၃ရက်အကြာတွင်... ဟောင်ဖူနတ်ဘုရားမင်းဆက်၊ ကြွေလွင့်ကြယ်မြို့တော်၊ ဝမ်ယွဲ့မြို့။
ထန်ယွင်က ရွှေနဂါးနတ်ဘုရားခြင်္သေ့ကို စီးနင်းကာ ဝမ်ယွဲ့မြို့အထက်တွင် ပျံဝဲရင်း သူ့နေရပ်ကို ငေးကြည့်နေချိန် မျက်လုံးထဲတွင် ခံစားချက်များ ပြည့်နှက်နေတော့သည်။
“နှစ်အနည်းငယ်ပဲ ကြာသွားတာပါ... ဖေဖေနဲ့ မေမေတို့ ကျန်းကျန်းမာမာ ရှိကြရဲ့လား မသိဘူး... ငါ တကယ်ကို သားမလိမ္မာ ဖြစ်ခဲ့ရပြီ”
ထန်ယွင်က သူ့ဘာသာ ရေရွတ်လိုက်ပြီး ရွှေနဂါးနတ်ဘုရားခြင်္သေ့ နှင့်အတူ ထန်အိမ်တော်ရှိရာသို့ ဆင်းသက်လိုက်၏။
“အား... အိမ်တော်ထိန်းကြီးရေ... မိစ္ဆာကြီး ရောက်လာပြီ”
ခြံထဲတွင် တံမြက်စည်းလှည်းနေသည့် အစေခံမလေးတစ်ယောက်က စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး တံမြက်စည်းကို ပစ်ချကာ ထွက်ပြေးသွားတော့သည်။
ထိုအော်သံမှာ အင်မတန် စူးရှလှ၏။ အိမ်တော်ရှိ အစေခံ ၁၀၀ ကျော်က မော့ကြည့်လိုက်ရာ မီတာ ၁၀၀ခန့် မြင့်မားသည့် ရွှေရောင်ခြင်္သေ့ကြီးက သူတို့အား လူသားများကဲ့သို့ သွားဖြဲပြနေသည်ကို မြင်လိုက်ရသည့်အခါ အားလုံး သေလုမတတ် ကြောက်လန့်သွားကြတော့သည်။
ဤမြင်ကွင်းကို ကြည့်ကာ ထန်ယွင်က စကားမပြောနိုင်ဘဲ ဖြစ်သွားပြီး -
“ကောင်လေး... မင်း ဒီအစေခံတွေကို သိတယ်ဆိုတာ ငါသိပါတယ်... ဒါပေမဲ့ မင်းရဲ့ ရုပ်သွင်က အရင်လိုမှ မဟုတ်တော့တာ... သူတို့ ကြောက်လန့်ပြီး သေသွားရင် ဘယ်လိုလုပ်မလဲ”
“ဝုန်း...”
ရွှေနဂါးနတ်ဘုရားခြင်္သေ့က တိုးညှင်းစွာ ဟောက်လိုက်ပြီး ကြီးမားလှသော မျက်လုံးများထဲတွင် မှားသွားပြီဟု သိရှိကြောင်း ပြသလိုက်သည်။
“ငါ့ရဲ့ ထန်မိသားစုမှာ ဘယ်သူက ရိုင်းရိုင်းစိုင်းစိုင်း လာလုပ်နေတာလဲ ထန်ချန်ချွမ်းရဲ့ မြေးက ရှေးဟောင်းဂိုဏ်းကြီးရဲ့ တပည့်ဖြစ်နေပြီဆိုတာ မင်းတို့ မသိဘူးလား”
ထိုအချိန်တွင် သံတိုသံရှည်နှင့် အားမာန်ပါလှသော အဘိုးအိုတစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။ ထန်ယွင်က ငုံ့ကြည့်လိုက်ရာ အဘိုးဖြစ်သူ ထန်ချန်ချွမ်းမှာ အိမ်တော်အလယ် ခြံဝင်းထဲသို့ အားမာန်အပြည့်ဖြင့် လျှောက်လာသည်ကို တွေ့လိုက်ရ၏။
ထန်ချန်ချွမ်း၏ အနောက်တွင် ထန်ယွင်၏ ဖခင် ထန်ဖုန်းနှင့် မိခင် ဖုန်းကျင်းရူတို့မှာလည်း လေးနက်သော အမူအရာများဖြင့် ပေါ်လာခဲ့ကြသည်။
ထန်ဖုန်းမှာ အသက် ၅၀ ကျော်ရှိနေပြီဖြစ်ပြီး ဖုန်းကျင်းရူမှာ အသက် ၄၀ ကျော် ရှိနေပြီ ဖြစ်သည်။ အိမ်တွင်းမှု ကိစ္စများကြောင့် သူမ၏ ဆံပင်များတွင် ဖြူစအချို့ပင် ပေါ်နေချေပြီ။
သူတို့ ၃ဦး၏ အနောက်တွင် အစောင့်အချို့က လှံများကို ကိုင်ကာ ရွှေနဂါးနတ်ဘုရားခြင်္သေ့ကို ရန်သူတစ်ဦးအလား မော့ကြည့်နေကြ၏။
ထန်အိမ်တော်ရှိ လူတိုင်းမှာ ဇဝေဇဝါ ဖြစ်နေကြသည်။ ထန်ယွင်က ရှေးဟောင်းဂိုဏ်းကြီး၏ တပည့် ဖြစ်သွားသည်ဆိုသည့် သတင်းမှာ တစ်နယ်လုံး ပျံ့နှံ့နေခဲ့သည် မဟုတ်ပါလော။ ထန်ယွင် မရှိသည့် နှစ်အနည်းငယ်အတွင်း အနီးအနား မြို့များမှ ဂုဏ်သရေရှိ လူကြီးလူကောင်းများမှာ ထန်မိသားစုနှင့် ရင်းနှီးမှုရရန် မကြာခဏ လာရောက်လည်ပတ်လေ့ ရှိကြသည်။
ထိုသို့သော အခြေအနေမျိုးတွင် ထန်အိမ်တော်သို့ လာရောက် ရန်စမည့်သူ ရှိလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။
“ဝှစ်”
ရွှေနဂါးနတ်ဘုရားခြင်္သေ့ပေါ်မှ အရိပ်တစ်ခု ခုန်ဆင်းလာသည်။ ချက်ချင်းပင် ထန်ယွင်က ထန်ချန်ချွမ်း၊ ထန်ဖုန်းနှင့် ဖုန်းကျင်းရူတို့၏ ရှေ့တွင် ဒူးထောက်လိုက်ပြီး -
“အဘိုး၊ ဖေဖေ၊ မေမေ... ယွင်အာ ပြန်လာပါပြီ”
ထိုစကားကို ကြားလိုက်ရသည့်အခါ သူတို့ ၃ ဦးလုံး တုန်လှုပ်သွားကြ၏။ အခြားတစ်ဖက်တွင်မူ အစောင့်များနှင့် အစေခံ ရာပေါင်းများစွာမှာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
“သခင်လေး ပြန်လာပြီ”
“ကျွန်တော်တို့ရဲ့ သခင်လေး ထန်ယွင် အိမ်ပြန်လာပြီ”
“တကယ်ကို ကောင်းတာပဲ... သခင်လေး အိမ်ပြန်လာပြီ...”
ဤအခိုက်အတန့်တွင် ဖုန်းကျင်းရူမှာ ဝမ်းသာလွန်းလှသဖြင့် မျက်ရည်များ ဝဲလာပြီး မြေပြင်ပေါ်၌ ဒူးထောက်နေသည့် ထန်ယွင်ကို ရုတ်တရက် ဖက်ထားလိုက်တော့သည်။
“ယွင်အာ... မေမေ့ရဲ့ သားလေး မေမေ့ဆီကို ပြန်လာတွေ့တာပဲ”
“မေမေ”
ထန်ယွင်က ဖုန်းကျင်းရူကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ပြီး မိခင်နှင့် သားဖြစ်သူမှာ မျက်ရည်များဖြင့် ပြန်လည် ဆုံတွေ့ခဲ့ကြသည်။
“မိန်းမရယ်... ယွင်အာ ပြန်လာတာပဲ... ဝမ်းသာစရာ ကိစ္စကြီးကို ဘာလို့ ငိုနေတာလဲ”
ထန်ဖုန်းက ဤသို့ ပြောနေသော်လည်း သူ့မျက်လုံးများတွင်လည်း မျက်ရည်များ ဝဲနေ၏။
“အေးလေ”
ထန်ချန်ချွမ်းကလည်း မှုန်ဝါးနေသော မျက်ရည်များကို သုတ်ရင်း ထောက်ခံလိုက်သည်။
သူ့တွင် ဤမျှလောက်အထိ ထူးချွန်သော မြေးတစ်ယောက် ရှိနေသဖြင့် သူ စိတ်အေးနိုင်ပြီ ဖြစ်သလို ထန်မိသားစု ဘိုးဘေးများကိုလည်း မျက်နှာပြနိုင်ပြီ ဖြစ်၏။
ဖုန်းကျင်းရူက မျက်ရည်များကို သုတ်ကာ ထန်ယွင်ကို ထူမလိုက်ပြီး ထန်ဖုန်းကို လှည့်ကြည့်ကာ -
“ရှင်... ယွင်အာ ပြန်လာပြီဆိုတော့ သားအတွက် ခမ်းနားတဲ့ ဂုဏ်ပြုစားပွဲတစ်ခု ကျင်းပပေးရမယ်နော်”
“ကောင်းပြီ... ကောင်းပြီ”
ထန်ဖုန်းက အိမ်ထိန်းကို ချက်ချင်း တာဝန်ပေးကာ တစ်အိမ်လုံး ၃ ရက်တိုင်တိုင် စည်စည်ကားကား ကျင်းပရန် အမိန့်ပေးလိုက်တော့သည်။
“ဖေဖေ၊ မေမေ၊ အဘိုး” ထန်ယွင်က ပြုံးလျက် - “ကျွန်တော် လူနှစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ”
ထိုအချိန်တွင် ကောင်းကင်ယံရှိ ရွှေနဂါးနတ်ဘုရားခြင်္သေ့မှာ ရုတ်တရက် သေးငယ်သွားပြီး ကျုံးဝူစစ်ယောင်နှင့် မုမုန့်ဂျီတို့ကို တင်ဆောင်ကာ ခြံဝင်းထဲသို့ ဆင်းသက်လာခဲ့သည်။
အစောင့်များက မိန်းကလေး ၂ ဦးကို မြင်သည့်အခါ မျက်လုံးများ ပြူးကျယ်သွားကြရ၏။ လှလိုက်တာ... လွန်ခဲ့သော ၄နှစ်ကျော်က ထွက်သွားသည့် နန်းကုန်းယွိချင်လေးလိုပဲ လှပလွန်းကြသည်။
“နေကောင်းကြရဲ့လား အဘိုး”
“နေကောင်းကြရဲ့လား ဦးလေးနဲ့ အန်တီ”
မုမုန့်ဂျီနှင့် ကျုံးဝူစစ်ယောင်တို့က ထန်ချန်ချွမ်း၊ ထန်ဖုန်းနှင့် ဖုန်းကျင်းရူတို့ကို ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်လိုက်ကြသည်။
“တကယ်ကို လှတဲ့ ကလေးမလေးတွေပဲ”
ဖုန်းကျင်းရူမှာ ချစ်စနိုးဖြင့် အံ့အားသင့်စွာ ကြည့်နေမိသည်။
“မေမေ... သူမက မုမုန့်ဂျီပါ၊ သူမကတော့ ကျုံးဝူစစ်ယောင်ပါ... သူတို့က မေမေ့ရဲ့ နောင်လာမယ့် ချွေးမလောင်းတွေပေါ့”
ထန်ယွင်က ပြုံးလျက် မိတ်ဆက်ပေးလိုက်သည့်အခါ မုမုန့်ဂျီနှင့် ကျုံးဝူစစ်ယောင်တို့မှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားကြရရှာသည်။
“ချွေးမ” ဆိုသည့် စကားလုံးကို ကြားရသည့်အခါ ဖုန်းကျင်းရူက နန်းကုန်းယွိချင်ကို သတိရသွားပြီး ရင်ထဲ နည်းနည်းတော့ နာကျင်သွားရသည်။ အဲ့ဒီ ယုတ်မာသည့် အဘိုးကြီးသာ ယွိချင်လေးကို ခေါ်မသွားခဲ့လျှင် အခုဆို သူမ မြေးချီနေရလောက်ပြီ... ဟု တွေးမိလိုက်၏။
အတွေးစများကို ဘေးဖယ်ထားကာ ဖုန်းကျင်းရူက ရှေ့သို့ တိုးသွားပြီး မုမုန့်ဂျီနှင့် ကျုံးဝူစစ်ယောင်တို့၏ လက်ကို တစ်ဖက်စီ ဆုပ်ကိုင်ကာ စိတ်ရင်းမှန်ဖြင့် -
“လိမ္မာတဲ့ ကလေးမလေးတွေပဲ... မင်းတို့ရဲ့ မိသားစုဝင်တွေက ဘယ်မှာလဲ... မင်းတို့ရဲ့ လက်ထပ်ပွဲကို ဖြစ်နိုင်ရင် မြန်မြန်လေး လုပ်ကြရအောင်လေ”
ဖုန်းကျင်းရူ ဤမျှလောက်အထိ စိတ်စောနေလိမ့်မည်ဟု ထန်ယွင် မထင်ထားခဲ့ပေ။
“မေမေ... လက်ထပ်ပွဲကိစ္စကို စိတ်မပူပါနဲ့ဦး... နောက်မှ ဖြည်းဖြည်းချင်း တိုင်ပင်ကြတာပေါ့”
ထန်ယွင်က နှာခေါင်းလေး ရှုံ့ကာ ရယ်မောလိုက်၏။
“မေမေက ဘာလို့ စိတ်မပူဘဲ နေနိုင်မှာလဲ... အရင်တုန်းကလိုမျိုး...”
ဖုန်းကျင်းရူ စကားမှားသွားပြီး ချက်ချင်းပင် နှုတ်ဆိတ်သွားတော့သည်။
“မေမေ... အရင်တုန်းက ဘာဖြစ်လို့လဲ”
ထန်ယွင်က ဇဝေဇဝါ ဖြစ်သွားသည်။
“ဘာမှမဟုတ်ပါဘူး... မေမေက မြေး မြန်မြန် ချီချင်လို့ပါ... မရဘူးလား”
ဖုန်းကျင်းရူက ထန်ယွင်ကို မျက်စောင်းထိုးလိုက်ပြီးနောက် မုမုန့်ဂျီနှင့် ကျုံးဝူစစ်ယောင်တို့ကို ခေါ်ကာ -
“လာကြ... အန်တီမှာ မင်းတို့အတွက် ပေးစရာ ရှိတယ်”
“ချွေးမတွေ ရသွားတော့ သားကို မေ့သွားပြီပေါ့လေ”
ထန်ယွင်က ပြုံးလျက် အဘိုးနှင့် ဖခင်ဖြစ်သူတို့ နှင့်အတူ ဖုန်းကျင်းရူနောက်မှ အခန်းထဲသို့ လိုက်ဝင်သွားသည်။
အိမ်ထိန်းက ခြံဝင်းထဲတွင် အစောင့်များကို သူတို့၏ မိသားစုဝင်များ ခေါ်လာစေကာ ၃ ရက်တိုင်တိုင် စားပွဲကျင်းပပေးရန် စီစဉ်နေတော့သည်။ တစ်ချိန်တည်းမှာပင် အစောင့်များကိုလည်း ၃ရက် အားလပ်ရက် ပေးလိုက်၏။
အစောင့်များမှာ စိတ်လှုပ်ရှားစွာဖြင့် ထန်အိမ်တော်ပြင်ပသို့ ပြေးထွက်သွားကြတော့သည်။
...
အဆောင်အတွင်း ခန်းမထဲတွင်...
ဖုန်းကျင်းရူက မုမုန့်ဂျီနှင့် ကျုံးဝူစစ်ယောင်တို့ကို တူညီသော ကျောက်စိမ်း လက်ကောက် ၂ကွင်း ပေးလိုက်သည်။
အမျိုးသမီး ၂ဦး လက်ကောက် ဝတ်လိုက်သည်ကို မြင်ရသည့်အခါ ဖုန်းကျင်းရူက ပြုံးလျက် -
“ဒါက ငါတို့ ထန်မိသားစုရဲ့ မျိုးရိုးစဉ်ဆက် လက်ကောက်တွေပါ... နောင်လာမယ့် ချွေးမတွေအတွက် ငါ ပြင်ဆင်ထားတာပေါ့... အန်တီ့မှာ တခြား အဖိုးတန်တာ ဘာမှမရှိလို့ အားမနာကြနဲ့နော်”
ထိုလက်ကောက်၏ အဓိပ္ပာယ်ကို သိလိုက်ရသည့်အခါ မုမုန့်ဂျီနှင့် ကျုံးဝူစစ်ယောင်တို့၏ ရင်ထဲတွင် ပျားရည်ကဲ့သို့ ချိုမြိန်သွားကြတော့သည်။
၎င်းနောက် ဖုန်းကျင်းရူက အမျိုးသမီး ၂ဦး၏ နေရပ်ကို မေးမြန်းလိုက်၏။
ထန်ယွင်က အသံလုံ အစီအရင်တစ်ခု ဖန်တီးလိုက်ပြီး မုမုန့်ဂျီသည် မူဖုန်း နတ်ဘုရားမင်းဆက်မှ မင်းသမီးဖြစ်ကြောင်းနှင့် ကျုံးဝူစစ်ယောင်မှာ မိဘအရင်းများ၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသူ ဖြစ်ကြောင်း ပြောပြလိုက်သည်။
ဖုန်းကျင်းရူ၊ ထန်ဖုန်းနှင့် ထန်ချန်ချွမ်းတို့မှာ မုမုန့်ဂျီ၏ နောက်ခံကို ကြားရသည့်အခါ အံ့ဩသွားကြသလို ကျုံးဝူစစ်ယောင်ကို ကြည့်သည့်အခါတွင်လည်း သနားစိတ်ဖြင့် ချစ်ခင်မှုများ ပြည့်နှက်သွားကြရသည်။
ပထမအချက်မှာ ကျုံးဝူစစ်ယောင်၏ ဘဝအကြောင်းကို ကြားရသဖြင့် စိတ်မကောင်း ဖြစ်မိခြင်းကြောင့် ဖြစ်၏။
ဒုတိယအချက်မှာ ကျုံးဝူစစ်ယောင်ကို ကြည့်ရင်း သူတို့၏ မွေးစားသမီးဖြစ်သူ၊ ထန်ယွင်နှင့် စေ့စပ်ထားသူ နန်းကုန်းယွိချင်ကို သတိရသွားကြခြင်းပင်။
သူတို့ ၃ဦး၏ စိတ်ခံစားချက်ကို "မြွေကိုက်ခံရဖူးသူ ပလတ်စတစ်ကြိုးမြင်ရင်တောင် ကြောက်တတ်ခြင်း" ဆိုသည့် စကားနှင့် တင်စားလျှင်ပင် မမှားနိုင်ပေ။
သူတို့သည် တစ်နေ့တွင် ကျုံးဝူစစ်ယောင်၏ မိဘအရင်းများက ထပ်မံ ပေါ်လာပြီး သူမကို လာခေါ်သွားမှာကို အလွန် ကြောက်နေကြမိသည်။
ထိုသို့ ဖြစ်နိုင်ခြေမှာ အင်မတန် နည်းပါးသော်လည်း သူတို့ ၃ဦးမှာမူ စိုးရိမ်စိတ်များ ရှိနေဆဲ...။
ထို့နောက် စားပွဲမစမီအထိ ထန်ယွင်သည် မိဘများနှင့် အဘိုးကို စကားများစွာ ပြောဖြစ်ခဲ့သည်။ ထန်ယွင်က ဂိုဏ်းထဲတွင် သူ မည်မျှ အဆင်ပြေကြောင်း ကောင်းကွက်များကိုသာ ရွေးပြောပြခဲ့၏။
ဖုန်းကျင်းရူ၊ ထန်ဖုန်းနှင့် ထန်ချန်ချွမ်းတို့သည် ကျုံးဝူစစ်ယောင်နှင့် ထန်ယွင်တို့မှာ ဝိညာဉ်သန္ဓေအဆင့် ၉ သို့ ရောက်ရှိနေပြီး မုမုန့်ဂျီမှာ ဝိညာဉ်သန္ဓေ ပြည့်စုံခြင်းအဆင့်သို့ ရောက်နေသည်ကို သိလိုက်ရသည့်အခါ အကြီးအကျယ် ထိတ်လန့်သွားကြရတော့သည်။
သူတို့အတွက်တော့ ဝိညာဉ်သန္ဓေအဆင့်ဆိုသည်မှာ သူတို့ အိပ်မက်မက်နေရသည့် ဓားပျံစီးနိုင်သော အဆင့်ကြီး မဟုတ်ပါလော။
အခန်း ၃၅၇ ပြီး
***