နောက်ထပ် ၃ ရက်အတွင်း ထန်အိမ်တော်မှာ စားပွဲသောက်ပွဲကြီး ကျင်းပနေခဲ့သည်။
ထန်ယွင် အိမ်ပြန်လာသည့် သတင်းမှာ ဝမ်ယွဲ့မြို့တစ်ခွင် ပျံ့နှံ့သွားခဲ့ရာ မြို့ထဲရှိ မိသားစုပိုင်ရှင် ရာပေါင်းများစွာမှာ မဖိတ်ခေါ်ဘဲ အဖိုးတန် လက်ဆောင်ပစ္စည်းများကိုယ်စီဖြင့် ရောက်ရှိလာကြသည်။ သူတို့အားလုံးမှာ ထန်ယွင်ကို အလွန် ရင်းနှီးသည့်အလား တူတော်မောင်ဟု ခေါ်ဆိုကာ ချဉ်းကပ်ကြတော့သည်။
အချို့ကလည်း သူတို့၏ အပျိုစင် သမီးပျိုလေးများကို ထန်ယွင်နှင့် ပေးစားရန် ကြိုးစားကြသော်လည်း မုမုန့်ဂျီနှင့် ကျုံးဝူစစ်ယောင်တို့ကဲ့သို့ နတ်မိမယ်အလား လှပသည့် အမျိုးသမီး ၂ဦးမှာ ထန်မိသားစု၏ အနာဂတ်ချွေးမလောင်းများ ဖြစ်နေသည်ကို သိလိုက်ရသည့်အခါ အစီအစဉ်ကို လက်လျှော့လိုက်ကြတော့သည်။
သူတို့ သမီးများ၏ အလှမှာ ထိုအမျိုးသမီး ၂ဦးကို လုံးဝ မယှဉ်နိုင်သည် မဟုတ်ပါလော။
ထန်ယွင်ကဲ့သို့ လူမျိုးမှာ သူတို့၏ သမီးများကို သဘောကျလိမ့်မည် မဟုတ်ဟုလည်း သူတို့ တွေးမိလိုက်ကြ၏။
ထန်ယွင်မှာ အပေါ်ယံ အလှအပကို ကြည့်တတ်သူ မဟုတ်ပေ။ သူမတို့ သမီးများမှာ မည်မျှပင် လှပနေပါစေ ထန်ယွင် စိတ်လှုပ်ရှားလိမ့်မည် မဟုတ်သလို အလွယ်တကူလည်း သဘောကျလိမ့်မည် မဟုတ်ပေ။
ထန်ယွင် သဘောကျမည့် အမျိုးသမီးမှာ အခက်အခဲများကို အတူတူ ကျော်ဖြတ်ဖူးပြီး စိတ်ထားကောင်းမွန်သူမျိုးသာ ဖြစ်ရပေမည်။ သူသည် အလှအပကိုကြည့်ကာ ဘဝလက်တွဲဖော် ရွေးချယ်မည့်သူ မဟုတ်ချေ။ ဤ ၃ရက်အတွင်း ထန်ယွင်က ဟောင်ဖူနတ်ဘုရားဂိုဏ်း၏ အတွင်းစည်း ဈေးမြို့တော်မှ ဝယ်ယူလာခဲ့သော ဝိညာဉ်သန္ဓေအဆင့်အတွက် သင့်တော်သည့် ဆေးလုံးများနှင့် လက်နက်အားလုံးကို မိခင်ဖြစ်သူ ဖုန်းကျင်းရူအား ပေးအပ်ခဲ့သည်။
ဖုန်းကျင်းရူ၊ ထန်ဖုန်းနှင့် အဘိုးအို ထန်တို့မှာ အလွန် ဝမ်းသာသွားကြ၏။ ဤဆေးလုံးများ ရှိနေမှတော့ သူတို့အနေဖြင့် ဝိညာဉ်သန္ဓေအဆင့်သို့ တက်လှမ်းရန်နှင့် သက်တမ်း တိုးမြှင့်ရန်မှာ လက်တစ်ကမ်း အကွာအဝေးတွင်သာ ရှိတော့သည်။
ထို့အပြင် ဤမျှများပြားသော ဆေးလုံးများကို ထန်အိမ်တော်ရှိ အစောင့်များအားလည်း ခွန်အားတိုးတက်စေရန် ပေးဝေနိုင်ပေလိမ့်မည်။
ထန်ယွင်က ထိပ်တန်းအဆင့် ကျူယန် ယာဇွန်ဆေးလုံး ၃လုံးကိုလည်း မိဘများနှင့် အဘိုးအား တစ်ဦးလျှင် တစ်လုံးစီ ပေးအပ်ခဲ့၏။
ဖုန်းကျင်းရူ ဆေးသောက်ပြီးနောက် သူမ၏ ဆံပင်ဖြူများ ပျောက်ကွယ်သွားပြီး မျက်နှာပေါ်မှ အရေးအကြောင်းများလည်း ပျောက်ကွယ်သွားကာ အသက် ၄၀ မှ ၃၀ အရွယ်အလား ပြန်လည် နုပျိုသွားတော့သည်။
ထန်ဖုန်းသည်လည်း ဆေးသောက်ပြီးနောက် အသက် ၅၀ ကျော်မှ လူလတ်ပိုင်းအရွယ်အလား ပြောင်းလဲသွားပြီး ဇနီးမောင်နှံ ၂ဦးလုံးမှာ ၁၀ နှစ်ခန့် ပြန်လည် နုပျိုသွားကြ၏။
အဘိုး ထန်ချန်ချွမ်းမှာလည်း ဆေးကို ပြုံးလျက် သောက်သုံးလိုက်ရာ အသက် ၉၀ အရွယ်မှ ၆၀ အရွယ်အလား ပြောင်းလဲသွားတော့သည်။
တစ်မိသားစုလုံး ပျော်ရွှင်နေကြသော်လည်း... ခွဲခွာရမည့် အချိန်ကတော့ ရောက်ရှိလာခဲ့လေပြီ။
လရောင်သည် ထန်အိမ်တော်ပေါ်သို့ ကျဆင်းနေပြီး အိမ်တော်တစ်ခုလုံးမှာ မီးရောင်များဖြင့် လင်းထိန်နေ၏။
ဖုန်းကျင်းရူ၊ ထန်ဖုန်း၊ ထန်ချန်ချွမ်းနှင့် အစေခံများ၊ အစောင့်များ အားလုံးမှာ ထန်ယွင်ကို လိုက်လံ ပို့ဆောင်ကြသည်။
မိခင်တစ်ဦး၏ မေတ္တာမှာ သားဖြစ်သူ ခရီးဝေး သွားရတော့မည့်အပေါ် အဝတ်အစားများ ပြင်ဆင်ပေးရင်း စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေတော့သည်။
ဖုန်းကျင်းရူသည် မျက်ရည်များကြားမှ အဝတ်အစား အချို့ကို ထန်ယွင်၏ လက်ထဲသို့ ထည့်ပေးရင်း မှာကြားလိုက်ရှာသည်။
“မင်းကိုယ်မင်း ဂရုစိုက်ပါ သား... မေမေ့ကို စိတ်မပူစေနဲ့နော်”
“ဘုန်း”
ထန်ယွင်က ဒူးထောက်လိုက်ပြီး ခေါင်းကို လေးနက်စွာ ညိတ်ပြလိုက်ကာ -
“မေမေ၊ ဖေဖေ၊ အဘိုး... စိတ်မပူကြပါနဲ့... ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ့မယ်”
“အင်းပါ...” ဖုန်းကျင်းရူက ထန်ယွင်ကို ထူမလိုက်ပြီး -
“စစ်ယောင်နဲ့ မုန့်ဂျီကို မင်းနောက်လိုက်ပြီး ဒုက္ခမရောက်စေနဲ့နော်... ဒီလို လိမ္မာတဲ့ ကောင်မလေး ၂ယောက် မင်းနောက်ကို လိုက်လာတာဟာ မင်းရဲ့ ကံကောင်းခြင်းပဲ... ပန်းပွင့်တွေ၊ မြက်ပင်တွေကြားမှာ လျှောက်ပြီး ပွေရှုပ်မနေနဲ့... မှတ်ထားရဲ့လား”
“သား မှတ်ထားပါ့မယ်”
ထန်ယွင်က ပြန်လည် ဖြေကြားလိုက်၏။
“အဲ့ဒါဆိုရင်တော့ တော်သေးတာပေါ့”
ဖုန်းကျင်းရူက ပြုံးလျက် စစ်ယောင်နှင့် မုမုန့်ဂျီတို့ကို ကြည့်ကာ မျှော်လင့်တကြီးဖြင့် -
“မင်းတို့တွေ ထွက်သွားတော့မှာဆိုတော့... ငါ့ကို မေမေလို့ ခေါ်လို့ရမလား”
မုမုန့်ဂျီက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်ပြလိုက်ပြီး -
“မေမေ... ဖေဖေနဲ့ အဘိုးတို့လည်း ကျန်းမာရေး ဂရုစိုက်ကြပါ... နောက် ကျွန်မတို့ ပြန်လာတွေ့ပါ့မယ်”
ကျုံးဝူစစ်ယောင်ကလည်း နှုတ်ခမ်းလေးကို စေ့ကာ ချိုသာစွာ ပြောလိုက်သည်။
“မေမေ စိတ်မပူပါနဲ့... အစ်မမုနဲ့ ကျွန်မ ထန်ယွင်ကို ကောင်းကောင်း စောင့်ရှောက်ပါ့မယ်”
“ကောင်းပြီ... ကောင်းပြီ”
ဖုန်းကျင်းရူက အမျိုးသမီး ၂ဦး၏ လက်ကို ဆွဲကာ ပျော်ရွှင်စွာ ပြောလိုက်သည်။
“ထန်ယွင်က မင်းတို့ကို တစ်ခုခု လုပ်ရဲရင် မေမေ့ကို လာပြောကြ... မေမေ မင်းတို့ဘက်ကနေ ရပ်တည်ပြီး သူ့ရဲ့ ခြေထောက်ကို ရိုက်ချိုးပစ်မယ်”
အမျိုးသမီး ၂ဦးမှာ ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်ကြ၏။
“ဖေဖေ၊ မေမေ၊ အဘိုး... ကျွန်တော်တို့ သွားတော့မယ်နော်”
ထန်ယွင်က လက်သီးဆုပ်ကာ ထန်မိသားစုမှ အစောင့်များကို ကြည့်ပြီး တစ်လုံးချင်း ပြောလိုက်သည်။
“ထန်အိမ်တော်ကို ကောင်းကောင်း ကာကွယ်ထားကြပါ... နောင်တစ်ချိန်မှာ ဒီသခင်လေးက မင်းတို့ကို မျက်နှာသာပေးမှာပါ”
အစောင့် ရာပေါင်းများစွာမှာ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်သဖြင့် အသံမှာ ကောင်းကင်သို့ပင် ဟိန်းထွက်သွားတော့သည်။
“သခင်လေး စိတ်ချပါ... လက်အောက်ခံတွေ နားလည်ပါတယ်”
အိမ်ထိန်းကြီးက ရှေ့သို့ တက်လာပြီး -
“သခင်လေး အရင်က ပြောခဲ့တဲ့ စကားတွေကို ဒီအိမ်ထိန်းကြီးကို ပြန်ပြောပြစမ်း”
အစောင့်များမှာ အသံကုန် မြှင့်ကာ အော်ဟစ်လိုက်ကြသည်။
“ငါတို့ ထန်မိသားစုကို လာရောက် စော်ကားတဲ့သူကို... အဝေးကြီးမှာ ရှိနေရင်တောင် သေချာပေါက် ကွပ်မျက်ရမယ်”
အသံလှိုင်းများမှာ ဝမ်ယွဲ့မြို့တစ်ခွင် ပဲ့တင်ထပ်သွား၏။ ထန်အိမ်တော် အပြင်ဘက်မှ ထန်ယွင်ကို လာရောက် ပို့ဆောင်ကြသည့် မြို့သူမြို့သား သောင်းနှင့်ချီမှာလည်း ထိုအသံကြောင့် ထိတ်လန့်သွားကြရသည်။
ထိုစဉ် ကောင်းကင်ယံမှ ရိုင်းစိုင်းလှသော ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
“ဟားဟားဟား... ဒီလို သေးငယ်တဲ့ နေရာက မိသားစုလေး တစ်စုကများ အရှက်မရှိ ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့”
“ဒီနေ့ ငါ မင်းတို့ ထန်မိသားစုကို ဖျက်ဆီးပစ်မယ်... မင်းတို့က ငါ့ကို ဘယ်လိုများ သတ်မလဲဆိုတာ ကြည့်ချင်သေးတယ်”
စကားအဆုံးတွင် အသက် ၆၀ ခန့်ရှိသော အဘိုးအိုတစ်ဦးသည် ဓားပျံကို စီးနင်းကာ ထန်အိမ်တော်အထက်တွင် ပျံဝဲနေ၏။ သူသည် ထန်မိသားစုမှ လူတိုင်းကို ယုတ်မာသော မျက်လုံးများဖြင့် ငုံ့ကြည့်နေခြင်းပင်။
“ဝိညာဉ်သန့်စင်ခြင်း အဆင့် ၉”
ထန်ယွင်မှာ အကြီးအကျယ် ထိတ်လန့်သွားရ၏။
“ကောင်လေး... မိသားစုကို ကာကွယ်စမ်း”
“ဝုန်း...”
ခြင်္သေ့ဟောက်သံက ညကောင်းကင်ယံကို ဖြတ်သန်းသွားပြီး ရွှေနဂါးနတ်ဘုရားခြင်္သေ့သည် ထန်ယွင်၏ သားရဲအိတ်ထဲမှ ထွက်ပေါ်လာကာ မီတာ ၁၀၀ ခန့် ကြီးမားသော ကိုယ်ထည်ဖြင့် ရွှေရောင် အတောင်ပံများကို ဖြန့်၍ ထန်မိသားစုမှ လူတိုင်းကို အတောင်ပံအောက်တွင် ကာကွယ်ထားလိုက်တော့သည်။
“ဟင် အဆင့် ၃ ကြီးထွားမှုအဆင့် မီးခိုးရောင်ခြင်္သေ့လား”
အဘိုးအို၏ မျက်လုံးထဲတွင် အံ့ဩမှုအချို့ ပေါ်လာသည်။
“မင်းက ဘယ်သူလဲ ဘာလို့ ငါ့ရဲ့ ထန်မိသားစုကို လာပြဿနာရှာတာလဲ”
ထန်ယွင်က အဘိုးအိုကို ရန်သူတစ်ဦးအလား မော့ကြည့်ကာ မေးလိုက်၏။
“ငါ ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး... မင်း သိထားရမှာက ငါက မင်းတို့ မိသားစုတစ်ခုလုံးကို သတ်မယ့်သူ ဆိုတာပဲ”
အနက်ရောင် ဝတ်စုံနှင့် အဘိုးအို၏ မျက်လုံးများမှာ ရက်စက်လာပြီး ညာလက်မှ ဓားကို ကိုင်ကာ ကောင်းကင်သို့ ချိန်လိုက်ရာ ဟင်းလင်းပြင်ထဲတွင် စွမ်းအားများ စုစည်းလာတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ထန်အိမ်တော် အပြင်ဘက်မှ မြို့သူမြို့သားများမှာ ထိတ်လန့်တကြား ထွက်ပြေးကုန်ကြတော့သည်။ ဤမျှလောက် အစွမ်းထက်သည့် ပုဂ္ဂိုလ်မျိုး ထန်မိသားစုကို လာရောက် ရန်စလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။
ထန်ယွင်မှာ ယခုအခါ အလွန် စိုးရိမ်နေမိသည်။ အကယ်၍ သူ၏ မိသားစုသာ ဘေးတွင် မရှိပါက သူသည် ရွှေနဂါးနတ်ဘုရားခြင်္သေ့ကို အဘိုးအိုနှင့် တိုက်ခိုက်ခိုင်းလိုက်မည် ဖြစ်၏။
သို့သော် ယခုအခါ ရွှေနဂါးနတ်ဘုရားခြင်္သေ့မှာ မိသားစုကို ကာကွယ်ပေးထားရသည်။ အကယ်၍ မိသားစုသာ အကာအကွယ်မဲ့သွားလျှင်၊ သို့မဟုတ် ရွှေနဂါးနတ်ဘုရားခြင်္သေ့က အဘိုးအိုကို လျင်မြန်စွာ မသတ်နိုင်လျှင် အဘိုးအိုက မိသားစုကို တိုက်ခိုက်လိုက်သည်နှင့် ထန်မိသားစုမှာ ပြာအဖြစ် ပြောင်းလဲသွားမှာ သေချာနေသည် မဟုတ်ပါလော။
“ဝှစ်... ဝှစ်”
ထန်ယွင်က မုမုန့်ဂျီနှင့် ကျုံးဝူစစ်ယောင်တို့ကို ချက်ချင်း ဆွဲယူကာ ရွှေနဂါးနတ်ဘုရားခြင်္သေ့၏ ကျောပေါ်သို့ ခုန်တက်လိုက်ပြီး ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
“ကောင်လေး... ငါတို့ ထန်မိသားစု လူတွေ အကုန်လုံးကို ခေါ်ပြီး အမြန် ထွက်ပြေးစမ်း”
“ထွက်ပြေးချင်တယ် ဟုတ်လား... ဟဲဟဲ... မင်း အိမ်မက် မက်နေတာပဲ”
အဘိုးအိုက ရယ်မောလျက် တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ကောင်းကင်ယံမှ မထီမဲ့မြင်ပြုသော အသံတစ်ခု ထွက်ပေါ်လာပြန်သည်။
“ငါ ဒီမှာ ရှိနေသရွေ့... ဝိညာဉ်သန့်စင်ခြင်း အဆင့် ၉ လောက်ပဲ ရှိတဲ့ မင်းလို ပုရွက်ဆိတ်ကများ ထန်မိသားစုကို ထိရဲတယ်ပေါ့”
“ဘယ်... ဘယ်သူလဲ”
အနက်ရောင် ဝတ်စုံနှင့် အဘိုးအို၏ မျက်နှာမှာ ရုတ်တရက် ပျက်သွားတော့သည်။
“မင်းကို သတ်မယ့်သူပေါ့”
အသံအဆုံးတွင် ဖြူစင်သော အလင်းတန်းတစ်ခု ကောင်းကင်မှ ထွက်ပေါ်လာပြီး အနက်ရောင် ဝတ်စုံနှင့် အဘိုးအို၏ လည်ပင်းကို လျှပ်စီးလက်သကဲ့သို့ ဖြတ်သန်းသွားတော့သည်။
“မင်း...”
အဘိုးအို၏ ကြောက်လန့်တကြား အော်သံမှာ ရုတ်ခြည်း ရပ်တန့်သွားပြီးနောက် သူ့လည်ပင်းတွင် သွေးဝိုင်းတစ်ခု ပေါ်လာကာ ခေါင်းမှာ လည်ပင်းပေါ်မှ လျောကျသွားတော့သည်။ ခေါင်းပြတ်နေသော အလောင်းကြီးမှာ သွေးများ ပန်းထွက်လျက် ရွှေနဂါးနတ်ဘုရားခြင်္သေ့၏ ရှေ့မှောက်သို့ ပြုတ်ကျသွားတော့လေသတည်း။
“ကူညီပေးတဲ့အတွက် စီနီယာကို ကျေးဇူးတင်ပါတယ် စီနီယာက ဘယ်သူလဲဆိုတာ သိခွင့်ရှိမလား ခင်ဗျာ”
ထန်ယွင်က လက်သီးဆုပ်ကာ ညကောင်းကင်ယံကို စိုက်ကြည့်ရင်း မေးလိုက်၏။
“ဝုန်း”
ထန်ယွင်၏ ရှေ့ရှိ ဟင်းလင်းပြင်မှာ အနည်းငယ် တုန်ခါသွားပြီးနောက် အသက် ၉၀ ခန့်ရှိသော အဘိုးအိုတစ်ဦး လေထဲမှ ထွက်ပေါ်လာခဲ့သည်။
ထန်ယွင်သည် ဤလူ၏ ကျင့်ကြံမှု အဆင့်ကို မမြင်နိုင်ပေ။ သေချာသည်မှာ ထိုလူ၏ ခွန်အားမှာ အနည်းဆုံး ဝိညာဉ်သန့်စင်ခြင်း ပြည့်စုံခြင်း အဆင့် သို့မဟုတ် ထို့ထက် ပိုမို အစွမ်းထက်နေခြင်းပင်။
တစ်ချိန်တည်းမှာပင် ထန်ယွင်က ထိုအဘိုးအို၏ မျက်နှာမှာ အလွန် ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရပြီး တစ်စုံတစ်ခုကို သတိရသွားကာ ဦးညွှတ်လျက် မေးလိုက်၏။
“ဒါဆိုရင် စီနီယာက အကြီးအကဲထန်ရဲ့ အစ်ကိုများလား ခင်ဗျာ”
ထန်ထိုင်ကျုံးတယ်တွင် ဟောင်ဖူနတ်ဘုရားဂိုဏ်း၏ နတ်ဘုရားဂိုဏ်းခွဲ ဈေးမြို့တော်ရှိ လေလံရုံကို အုပ်ချုပ်နေသော အစ်ကိုတစ်ယောက် ရှိကြောင်း ထန်ယွင် သိထားသည်။
ထို့အပြင် ဤအဘိုးအိုမှာ ထန်ထိုင်ကျုံးတယ်နှင့် အတော်လေး ဆင်တူနေသောကြောင့်ပင်။
အခန်း ၃၅၈ ပြီး
***