“ထန်ယွင် အစ်မမူက သူ့ရဲ့ ဆေးခတ်တာ ခံလိုက်ရတာ... သူမ မြင်သမျှ လူတိုင်းကို ရှင်လို့ ထင်နေတာ”
ကျုံးဝူစစ်ယောင်၏ စိုးရိမ်တကြီး အော်ဟစ်သံက အဆောင်အတွင်းမှ ထွက်ပေါ်လာသည်။
ထိုစကားကို ကြားရသည့်အခါ ထန်ယွင်၏ ရင်ထဲတွင် ဒေါသများ ပေါက်ကွဲထွက်မတတ် ခံစားလိုက်ရ၏။
“ဖြေဆေး ဘယ်မှာလဲ”
ထန်ယွင်က ဝူဖေးရှုန်း၏ လည်ပင်းကို လက်နှစ်ဖက်ဖြင့် ညှစ်ကာ ဟိန်းဟောက်လိုက်သည်။
“ကျွန်တော်... ကျွန်တော့်မှာ... မရှိဘူး...”
ဝူဖေးရှုန်းက ထန်ယွင်၏ ဒေါသကြောင့် ရှုံ့တွနေသော မျက်နှာပြင်ကို ကြည့်ကာ အလွန်အမင်း ကြောက်လန့်သွားသဖြင့် ဘောင်းဘီထဲတွင် ဆီးထွက်ကျသည်အထိ ငိုယိုကာ ပြောလိုက်သည်။
“အဲ့ဒါက အိပ်မက်ဆေးလုံးပါ... အဆိပ်မဟုတ်ပါဘူး... ၁ နာရီကြာရင် သူမ ပြန်နိုးလာပါလိမ့်မယ်...”
“အိပ်မက်ဆေးလုံး ဟုတ်လား... ငါ့မိန်းမကို ဒီလိုဆေးမျိုး တိုက်ရဲတယ်ပေါ့... ယုတ်မာတဲ့ကောင်”
ထန်ယွင်က ဝူဖေးရှုန်း၏ လည်ပင်းကို ညာလက်ဖြင့် ဆွဲမလိုက်ပြီး မြေပြင်သို့ အားကုန် ရိုက်ချလိုက်တော့သည်။
“မင်းကို သေတာထက် ပိုဆိုးတဲ့ ငရဲမျိုး ငါ ပေးမယ်”
ထန်ယွင်က ဝူဖေးရှုန်းကို ခြေဖြင့် နင်းထားလိုက်ပြီး ညာလက်ဖြင့် ဝူဖေးရှုန်း၏ ခြေကြောကို ဆွဲနှုတ်လိုက်ရာ သွေးများ တဖျန်းဖျန်း စင်ထွက်သွားတော့သည်။
၎င်းနောက်တွင် ထန်ယွင်က ကျန်ရှိနေသော ခြေကြောတစ်ချောင်းနှင့် လက်ကြောနှစ်ချောင်းကိုလည်း တစ်ခုပြီးတစ်ခု အကြောလှန် ဆွဲနှုတ်ပစ်လိုက်ပြန်၏။
“အား...”
ဝူဖေးရှုန်းမှာ ပြင်းထန်လှသော နာကျင်မှုကြောင့် သတိလစ်မတတ် ဖြစ်သွားရသည်။
“ထန်ယွင်... ကျွန်တော့်ကို မနှိပ်စက်ပါနဲ့တော့... တောင်းပန်ပါတယ်”
ဝူဖေးရှုန်းက ထိတ်လန့်တုန်လှုပ်စွာဖြင့် အသနားခံနေတော့သည်။
“ကျွန်တော် တကယ် မှားသွားပါပြီ”
သူ ကြောက်နေလေပြီ။ တကယ်ကို ကြောက်နေလေပြီ။ အကယ်၍ နောက်တစ်ကြိမ် အခွင့်အရေး ရခဲ့မည်ဆိုလျှင် မုမုန့်ဂျီကို ထိရဲတော့မည် မဟုတ်ပေ။
“အခုမှတော့ နောက်ကျသွားပြီ”
ထန်ယွင်က ညာဘက် လက်ဝါးဖြင့် ဝူဖေးရှုန်း၏ ခြေသလုံးအရိုးကို ဆုပ်ကိုင်ကာ အပြင်သို့ ဆွဲထုတ်ပစ်လိုက်တော့သည်။
အကြောလှန် အရိုးထုတ်ခြင်းပင်။
ထန်ယွင်က ဝူဖေးရှုန်း၏ ဦးခေါင်းကို ညာလက်ဖြင့် အုပ်ကိုင်လိုက်ရာ ဝိညာဉ်စွမ်းအား လှိုင်းတစ်ခုက ဝူဖေးရှုန်း၏ ဝိညာဉ်ကန်အတွင်းသို့ စီးဝင်သွားပြီး ဝိညာဉ်ကန်ကိုပါ ဖျက်ဆီးပစ်လိုက်တော့သည်။
ယခုအခါ ဝူဖေးရှုန်းသည် ခြေလက်များ ပျက်စီးသွားပြီ ဖြစ်သလို အကြောများနှင့် အရိုးများလည်း အနှုတ်ခံလိုက်ရပြီ ဖြစ်၏။ ထို့အပြင် ဝိညာဉ်ကန်ပါ အဖျက်ဆီးခံလိုက်ရသဖြင့် သူသည် ထာဝရ ဒုက္ခိတတစ်ဦး ဖြစ်သွားခဲ့လေပြီ။
“ပြောစမ်း... မင်းရဲ့ အိပ်မက်ဆေးလုံးက ဘယ်က ရတာလဲ”
ထန်ယွင်၏ ဒေါသက မငြိမ်သက်နိုင်သေးပေ။ သူ ဇစ်မြစ်ကို သိချင်နေသည်။
အကယ်၍ အိပ်မက်ဆေးလုံးကို ပေးသူသည် ဝူဖေးရှုန်းက မုမုန့်ဂျီကို ဒုက္ခပေးရန် အသုံးပြုမည်ကို မသိခဲ့ပါက ထန်ယွင်က အပြစ်မဲ့သူကို သတ်မည် မဟုတ်ပေ။ သို့သော် အကယ်၍ ထိုသူက တမင်တကာ ပေးခဲ့ခြင်း ဖြစ်ပါက ထန်ယွင်က ထိုသူကိုပါ သေချာပေါက် သတ်ပစ်မည် ဖြစ်၏။
ဝူဖေးရှုန်း၏ ထိတ်လန့်နေသော မျက်လုံးများထဲတွင် သတိထားမိရန် ခက်ခဲသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် သူက -
“ကျွန်တော်... ဒီဆေးလုံးကို ဈေးမြို့တော်မှာ ဝယ်ခဲ့တာပါ...”
လူတစ်ယောက်၏ မျက်နှာရိပ် မျက်နှာကဲကို အကဲခတ် ကျွမ်းကျင်သော ထန်ယွင်က ဝူဖေးရှုန်း၏ မျက်လုံးထဲက အပြောင်းအလဲကို မြင်လိုက်ရသည်။
ထန်ယွင်၏ မျက်လုံးအိမ်ထဲမှ နီရဲသော အလင်းတန်းများ ထွက်ပေါ်လာပြီး ဝူဖေးရှုန်းကို စိုက်ကြည့်ကာ အမိန့်ပေးလိုက်သည်။
“ပြောစမ်း အိပ်မက်ဆေးလုံးက ဘယ်က ရတာလဲ”
“ကျွန်တော့်အဖေ ပေးတာပါ”
ဝူဖေးရှုန်းက ထုံထိုင်းသော အမူအရာဖြင့် ပြန်ဖြေလိုက်၏။
“ဘာလို့ ပေးတာလဲ... တခြား ဘာအကြောင်းပြချက် ရှိသေးလဲ”
ထန်ယွင်က ဒေါသတကြီး မေးမြန်းလိုက်သည်။
ဝူဖေးရှုန်းက ဆက်၍ -
“ကျွန်တော့်အဖေက မုမုန့်ဂျီနဲ့ ကျွန်တော့်ကို ပေးစားချင်တာ... ဒါပေမဲ့ အဲ့ဒီမိန်းမက သဘောမတူဘူး... အဖေက သူမကို အလိုလိုက်လွန်းလို့ ကျွန်တော်လည်း အတင်းအကျပ် မလုပ်ရဲဘူး”
“လွန်ခဲ့တဲ့ ၂ နာရီလောက်က မင်း သားရဲဝိညာဉ်အဖွဲ့ထဲကို ရောက်လာတယ်ဆိုတာ သိလိုက်ရတော့ ကျွန်တော် အဖေ့ဆီသွားပြီး ဘာလုပ်ရမလဲ မေးခဲ့တယ်”
“အဲ့ဒါနဲ့ အဖေက ကျွန်တော့်ကို အိပ်မက်ဆေးလုံး ပေးပြီး သူမကို ဖျက်ဆီးခိုင်းလိုက်တာ... ကိစ္စတွေ ပြီးသွားတဲ့အခါ မင်းနဲ့ တွေ့သွားရင် မင်းက ကျွန်တော့်ကို တိုက်ခိုက်လိမ့်မယ်... အဲ့ဒီအခါကျရင် အဖေက မင်းကို ဖျက်ဆီးပစ်ဖို့ အကြောင်းပြချက် ရသွားမှာပေါ့”
ထိုစကားကို ကြားရသည့်အခါ ထန်ယွင်က ဒေါသတကြီး ရယ်မောလိုက်ပြီး -
“သားရဲဝိညာဉ် အကြီးအကဲ... ခင်ဗျားက ဆရာတစ်ယောက် ဖြစ်နေပြီးတော့ ဒီလောက်အထိ ယုတ်မာတဲ့ ကိစ္စမျိုးကို လုပ်ရဲတယ်ပေါ့... အဘိုးကြီး... ခင်ဗျားကိုလည်း တစ်နေ့ကျရင် ငါ သတ်ပြမယ်”
ပြတ်သားစွာ ဆုံးဖြတ်ချက်ချပြီးနောက် ထန်ယွင်က သေလုမျောပါး ဖြစ်နေသော ဝူဖေးရှုန်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်တော့သည်။
ထိုအချိန်တွင် ကျုံးဝူစစ်ယောင်က မုမုန့်ဂျီကို ပွေ့ချီကာ အဆောင်အပြင်ဘက်သို့ ထွက်လာပြီး -
“ထန်ယွင်... စိတ်မပူပါနဲ့... ကျွန်မ သူမကို သတိလစ်သွားအောင် လုပ်ထားတယ်... အခု ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ”
“သားရဲဝိညာဉ်အဖွဲ့ကနေ အမြန်ဆုံး ထွက်သွားကြရအောင်... မုန့်ဂျီကို ဒီမှာ ဆက်ထားလို့ မဖြစ်ဘူး”
ထန်ယွင်က မျက်စိပျက် မျက်နှာပျက်ဖြင့် ပြောလိုက်၏။
ချက်ချင်းပင် ကျုံးဝူစစ်ယောင်က ထန်ယွင် သူမကို ပေးထားသော အဆင့်မြင့် ရတနာအဆင့် ဝိညာဉ်လှေကို ထုတ်လိုက်သည်။ ဝိညာဉ်လှေမှာ လူ ၃ ဦးကို တင်ဆောင်ကာ မိုင်ပေါင်း ၃၀,၀၀၀ ဝေးသော သားရဲဝိညာဉ်အဖွဲ့၏ တောင်တံခါးဆီသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။
ထန်ယွင်မှာ ယခုထိ ရင်တုန်နေဆဲပင်။ သူက သူ့ကိုယ်သူလည်း မုန်းတီးနေမိသည်။ မုမုန့်ဂျီက ဝူဖေးရှုန်းကို ဖက်ထားစဉ်က သူသည် မုမုန့်ဂျီအပေါ် အပြည့်အဝ မယုံကြည်ခဲ့မိပေ။ ကံကောင်းထောက်မစွာဖြင့် သူ ထွက်မသွားခဲ့သဖြင့်သာ တော်တော့သည်။ မဟုတ်ပါက တစ်သက်လုံး သူ့ကိုယ်သူ ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။
ဝိညာဉ်လှေပေါ်တွင် ထန်ယွင်က လှေနံရံကို မှီကာ သူ့ရင်ခွင်ထဲမှ မုမုန့်ဂျီ၏ ပါးပြင်လေးကို သပ်တင်ပေးရင်း တိုးညှင်းစွာ ပြောလိုက်၏။
“ဒီဘဝမှာတော့ မင်းကို ငါ သေချာပေါက် ကာကွယ်ပေးသွားပါ့မယ်”
...
၁နာရီကျော် ကြာပြီးနောက် ဝိညာဉ်လှေသည် လျှပ်စီးလက်သကဲ့သို့ သားရဲဝိညာဉ်အဖွဲ့၏ တောင်တံခါးကို ဖြတ်ကျော်သွားခဲ့သည်။
လှေပေါ်တွင် မုမုန့်ဂျီ၏ မျက်နှာပေါ်မှ နီမြန်းသော အရောင်များမှာ ပျောက်ကွယ်သွားပြီ ဖြစ်၏။ ထန်ယွင်က လက်ချောင်းလေးဖြင့် တို့လိုက်ရာ ဝိညာဉ်စွမ်းအားတစ်ခုက မုမုန့်ဂျီ၏ ကိုယ်ထဲသို့ စီးဝင်သွားပြီးနောက် သူမသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လာတော့သည်။
မုမုန့်ဂျီက မူးဝေနေသော်လည်း သူမ အလွန်လွမ်းဆွတ်နေရသော မျက်နှာကို မြင်လိုက်ရသည့်အခါ ဝမ်းသာသွားပြီး ထန်ယွင်၏ ပါးပြင်ကို လှမ်း၍ နမ်းလိုက်တော့သည်။
“အရူးမလေး... ငါ့ကို လွမ်းနေတာလား”
ထန်ယွင်က ပြုံးလျက် မေးလိုက်၏။
“အင်း...”
မုမုန့်ဂျီက ထန်ယွင်၏ ရင်ခွင်ထဲတွင် မှီနေရင်း ရုတ်တရက် မှင်သက်သွားပြီး -
“ထန်ယွင်... ကျွန်မ မှတ်မိတာတော့ ရှင် ကျွန်မဆီကနေ ထွက်သွားမလို့ လုပ်နေသလိုပဲ... တကယ် ဘာဖြစ်ခဲ့တာလဲဆိုတာ ကျွန်မ သေချာ မမှတ်မိတော့ဘူး”
“ပြီးတော့ ကျွန်မတို့က ဘာလို့ ဝိညာဉ်လှေပေါ် ရောက်နေတာလဲ... ဟင်... စစ်ယောင်... မင်းလည်း ဒီမှာ ရှိနေတာပဲ”
၎င်းနောက်တွင် ကျုံးဝူစစ်ယောင်က ဝူဟုန် သားအဖ လုပ်ဆောင်ခဲ့သည့် ကိစ္စများကို မုမုန့်ဂျီအား ပြောပြလိုက်သည်။
မုမုန့်ဂျီမှာ မျက်ရည်များ ဝဲလာပြီး မယုံကြည်နိုင်စွာ ခေါင်းယမ်းလိုက်ကာ ဝမ်းနည်းပက်လက် ပြောလိုက်၏။
“ဘာလို့လဲ... ဘာလို့ ဆရာက ကျွန်မအပေါ် ဒီလိုမျိုး လုပ်ရတာလဲ ကျွန်မ သူ့ကို မုန်းတယ်... ဒီလို တိရစ္ဆာန်စိတ် ပေါက်နေတဲ့သူကို ကျွန်မ ကိုယ်တိုင် သတ်ပစ်ချင်တယ်”
မုမုန့်ဂျီမှာ မင်းမျိုးမင်းနွယ်မှ ဆင်းသက်လာသူဖြစ်ရာ သူမ၏ အပျိုစင်ဘဝမှာ အသက်ထက်ပင် ပို၍ အရေးကြီးသည်ဟု ယူဆထားသူ ဖြစ်သည်။ ဝူဖေးရှုန်းက သူမကို ဖျက်ဆီးရန် ကြိုးစားခဲ့သည်ကို တွေးမိတိုင်း သူမ အလွန် ထိတ်လန့်သွားရ၏။
“မကြောက်ပါနဲ့တော့... နောက်ဆို ငါ့နားမှာပဲ နေပါ... သားရဲဝိညာဉ်အဖွဲ့ကို ပြန်မသွားနဲ့တော့”
ထန်ယွင်က မုမုန့်ဂျီကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ပြီး -
“ကလေးမလေး... ငါ ကျိန်ဆိုပါတယ်... သားရဲဝိညာဉ် အကြီးအကဲ သားအဖရဲ့ ခေါင်းကို ငါ ကိုယ်တိုင် ဖြတ်ပြီး မင်းအတွက် ကလဲ့စား ချေပေးမယ်”
မုမုန့်ဂျီက ထန်ယွင်၏ ရင်ခွင်ထဲတွင် ကပ်နေရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဒါပေမဲ့ ကျွန်မ သားရဲဝိညာဉ်အဖွဲ့ကို မပြန်ရင် ဘယ်ကို သွားရမှာလဲ”
“ငါ့ရဲ့ ဆေးအဖွဲ့ကို လိုက်ခဲ့ပြီး ငါ့နားမှာပဲ နေပါ... အချုပ်ပြောရရင် မင်းကို သားရဲဝိညာဉ်အဖွဲ့ထဲ နောက်တစ်ခါ ထပ်ဝင်ခွင့် မပေးနိုင်တော့ဘူး ပြီးတော့ မင်းမှာ ငါပေးထားတဲ့ နိဗ္ဗာန်ကျမ်းစာ ရှိနေတာပဲ... တခြား ကျင့်စဉ်တွေကို ကျင့်နေစရာ မလိုပါဘူး”
ထန်ယွင်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
ယခုအခါ သားရဲဝိညာဉ် အကြီးအကဲ သားအဖက မုမုန့်ဂျီအပေါ် ယုတ်မာသော ရည်ရွယ်ချက်များ ရှိနေမှတော့ ထန်ယွင်အနေဖြင့် သူမကို ထိုနေရာတွင် မည်သို့ ထားနိုင်ပါမည်နည်း။
သူမသည် သားရဲဝိညာဉ်အဖွဲ့မှ တပည့်ဖြစ်သဖြင့် ဂိုဏ်းစည်းမျဉ်းများအရ အဖွဲ့ကို စွန့်ခွာပါက ကွပ်မျက်ခြင်း ခံရမည် ဖြစ်သည်။ ထန်ယွင်ကမူ သူမကို နတ်ဘုရားဂိုဏ်းထဲ မဝင်မီအထိ သားရဲဝိညာဉ်အဖွဲ့သို့ ပြန်မသွားအောင်သာ အတတ်နိုင်ဆုံး လုပ်ဆောင်သွားရန် ဆုံးဖြတ်လိုက်၏။
“ထန်ယွင်... အခု ကျွန်မတို့ ဘယ်ကို သွားကြမလို့လဲ”
မုမုန့်ဂျီက စိုးရိမ်တကြီး မေးလိုက်သည်။
“စိတ်မပူပါနဲ့... အားလုံးကို ငါ စီစဉ်ပြီးသားပါ”
ထန်ယွင်က ပြောပြီးနောက် အနားရှိ ကျုံးဝူစစ်ယောင်ကို ကြည့်ကာ -
“အခု ဈေးမြို့တော်ကို သွားပြီး ငါ့ရဲ့ မိသားစုအတွက် ဆေးလုံးအချို့ ဝယ်ကြမယ်... ပြီးရင် အဘိုးရှန်ဆီကို မင်းတို့နဲ့အတူ သွားတွေ့မယ်”
“အဲ့ဒီနောက်မှာ စစ်ယောင်ရဲ့ နေရပ်ကို လိုက်လည်ကြမယ်... နောက်ဆုံးကျရင်တော့ မင်းတို့ကို ငါ့ရဲ့ မိဘတွေနဲ့ အဘိုးဆီကို ခေါ်သွားပြီး မိတ်ဆက်ပေးမယ်”
ထိုစကားကို ကြားရသည့်အခါ မုမုန့်ဂျီ၏ မျက်နှာလေးမှာ ရှက်သွေးဖြာသွားပြီး -
“ဦးလေးနဲ့ အန်တီက ကျွန်မကို သဘောကျပါ့မလား မသိဘူး”
သူမ၏ နောင်လာမည့် ယောက္ခမလောင်းများနှင့် တွေ့ရမည်ကို တွေးကာ မုမုန့်ဂျီမှာ ပျော်လည်းပျော်၊ စိုးလည်းစိုးရိမ် ဖြစ်နေရရှာသည်။
“သေချာပေါက် သူတို့ မင်းကို သဘောကျမှာပါ”
ထန်ယွင်က သက်ပြင်းတစ်ချက် ချလိုက်ပြီး မုမုန့်ဂျီ၏ လက်ကို ဆုပ်ကိုင်ကာ အမှန်အတိုင်း ပြောလိုက်သည်။
“မုန့်ဂျီ... မင်း ကျင့်စဉ် ကျင့်နေတဲ့ အချိန်အတွင်းမှာ စစ်ယောင်နဲ့ ငါ...”
၎င်းနောက်တွင် ထန်ယွင်က ကျုံးဝူစစ်ယောင်အပေါ် ထားရှိသော သူ့ခံစားချက်များကို မုမုန့်ဂျီအား ပွင့်ပွင့်လင်းလင်း ပြောပြလိုက်တော့လေသည်။
အခန်း ၃၅၄ ပြီး
***