်တဲ့ ဂိုဏ်းတွေ ရှိလာမှာပါ... အဲ့ဒီအခါ သူတို့ရဲ့ တပည့်တွေကို ရွေးချယ်မှုတွေကတစ်ဆင့် ကျွန်တော်တို့ ဂိုဏ်းထဲ ဝင်ခွင့်ပေးနိုင်ပါတယ်... ဂိုဏ်းထဲကို ရောက်လာတာနဲ့ သူတို့ကို တန်းတူရည်တူ ဆက်ဆံပေးရမှာပါ”
“ဟားဟားဟား... ကောင်းတယ်”
ထန်ထိုင်ကျုံးတယ်က ရယ်မောရင်း “ဆက်ပြောစမ်း” ဟု ဆိုလိုက်သည်။
“ဟုတ်ကဲ့ ဂိုဏ်းချုပ်” ထန်ယွင်က ဆက်၍ ပြောပြပြန်သည်။
“ဂိုဏ်းချုပ်အနေနဲ့ ဒါတွေကို လုပ်ဆောင်ပြီးတဲ့အခါ ကျွန်တော်တို့ဂိုဏ်းရဲ့ ရွက်ပုန်း ကျင့်ကြံနေကြတဲ့ စီနီယာကြီးတွေဟာ ဂိုဏ်းချုပ်ကို အသိအမှတ်ပြု လေးစားလာကြပါလိမ့်မယ်... ဂိုဏ်းချုပ်ဟာ ဟောင်ဖူနတ်ဘုရားဂိုဏ်းရဲ့ အထူးချွန်ဆုံးသော ဂိုဏ်းချုပ်ဖြစ်တယ်ဆိုတာ သူတို့ သိသွားကြမှာပါ”
“အဲ့ဒီအချိန်ကျရင် ဂိုဏ်းချုပ်အနေနဲ့ ဟောင်ဖူနတ်ဘုရားဂိုဏ်းရဲ့ အဓိက တောင်စဉ် ၉ ခုကြားက ပဋိပက္ခတွေကို ရပ်တန့်ဖို့ အဆိုပြုနိုင်ပါပြီ... ဘယ်သူကပဲ ငြင်းဆန်ပါစေ ဂိုဏ်းချုပ်အနေနဲ့ ကြက်ကိုသတ်ပြီး မျောက်ကို ခြောက်လှန့်သလိုမျိုး နမူနာပြ နှိမ်နင်းရပါမယ်... အချုပ်ပြောရရင် ဂိုဏ်းချုပ်ဟာ ဟောင်ဖူနတ်ဘုရားဂိုဏ်း တစ်ခုလုံးကို စည်းလုံးအောင် အုပ်ချုပ်နိုင်ရပါမယ်... မဟုတ်ရင် လူတွေ စိတ်ဝမ်းကွဲနေသရွေ့ ဂိုဏ်းက ဘယ်လိုလုပ် တိုးတက်နိုင်ပါ့မလဲ”
ထိုစကားကို ကြားရသည့်အခါ ထန်ထိုင်ကျုံးတယ် ခေါင်းညိတ်လိုက်သည်။ သူသည် ဤအချက်ကို ကောင်းကောင်း သိထားသော်လည်း ယခင် ဂိုဏ်းချုပ် အဆက်ဆက်မှာ တောင်စဉ် ၉ ခုကို ပေါင်းစည်းရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြပေ။ သို့သော် ယခု ထန်ယွင်၏ ဗျူဟာများထဲတွင် တစ်စုံတစ်ရာသော မျှော်လင့်ချက် အလင်းရောင်ကို သူ မြင်လိုက်ရ၏။
ထန်ယွင် ပြောသည့်အတိုင်းပင် သူသာ အောင်မြင်မှုအချို့ ပြသနိုင်ပါက ရွက်ပုန်း စီနီယာကြီးများ၏ ထောက်ခံမှုကို ရရှိနိုင်မည် ဖြစ်သည်။ ဤနည်းဖြင့် သူ့သက်တမ်းအတွင်း တောင်စဉ် ၉ ခုကို တစ်ပေါင်းတည်း ဖြစ်အောင် လုပ်နိုင်ပေလိမ့်မည်။
ဤသို့ တွေးတောရင်း ထန်ထိုင်ကျုံးတယ်က ဆိုလိုက်၏။
“ကောင်းမွန်တဲ့ ဗျူဟာပဲ... မရပ်နဲ့... မင်း ဆက်ပြောပါဦး”
“ဟုတ်ကဲ့ ဂိုဏ်းချုပ်”
ထန်ယွင်က ဆက်လက်၍ -
“တောင်စဉ် ၉ ခုကို ပေါင်းစည်းပြီးတဲ့အခါ သူတို့ကြားမှာ ပညာရပ်တွေ အပြန်အလှန် ဖလှယ်ခိုင်းရပါမယ်... ဒီလိုနည်းနဲ့ တောင်စဉ် ၉ ခုလုံးက တပည့်တွေဟာ တခြားသော တောင်စဉ်တွေက ရတနာအဆင့် ကျင့်စဉ်တွေကို ကျင့်ကြံခွင့် ရလာပြီး အတွင်းစည်း တပည့်တွေကနေ စီနီယာစည်းနဲ့ သူတော်စင်စည်း တပည့်တွေအထိ အားလုံးရဲ့ စုစုပေါင်း ခွန်အားတွေ မြင့်တက်လာမှာပါ”
“ဒီအဆင့်ကို ရောက်တဲ့အခါ ကျွန်တော်တို့ဂိုဏ်းဟာ ထောင်ပေါင်းများစွာသော ဂိုဏ်းတွေနဲ့ ကုန်သွယ်မှုကြောင့် အချမ်းသာဆုံး ဖြစ်နေပါပြီ... မုန်ညင်းစေ့ အချိန် ဟင်းလင်းပြင် မျှော်စင်ကို အမြဲတမ်း ဖွင့်လှစ်ပေးထားပြီး တပည့်တွေကို ကျင့်ကြံခွင့် ပေးနိုင်ဖို့ လုံလောက်တဲ့ ဝိညာဉ်ကျောက်တုံးတွေလည်း ရှိနေမှာပါ”
“တစ်ချိန်တည်းမှာပဲ လက်နက်အဖွဲ့ကိုလည်း ကျင့်ကြံခြင်း မျှော်စင်တွေ ပိုပြီး ထုတ်လုပ်ခိုင်းရပါမယ်... များလေ ကောင်းလေပါပဲ... ကျွန်တော်တို့ဂိုဏ်းဟာ ကောင်းကင်ပြစ်ဒဏ် တောင်တန်း တစ်ခုလုံးမှာ ကုန်သွယ်မှုတွေ လုပ်နေတဲ့အတွက် တပည့်တွေဟာလည်း ကိုယ်ပိုင် ကုန်သွယ်မှုတွေကနေ ကြွယ်ဝမှုတွေ ရလာကြပါလိမ့်မယ်”
“ရလဒ်အနေနဲ့ ဂိုဏ်းကနေ တပည့်တွေကို လစဉ်ပေးနေတဲ့ ဝိညာဉ်ကျောက်တုံး ထောက်ပံ့ကြေးတွေကို ရပ်ဆိုင်းလိုက်လို့ ရပြီး ဂိုဏ်းရဲ့ အသုံးစရိတ် အမြောက်အမြားကို သက်သာစေပါလိမ့်မည်”
“နှစ်အနည်းငယ် ကြာတဲ့အခါမှာတော့ ကျွန်တော်တို့ဂိုဏ်းရဲ့ ခွန်အားဟာ အဆမတန် မြင့်တက်လာမှာ ဖြစ်ပြီး ထာဝရနတ်ဘုရားဂိုဏ်းနဲ့ ဝိညာဉ်နတ်ဘုရားနန်းတော်တို့ကို ချေမှုန်းကာ ကောင်းကင်ပြစ်ဒဏ် တောင်တန်းရဲ့ အရှင်သခင် ဖြစ်လာပါလိမ့်မယ်... ဘိုးဘေးကြီး သက်ရှိထင်ရှား ရှိစဉ်က အထွတ်အထိပ် အခြေအနေမျိုးကို ပြန်လည် ရောက်ရှိစေရုံတင်မကဘဲ အဲ့ဒီထက်တောင် ကျော်လွန်သွားနိုင်ပါသေးတယ်”
ထိုစကားကို ကြားရသည့်အခါ ထန်ထိုင်ကျုံးတယ်မှာ ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်သွားပြီး ပြောလိုက်သည်။
“ကောင်းတယ်... တကယ်ကို ကောင်းမွန်တဲ့ ဗျူဟာပဲ... အဆုံးသတ်ကို ဆက်ပြောပါဦး”
ထန်ယွင်က ဆက်ပြောလိုက်၏။
“သူရဲကောင်းတွေကို တိုက်ခိုက်၊ လောကကြီးကို သတ်မှတ်ပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ရပါမယ်”
“ဂိုဏ်းချုပ်... တပည့်ကို ဟောင်ဖူနတ်ဘုရားမင်းဆက်မှာ မွေးဖွားခဲ့တာပါ... အဓိက နတ်ဘုရားမင်းဆက်တွေဟာ တစ်နှစ်ပတ်လုံး အပြန်အလှန် တိုက်ခိုက်နေကြတာကို တပည့် သိပါတယ်”
“အဲ့ဒီအချိန်ကျရင် ကျွန်တော်တို့ ဂိုဏ်းအနေနဲ့ အစွမ်းထက်သူတွေကို ဦးဆောင်ပြီး သူရဲကောင်းတွေကို တိုက်ခိုက်ကာ ကောင်းကင်ပြစ်ဒဏ်တိုက်ကြီး တစ်ခုလုံးကို စည်းလုံးအောင် လုပ်နိုင်ပါလိမ့်မယ်... ဒါမှလည်း မင်းဆက်အသီးသီးက လူတွေဟာ စစ်ဘေးစစ်ဒဏ်ကြောင့် မိသားစုတွေ ပျက်စီးရတဲ့ ဒုက္ခကနေ ကင်းဝေးကြမှာပါ”
“နောက်ဆုံးမှာတော့ ကောင်းကင်ပြစ်ဒဏ်တိုက်ကြီးကို ကျွန်တော်တို့ ဟောင်ဖူနတ်ဘုရားဂိုဏ်းကပဲ အုပ်စိုးပြီး ဥပဒေစိုးမိုးရေး စည်းမျဉ်းတွေကို သတ်မှတ်ပေးကာ ပြည်သူတွေ အေးချမ်းစွာ နေထိုင်နိုင်အောင် လုပ်ဆောင်ပေးရပါမယ်... ကျင့်ကြံသူတွေ အားလုံးကိုလည်း ကျွန်တော်တို့ နတ်ဘုရားဂိုဏ်းရဲ့ အသုံးတော်ခံတွေ ဖြစ်လာစေပြီး ကောင်းကင်ပြစ်ဒဏ်တိုက်ကြီးကို အထွတ်အထိပ်သို့ ရောက်ရှိစေရပါမယ်”
စကားအဆုံးတွင် ထန်ထိုင်ကျုံးတယ်၏ မျက်လုံးများထဲ၌ မျှော်လင့်ချက် အလင်းတန်းများ တောက်ပလာပြီး... “ထန်ယွင်... မင်းက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ လောကကြီးကို ငဲ့ညှာတဲ့ စိတ်ရှိနေတာ တကယ်ကို ချီးကျူးဖို့ ကောင်းပါတယ်... မင်းရဲ့ အကြံပြုချက် အားလုံးကို ငါ သေချာ စဉ်းစားပြီးမှ ဆက်လက် လုပ်ဆောင်သွားပါ့မယ်”
ထန်ယွင်က ဦးညွှတ်လိုက်သော်လည်း သူ၏ ကြယ်တာရာအလား တောက်ပသော မျက်လုံးများထဲတွင်မူ မည်သူမျှ သတိမထားမိနိုင်သော ထူးဆန်းသည့် အရိပ်အယောင်တစ်ခု ရှိနေသည်။
သေချာသည်မှာ ထန်ယွင်က လောကကြီးကို ငဲ့ညှာသည်မှာ မှန်သော်လည်း ယခု သူ အကြံပြုခဲ့သော ဗျူဟာများမှာ သူ့ကိုယ်ပိုင် အနာဂတ်အတွက်လည်း ပါဝင်နေခြင်း ဖြစ်၏။
တစ်နေ့တွင် သူသည် ကောင်းကင်ပြစ်ဒဏ်တိုက်ကြီး၏ နံပါတ်တစ် အစွမ်းထက်ဆုံးသူ ဖြစ်လာမည်ဟု အမြဲတမ်း ယုံကြည်ထားသည်။ ထိုအချိန်ကျလျှင် သူက ဟောင်ဖူနတ်ဘုရားဂိုဏ်း၏ အမည်ကို အသုံးပြုကာ ကောင်းကင်ပြစ်ဒဏ်တိုက်ကြီးမှ အစွမ်းထက်သူများကို ဦးဆောင်ပြီး ကိုယ်ပိုင် အင်အားစုကို တည်ထောင်ကာ ၉ပါးကောင်းကင် နတ်ဘုရားဘုံသို့ ပြန်လည် တိုက်ခိုက်သွားမည် ဖြစ်သည်။
“ဂိုဏ်းချုပ်ရဲ့ စိုးရိမ်ပူပန်မှုတွေကို မျှဝေခံစားခွင့် ရတာဟာ တပည့်အတွက် ဂုဏ်ယူစရာပါပဲ”
ထန်ယွင်က စိတ်ရင်းအမှန်ဖြင့် ပြောလိုက်သည်။
“အင်း... နောက်လူတွေက တကယ်ကို ကြောက်စရာကောင်းပါလား”
ထန်ထိုင်ကျုံးတယ်က ပြုံးလိုက်ပြီး သူ၏ ညာဘက်လက်မောင်းကို ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်လှေ၏ ကုန်းပတ်ပေါ်သို့ သွားရာ တံခါးမှာ ပွင့်သွားတော့သည်။
“မင်း အရင် ထွက်သွားနှင့်ဦး... ငါ ဂိုဏ်းကို ပြန်ရောက်ရင် ဘာတွေ လုပ်ရမလဲဆိုတာကို ခေတ္တ စဉ်းစားလိုက်ဦးမယ်”
ထန်ယွင်က ဦးညွှတ်၍ တံခါးအပြင်ဘက်သို့ ထွက်သွားလိုက်သည်။
ထန်ယွင် ထွက်သွားပြီးနောက် ထန်ထိုင်ကျုံးတယ်၏ မျက်လုံးများမှာ တောက်ပလာပြီး သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်၏။
“ထန်ယွင်ဆိုတဲ့ ဒီကောင်လေးက နောင်တစ်ချိန်မှာ သာမန်လူတစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူး... ဒီသမက်လောင်းကို ငါ အသိအမှတ်ပြုတယ်”
“ငါ့ရဲ့ အဖိုးတန် သမီးလေးရေ... နင် နောက်ဆို ထန်ယွင်ရဲ့ နောက်ကို လိုက်သွားမယ်ဆိုရင် ဘာထက်မဆို ပိုကောင်းမှာပါ...”
ထန်ယွင် ဝိညာဉ်လှေ၏ ကုန်းပတ်ပေါ်သို့ ရောက်လာသည့်အခါ ကျုံးဝူစစ်ယောင်က ပြုံးလျက် ကြိုဆိုကာ မေးလိုက်သည်။
“ထန်ယွင်... မြန်မြန် ပြောစမ်းပါဦး ရှင် ဂိုဏ်းချုပ်နဲ့ ဘာတွေ ပြောခဲ့တာလဲ”
လူတိုင်းကလည်း ထန်ယွင်ကို စိုက်ကြည့်နေကြ၏။
ထန်ယွင်က ကျုံးဝူစစ်ယောင်ကို မဆိုင်းမတွပင် ဖက်ထားလိုက်ပြီး ဆိုသည်။
“ဂိုဏ်းကို ပြန်ရောက်မှ ငါ မင်းကို ပြောပြမယ်”
“ဟီးဟီး... ကောင်းပါပြီ”
ကျုံးဝူစစ်ယောင်က ခြေဖျားထောက်ကာ ထန်ယွင်၏ နားနားသို့ ကပ်၍...
“ထန်ယွင်... ရှင် အရင်က ထာဝရနတ်ဘုရားဂိုဏ်းမှာတုန်းက ရတနာတစ်ခု ရခဲ့တယ်လို့ ကျွန်မကို ပြောဖူးတယ်လေ... အဲ့ဒါ ဘာရတနာလဲဆိုတာ ကျွန်မ အရမ်း သိချင်နေပြီ”
ထန်ယွင်က လူတိုင်းကို ကျောခိုင်းလိုက်ပြီး သူ၏ ဘယ်ဘက်လက်ဖြင့် ကျုံးဝူစစ်ယောင်၏ နုနယ်လှသော လက်ဖဝါးလေးကို ဆုပ်ကိုင်ကာ လက်ချောင်းများဖြင့် လျင်မြန်စွာ ရေးပြလိုက်သည်။ ၎င်းမှာ - “ထာဝရနတ်ဘုရားဓား” ဟူသော စကားလုံးပင် ဖြစ်၏။
ကျုံးဝူစစ်ယောင်၏ ကိုယ်လုံးလေးမှာ ရုတ်တရက် တုန်ယင်သွားပြီး သူမ၏ လှပသော မျက်လုံးများမှာ ပြူးကျယ်သွားကာ ချစ်စရာကောင်းသော အမူအရာလေးဖြင့် မှင်သက်သွားတော့လေသတည်း။
အခန်း ၃၅၁ ပြီး
***