“သခင်မလေး... စိုးရိမ်စရာ မလိုပါဘူး”
ရှန်ချင်းချိုးက တစ်စုံတစ်ခုကို သတိရသွားသည့်အလား အံ့အားသင့်သော အမူအရာဖြင့် ပြောလိုက်သည်။
“သခင်မလေး မသိသေးတဲ့ အချက်တစ်ခု ရှိပါသေးတယ်... မနေ့က ဂိုဏ်းချုပ်ကိုယ်တိုင် အပြင်စည်းကို ကြွလာပြီး အစေခံအိုကြီးဆီမှာ ထန်ယွင်ရဲ့ နေရပ်လိပ်စာကို မေးသွားပါတယ်”
“ဂိုဏ်းချုပ်က ပြောတာတော့... ထန်ယွင်ဟာ ဟောင်ဖူနတ်ဘုရားဂိုဏ်းရဲ့ ပါရမီရှင်တစ်ဦးဖြစ်လို့ သူ့ရဲ့ မိသားစုကို အကာအကွယ်ပေးဖို့ လိုအပ်တယ်တဲ့... အဲ့ဒါကြောင့် ထန်ယွင်ရဲ့ မိသားစုကို ကာကွယ်ပေးဖို့ လူလွှတ်ချင်လို့ဆိုပြီး အစေခံအိုကြီးဆီမှာ နေရပ်လိပ်စာ လာတောင်းသွားတာပါ”
ထိုစကားကို ကြားရသည့်အခါမှ ရှန်စုပင်းမှာ သက်ပြင်းချနိုင်တော့သည်။ ဂိုဏ်းချုပ်သည် ထန်ယွင်ကို အမှန်တကယ်ပင် အလွန်အမင်း သဘောကျနေပုံရသည်ဟု သူမ တွေးမိလိုက်၏။
၆ ရက်အကြာတွင်... ကောင်းကင်ပြစ်ဒဏ် တောင်တန်း၏ အစွန်အဖျားရှိ တောင်တန်းများကြားက ရွာငယ်လေးတစ်ရွာသို့ ရောက်ရှိလာခဲ့သည်။
ထိုရွာငယ်လေးမှာ တောင်များ ဝန်းရံထားပြီး ရွာသူရွာသားများက ရိုးသားဖြူစင်ကြသည်။ တောင်စောင်းတစ်လျှောက်တွင် ဟောင်းနွမ်းပျက်စီးနေသော သက်ကယ်မိုး တဲအိမ်လေး ရာဂဏန်းခန့်မှာ ဟိုတစ်စု ဒီတစ်စု ရှိနေကြ၏။
ဤနေရာလေးမှာ ကျုံးဝူစစ်ယောင်၏ ကလေးဘဝ အမှတ်တရများ တည်ရှိရာ နေရာပင် ဖြစ်သည်။ သူမ အသက် ၅နှစ်အရွယ်တွင် ထန်ရှင်းရင်၏ ကယ်တင်ခြင်းကို ခံခဲ့ရသော်လည်း အိမ်ပြန်လမ်းကိုမူ ယခုတိုင် သူမ မှတ်မိနေဆဲပင်။
ကျုံးဝူစစ်ယောင်က ကျောက်ခဲများ ထူထပ်နေသည့် ကျေးလက်လမ်းမအတိုင်း လျှောက်လှမ်းနေပြီး ထန်ယွင်နှင့် မုမုန့်ဂျီတို့က သူမ၏ နောက်မှ လက်ချင်းတွဲကာ လိုက်ပါလာခဲ့ကြသည်။
ကျုံးဝူစစ်ယောင်၏ ကျောပြင်လေးမှာ တုန်ယင်နေသည်ကို ထန်ယွင် အထင်အရှား မြင်နေရ၏။ သူမသည် ကွယ်လွန်သွားပြီဖြစ်သော မွေးစားမိဘများကို တမ်းတရင်း တိတ်တဆိတ် ငိုကြွေးနေကြောင်း သူ သိလိုက်သည်။
ကျုံးဝူစစ်ယောင်က ပိတ်ထားသော သစ်သားတံခါးတစ်ခု၏ ရှေ့သို့ ရောက်ရှိလာသည်။ ထို့နောက် တုန်ယင်နေသော လက်များဖြင့် ခြံဝင်းတံခါးကို တွန်းဖွင့်လိုက်ရာ ပေါင်းပင်များ ထူထပ်နေသည့် ခြံဝင်းငယ်လေးကို မြင်လိုက်ရသဖြင့် သူမ၏ ရင်ထဲတွင် နင့်နေအောင် ခံစားလိုက်ရတော့သည်။
တုန်တုန်ယင်ယင်ဖြင့် ခြံဝင်းထဲသို့ လျှောက်လှမ်းရင်း ရင်းနှီးသလိုလို၊ စိမ်းသက်သလိုလို ရှိနေသည့် မြင်ကွင်းများကို ကြည့်ရင်းမှ မျက်လုံးများကို မှိတ်လျက် သူမ၏ ကလေးဘဝ ပုံရိပ်များက စိတ်ထဲတွင် ပေါ်လာတော့သည်။
အနီရောင် အင်္ကျီလေးကို ဝတ်ဆင်ထားသည့် ပန်းနုရောင် ပါးပြင်နှင့် မိန်းကလေးငယ်လေးတစ်ဦးသည် ခြံဝင်းထဲတွင် ရပ်ကာ ဟင်းချက်နေသည့် တောင်သူအမျိုးသမီးတစ်ဦးကို သနားစဖွယ် ကြည့်နေ၏။
“မေမေ... သမီး ဗိုက်ဆာပြီ... ဘယ်တော့ ထမင်းစားရမှာလဲ”
“ယောင်ယောင်လေးက လိမ္မာပါတယ်... ဖေဖေ အမဲလိုက်ရာက ပြန်လာမှ တို့တွေ စားကြမယ်လေ”
“ဘာလို့ ဖေဖေ ပြန်လာမှ စားရမှာလဲဟင်”
“ဘာလို့လဲဆိုတော့ သမီးရဲ့ ဖေဖေက အရမ်းပင်ပန်းနေလို့ပေါ့... တို့မိသားစုကို ကျွေးမွေးဖို့အတွက် ဖေဖေက မနက်ကနေ ညအထိ တောင်ပေါ်မှာ အမဲလိုက်နေရတာလေ... အဲ့ဒီတော့ ယောင်ယောင်လေးက လိမ္မာရမယ်နော်... ဖေဖေ ပြန်လာမှ တို့တွေ အတူတူ ထမင်းစားကြမယ်... ဟုတ်ပြီလား”
“အီးဟီး... ဟုတ်ကဲ့ပါ... ဒါပေမဲ့ သမီး တကယ် ဗိုက်ဆာလာရင် ဘယ်လိုလုပ်ရမလဲ”
“ယောင်ယောင်... မင်းက စကားနားမထောင်ဘူးလား... မေမေ စိတ်ဆိုးတော့မယ်နော်”
“ဟုတ်ကဲ့ပါ... သမီး လိမ္မာပါ့မယ်... ဖေဖေ ပြန်လာမှ အတူတူ စားပါ့မယ်... မေမေ စိတ်မဆိုးပါနဲ့နော်... သမီး ကြီးလာရင် မေမေနဲ့ ဖေဖေကို ကောင်းကောင်း ပြုစုပါ့မယ်”
“အိုး... ငါ့ရဲ့ သမီးလေးက တကယ်ကို လိမ္မာတာပဲ... မေမေ့ကို အနမ်းလေး ပေးပါဦး...”
ဤအမှတ်တရများကို တမ်းတရင်း ကျုံးဝူစစ်ယောင်သည် ရုတ်တရက် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး ကြားရသူတိုင်း ရင်ကွဲမတတ် ငိုကြွေးလိုက်တော့သည်။
“မေမေ... ယောင်ယောင် ပြန်လာပြီ... အီးဟီး... သမီး အတိတ်ကို ပြန်သွားချင်သေးတယ်... သမီးကို မေမေ ဖက်ထားပေးပါဦး...”
“မေမေ ချက်ကျွေးတဲ့ ထမင်းတွေကို သမီး တကယ် စားချင်တယ်... အီးဟီး...”
ကျုံးဝူစစ်ယောင်၏ မျက်ရည်များကြောင့် အမြင်အာရုံမှာ ဝေဝါးလာခဲ့သည်။ သူမသည် ခြံဝင်းထဲကို လှည့်ပတ်ကြည့်လိုက်ရာ ဖခင်ဖြစ်သူ အမဲလိုက်ရာမှ ပြန်လာပြီး သားကောင်များကို နံရံတွင် ချိတ်ဆွဲထားသည့် မြင်ကွင်းများကို မြင်ယောင်နေမိသည်။
“ဖေဖေ... သမီး လွမ်းတယ်... သမီး တကယ် လွမ်းတာပါ...”
“ဖေဖေ... မေမေ... သမီး တကယ် လွမ်းနေတာပါ...”
“မေမေတို့ သိလား... သမီး အခု ကြီးပြင်းလာပြီး မေမေတို့တွေ ခေါ်နေကျ နတ်သမီးလေး ဖြစ်နေပြီနော်...”
“အီးဟီး...”
ကျုံးဝူစစ်ယောင်သည် ဝမ်းနည်းပက်လက် ငိုကြွေးနေပြီး ထန်ယွင်က သူမ၏ မြေပြင်ပေါ် ဒူးထောက်နေသည့် ပုံရိပ်ကို ကြည့်ကာ သူ့မျက်လုံးများတွင်လည်း မျက်ရည်များ ဝဲလာခဲ့သည်။ သူ၏ ဘဝအဆက်ဆက်တွင် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသည့် မိဘများနှင့် မိသားစုဝင်များကို သူ သတိရနေမိခြင်းပင်။
မုမုန့်ဂျီသည်လည်း ကျုံးဝူစစ်ယောင်၏ ငိုရှိုက်သံကို နားထောင်ရင်း မျက်ရည်များ ကျနေမိ၏။
သူမသည် လွန်ခဲ့သော ၁၃ နှစ်က ထန်ယုံရှန်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော သူမ၏ ဖခင်နှင့် မူဖုန်း နတ်ဘုရားမင်းဆက်၏ သွေးချောင်းစီးပွဲကြီးကို သတိရသွား၏။ မုမုန့်ဂျီမှာလည်း သူမ၏ နေရပ်ကို စွန့်ခွာခဲ့ရသူ ဖြစ်သဖြင့် ကျုံးဝူစစ်ယောင်ကို မြင်သည့်အခါ ထပ်တူ ခံစားရသည်။
“ညီမလေး...”
မုမုန့်ဂျီက ကျုံးဝူစစ်ယောင်ကို ထူပေးရန် ရှေ့သို့ တိုးလိုက်စဉ်မှာပင် ထန်ယွင်က သူမကို လှမ်းဆွဲကာ တိုးတိုးလေး ပြောလိုက်သည်။
“သူမ ရင်ထဲမှာ အောင့်ထားရတာ ကြာပါပြီ... ငိုချလိုက်တာက သူမအတွက် ပိုကောင်းပါလိမ့်မယ်”
ငိုကြွေးသံများမှာ ညနက်ပိုင်းအထိ ဆက်ရှိနေခဲ့သည်။ ကျုံးဝူစစ်ယောင်မှာ ငိုရလွန်းသဖြင့် မောပန်းသွားပုံရပြီးနောက် ငိုသံများ တိတ်သွားခဲ့၏။
ထန်ယွင်က သူမကို ဂရုတစိုက် ထူပေးလိုက်သည်။ သူမသည် ပိတ်ထားသော တံခါးကို ကြည့်နေသော်လည်း အထဲသို့ ဝင်ရန် လုံးဝ သတ္တိမရှိဘဲ ဖြစ်နေရှာသည်။
သူမ ကြောက်နေသည်။ အလွန် ကြောက်နေသည်။
သူမ မိဘများနှင့်အတူ နေထိုင်ခဲ့ဖူးသည့် အိပ်ရာနေရာလေးကို မြင်လိုက်ရသည့်အခါ သူမ စိတ်ဓာတ်တွေ ပြိုလဲသွားမှာကို ကြောက်နေမိသည်။
သူမ၏ ဖခင် တောရိုင်းတိရစ္ဆာန် ကိုက်သတ်ခံရသည့် အဖြစ်အပျက်ကို အဲ့ဒီနေရာမှာ ပြန်မြင်ယောင်မိရင် သူမ ရူးသွားနိုင်သည် မဟုတ်ပါလော။
သူမသည် တံခါးကို ငေးကြည့်နေပြီး တံခါးကို တွန်းဖွင့်ရန် သတ္တိမရှိဘဲ ဖြစ်နေတော့သည်။
“စစ်ယောင်... သွားကြရအောင်... ဦးလေးနဲ့ အန်တီကို အမွှေးတိုင် သွားထွန်းဖို့ ငါ လိုက်ခဲ့ပေးမယ်”
ထန်ယွင်က ကျုံးဝူစစ်ယောင်ကို ဖက်ကာ ခြံဝင်းအပြင်ဘက်သို့ ခေါ်ဆောင်လာခဲ့သည်။
လရောင်အောက်တွင် ကျုံးဝူစစ်ယောင်က ထန်ယွင်၏ ရင်ခွင်ထဲမှ ထွက်ကာ ခြံဝင်းတံခါးဘက်သို့ မျက်နှာမူ၍ ဒူးထောက်လိုက်ပြီး လှေကားထစ်များကို ဖြည်းညှင်းစွာ နမ်းရှုံ့လိုက်တော့သည်။
ထိုအနမ်းတွင် အဓိပ္ပာယ် အများကြီး ပါဝင်နေ၏...။
ယနေ့ သူမ ထွက်သွားပြီးလျှင် ဘယ်တော့ ပြန်လာဖြစ်မလဲဆိုသည်ကို သူမ မသိတော့ပေ။
အနမ်းဖြင့် နှုတ်ဆက်ပြီးနောက် ကျုံးဝူစစ်ယောင်က ထန်ယွင်ကို တောင်အနောက်ဘက်ရှိ သင်္ချိုင်းတစ်ခုသို့ ခေါ်သွားခဲ့သည်။
သင်္ချိုင်းသို့ ရောက်သည့်အခါ ကျုံးဝူစစ်ယောင်က သင်္ချိုင်းရှေ့တွင် ဒူးထောက်ကာ သူမ၏ မွေးစားမိဘများကို သူမအတွက် အကောင်းဆုံး အမျိုးသားတစ်ဦးကို ရှာတွေ့ထားပြီဖြစ်ကြောင်း ပြောပြနေတော့သည်။ သူမသည် ထန်ယွင်၏ ကောင်းကွက်များကို တတွတ်တွတ် ပြောဆိုရင်း သူမ၏ မွေးစားမိဘများအနေဖြင့် ကောင်းကင်ဘုံမှနေ၍ စိတ်အေးနိုင်ကြောင်းနှင့် သူမအတွက် စိုးရိမ်မနေရန် ပြောကြားန၏။
ထန်ယွင်က သက်ပြင်းတစ်ချက် ချလိုက်ကာ ကျုံးဝူစစ်ယောင်ဘေးတွင် ဒူးထောက်ပြီး ဦးချလိုက်သည်။ သူ့မျက်လုံးများထဲတွင် ပြတ်သားလှသော ချစ်ခြင်းမေတ္တာများဖြင့် -
“စစ်ယောင်နဲ့ ကျွန်တော်က လက်မထပ်ရသေးပေမဲ့ ကျွန်တော့်ကို သမက်လောင်းအဖြစ် သဘောတူပေးဖို့ တောင်းဆိုပါတယ်”
“အဖေနဲ့ အမေ... စိတ်မပူကြပါနဲ့... ကျွန်တော့်ရဲ့ အသက်နဲ့ရင်းပြီး စစ်ယောင်ကို ချစ်မြတ်နိုးသွားပါ့မယ်”
မုမုန့်ဂျီသည်လည်း သင်္ချိုင်းရှေ့တွင် ဒူးထောက်လိုက်ပြီး တိုးတိုးလေး ပြော၏။
“ဦးလေးနဲ့ အန်တီ... စိတ်မပူပါနဲ့... ကျွန်မ စစ်ယောင်ကို ကိုယ့်ညီမအရင်းလိုပဲ သဘောထားပြီး အမြဲတမ်း စောင့်ရှောက်သွားမှာပါ”
သူတို့ ၃ ဦးမှာ သင်္ချိုင်းရှေ့တွင် ရင်ဖွင့်ပြောဆိုပြီးနောက် ကျုံးဝူစစ်ယောင်သည် သူမ၏ ဝမ်းနည်းမှုကို မွေးစားမိဘများအား မမြင်စေလိုသဖြင့် သင်္ချိုင်းဂူကို ပြုံးလျက် ဖက်ထားရင်း တိတ်တဆိတ် ငိုကြွေးလိုက်ပြန်သည်။
“ဖေဖေနဲ့ မေမေ... သမီး သွားတော့မယ်နော်... သမီး ဖေဖေတို့ကို လွမ်းနေမှာပါ”
“သမီးအတွက် စိုးရိမ်မနေပါနဲ့... သမီး ဖေဖေ၊ မေမေတို့ကို ချစ်ပါတယ်... ချစ်ပါတယ်...”
ကျုံးဝူစစ်ယောင်က မပြတ်နိုင်သော စိတ်ဖြင့် မတ်တတ်ရပ်လိုက်သည်။ ထို့နောက် ကျုံးဝူစစ်ယောင်က ဝိညာဉ်လှေကို ထုတ်ရန် ပြင်လိုက်စဉ် ထန်ယွင်က ခပ်ပြုံးပြုံးဖြင့် -
“မင်း ဒီကောင်ကြီးကို မှတ်မိသေးရဲ့လား”
“ရှင်က သွေးတောင်ပံ မီးခိုးရောင် ခြင်္သေ့ကြီးအကြောင်းကို ပြောတာလား”
မုမုန့်ဂျီက စိတ်ဝင်တစား မေးလိုက်သည်။
“ရှင် မပြောရင် ကျွန်မတောင် မေးမလို့ပဲ... အဲ့ဒီတုန်းကတည်းက အဲ့ဒီကောင်ကြီးကို မတွေ့ရတော့ဘူးနော်”
ကျုံးဝူစစ်ယောင်ကလည်း အတော်လေး သိချင်နေရှာသည်။
“ကောင်လေး... ထွက်ခဲ့တော့”
ထန်ယွင်၏ စကားအဆုံးတွင် သူ့သားရဲအိတ်ထဲမှ ရွှေရောင် အလင်းတန်းတစ်ခု ကောင်းကင်သို့ ပျံတက်သွားပြီး ကြီးမားလှသော ရွှေနဂါးနတ်ဘုရားခြင်္သေ့ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။ ၎င်း၏ အတောင်ပံများကို ဆန့်ထုတ်လိုက်ရာ ကောင်းကင်ယံမှ လရောင်ကိုပင် ဖုံးကွယ်သွားစေတော့၏။
မုမုန့်ဂျီနှင့် ကျုံးဝူစစ်ယောင်တို့မှာ မျက်လုံးများ ပြူးကျယ်သွားရပြီး ဖော်ပြမတတ်အောင် ထိတ်လန့်သွားကြရသည်။
“ထန်ယွင်... ဒါက အဲ့ဒီကောင်ကြီးပဲလား”
မုမုန့်ဂျီက သူမဘာသာ ရေရွတ်လိုက်၏။
“သူက ဘာလို့ ရွှေရောင် ဖြစ်သွားတာလဲ... ပြီးတော့ သူ့ရဲ့ အရှိန်အဝါကလည်း ကြောက်စရာကြီး”
“ဟုတ်ပ ထန်ယွင်”
ကျုံးဝူစစ်ယောင်ကလည်း အတိတ်ကို ပြန်သတိရရင်း -
“ရှင်နဲ့ ဒီကောင်ကြီး ကျွန်မကို နှင်းတောင်စောင်းမှာ ကယ်တုန်းက သူက အဆင့် ၁ သားရဲပဲ ရှိသေးတာလေ... အခုကျမှ ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ”
ထန်ယွင်က ပြုံးလျက် -
“သူက အဲ့ဒီကောင်ကြီးပါပဲ... သူ ဘာလို့ အခုလို ဖြစ်သွားရသလဲဆိုတာကတော့ ဇာတ်လမ်း အရှည်ကြီးရှိတယ်... အိမ်အပြန်လမ်းမှာ မင်းတို့ကို ဖြည်းဖြည်းချင်း ပြောပြပါ့မယ်”
၎င်းနောက် ထန်ယွင်သည် အမျိုးသမီး ၂ဦးကို ခေါ်ကာ ရွှေနဂါးနတ်ဘုရားခြင်္သေ့ကြီး၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။
ထန်ယွင်က အဝေးတစ်နေရာကို လက်ညှိုးထိုးလိုက်ပြီး သူ့မျက်လုံးများတွင် မျှော်လင့်ချက်များဖြင့် -
“ကောင်လေး... အိမ်ပြန်ကြစို့”
“ဝုန်း... ဝုန်း”
ရွှေနဂါးနတ်ဘုရားခြင်္သေ့ကြီးမှာ အင်မတန် စိတ်လှုပ်ရှားနေပုံရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ထန်မိသားစုတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးသဖြင့် ထန်ယွင်၏ မိဘများနှင့် အဘိုးအပေါ်တွင် မမေ့နိုင်သော သံယောဇဉ်များ ရှိနေသောကြောင့်ပင်။
လူ ၃ဦးကို တင်ဆောင်ထားသော ရွှေနဂါးနတ်ဘုရားခြင်္သေ့ကြီးသည် ကြီးမားလှသော ရွှေရောင် လျှပ်စီးတစ်ခုအလား ညကောင်းကင်ယံကို ဖြတ်သန်းသွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့လေသတည်း...။
ရွှေနဂါးနတ်ဘုရားခြင်္သေ့ကြီး ပေါ်လာခြင်းကြောင့် လူသားများ ထိတ်လန့်သွားမည်ကို ထန်ယွင် မစိုးရိမ်ပေ။
အဘယ်ကြောင့်ဆိုသော် ၎င်း၏ အရှိန်မှာ မြန်လွန်းလှသဖြင့် သာမန်လူသားတွေအနေဖြင့် ၎င်း၏ ပုံသဏ္ဌာန်ကို လုံးဝ မြင်တွေ့နိုင်မည် မဟုတ်သောကြောင့်ပင်။
အခန်း ၃၅၆ ပြီး
***