“ရှူး...”
ထန်ယွင်က ပြုံးလိုက်ပြီး... “လူတွေ ကြည့်နေတယ်... တည်တည်ငြိမ်ငြိမ် နေစမ်းပါဦး”
“ဟီးဟီး...” ကျုံးဝူစစ်ယောင်က ချစ်စရာကောင်းစွာ ပြုံးလိုက်၏။
“စီနီယာအစ်ကို ထန်... ဂိုဏ်းချုပ်နဲ့ ဘာတွေ ပြောခဲ့တာလဲ”
တပည့်ကြီး တာနျူက သွားဖြဲနားဖြဲဖြင့် အနားသို့ တိုးကပ်ကာ မေးလိုက်သည်။
“လျှို့ဝှက်ချက်ပေါ့ကွ... ပြောလို့မရဘူး”
ထန်ယွင်က လျှို့ဝှက်ချက် လုပ်ထားလိုက်၏။
လူတိုင်းက ထန်ယွင်နှင့် ဂိုဏ်းချုပ် ဘာတွေပြောခဲ့သလဲဆိုသည်ကို တွေးတောနေစဉ်မှာပင် ထန်ထိုင်ကျုံးတယ်၏ အသံက လူတိုင်း၏ နားထဲသို့ ရောက်ရှိလာတော့သည်။
“အားလုံး အမိန့်ကို နာခံကြစေ”
“လက်အောက်ခံ တပည့်များ အမိန့်ကို နာခံဖို့ အသင့်ပါ ခင်ဗျာ”
အကြီးအကဲ ၈ ယောက်နှင့် တပည့်အားလုံးမှာ တစ်ပြိုင်နက်တည်း ဒူးထောက်လိုက်ကြ၏။ ထန်ယွင်ကမူ ဒူးမထောက်ဘဲ ခါးကိုသာ ကိုင်းညွှတ်လိုက်သည်။
“အခု ထာဝရနတ်ဘုရားဂိုဏ်းကို သွားခဲ့တဲ့ ခရီးစဉ်ဟာ ငါ့အတွက်ရော ဟောင်ဖူနတ်ဘုရားဂိုဏ်း အတွက်ပါ အရှက်ရစရာ တစ်ခုပဲ... မင်းတို့ ဂိုဏ်းကို ပြန်ရောက်တဲ့အခါ ငါတို့ ချန်ပီယံဖြစ်ခဲ့တဲ့ အကြောင်းကလွဲလို့ တခြား ဘာကိုမှ အပြင်မှာ မပြောကြနဲ့... တိတ်တဆိတ်တောင် ဆွေးနွေးတာမျိုး မလုပ်ရဘူး”
“အမိန့်ကို ဖီဆန်တဲ့သူကိုတော့ ညှာတာမှာ မဟုတ်ဘူး... သတ်ပစ်မယ်”
အကြီးအကဲများနှင့် တပည့်များ၏ မျက်နှာမှာ ပျက်သွားပြီး ပြန်လည် ဖြေကြားလိုက်ကြသည်။
“လက်အောက်ခံ တပည့်များ အမိန့်အတိုင်း လိုက်နာပါ့မယ်”
ထန်ထိုင်ကျုံးတယ်က ဤသို့ အမိန့်ပေးရခြင်းမှာ ဟောင်ဖူနတ်ဘုရားဂိုဏ်း တပည့်များကြားတွင် ထိတ်လန့်မှု မဖြစ်စေရန်ပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ရူယန်ဝူကျိနှင့် ကျူးကော့ယွီတို့က ဟောင်ဖူနတ်ဘုရားဂိုဏ်းကို ပူးပေါင်းပြီး ဖျက်ဆီးပစ်မည်ဟု ကြုံးဝါးခဲ့သောကြောင့်ပင်။
...
အချိန်များ ကုန်ဆုံးသွားပြီး ၅၂ ရက်အကြာတွင် ဝိညာဉ်လှေကြီးသည် လူတိုင်းကို တင်ဆောင်ကာ ဟောင်ဖူနတ်ဘုရားဂိုဏ်းသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
ထန်ထိုင်ကျုံးတယ်က ထန်ယွင်ကို ဘယ်လို ဆုလာဘ်မျိုး လိုချင်သလဲဟု မေးသည့်အခါ ထန်ယွင်က မီးလျှံနှင့် ရေခဲမီးစေ့များသာ လိုအပ်ကြောင်း ပြန်ပြောလိုက်၏။ ထို့ကြောင့် ထန်ထိုင်ကျုံးတယ်က မကြာမီတွင် လူတစ်ယောက်က ထန်ယွင်ထံသို့ ထိုမီးစေ့များကို လာပို့ပေးလိမ့်မည်ဟု ပြောလိုက်သည်။
ထန်ထိုင်ကျုံးတယ်က ကုန်းစွန်းရို့ရှီ၏ ဝိညာဉ်သန္ဓေ အလိုက် ဆုလာဘ်ကိုလည်း နောက်တစ်နေ့တွင် ပေးပို့မည်ဖြစ်ကြောင်း ပြောကြားခဲ့သလို ဟောင်ဖူထင်ဖုန်းကိုလည်း ထိုက်တန်သော ဆုလာဘ်များ ပေးအပ်ခဲ့သည်။
ဆေးအဖွဲ့နှင့် လင်းရှန်း ဆေးဥယျာဉ်မှ တပည့်ပေါင်း ၁၀၀ ကျော်ကိုလည်း တစ်ဦးလျှင် အလတ်စား ဝိညာဉ်ကျောက်တုံး တစ်သန်းစီ ဆုချလိုက်၏။
၎င်းနောက်တွင် ထန်ထိုင်ကျုံးတယ်က အတွင်းစည်းမှ အကြီးအကဲ ၉ ယောက်လုံးကို ခေါ်ယူကာ ဟောင်ဖူနတ်ဘုရားဂိုဏ်းသည် ထာဝရနယ်မြေထဲ ဝင်ရောက်ရန် နေရာ ၁၀၀၀ ရရှိထားသဖြင့် နောက်တစ်လအကြာတွင် အတွင်းစည်း တောင်စဉ် ၉ခု ပြိုင်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
အားလုံးကို အမိန့်ပေးပြီးနောက် ထန်ထိုင်ကျုံးတယ်က ရှန်စုပင်း၏ ဆေးအဖွဲ့သည် ဂိုဏ်းအတွက် ဂုဏ်ဆောင်နိုင်ခဲ့သဖြင့် အခြားသော အတွင်းစည်း အကြီးအကဲ ၈ ယောက်၏ ရှေ့တွင် ရှန်စုပင်းကို ချီးကျူးစကား ဆိုကာ ဘယ်လို ဆုလာဘ်မျိုး လိုချင်သလဲဟု မေးလိုက်၏။
ရှန်စုပင်းမှာ အလိုက်သိတတ်သူ ဖြစ်သဖြင့် ဂိုဏ်းအပေါ် သစ္စာရှိခြင်းမှာ သူမ၏ တာဝန်သာဖြစ်ပြီး မည်သည့် ဆုလာဘ်မျှ မလိုချင်ကြောင်း ပြောလိုက်သည်။
ထိုအချိန်တွင် ထန်ရှင်းရင်က သူမအနေဖြင့် ရှန်စုပင်းကို နတ်ဘုရားဂိုဏ်းခွဲ ဆေးအဖွဲ့၏ ဂုဏ်ထူးဆောင် အကြီးအကဲအဖြစ် ခန့်အပ်လိုကြောင်းနှင့် ဂိုဏ်းချုပ်ကိုယ်တိုင် အမိန့်ထုတ်ပြန်ပေးရန် တောင်းဆိုလိုက်၏။ ထန်ထိုင်ကျုံးတယ်ကလည်း ချက်ချင်းပင် သဘောတူလိုက်ပြီး အတွင်းစည်း အကြီးအကဲ ၈ ယောက်၏ မနာလိုမှုများကြားမှပင် ရှန်စုပင်းကို နတ်ဘုရားဂိုဏ်းခွဲ၏ ဂုဏ်ထူးဆောင် အကြီးအကဲအဖြစ် ခန့်အပ်လိုက်တော့သည်။
ထို့နောက် ထန်ထိုင်ကျုံးတယ် ထွက်သွားခဲ့သည်။
ရှန်စုပင်းက ဝိညာဉ်လှေကို မောင်းနှင်ကာ ဆေးအဖွဲ့နှင့် ဆေးဥယျာဉ်မှ တပည့်များကို တင်ဆောင်၍ ဆေးအဖွဲ့၏ တောင်တံခါးဆီသို့ ပျံသန်းသွားတော့သည်။
ထန်ယွင်ကမူ ဆေးအဖွဲ့သို့ ပြန်မလိုက်သေးပေ။ လုပ်စရာအချို့ ရှိနေသဖြင့် ခေတ္တမျှ ပြန်မလာနိုင်သေးကြောင်း ရှန်စုပင်းကို ပြောလိုက်၏။ ထန်ယွင်မှာ ဂိုဏ်း၏ သူရဲကောင်းဖြစ်သလို ဂိုဏ်းချုပ်၏ မျက်နှာသာပေးခြင်းကိုပါ ခံထားရသူ ဖြစ်သဖြင့် ရှန်စုပင်းကလည်း လိုလိုလားလားပင် သဘောတူလိုက်သည်။
ကျုံးဝူစစ်ယောင်သည်လည်း သူမ၏ ဆရာမဖြစ်သူ မူရုန်ဆရာမကို ကိစ္စအချို့ ဖြေရှင်းစရာ ရှိသဖြင့် ပြီးမှသာ ပြန်လာမည်ဖြစ်ကြောင်း ပြောလိုက်၏။ ကျုံးဝူစစ်ယောင်သည် ထန်ယွင်နှင့် သီးသန့် တွေ့ဆုံလိုခြင်းဖြစ်ကြောင်း မူရုန်ဆရာမက တန်းသိလိုက်သဖြင့် စိတ်ထဲမှ မပျော်သော်လည်း အပြင်ပန်းတွင်မူ ပြုံးလျက် သဘောတူလိုက်ရရှာသည်။
ထန်ယွင်နှင့် ကျုံးဝူစစ်ယောင်တို့ ချိန်းထားသည့် နေရာတွင် တွေ့ကြပြီးနောက် ထန်ယွင်က ဓားပျံကို စီးနင်းကာ ကျုံးဝူစစ်ယောင်၏ ခါးလေးကို တင်းတင်းဖက်လျက် နတ်သမီး နတ်သား မောင်နှံအလား သားရဲဝိညာဉ်အဖွဲ့၏ တောင်တံခါးဆီသို့ ပျံသန်းသွားတော့သည်။
ဒါဟာ သူတို့ အရင်ကတည်းက ချိန်းထားသည့်အတိုင်း မုမုန့်ဂျီကို သွားရှာကြခြင်းပင် ဖြစ်၏။
၃ ရက်အကြာတွင်...
သားရဲဝိညာဉ်အဖွဲ့၊ သားရဲဝိညာဉ် နန်းတော်အတွင်း၌...
“အဖေ... မုန့်ဂျီ ကျင့်စဉ်ကနေ ထွက်လာတဲ့ ဒီ ၆ လအတွင်းမှာ သားဘက်က ကောင်းတာတွေ အကုန်ပြောခဲ့ပေမဲ့ သူမရဲ့ စိတ်ထဲမှာတော့ အဲ့ဒီ ထန်ယွင် တစ်ယောက်တည်းပဲ ရှိနေတယ်”
ဝူဖေးရှုန်းက ရှေ့တွင် ရှိနေသော သားရဲဝိညာဉ်အဖွဲ့ အကြီးအကဲကို ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။
“အဖေ... ခုနက တောင်တံခါးစောင့် တပည့်က သတင်းလာပို့တယ်... ထန်ယွင်နဲ့ ကျုံးဝူစစ်ယောင်တို့ မုန့်ဂျီကို လာရှာနေကြပြီတဲ့... သား ဘာလုပ်ရမလဲ”
မုမုန့်ဂျီမှာ သားရဲဝိညာဉ် အကြီးအကဲ ဝူဟုန်၏ တပည့်ရင်း ဖြစ်၏။ ထန်ယွင် သေဆုံးသွားပြီဟု သတင်းထွက်စဉ်ကပင် ဝူဟုန်သည် မိမိ၏ တပည့်ရင်းနှင့် သားဖြစ်သူကို ပေးစားရန် ဆုံးဖြတ်ခဲ့သည်။
သူကိုယ်တိုင် မုန့်ဂျီကို ပြောဆိုခဲ့သော်လည်း မုန့်ဂျီက လုံးဝ သဘောမတူဘဲ သူမကို အကျပ်မကိုင်ရန်သာ တောင်းဆိုခဲ့၏။ ထိုအချိန်မှစ၍ ဝူဟုန်က နှုတ်ပိတ်နေခဲ့သော်လည်း သူ၏ တပည့်ရင်းအပေါ် ပို၍ ပို၍ စိတ်ပျက်လာခဲ့သည်။ သူ မြိုးမြိုးမျက်မျက် ပြုစုပျိုးထောင်ထားသည့် တပည့်ရင်းမှာ ဆေးအဖွဲ့မှ တပည့်တစ်ယောက်၏ မိန်းမ ဖြစ်သွားမည့်အရေးကို သူ လုံးဝ ခွင့်မပြုနိုင်ပေ။
ဤအခိုက်အတန့်တွင် ဝူဟုန်က သူ့သားကို စိတ်ပျက်လက်ပျက် ကြည့်ကာ -
“မင်းက မိန်းမတစ်ယောက်ကိုတောင် မနိုင်ဘူးလား... တကယ်ကို အသုံးမကျလိုက်တာ... တခြား နည်းလမ်းတွေ မသုံးတတ်ဘူးလား... ဆန်က ထမင်းဖြစ်သွားပြီဆိုရင်တော့ ဘာမှ ပြောလို့မရတော့ဘူးလေ”
ထိုစကားကို ကြားရသည့်အခါ ဝူဖေးရှုန်းက တိုးညှင်းစွာ ရေရွတ်လိုက်၏။
“သူမက အဖေ့ရဲ့ တပည့်ရင်းလေ... အဖေ့ရဲ့ ခွင့်ပြုချက်မပါဘဲ သားက ဘယ်လို လုပ်ရဲပါ့မလဲ”
ဝူဟုန်၏ တွန့်ရှုံ့နေသော မျက်နှာပေါ်တွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာပြီး -
“ကောင်းပြီလေ... ထန်ယွင် မုန့်ဂျီကို မတွေ့ခင် မင်း အရင်ဆုံး လက်ဦးမှု ယူလိုက်ရမယ်... ဒါမှ ထန်ယွင် ရောက်လာတဲ့အခါ မင်းနဲ့ မုန့်ဂျီတို့ အတူရှိနေတဲ့ မြင်ကွင်းကို တွေ့ပြီး ကိစ္စက ပြီးသွားမှာပေါ့”
“ဟဲဟဲ...”
ဝူဟုန်က သူ့ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ ဆေးပုလင်းလေး တစ်လုံးမှာ ဝူဖေးရှုန်း၏ လက်ထဲသို့ ကျရောက်သွားသည်။
“ဒါက အိပ်မက်ဆေးလုံးပဲ... သူမကို ဒါ တိုက်လိုက်ရင် သူမက မင်းကို ထန်ယွင်လို့ ထင်သွားလိမ့်မယ်... အဲ့ဒီနောက်ပိုင်း ဘာဆက်လုပ်ရမလဲဆိုတာ အဖေက သင်ပေးနေစရာ လိုသေးလား”
“ဟီးဟီး... သားကို ချစ်တာ အဖေပဲ ရှိတာပဲ”
ဝူဖေးရှုန်း၏ ဝက်တစ်ကောင်အလား ဖောင်းကားနေသော ကိုယ်ခန္ဓာကြီးမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားတော့သည်။
“စကားမများနဲ့... ငါက မင်းကို မချစ်လို့ ဘယ်သူ့ကို ချစ်ရမှာလဲ” ဝူဟုန်က ပြုံးလျက် - “ငါ့အတွက် မြေး မြန်မြန် ချီရအောင် ကြိုးစားစမ်းပါ”
“အဖေ စိတ်ချပါ”
ဝူဖေးရှုန်းက ယုတ်မာစွာ ပြုံးရင်း ပြောလိုက်၏။
“အော်... ဒါနဲ့ ထန်ယွင်က မုန်ညင်းစေ့ အချိန် ဟင်းလင်းပြင် မျှော်စင်ရဲ့ ၁၀၈ ထပ်အထိ တက်နိုင်ခဲ့တာဆိုတော့ သူ့ရဲ့ ခွန်အားကို အထင်မသေးနဲ့ဦး”
ဝူဟုန်က သတိပေးလိုက်သည်။
“တကယ်လို့ မင်းနဲ့ ထန်ယွင် တိုက်ခိုက်ဖြစ်ခဲ့ရင် သတိထားဦး... ဒါပေမဲ့ မင်းက သားရဲဝိညာဉ်အဖွဲ့ရဲ့ နံပါတ် ၁၀ ဆိုတော့ ထန်ယွင်ကို ကိုင်တွယ်ဖို့ လောက်ပါတယ်”
“နောက်ပြီး လွန်ခဲ့တဲ့ ၃ ရက်က ငါ ဂိုဏ်းချုပ်ရဲ့ ခေါ်ယူခြင်းကို ခံရတုန်းက ဂိုဏ်းချုပ်ရဲ့ မျက်လုံးတွေက ထန်ယွင်ကို မျက်နှာသာပေးနေတာ တွေ့ခဲ့တယ်... မှတ်ထားပါ... ထန်ယွင်ကို ဒုက္ခပေးလို့ ရပေမဲ့ သူ့ကိုတော့ အသေသတ်လို့ မရဘူး... နားလည်လား”
ဝူဖေးရှုန်းက ပြုံးလိုက်ပြီး -
“သား နားလည်ပါပြီ အဖေ... သားကို သွားခွင့်ပြုပါဦး”
ဝူဖေးရှုန်းက ဓားပျံကို စီးနင်းကာ သီချင်းလေး တအေးအေးဖြင့် တောင်တန်းများအထက်မှ ပျံသန်းသွားတော့သည်။
ပန်းမန်များနှင့် သစ်ပင်များကြားတွင် နှစ်ထပ် တည်းခိုဆောင်လေးတစ်ခု ရှိပြီး ထိုအဆောင်လေး၏ ပတ်ပတ်လည်တွင် ဝိညာဉ်စမ်းချောင်း ၄ ခု ရှိနေ၏။ ဝိညာဉ်စမ်းချောင်းများ အတွင်းမှ ဖြူစင်သော အငွေ့အသက်များမှာ နဂါးအလား အဆောင်လေးကို ပတ်ခွေထားသဖြင့် နတ်ဘုံနတ်နန်းအလား ထင်မှတ်ရပေသည်။
စမ်းချောင်း ၄ ခုက ဝန်းရံထားပုံကို ကြည့်ခြင်းဖြင့် ဤအဆောင်၏ ပိုင်ရှင်မှာ ဂုဏ်သရေရှိသူ ဖြစ်ကြောင်း သိသာလှပေ၏။
ဤအခိုက်အတန့်တွင် ရှေးဟောင်းဆန်လှသော ၂ ထပ် ပြတင်းပေါက်လေး၏ ရှေ့တွင် အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် အလှပဂေးလေး တစ်ဦး ရှိနေသည်။
သူမ၏ မျက်ခုံးတန်းလေးမှာ စိမ်းမြမြ ငှက်မွေးလေးအလား လှပပြီး သူမ၏ အသားအရေမှာ ဆီးနှင်းအလား ဖြူစင်ဝင်းပနေ၏။ ပုခုံးပေါ်သို့ ဝဲကျနေသော ဆံနွယ်လေးများ နှင့်အတူ သူမ၏ သွယ်လျလှပသော ကိုယ်လုံးလေးကို ပေါ်လွင်စေသည့် ပါးလွှာလှသော အနီရောင် ဝတ်စုံလေးကို ဝတ်ဆင်ထားသည်။
သူမသည် ပန်းချီကားတစ်ချပ်ထဲမှ ထွက်ပေါ်လာသည့် အလှပဂေးအလား သို့မဟုတ် လောကီအာရုံများကို စွန့်ခွာထားသည့် နတ်သမီးတစ်ပါးအလား လှပလွန်းပေ၏။
သို့သော် ယခုအခါ သူမ၏ လှပသော မျက်လုံးများထဲတွင်မူ လွမ်းဆွတ်မှုများ ပြည့်နှက်နေပြီး သူမ၏ နှုတ်ခမ်းဖူးလေးထံမှ သာယာနာပျော်ဖွယ် အသံလေး ထွက်ပေါ်လာသည်။
“ခုချိန်လောက်ဆိုရင် သူ ထာဝရနတ်ဘုရားဂိုဏ်းကနေ ပြန်ရောက်နေလောက်ပြီ”
ဤအနီရောင် ဝတ်စုံနှင့် အမျိုးသမီးမှာ မုမုန့်ဂျီ မှလွဲ၍ အခြားသူ မည်သူ ဖြစ်နိုင်ဦးမည်နည်း။
သူမ၏ အမျိုးသားကို အပြည့်အဝ ယုံကြည်ထားသူ ဖြစ်၏။ သူ ဂိုဏ်းကို ပြန်ရောက်တာနဲ့ သူမဆီကို အမြန်ဆုံး လာရှာမှာ သေချာသဖြင့် သူမသည် ဆေးအဖွဲ့သို့ သွားမစောင့်ဘဲ ဤနေရာမှာတင် စောင့်နေခြင်းပင်။
ရုတ်တရက် မုမုန့်ဂျီက မျက်မှောင်လေးကြုံ့သွားပြီး သူမ၏ မျက်လုံးထဲတွင် ရွံရှာသော အရိပ်အယောင်များ ပေါ်လာကာ ပြတင်းပေါက်ကို ပိတ်ရန် ပြင်လိုက်သည်။
“မုန့်ဂျီ... နေဦးလေ”
ဝူဖေးရှုန်းက တောင်ထိပ်ပေါ်မှနေ၍ လှမ်းအော်ကာ လက်ယပ်ခေါ်လိုက်သည်။
“အဖေက ပြောတယ်... တောင်စဉ် ၉ ခု ပြိုင်ပွဲ စတော့မှာမို့လို့ မင်းရဲ့ ခွန်အားတွေ တိုးတက်လာအောင် ဆေးလုံးတစ်လုံး လာပေးခိုင်းလိုက်တာ”
အခန်း ၃၅၂ ပြီး
***