ဆရာဖြစ်သူက ဝူဖေးရှုန်းကို ဆေးလုံးလာပေးခိုင်းသည်မှာ ဝူဖေးရှုန်းကို သူမနှင့် နီးစပ်ခွင့်ပေးရန် ဖန်တီးပေးခြင်းဖြစ်ကြောင်း မုမုန့်ဂျီ သိလိုက်သည်။
မုမုန့်ဂျီက အေးစက်စွာ ပြောလိုက်၏။
“အစ်ကိုဝူ... ဝင်ခဲ့ပါ”
“ကောင်းပြီ... ကောင်းပြီ”
ဝူဖေးရှုန်းက ပြုံးရွှင်စွာဖြင့် အဆောင်၏ ပထမထပ်တံခါးကို ဖွင့်ကာ ဝင်လိုက်သည်။ အထဲသို့ ရောက်သည်နှင့် သူက စိတ်ထဲမှ ကြုံးဝါးလိုက်၏။
'ဟဲဟဲ... ယုတ်မာတဲ့ မိန်းမ... ဒီနေ့တော့ နင် ငါ့လက်ထဲမှာပဲ... ငါ့အလိုကို လိုက်ရစေမယ်'
မုမုန့်ဂျီကို သူ စိတ်ကြိုက် နှိပ်စက်နိုင်တော့မည်ဟု တွေးမိသည်နှင့် ဝူဖေးရှုန်းမှာ စိတ်လှုပ်ရှားမှုကို မနည်း ထိန်းချုပ်ကာ ဒုတိယထပ်သို့ တက်လာခဲ့သည်။
“အစ်ကိုဝူ... ဆေးလုံးကို ပေးပြီးရင် ပြန်လို့ရပါပြီ... ဒီနေ့ ကျွန်မ နေလို့ သိပ်မကောင်းလို့ တစ်ယောက်တည်း အနားယူချင်တယ်”
မုမုန့်ဂျီက လှေကားထိပ်တွင် ရပ်ကာ ဝူဖေးရှုန်း၏ လမ်းကို ပိတ်ထားလိုက်၏။
ဝူဖေးရှုန်းက မျက်လုံးကို ကစားလိုက်ပြီးနောက် မုမုန့်ဂျီကို ကြည့်ကာ ပြောလိုက်သည်။
“မုန့်ဂျီ... မင်း ဒီနေ့ အနားယူနိုင်မယ် မထင်ဘူး... ဒီဆေးလုံးကို အခုချက်ချင်း သောက်ပြီးတာနဲ့ ဆရာ့ဆီကို လိုက်ခဲ့ဖို့ အဖေက မှာထားတယ်”
ဤသို့ ပြောပြီးနောက် ဝူဖေးရှုန်းက ဆေးပုလင်းကို မုမုန့်ဂျီထံသို့ ကမ်းပေးလိုက်၏။
“ကောင်းပြီလေ”
မုမုန့်ဂျီက ဆေးပုလင်းကို ဖွင့်ကာ စိမ်းပြာရောင် ဆေးလုံးတစ်လုံးကို ထုတ်လိုက်သည်။ သူမ မျက်မှောင်ကြုတ်ကာ -
“ဒါ ဘာဆေးလုံးလဲ”
ဝူဖေးရှုန်းက မဆိုင်းမတွပင် -
“အဖေက ကျွန်တော့်ကို မပြောပြဘူး... ကျွန်တော်လည်း မသိဘူး”
“အော်...”
မုမုန့်ဂျီ၏ လှပသော မျက်လုံးများတွင် သံသယအချို့ ပေါ်လာသော်လည်း ဆက်မစဉ်းစားတော့ဘဲ ဆေးလုံးကို မျိုချလိုက်ပြီး -
“ကဲ... သွားကြရအောင်”
“ကောင်းပါပြီ”
ဝူဖေးရှုန်း၏ မျက်လုံးထဲတွင် အစီအစဉ် အောင်မြင်သွားသည့် အရိပ်အယောင်များ ပေါ်လာပြီး သူသည် အဆောင်အပြင်ဘက်သို့ အေးအေးဆေးဆေး ထွက်သွားလိုက်သည်။
သူ အဆောင်အပြင်ဘက်သို့ ခြေလှမ်းလိုက်သည်နှင့် အနောက်ဘက်မှ ချိုသာလှသော အသံလေးတစ်ခု ထွက်ပေါ်လာသည်။
“ထန်ယွင်... ရှင်လား... မသွားပါနဲ့ဦး... ဘယ်ကို သွားမလို့လဲ... ရှင့်ကို ကျွန်မ အရမ်းလွမ်းနေတာ”
ဤအခိုက်အတန့်တွင် မုမုန့်ဂျီ၏ ပါးပြင်လေးများမှာ နီရဲနေပြီး အသက်ရှူသံများ ပြင်းထန်နေ၏။ သူမ၏ အမြင်အာရုံထဲတွင် ထန်ယွင်က တံခါးအပြင်ဘက်သို့ ထွက်သွားတော့မည့်အလား မြင်နေရခြင်း ဖြစ်သည်။
ဝူဖေးရှုန်းမှာ စိတ်လှုပ်ရှားစွာဖြင့် လှည့်ကြည့်လိုက်ရာ မုမုန့်ဂျီက ငိုယိုကာ သူ့ထံသို့ ပြေးလာပြီး သူ့ရင်ခွင်ထဲသို့ ပစ်ဝင်လာသည်ကို တွေ့လိုက်ရ၏။
“အီးဟီး... ရှင့်ကို ကျွန်မ အကြာကြီး စောင့်နေတာ... ဘာလို့ အခုမှ လာတာလဲ...”
မုမုန့်ဂျီက ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။
အလှပဂေးလေးက မိမိရင်ခွင်ထဲသို့ ပစ်ဝင်လာသဖြင့် ဝူဖေးရှုန်းမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားသည်။ သူက မုမုန့်ဂျီကို ဖက်ရန် လက်လှမ်းလိုက်စဉ်မှာပင် အဆောင်အပြင်ဘက်မှ အေးစက်လှသော အသံတစ်ခု ထွက်ပေါ်လာသည်။
“မုမုန့်ဂျီ ကျွန်မနဲ့ ထန်ယွင် ဂိုဏ်းကို ပြန်ရောက်တာနဲ့ ရှင်ဆီကို အမြန်ဆုံး လာရှာခဲ့တာ... ရှင်က ဘယ်လိုလုပ်ပြီး ဒီလိုမျိုး လုပ်ရဲတာလဲ”
ဤအခိုက်အတန့်တွင် တောင်ထိပ်ပေါ်၌ ရပ်နေသော ကျုံးဝူစစ်ယောင်မှာ မုမုန့်ဂျီက သူစိမ်းအမျိုးသားတစ်ဦးကို ဖက်ထားသည်ကို မြင်ရသဖြင့် ဒေါသကြောင့် တုန်ယင်နေတော့သည်။
သူမဘေးတွင် ရှိနေသော ထန်ယွင်မှာမူ အဆောင်အတွင်းမှ မြင်ကွင်းကို ကြည့်ကာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး မျက်နှာတစ်ခုလုံး ဖြူလျော့ကာ မှင်သက်သွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့မျက်လုံးထဲ၌ မျက်ရည်များ ဝဲလာတော့၏။
သူ လုံးဝ ထင်မထားခဲ့ပေ။ သူ အချစ်ဆုံး အမျိုးသမီး၊ သူ အယုံကြည်ဆုံး အမျိုးသမီးက သူ့ကို သစ္စာဖောက်လိမ့်မည်ဟု သူ မတွေးထားခဲ့ဖူးပေ။
တခြား အမျိုးသားတစ်ယောက်ကို ရင်ခွင်ထဲ ထည့်ထားသည်ပေါ့။
“ထန်ယွင်... ဝမ်းမနည်းပါနဲ့... ဒီလို လူမျိုးအတွက် ဝမ်းနည်းရတာ မတန်ပါဘူး”
ကျုံးဝူစစ်ယောင်က ထန်ယွင်၏ နာကျင်မှုကြောင့် ရှုံ့တွနေသော မျက်နှာပေါ်မှ မျက်ရည်များကို ကြည့်ကာ သူမ၏ ရင်ထဲတွင်လည်း နင့်နေအောင် ခံစားလိုက်ရသည်။
“ထန်ယွင်... ကျွန်မ သူတို့ကို သတ်ပစ်မယ်”
ကျုံးဝူစစ်ယောင်က အေးစက်သော အသံဖြင့် ပြောလိုက်ပြီး ညာဘက်လက်ထဲတွင် ဓားတစ်လက် ပေါ်လာသည်။ သို့သော် ထန်ယွင်က သူမကို လှမ်းဆွဲလိုက်၏။
ထန်ယွင်က ခေါင်းယမ်းလိုက်သည်။ မုမုန့်ဂျီ နှင့်အတူ ဖြတ်သန်းခဲ့ရသည့် အမှတ်တရများကို တွေးမိကာ သတ်ဖြတ်လိုစိတ်ကို မနည်းထိန်းချုပ်ရင်း သက်ပြင်းတစ်ချက် ချလိုက်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ထားလိုက်ပါတော့... ငါ သူမကို တစ်ခါမျှ မသိခဲ့ဖူးဘူးလို့ပဲ သဘောထားလိုက်မယ်... သွားကြရအောင်”
ထန်ယွင်၏ စကားအဆုံးတွင် ကျုံးဝူစစ်ယောင် နှင့်အတူ ထွက်သွားရန် ပြင်လိုက်စဉ်မှာပင် အနောက်ဘက်မှ ညည်းတွားသံလေးတစ်ခု ထွက်ပေါ်လာသည်။
“ထန်ယွင် ဘာကို ကြည့်နေတာလဲ... ရှင့်ကို ကျွန်မ အရမ်းလွမ်းနေတာ... ကျွန်မကို ပွေ့ချီထားပါဦး...”
ထန်ယွင် တစ်စုံတစ်ခုကို သတိထားမိသွားပြီး အမြန်လှည့်ကြည့်လိုက်ရာ ဝူဖေးရှုန်းက မုမုန့်ဂျီကို ပွေ့ချီကာ အဆောင်အတွင်းဘက်သို့ ဝင်သွားသည်ကို တွေ့လိုက်ရသည်။
“ထန်ယွင်... အစ်မမူက တစ်ခုခု မူမမှန်ဘူး... သူမကို ကယ်ပါဦး”
ကျုံးဝူစစ်ယောင် သတိပေးလိုက်ချိန်မှာပင် ပထမထပ်တံခါးမှာ ပိတ်သွားတော့သည်။ “ခွေးမသား သူမကို အခုချက်ချင်း လွှတ်စမ်း”
ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံ နှင့်အတူ ထန်ယွင်၏ မျက်လုံးများမှာ နီရဲလာပြီး ကျုံးဝူစစ်ယောင်ဘေးမှ လျှပ်ခနဲ ပျောက်ကွယ်သွားတော့သည်။
“ဘုန်း”
တံခါးကြီးမှာ အပိုင်းပိုင်း ပြတ်ထွက်သွားပြီး ထန်ယွင်က အတွင်းဘက်သို့ ဝင်လိုက်သည်။ သူ ပထမထပ် ခန်းမထဲသို့ ရောက်သည့်အခါ ဝူဖေးရှုန်း၏ ကိုယ်ခန္ဓာကြီးမှာ တုန်လှုပ်သွားပြီး အားအင်ကုန်ခမ်းနေသော မုမုန့်ဂျီကို လှေကားပေါ်တွင် ချထားကာ လှောင်ပြောင်လိုက်၏။
“မင်းရဲ့ အလုပ်သမား ဝတ်စုံကို ကြည့်ရတာ မင်းက ထန်ယွင် ဖြစ်ရမယ် ဟုတ်လား”
“ယုတ်မာတဲ့ကောင်... မင်းက နတ်ပြည်ကို သွားဖို့ လမ်းရှိပါလျက်နဲ့ မသွားဘဲ ငရဲတံခါးကိုမှ အတင်းတိုးဝင်လာတာပဲ”
“ငါ့ရဲ့ ကိစ္စကောင်းကို ဖျက်ဆီးရဲတယ်ပေါ့... မင်းကို ငါ မျက်နှာသာ ပေးမှာ မဟုတ်ဘူး...”
ဝူဖေးရှုန်း စကားမဆုံးမီမှာပင် ထန်ယွင်က ဟိန်းဟောက်လိုက်သည်။
“တိရစ္ဆာန်ထက် ယုတ်ညံ့တဲ့ကောင်”
“ဟုန်မန် နတ်ဘုရားခြေလှမ်း”
ထန်ယွင်က အရိပ်တစ်ခုအလား လျှပ်ခနဲ လှုပ်ရှားသွားပြီး ညာလက်သီးကို ဝူဖေးရှုန်း၏ ရင်ဘတ်ဆီသို့ အားကုန် ထိုးနှက်လိုက်ရာ ဟင်းလင်းပြင်ကြီးပင် တုန်ခါသွားတော့သည်။
“ဝုန်း”
'မြန်လှချည်လား'
ဝူဖေးရှုန်း ထိတ်လန့်သွားပြီး သူ၏ ချန်ခွန်းလက်စွပ်ထဲမှ အနိမ့်စား ရတနာအဆင့် ဓားပျံတစ်လက်ကို ထုတ်ကာ ထန်ယွင်၏ ညာလက်ကို ပိုင်းချလိုက်သည်။
“ဟုန်မန်မီးလျှံ”
ထန်ယွင်က လက်သီးကို လက်ဖဝါးအဖြစ် ပြောင်းလဲလိုက်ရာ လက်ဖဝါးထဲတွင် ခရမ်းရောင် မီးလျှံတစ်ခု ပေါ်လာသည်။ သူက ဓားပျံကို ရိုက်ချလိုက်ရာ ဓားပျံမှာ ချက်ချင်း အရည်ပျော်ပြီး ကျိုးပျက်သွားတော့သည်။
“အား... မဖြစ်နိုင်တာ ငါ့ရဲ့ ဓားက ရတနာအဆင့်လေ ဘယ်လိုလုပ် ပျက်စီးသွားရတာလဲ”
ဝူဖေးရှုန်းမှာ အကြီးအကျယ် ထိတ်လန့်သွားရသည်။
ထန်ယွင်က မီးလျှံကို ပြန်ရုပ်သိမ်းလိုက်ပြီး ဓားရိုးကို ကိုင်ထားသော ဝူဖေးရှုန်း၏ ညာလက်ကို ဖမ်းဆုပ်လိုက်၏။
“မင်းလို ခွေးတိရစ္ဆာန်က ငါ့ရဲ့ မိန်းမကို ထိရဲတယ်ပေါ့”
ထန်ယွင်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး -
“ဖြန်း”
ဝူဖေးရှုန်း၏ ညာဘက် လက်ကောက်ဝတ်ကို ချိုးပစ်လိုက်တော့သည်။
“အား... ငါ့လက်”
ဝူဖေးရှုန်းက နာကျင်စွာ အော်ဟစ်နေတော့၏။
“မလုပ်ပါနဲ့”
ဝူဖေးရှုန်း၏ အသည်းခိုက်မတတ် အော်ဟစ်သံများကြားမှာပင် ထန်ယွင်က ဝူဖေးရှုန်း၏ ညာဘက်ခြေထောက်ကို အားကုန် ကန်ချလိုက်ပြန်သည်။
ဟင်းလင်းပြင်ကြီးမှာ ရေလှိုင်းများအလား တုန်ခါသွားပြီး ဝူဖေးရှုန်း၏ ကိုယ်ခန္ဓာကြီးမှာ အမြောက်ဆန်တစ်ခုအလား အဆောင်နံရံကို ဖောက်ထွက်ကာ တောင်ထိပ်ပေါ်သို့ လွင့်ထွက်သွားတော့သည်။
“ထန်ယွင်... မင်းကို ငါ သတ်မယ်”
ဝူဖေးရှုန်းက နာကျင်မှုကို အောင့်ခံကာ ဓားပျံကို ထုတ်ပြီး ကောင်းကင်သို့ ပျံတက်ရန် ကြိုးစားလိုက်သည်။
ကျုံးဝူစစ်ယောင်က လိုက်ရန် ပြင်လိုက်သော်လည်း ထန်ယွင်က အဆောင်ထဲမှ လျှပ်ခနဲ ထွက်လာကာ သူမကို မှာကြားလိုက်သည်။
“စစ်ယောင်... မုန့်ဂျီကို စောင့်ရှောက်ထားလိုက်ဦး”
ထန်ယွင် အပြင်သို့ ရောက်လာချိန်တွင် ဝူဖေးရှုန်းမှာ ဓားပျံပေါ်သို့ တက်ကာ ကောင်းကင်သို့ ပျံတက်နေပြီ ဖြစ်၏။
“ဝှစ်... ဝှစ်... ဝှစ်...”
ထန်ယွင်၏ ဆံနွယ်များမှာ လေထဲ ဝဲလွင့်နေပြီး သူ့ကိုယ်လုံးမှာ ကောင်းကင်သို့ လျှပ်စီးလက် သကဲ့သို့ ပျံတက်သွားသည်။ သူ လှုပ်ရှားလိုက်တိုင်း မီတာ ၃၀၀ အကွာအဝေးကို ဖြတ်ကျော်နေခြင်းပင်။
၅ ကြိမ်ခန့် လှုပ်ရှားပြီးနောက် ထန်ယွင်က ဝူဖေးရှုန်း၏ အပေါ်တည့်တည့်တွင် ရုတ်တရက် ပေါ်လာပြီး ဝူဖေးရှုန်း၏ ညာဘက်လက်မောင်းကို အားကုန် နင်းချလိုက်တော့သည်။
“ဖြန်း...”
သွေးမြူများ လွင့်စင်သွားပြီး ပြတ်ထွက်သွားသော လက်မောင်းမှာ လေထဲသို့ လွင့်ထွက်သွား၏။ ဝူဖေးရှုန်းမှာလည်း အရှိန်အဟုန်ဖြင့် အောက်သို့ လွင့်ကျသွားပြီး -
တောင်ထိပ်ပေါ်သို့ သွေးအန်လျက် ပြုတ်ကျသွားတော့သည်။ သူ ကျသွားသော မြေပြင်မှာလည်း ပင့်ကူအိမ်အလား အက်ကြောင်းများ ထသွားရ၏။
“ယုတ်မာတဲ့ကောင်”
ထန်ယွင်က ဒေါသတကြီးဖြင့် ဝူဖေးရှုန်း၏ ဘယ်ဘက်လက်မောင်းကို ထပ်မံ နင်းခြေလိုက်ပြန်သည်။
“အား...”
ဝူဖေးရှုန်းမှာ အကြီးအကျယ် ထိတ်လန့်သွားရသည်။ သားရဲဝိညာဉ်အဖွဲ့မှာ နံပါတ် ၁၀ အဆင့်ရှိသော သူသည် ထန်ယွင်၏ ရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်အလား အားနည်းနေသည်ကို ယခုမှ နားလည်သွားတော့သည်။
အသက်က ပိုအရေးကြီးသည် မဟုတ်ပါလော။
“ထန်ယွင်... ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပါ”
ဝူဖေးရှုန်းက အော်ဟစ် တောင်းပန်လိုက်သည်။
“ငါ တကယ်ပဲ သူမကို ဖက်ရုံပဲ ဖက်ရသေးတာပါ... ဘာမှ မလုပ်ရသေးပါဘူး”
“ငါ့အဖေက သားရဲဝိညာဉ် အကြီးအကဲပဲ... မင်း ငါ့ကို ဒီလိုမျိုး လုပ်လို့ မရဘူး”
ထန်ယွင်က ထိုစကားကို ကြားရသည့်အခါ မျက်လုံးများက ပို၍ ရက်စက်လာပြီး -
“မင်းအဖေက ကောင်းကင်ဘုရင် ဖြစ်နေပါစေဦးတော့... ဒီနေ့တော့ မင်းလို တိရစ္ဆာန်ကို ငါ မညှာနိုင်ဘူး”
သွေးများ စင်ထွက်သွားသံနှင့်အတူ ထန်ယွင်က ဝူဖေးရှုန်း၏ ဘယ်ဘက်ဒူးဆစ်ကိုပါ နင်းခြေ ဖျက်ဆီးပစ်လိုက်တော့လေသတည်း။
အခန်း ၃၅၃ ပြီး
***