မုမုန့်ဂျီက ထန်ယွင်ကို အခြားသော အမျိုးသမီးတစ်ဦးနှင့် ခွဲဝေပိုင်ဆိုင်ရမည်ကို အနည်းငယ် ဝန်လေးနေမိသော်လည်း ကျုံးဝူစစ်ယောင်၏ သနားစရာကောင်းသော ဘဝနောက်ခံနှင့် သူမ၏ ကြင်နာတတ်သော စိတ်ထားတို့ကို တွေးမိသည့်အခါ နောက်ဆုံးတွင် ပြုံးလိုက်တော့သည်။
“ငါ ပြောဖူးသားပဲ... ရှင်ဟာ အရမ်းကို တော်တဲ့ အမျိုးသားတစ်ယောက်ဖြစ်လို့ နောက်ဆိုရင် ရှင့်ကို သဘောကျမယ့် မိန်းကလေးတွေ အများကြီး ရှိလာမှာပါ... ဒါပေမဲ့ ရှင့်ရဲ့ နှလုံးသားထဲမှာ ကျွန်မအတွက် နေရာတစ်ခု အမြဲရှိနေရမယ်နော်”
“စစ်ယောင်နဲ့ ပတ်သတ်လို့ကတော့...”
မုမုန့်ဂျီက ထရပ်လိုက်ပြီး ခေါင်းငုံ့နေသော ကျုံးဝူစစ်ယောင်၏ လက်ကလေးကို ဆုပ်ကိုင်ကာ ပြောလိုက်၏။
“မင်းလို ညီမလေးတစ်ယောက် ရတာကို ငါ အရမ်းသဘောကျပါတယ်”
“ကျွန်မကို လက်ခံပေးလို့ ကျေးဇူးတင်ပါတယ် အစ်မ”
ကျုံးဝူစစ်ယောင်က မုမုန့်ဂျီကို ကျေးဇူးတင်စွာ ကြည့်လိုက်ပြီးနောက် သူမတို့နှစ်ဦးမှာ စိတ်ချင်းနီးစပ်သွားကာ စကားများ တပြောပြောဖြင့် ရင်းနှီးသွားကြတော့သည်။
နောက်ဆုံးတွင် အမျိုးသမီး ၂ ဦးမှာ ထန်ယွင်ဘက်သို့ တစ်ပြိုင်နက် လှည့်ကြည့်ကာ -
“နောက်ဆိုရင် တခြား အမျိုးသမီးတွေ မရှိရဘူးနော် တကယ်လို့ ရှိလာခဲ့ရင်တောင် ကျွန်မတို့ ၂ယောက်လုံးရဲ့ သဘောတူညီချက် ရမှဖြစ်မယ်”
“အာ... အင်း... အင်းပါ”
ထန်ယွင်မှာ မျက်လုံးလေး ကလည်ကလည်ဖြင့် ပြန်ဖြေလိုက်ရရှာသည်။
“အစ်မမူ... အခုထိ ကျွန်မဆီမှာ ဘာတွေ ထူးခြားနေလဲဆိုတာ သတိမထားမိသေးဘူးလား”
ကျုံးဝူစစ်ယောင်က မုမုန့်ဂျီ၏ လက်ကိုတွဲကာ ပြုံးလျက် မေးလိုက်သည်။
“ထူးခြားတာလား... တစ်ခုခုတော့ ရှိသလိုပဲ”
မုမုန့်ဂျီက မျက်မှောင်ကြုတ်ကာ -
“ဒါပေမဲ့ ဘာလဲဆိုတာ ချက်ချင်း စဉ်းစားလို့ မရဘူးဖြစ်နေတယ်... ဟင်”
မုမုန့်ဂျီ ရုတ်တရက် အံ့အားသင့်သွားပြီး ကျုံးဝူစစ်ယောင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်ကာ တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။
“ဒါ... ဒါ ဘယ်လိုဖြစ်တာလဲ... ငါတို့ မတွေ့တာ ၂ နှစ်ကျော်ပဲ ရှိသေးတယ်... မင်းက ဘယ်လိုလုပ်ပြီး အပြင်စည်းမှာ ရှိစဉ်တုန်းကလို နုပျိုတဲ့ ရုပ်သွင်ကို ပြန်ရနေတာလဲ... ကြည့်ရတာ အသက် ၁၆ နှစ်၊ ၁၇နှစ်လောက်ပဲ ရှိတော့သလိုပဲ”
မုမုန့်ဂျီမှာ အကြီးအကျယ် ထိတ်လန့်သွားရ၏။
“ငါ့ကိုလည်း ပြောပါဦး... ဘယ်လိုလုပ်လိုက်တာလဲ”
မုမုန့်ဂျီက အားကျစွာ မေးမြန်းလိုက်သည်။
ထို့နောက် ထန်ယွင်က ထိပ်တန်းအဆင့် ကျူယန် ယာဇွန်ဆေးလုံးတစ်လုံးကို ထုတ်ကာ မုမုန့်ဂျီကို ပေးလိုက်ပြီး ထာဝရနယ်မြေထဲတွင် ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြောပြလိုက်၏။
ကျုံးဝူစစ်ယောင်ကို အံ့အားသင့်စေသည့် အချက်မှာ ထန်ယွင်၏ ထူးကဲလှသော ဆေးဖော်စပ်မှု ပညာရပ်များကို ကြားရသည့်အခါ မုမုန့်ဂျီသည် ထန်ယွင်အပေါ် ဂုဏ်ယူရုံ မှလွဲ၍ အံ့ဩခြင်း မရှိခြင်းပင် ဖြစ်သည်။
မုမုန့်ဂျီက ကျုံးဝူစစ်ယောင်နှင့် ထန်ယွင်ကို ကြည့်ကာ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင် ထန်ယွင်က သူမ ဘာပြောမည်ကို သိနေသည့်အလား -
“ဂိုဏ်းထဲမှာ လူတွေ အများကြီး ရှိသေးတယ်... မင်းရဲ့ မူလ အဆင့်အတန်းအကြောင်းကို အခုလောလောဆယ် လျှို့ဝှက်ထားတာ ပိုကောင်းပါလိမ့်မယ်”
“အဆင့်အတန်း ဟုတ်လား”
ကျုံးဝူစစ်ယောင်က အတော်လေး စိတ်ဝင်စားသွားသည်။
နတ်ဘုရား ကျဆုံးခြင်း ချောက်နက်တွင် စမ်းသပ်မှု လုပ်စဉ်က ရွှယ်ဇီယန်မှာ မူရုန်ကွန်း၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ထန်ယွင်က သွားရောက် ကယ်တင်စဉ်တွင် ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး ကျုံးဝူစစ်ယောင်က ကယ်တင်ခဲ့ခြင်း ဖြစ်၏။ ထိုစဉ်က ကျုံးဝူစစ်ယောင်သည် ထန်ယွင်ကို ရက်အနည်းငယ်ကြာ ပြုစုပေးခဲ့ပြီးနောက် ထန်ယွင်က သူမအား '၉ပါးကောင်းကင် နတ်ဘုရားဓားသိုင်း' ကို လက်ဆောင်ပေးခဲ့ဖူးသည်။
ထိုအချိန်ကတည်းက ကျုံးဝူစစ်ယောင်သည် ထန်ယွင်တွင် မည်သူမျှ မသိသော လျှို့ဝှက်ချက်များ ရှိနေသည်ဟု ခန့်မှန်းထားခဲ့ခြင်း ဖြစ်၏။
၎င်းနောက် မုမုန့်ဂျီသည်လည်း ထိပ်တန်း ကျူယန် ယာဇွန်ဆေးလုံးကို သောက်သုံးလိုက်ရာ သူမနှင့် ထန်ယွင်တို့ မိုးကြိုးမြို့တော်တွင် ပထမဆုံး တွေ့ဆုံစဉ်ကအတိုင်း အနီရောင်ဝတ်စုံနှင့် အလှပဂေးလေးအဖြစ် ပြန်လည် ပြောင်းလဲသွားတော့သည်။
နာရီအနည်းငယ် ကြာပြီးနောက် ထန်ယွင်နှင့် အမျိုးသမီး ၂ဦးမှာ ဟောင်ဖူဈေးမြို့တော်သို့ ရောက်ရှိလာပြီး ဝိညာဉ်သန္ဓေအဆင့်အတွက် သင့်တော်သော ဆေးလုံးများ၊ လက်နက်များနှင့် လက်နက်အစီအရင် ရာပေါင်းများစွာကို ဝယ်ယူခဲ့ကြသည်။
ထို့နောက် သူသည် အမျိုးသမီး ၂ဦး နှင့်အတူ အပြင်စည်းသို့ သွားကာ အပြင်စည်း အကြီးအကဲ ရှန်ချင်းချိုးကို သွားရောက် တွေ့ဆုံခဲ့သည်။ မုမုန့်ဂျီသည် ရှန်ချင်းချိုးကို သူမ၏ အဘိုးအဖြစ် အသိအမှတ်ပြုထားသဖြင့် ထန်ယွင်အတွက်လည်း အဘိုးပင် ဖြစ်နေတော့သည်။
ရှန်ချင်းချိုးမှာ သူတို့ ၃ဦး ရောက်လာသည်ကို မြင်သည့်အခါ ပါးစပ်မစိနိုင်အောင် ပြုံးပျော်နေတော့သည်။ အထူးသဖြင့် မုမုန့်ဂျီ ဝိညာဉ်သန္ဓေ ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေသည်ကို မြင်ရသည့်အခါ သူ ပို၍ ဝမ်းသာသွားရ၏။
ထန်ယွင်နှင့် ရှန်ချင်းချိုးတို့ တစ်နာရီခန့် စကားပြောပြီးနောက် တပည့်တစ်ဦး ရောက်လာပြီး ရှန်စုပင်းက သူ့ကို ခေါ်ခိုင်းနေကြောင်း လာပြောသည်။ ရှန်ချင်းချိုးမှာ အတွင်းစည်း ဆေးအဖွဲ့သို့ သွားရန် ကိစ္စရှိနေသဖြင့် ထန်ယွင်ကလည်း သူ၏ အမျိုးသမီး ၂ဦးကို ခေါ်ကာ နေရပ်သို့ ခေတ္တ ပြန်လည်ပတ်မည်ဖြစ်ကြောင်း ပြောလိုက်သည်။
ထို့ကြောင့် ရှန်ချင်းချိုးက သူတို့ ၃ဦးကို ဟောင်ဖူ လျှို့ဝှက်နယ်မြေ အပြင်ဘက်သို့ ပို့ဆောင်ပေးလိုက်၏။ သူတို့ ထွက်သွားသည်ကို ကြည့်ကာ ရှန်ချင်းချိုးက သူ့ဘာသာ ရေရွတ်လိုက်သည်။
“ဒီကောင်စုတ်လေး... ငါ့မြေးမလေးကို ရထားတာတင် မကသေးဘူး... စစ်ယောင်လေးရဲ့ နှလုံးသားကိုပါ သိမ်းပိုက်ထားလိုက်သေးတယ်”
ထန်ယွင်နှင့် အမျိုးသမီး ၂ဦးကြားက ဆက်ဆံရေးကို သူ ရိပ်မိနေခြင်းပင်။
ထန်ယွင်တို့ ၃ဦးမှာ ဝိညာဉ်လှေကို စီးနင်းကာ ကောင်းကင်ပြစ်ဒဏ် တောင်တန်း၏ အစွန်အဖျားဒေသသို့ ပျံသန်းသွားကြသည်။ လမ်းခရီးတွင် မုမုန့်ဂျီက ကျုံးဝူစစ်ယောင်အား ထန်ယွင်၏ဝင်စားမှု လျှို့ဝှက်ချက်ကို ပြောပြလိုက်၏။
ကျုံးဝူစစ်ယောင်မှာ ထိုစကားကို ကြားရသည့်အခါ အကြီးအကျယ် ထိတ်လန့်သွားပြီး ထန်ယွင်၏ အတိတ်က အဖြစ်အပျက်များကို တွေးကာ ရင်ထဲ နာကျင်ခံစားလိုက်ရသည်။
“ညီမလေး စစ်ယောင်...”
မုမုန့်ဂျီက ကျုံးဝူစစ်ယောင်၏ လက်ကို ဆုပ်ကိုင်ကာ တိုးတိုးလေး ပြောလိုက်၏။
“ဒါတွေကို ဘယ်သူ့ကိုမှ မပြောရဘူးနော်”
“ပြီးတော့ လွန်ခဲ့တဲ့ ၃နှစ်ကျော်က နတ်ဘုရား ကျဆုံးခြင်း ချောက်နက်မှာ မင်း ထန်ယွင်ကို ကယ်တင်ပြီး ပြုစုပေးခဲ့စဉ် ကတည်းက သူ မင်းကို သဘောကျခဲ့တာလို့ ငါ့ကို ပြောဖူးတယ်... ဒါပေမဲ့ သူက ကလဲ့စားချေဖို့ ရှိနေတော့ မင်းကို အေးချမ်းတဲ့ ဘဝမျိုး မပေးနိုင်မှာ စိုးရိမ်လို့ သူ မင်းအပေါ် ထားတဲ့ ခံစားချက်တွေကို နှလုံးသားထဲမှာပဲ မြှုပ်နှံထားခဲ့တာ”
ထိုစကားကို ကြားရသည့်အခါ ကျုံးဝူစစ်ယောင်က ထန်ယွင်ကို ကြည့်ကာ ညင်သာစွာ မေးလိုက်သည်။
“အစ်မမု ပြောတာ တကယ်ပဲလား”
“အင်း...”
ထန်ယွင်က ခေါင်းညိတ်ပြလိုက်၏။
ကျုံးဝူစစ်ယောင်က ရှေ့သို့ တိုးလာပြီး ထန်ယွင်ကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ကာ ချစ်စရာကောင်းစွာ စနောက်လိုက်သည်။
“ဒါကြောင့်လည်း ကျွန်မက ဒီလောက် လှပါလျက်နဲ့ ရှင်က ဘာလို့ ကျွန်မကို မကြိုက်တာလဲလို့ တွေးနေတာ... ဟီးဟီး”
...
ဝိညာဉ်လှေကြီးမှာ လူ ၃ဦးကို တင်ဆောင်ကာ ပျံသန်းနေသည်။
ထန်ယွင်က အမျိုးသမီး ၂ဦး နှင့်အတူ ဘဝအကြောင်းများ ဆွေးနွေးချင်သော်လည်း သူမတို့ ၂ ဦးလုံးက သူ့ကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ကြသည်။ ထန်ယွင်မှာ စကားလုံး ဆွံ့အသွားရသော်လည်း သူမတို့ ၂ဦး၏ ဆုံးဖြတ်ချက်ကို လေးစားပေးလိုက်၏။
‘အမျိုးသမီးဆိုတာ နှစ်ယောက်အတူရှိနေချိန်မှာ ရှက်နေကြမှာပဲ... နောင်ကျရင်တော့ တစ်ယောက်ချင်းစီကို အချိန်ယူပြီး ဖြိုခွင်းရမယ်’ ဟု ထန်ယွင် တွေးလိုက်သည်။
ဤသို့ တွေးမိသည်နှင့် ထန်ယွင်က ရယ်မောလိုက်၏။
“လူယုတ်မာကြီး”
“နှာဗူးကြီး”
ဝိညာဉ်လှေပေါ်မှ အမျိုးသမီး ၂ဦးက ထန်ယွင်ကို ဒေါသတကြီး စနောက်နေသော အသံများ မကြာခဏ ထွက်ပေါ်နေတော့သည်။
အမျိုးသမီး ၂ဦးမှာ တစ်ဖက် ဖြစ်နေသဖြင့် သူ မအောင်မြင်နိုင်မှန်း သိလိုက်သော ထန်ယွင်သည် လှေ၏ အနောက်ပိုင်းတွင် တစ်ယောက်တည်း ထိုင်ကာ သူ့အနာဂတ် အစီအစဉ်များကို စတင် တွေးတောနေတော့သည်။
‘အရင်ဆုံး အိမ်ကို ပြန်လည်ပတ်မယ်၊ ပြီးရင် ဂိုဏ်းကို ပြန်သွားမယ်၊ ပြီးတော့ ရှန်စုပင်းရဲ့ ဆရာအဖြစ် ဟန်ဆောင်ပြီး ပင်းချင်း နတ်ဘုရားတောင်ကို သွားမယ်၊ အဲ့ဒီမှာ ထန်ထိုင်ကျုံးတယ် ပေးမယ့် မီးစေ့တွေ ရှန်စုပင်းဆီ ရောက်၊ မရောက် ကြည့်ရမယ်’
‘နောက်ဆုံးတော့ ရှန်စုပင်းနဲ့အတူ သူမရဲ့ အိမ်ကို လိုက်သွားပြီး သူမရဲ့ ဖခင်ကို ဆေးကုပေးမယ်’
‘ပြီးရင် အတွင်းစည်း တောင်စဉ် ၉ ခု ပြိုင်ပွဲကို ဝင်ပြိုင်မယ်၊ ထာဝရနယ်မြေထဲ ဝင်ခွင့်ရအောင် လုပ်မယ်၊ ပြီးတော့ ကျန်နေတဲ့ ဟုန်မန် နတ်ဘုရားဓားတွေကို လိုက်ရှာမယ်...’
နာရီအနည်းငယ် ကြာပြီးနောက် ညမှောင်လာခဲ့သည်။
ဟောင်ဖူနတ်ဘုရားဂိုဏ်း၊ မုမုန့် နတ်ဘုရားတောင်။
တစ်နေ့ခွဲခန့် ကြာသည်အထိ သားဖြစ်သူထံမှ ထန်ယွင်ကို ဖျက်ဆီးလိုက်ပြီဆိုသည့် သတင်းကို မကြားရသဖြင့် သားရဲဝိညာဉ် အကြီးအကဲမှာ သံသယများဖြင့် မုမုန့်ဂျီ၏ တောင်ပေါ်သို့ ရောက်ရှိလာခဲ့သည်။
သူသည် ဝူဖေးရှုန်း၏ အကြောလှန် အရိုးထုတ်ခံထားရသည့် ကြောက်မက်ဖွယ်ကောင်းသော အခြေအနေကို မြင်လိုက်ရသည့်အခါ ရင်ဘတ်တစ်ခုလုံး ဒေါသကြောင့် ပေါက်ကွဲထွက်မတတ် ခံစားလိုက်ရတော့၏။
သူ့သား၏ ဝိညာဉ်ကန်ပါ အဖျက်ဆီးခံလိုက်ရသည်ကို သိလိုက်ရသည့်အခါ သူ ခေတ္တမျှ မူးဝေသွားရသည်။
ထို့နောက် မျက်ရည်များကြားမှ ဝူဖေးရှုန်းကို သတိရအောင် လုပ်လိုက်၏။
“အဖေ... အီးဟီး...”
ဝူဖေးရှုန်း၏ အသံမှာ အားနည်းနေသည်။
“ငါ့သား ဘယ်သူလုပ်တာလဲ... အဖေ့ကို ပြောစမ်းပါ... ဘယ်သူက မင်းကို ဒီလိုဖြစ်အောင် လုပ်တာလဲ”
“အဖေ... ထန်ယွင်ပါ... သားအတွက် ကလဲ့စားချေပေးဖို့ သူ့ကို သတ်ပေးပါ...”
၎င်းနောက် သားရဲဝိညာဉ် အကြီးအကဲသည် သူ့သား၏ အောက်ပိုင်းပါ ဖျက်ဆီးခံလိုက်ရသည်ကို တွေ့လိုက်ရသည့်အခါ ခေါင်းမော့ကာ အော်ဟစ်လိုက်တော့သည်။
“ထန်ယွင်... ယုတ်မာတဲ့ကောင်... မင်းက ငါ့ရဲ့ ဝူမိသားစုကို ဒီလိုမျိုး လုပ်ရဲတယ်ပေါ့... မင်းကို ငါ သတ်မယ်... သေချာပေါက် သတ်မယ်”
သားရဲဝိညာဉ် အကြီးအကဲမှာ ပူဆွေးဒေါသ ထွက်နေတော့၏။
ထန်ယွင် ဤမျှလောက်အထိ ရက်စက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ၊ သူ့သားကို မျိုးဆက်ပြတ်အောင်အထိ လုပ်သွားခဲ့သည် မဟုတ်ပါလား။
သားရဲဝိညာဉ် အကြီးအကဲက သူ့သားကို အနားယူစေပြီးနောက် သတ်ဖြတ်လိုစိတ်များဖြင့် ဆေးအဖွဲ့သို့ ပြေးသွားကာ ပင်းချင်းနန်းတော်တွင် ရှန်စုပင်းကို တွေ့ပြီး ထန်ယွင်ကို ထုတ်ပေးရန် တောင်းဆိုလိုက်သည်။
‘ထုတ်ပေးရမယ် ဟုတ်လား’
ရှန်စုပင်းက ထန်ယွင် သူမအတွက် ယူဆောင်ပေးခဲ့သော ဂုဏ်သိက္ခာများကို တွေးမိကာ သားရဲဝိညာဉ် အကြီးအကဲကို မျက်နှာသာ လုံးဝ မပေးခဲ့ပေ။
သူမသည် သားရဲဝိညာဉ် အကြီးအကဲအား ဆေးအဖွဲ့ထဲမှ ချက်ချင်း နှင်ထုတ်လိုက်တော့သည်။
သားရဲဝိညာဉ် အကြီးအကဲမှာ ဒေါသကြောင့် မူးဝေသွားရပြီး ခြိမ်းခြောက်စကားအချို့ ပြောဆိုကာ ပြန်လှည့်လာခဲ့ရ၏။
သားရဲဝိညာဉ် အကြီးအကဲ ထွက်သွားပြီးနောက် ရှန်ချင်းချိုးမှာ ပင်းချင်း နတ်ဘုရားတောင်သို့ ရောက်ရှိလာပြီး ရှန်စုပင်းက သူ့အား မည်သည့်အတွက် ခေါ်ခိုင်းသနည်းဟု မေးမြန်းလိုက်သည်။
ရှန်စုပင်းမှာ သူမကို ထန်ယွင်နှင့် စတင် မိတ်ဆက်ပေးခဲ့သည့် ရှန်ချင်းချိုးကို အလွန် ကျေးဇူးတင်နေလေ၏။
သူမသည် အပြင်စည်းသို့ သွားကာ ရှန်ချင်းချိုးကို ရှာရန် ရည်ရွယ်ထားသော်လည်း သူမထံသို့ လာမည့် ဆရာဖြစ်သူနှင့် လွဲချော်မှာကို စိုးရိမ်သဖြင့် လူလွှတ်ကာ ရှန်ချင်းချိုးကို ခေါ်ခိုင်းလိုက်ပြီး သူ့ကို မိသားစုဝင်အဖြစ် ပြန်လည် လက်ခံလိုက်ခြင်း ဖြစ်သည်။
ရှန်စုပင်းသည် ထန်ယွင်က အမျိုးသမီး ၂ဦးနှင့်အတူ အိမ်သို့ ပြန်လည်ပတ်သွားကြောင်း ရှန်ချင်းချိုးထံမှ သိလိုက်ရသည့်အခါ သူမ၏ အမူအရာမှာ တည်ငြိမ်သွားပြီး -
“မဖြစ်သေးဘူး... ထန်ယွင်မှာ ရန်သူတွေ အများကြီး ရှိနေတာ... လမ်းခရီးမှာ သူ အမဲလိုက်ခံရရင် ဘယ်လိုလုပ်မလဲ”
အခန်း ၃၅၅ ပြီး
***