“အင်း...”
အသက် ၉၀ ကျော်အရွယ် အဘိုးအိုက ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီး ထန်ယွင်ကို အသိအမှတ်ပြုသော အကြည့်ဖြင့် ကြည့်ကာ -
“ဂိုဏ်းချုပ် ပြောတာ မှန်သားပဲ... ထန်မောင်ရင်က တကယ်ကို ပါရမီထူးတဲ့သူပဲ”
ထန်ထိုင်ကျုံးတယ်မှာ ထန်ထိုင်ကျုံးဝမ်၏ မိသားစုကျွန် ဖြစ်ခဲ့သူ ဖြစ်သည်။ ဤအဘိုးအိုမှာ ထန်ထိုင်ကျုံးတယ်၏ အစ်ကိုကြီး ဖြစ်သဖြင့် သူ၏ ပါးစပ်မှ 'ဂိုဏ်းချုပ်' ဆိုသည်မှာ ဂိုဏ်းချုပ် ထန်ထိုင်ကျုံးတယ်ကို ဆိုလိုခြင်း ဖြစ်သည်။
“စီနီယာ... ဂိုဏ်းချုပ်က ဘာတွေများ မှာကြားလိုက်လို့ စီနီယာကိုယ်တိုင် ကြွလာရတာလဲဆိုတာ သိပါရစေ ခင်ဗျာ”
ထန်ယွင်က ရိုသေစွာ လက်သီးဆုပ်၍ မေးလိုက်၏။
ထန်ထိုင်ကျုံးခွန်းက ထန်ယွင်၏ မိဘများနှင့် အဘိုးကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
“ငါ့ကိုယ်ငါ မိတ်ဆက်ပါရစေ၊ ငါက ထန်ထိုင်ကျုံးခွန်းပါ... ဂိုဏ်းချုပ်က ငါ့ကို ထန်မိသားစုမှာ နေထိုင်ပြီး ထန်မိသားစုရဲ့ ဘေးကင်းလုံခြုံရေးကို စောင့်ရှောက်ဖို့ အမိန့်ပေးလိုက်လို့ပါ... ငါ ဒီအိမ်မှာ နေဖို့ အခန်းတစ်ခန်းလောက် ပေးနိုင်မလားတော့ မသိဘူးနော်”
ထန်ယွင်မှာ အတိုင်းမသိ ဝမ်းသာသွားရသည်။ ဂိုဏ်းချုပ် ထန်ထိုင်ကျုံးတယ်က ထန်မိသားစုကို ကာကွယ်ရန် လူလွှတ်လိုက်သည်ပေါ့။ ဂိုဏ်းချုပ်အနေဖြင့် သူ့တွင် ဟောင်ဖူနတ်ဘုရားဂိုဏ်းအတွင်း ရန်သူများစွာ ရှိနေသည်ကို သိနေ၍များလား။
ထို့အပြင် ဤမျှလောက် အစွမ်းထက်သည့် ပုဂ္ဂိုလ်မျိုးကိုပါ ထန်အိမ်တော်မှာ အခြေချခိုင်းလိုက်သည်လေ။
စဉ်းစားစရာပင် မလိုပေ။ နတ်ဘုရားဂိုဏ်းခွဲ၏ ဈေးမြို့တော်ရှိ လေလံရုံကို အုပ်ချုပ်နိုင်သော ထန်ထိုင်ကျုံးခွန်းသည် ဂိုဏ်းချုပ်၏ ယုံကြည်ရဆုံးသူ ဖြစ်ရမည်ဟု ထန်ယွင် သိလိုက်သည်။
သူက ဂိုဏ်းချုပ်ကို ဗျူဟာများ အကြံပြုပြီးနောက် ဂိုဏ်းချုပ်က သူ့အပေါ် ပို၍ပင် မျက်နှာသာပေးလာပုံရသည်။
ဤသို့ တွေးမိသည်နှင့် ထန်ယွင်ကလည်း ဝမ်းမြောက်ဝမ်းသာပင် လက်ခံလိုက်တော့သည်။
ထန်ထိုင်ကျုံးခွန်းမှာ အလွန် အစွမ်းထက်လှသဖြင့် ထန်ယွင်၏ မိဘများနှင့် အဘိုး၏ အမြင်တွင်မူ သူသည် နတ်ဘုရားတစ်ပါးအလားပင်။ ထို့ကြောင့် သူတို့မှာ အမူအရာများပင် စောင့်ထိန်းနေကြရရှာသည်။
၎င်းနောက် ထန်ထိုင်ကျုံးခွန်းက ထန်ယွင်၏ မိဘများ၊ အဘိုးတို့နှင့် စကားပြောဆိုကာ သူ့ရှေ့တွင် အားနာနေစရာ မလိုကြောင်း နှစ်သိမ့်ပေးခဲ့သည်။
ထို့ပြင် ထန်ယွင်ကိုလည်း ဟောင်ဖူနတ်ဘုရားဂိုဏ်းတွင် စိတ်အေးချမ်းစွာ ကျင့်ကြံရန်နှင့် ထန်မိသားစုကို သူကိုယ်တိုင် တာဝန်ယူ စောင့်ရှောက်သွားမည်ဖြစ်ရာ မည်သူမျှ လာရောက် စော်ကားရဲမည် မဟုတ်ကြောင်း ပြောကြားခဲ့၏။
ထန်ယွင်မှာ စိုးရိမ်စရာ မရှိတော့ဘဲ သေဆုံးသွားသူမှာ ဘယ်သူလဲဆိုသည်ကို စစ်ဆေးရန် ပြင်လိုက်စဉ်မှာပင် ထန်ထိုင်ကျုံးခွန်းက သတ်ဖြတ်လိုစိတ်များဖြင့် -
“ထန်မောင်ရင် ကြည့်နေစရာ မလိုပါဘူး... သူက သားရဲဝိညာဉ် အကြီးအကဲရဲ့ ယုံကြည်ရသူ တစ်ယောက်ဖြစ်ပြီး သားရဲဝိညာဉ်အဖွဲ့ရဲ့ ဒုတိယအဆင့် အုပ်ချုပ်သူ ကျန်းရှန်း ဆိုတဲ့သူပဲ”
“ကျန်းရှန်း သားရဲဝိညာဉ် အကြီးအကဲ...” ထန်ယွင်က လှောင်ပြုံး ပြုံးလိုက်ပြီး -
“ကျွန်တော် နားလည်ပါပြီ... ကျွန်တော် သားရဲဝိညာဉ် အကြီးအကဲရဲ့သား ဝူဖေးရှုန်းကို ဖျက်ဆီးခဲ့လို့ ဒီအဘိုးကြီးက ကျွန်တော့် မိသားစုတစ်ခုလုံးကို သတ်ဖို့ လူလွှတ်လိုက်တာပဲ”
ဒေါသများက ထန်ယွင်၏ ရင်ထဲ ပျံ့နှံ့လာတော့သည်။
‘သားရဲဝိညာဉ် အကြီးအကဲ... ဒီအဘိုးကြီးကိုလည်း တစ်နေ့ကျရင် ငါ သေချာပေါက် သတ်ရမယ်’
ထန်ထိုင်ကျုံးခွန်းက အဓိပ္ပာယ်ပါပါဖြင့် -
“ထန်မောင်ရင်... ဂိုဏ်းချုပ်က မောင်ရင့်အပေါ် မျှော်လင့်ချက် အများကြီး ထားထားတယ်... ပြီးတော့ မောင်ရင့်မှာ အတွင်းစည်းထဲမှာ ရန်သူတွေ အများကြီး ရှိနေတာကိုလည်း သူ သိထားတယ်... အဲ့ဒါကြောင့် ငါ့ကို ထန်အိမ်တော်မှာ လာနေခိုင်းတာပဲ... ဒါမှ မောင်ရင်က ဂိုဏ်းထဲမှာ စိတ်အေးလက်အေး ကျင့်ကြံနိုင်ပြီး နောင်တစ်ချိန်မှာ ဂိုဏ်းအတွက် အကျိုးပြုနိုင်မှာပေါ့... ဂိုဏ်းချုပ်ရဲ့ မျှော်လင့်ချက်တွေကို အပျက်မခံပါနဲ့...”
“ကျွန်တော်မျိုး နားလည်ပါပြီ ခင်ဗျာ”
ထန်ယွင်က ရိုသေစွာ ပြန်ပြောလိုက်သည်။ သူ ဂိုဏ်းကို ပြန်ရောက်လျှင် အကြီးအကဲထန် ဆီမှ မီးစေ့များ သွားယူရဦးမည်ကို သတိရသဖြင့် -
“စီနီယာ... အကြီးအကဲက အခု နတ်ဘုရားဂိုဏ်းခွဲရဲ့ ဈေးမြို့တော်ကို သွားနေပြီလားဆိုတာ သိပါရစေ ခင်ဗျာ”
“သွားပြီလေ”
ထန်ထိုင်ကျုံးခွန်းက -
“ဂိုဏ်းချုပ်က ငါ့ကို ဒီကို လွှတ်လိုက်တော့ ငါ့ညီက ငါ့နေရာမှာ သွားပြီး တာဝန်ယူလိုက်ပြီလေ”
ထန်ယွင်က ထိုအချက်ကို မှတ်သားထားလိုက်သည်။ ဒါက ပိုတောင် အဆင်ပြေသေးသည်။ သူသည် အကြီးအကဲထန်နှင့် ပို၍ ရင်းနှီးသူ ဖြစ်သည်။ အကြီးအကဲထန်က ဈေးမြို့တော် လေလံရုံကို အုပ်ချုပ်နေမှတော့ အာဏာ ပိုရှိလာမည်ဖြစ်ရာ သူ့အတွက် လိုအပ်သည့် အရင်းအမြစ်များနှင့် မီးစေ့များကို ပိုပြီး ထောက်ပံ့ပေးနိုင်မည် မဟုတ်ပါလော။
၎င်းနောက် ထန်ယွင်သည် မိဘများနှင့် အဘိုးကို နှုတ်ဆက်ကာ မုမုန့်ဂျီ၊ ကျုံးဝူစစ်ယောင်တို့ နှင့်အတူ ရွှေနဂါးနတ်ဘုရားခြင်္သေ့ပေါ်သို့ တက်လိုက်သည်။
ရွှေနဂါးနတ်ဘုရားခြင်္သေ့က လူ ၃ဦးကို တင်ဆောင်ကာ လေထဲသို့ ပျံတက်သွားပြီး ရွှေရောင် လျှပ်စီးတစ်ခုအလား ကြယ်တာရာများ စုံလင်လှသည့် ညကောင်းကင်ယံထဲသို့ ပျောက်ကွယ်သွားတော့လေသတည်း...။
ထန်ယွင်တို့ ၃ ဦး ထွက်သွားပြီးနောက် ထန်ထိုင်ကျုံးခွန်းသည် ထန်အိမ်တော်တွင် အခြေချ နေထိုင်ခဲ့သည်။
သူက ထန်ချန်ချွမ်းနှင့် ထန်ယွင်၏ မိဘများရှေ့တွင် အစွမ်းထက်သူတစ်ဦး၏ အရှိန်အဝါမျိုး လုံးဝ မပြဘဲ သာမန် အဘိုးအိုတစ်ဦးအလားသာ နေထိုင်ခဲ့သည်။ တစ်နေကုန် ထန်အိမ်တော်တွင် ငှက်ကလေးများကို အစာကျွေးရင်း အေးအေးဆေးဆေး နေထိုင်နေတတ်သည်။
ထန်အိမ်တော်တွင် အစွမ်းထက်သူတစ်ဦး ရောက်နေသည်ဟူသော သတင်းကြောင့် ဝမ်ယွဲ့မြို့ရှိ လူတိုင်း အံ့ဩတုန်လှုပ်နေကြတော့၏...။
၂ ရက်အကြာတွင် ထန်ယွင်တို့ ၃ဦးမှာ ကောင်းကင်ပြစ်ဒဏ် တောင်တန်းထဲသို့ ပျံသန်း ဝင်ရောက်လာခဲ့ကြသည်။
နောက်ထပ် ၃ရက်အကြာ ဟောင်ဖူနတ်ဘုရားဂိုဏ်းနှင့် မိုင်သောင်းနှင့်ချီ ဝေးကွာသော နေရာသို့ ရောက်ရှိလာသည့်အခါ သူတို့က ကျုံးဝူစစ်ယောင်၏ ဝိညာဉ်လှေကို ပြောင်း၍ စီးနင်းကြပြီး ရွှေနဂါးနတ်ဘုရားခြင်္သေ့ကို ပြန်သိမ်းကာ တောင်တံခါးဆီသို့ ဦးတည်လိုက်ကြ၏။
နာရီအနည်းငယ် ကြာပြီးနောက် ဝိညာဉ်လှေကို ဟောင်ဖူနတ်ဘုရားဂိုဏ်း၏ တောင်တံခါးရှေ့သို့ ဆင်းသက်လိုက်သည်။ ထို့နောက် အတွင်းစည်း တပည့် အမှတ်အသားများကို ထုတ်ပြလိုက်ရာ တံခါးစောင့် အပြင်စည်း အကြီးအကဲက လျှို့ဝှက်နယ်မြေ တံခါးကို ဖွင့်ပေးလိုက်တော့သည်။
အပြင်စည်းကို ဖြတ်ကျော်ကာ အတွင်းစည်းထဲသို့ ဝင်ရောက်လာခဲ့ကြပြီး ကျုံးဝူစစ်ယောင်က ထန်ယွင်ကို မပြတ်သားနိုင်သော စိတ်ဖြင့် နှုတ်ဆက်ခဲ့သည်။ ယခုအခါ အတွင်းစည်း တောင်စဉ် ၉ ခု ပြိုင်ပွဲအတွက် ၁၆ ရက်သာ လိုတော့သဖြင့် သူမသည်လည်း သူမ၏ အဖွဲ့သို့ ပြန်ရန် အချိန်တန်ပြီ ဖြစ်သည်။
ကျုံးဝူစစ်ယောင် ဝိညာဉ်လှေဖြင့် ထွက်သွားပြီးနောက် ထန်ယွင်က ဓားပျံကို ထုတ်ကာ မုမုန့်ဂျီ နှင့်အတူ ဆေးအဖွဲ့၏ တောင်တံခါးဆီသို့ ပျံသန်းသွားခဲ့သည်။
ထန်ယွင်သည် နောက်ပိုင်းတွင် ရှန်စုပင်း၏ ဖခင်အား ဆေးကုပေးရန်အတွက် အချိန်အတော်ကြာ ထွက်သွားရမည် ဖြစ်သဖြင့် မုမုန့်ဂျီကို တပည့်များစွာ ရှိသည့် ဆေးဥယျာဉ် တည်ရှိရာ ချန်လင်းနတ်ဘုရားတောင်တွင် အခြေချပေးရန် ဆုံးဖြတ်လိုက်သည်။ ထိုနေရာတွင် သူမကို စောင့်ရှောက်ပေးမည့်သူများ ရှိနေမည် မဟုတ်ပါလော။
ထန်ယွင် ချန်လင်း နတ်ဘုရားတောင်သို့ ပြန်ရောက်သည့်အခါ တာနျူနှင့် အခြား တပည့်များက ဝိုင်းအုံလာကြပြီး မုမုန့်ဂျီကို 'မမ' ဟု ဝိုင်းဝန်း ခေါ်ဆိုကြတော့သည်။
အများကြီး အခေါ်ခံရပြီးနောက် မုမုန့်ဂျီသည်လည်း တဖြည်းဖြည်း လက်ခံသွားပြီး ထန်ယွင်၏ အဆောင်တွင်ပင် နေထိုင်ခဲ့သည်။
“မုန့်အာ... ငါ ခဏလောက် သွားစရာရှိတယ်၊ ဖြေရှင်းစရာ ကိစ္စလေးတွေ ရှိလို့ပါ... မင်း ဒီမှာပဲ အေးအေးဆေးဆေး အနားယူရင်း ငါပြန်လာမှာကို စောင့်နေပါနော်”
ထန်ယွင်က မုမုန့်ဂျီ၏ နဖူးလေးကို နမ်းကာ တိုးတိုးလေး ပြောလိုက်၏။
မုမုန့်ဂျီက ဘာမှ ထပ်မမေးဘဲ ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီး -
“ကျွန်မ ဒီအချိန်အတွင်းမှာ ကျင့်ကြံနေပါ့မယ်... ရှင့်ရဲ့ ကိစ္စတွေကို လုပ်တဲ့အခါ ဘေးကင်းအောင် ဂရုစိုက်ပါဦးနော်... ကျွန်မ ရှင်ပြန်လာမှာကို စောင့်နေပါ့မယ်”
“ကောင်းပါပြီ”
ထန်ယွင်က ခပ်ပြုံးပြုံးဖြင့် အဆောင်ထဲမှ ထွက်လာခဲ့သည်။
တာနျူက ကြိုဆိုလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် -
“စီနီယာအစ်ကို ထန်... ကျွန်တော့်မှာ အစ်ကို့အတွက် သတင်းကောင်း တစ်ခု ရှိတယ်”
“ဘာကိစ္စလဲ”
ထန်ယွင် ဇဝေဇဝါ ဖြစ်သွားသည်။
“စီနီယာအစ်ကို မသိသေးဘူးပဲ... လွန်ခဲ့တဲ့ ၇ လခွဲလောက်က၊ ကျွန်တော်တို့ ဂိုဏ်းကနေ ထွက်သွားပြီး ၅ရက်၊ ၆ ရက်လောက်မှာတင် အကြီးအကဲ ၁၂ လုဝူရဲ့ အသက်ဓာတ် အလင်းတိုင် ငြိမ်းသွားပြီဗျ”
တာနျူက ပြုံးလျက် ဆက်ပြောလိုက်၏။
“ဒီအဘိုးကြီး သေသွားတာ တကယ်ကို ကောင်းတာပဲ”
ထန်ယွင်က လုဝူကို ဖျက်ဆီးပြီးနောက် ဆေးအဖွဲ့ အပြင်ဘက်ရှိ ဂူတစ်ခုထဲတွင် ပစ်ထားခဲ့ခြင်း ဖြစ်သည်။ လုဝူ သေဆုံးသွားသည့် သတင်းကို ကြားရသည့်အခါ ထန်ယွင်က အံ့ဩခြင်း မရှိပေ။
သို့သော် သူက အံ့ဩသွားသည့်ဟန် ဆောင်လိုက်ပြီး -
“လုဝူ သေသွားပြီ ဟုတ်လား... လူသတ်သမားကိုရော ရှာတွေ့ပြီလား”
“မတွေ့ပါဘူး... ကျွန်တော်တို့ ထာဝရနတ်ဘုရားဂိုဏ်းက ပြန်ရောက်လာပြီးနောက် ကြားတာတော့ လုဝူရဲ့ အဖေဖြစ်တဲ့ နတ်ဘုရားဂိုဏ်းခွဲ ဆေးအဖွဲ့ရဲ့ အကြီးအကဲ ၄က ၆ လလောက် လိုက်ရှာခဲ့ပေမဲ့ လုဝူရဲ့ အလောင်းကိုတောင် ရှာမတွေ့ခဲ့ဘူးတဲ့”
“အေးလေ... ထားလိုက်ပါတော့... သူက သေထိုက်လို့ သေတာပါ”
ထန်ယွင်က အေးအေးဆေးဆေး ပြောလိုက်၏။
“အော်... ဒါနဲ့ စီနီယာအစ်ကိုထန်... ကျွန်တော် ပြောစရာ တစ်ခု ကျန်သေးတယ်”
တာနျူက စိုးရိမ်တကြီးဖြင့် -
“စီနီယာ အရင်က သားရဲဝိညာဉ်အဖွဲ့မှာ အကြီးအကဲရဲ့ တစ်ဦးတည်းသော သားကို ဖျက်ဆီးခဲ့တဲ့ ကိစ္စက အတွင်းစည်းထဲမှာ တစ်ခါတည်း ပျံ့နှံ့သွားခဲ့ပြီဗျ”
“လွန်ခဲ့တဲ့ ၁၀ ရက်လောက်က သားရဲဝိညာဉ် အကြီးအကဲက ကျွန်တော်တို့ ခေါင်းဆောင်ဆီကို သတ်ဖြတ်လိုစိတ်တွေနဲ့ ရောက်လာပြီး အစ်ကို့ကို သတ်ဖို့ တောင်းဆိုခဲ့တယ်... ဒါပေမဲ့ ကျွန်တော်တို့ ခေါင်းဆောင်က အဲ့ဒီအဘိုးကြီးကို ချက်ချင်း နှင်ထုတ်ပစ်လိုက်တယ်တဲ့”
“ခေါင်းဆောင်က အစ်ကို့ကို လေးစားတယ်ဆိုပေမဲ့ အမြင်စောင်းသွားမှာကိုတော့ စိုးရိမ်ရတယ်ဗျ... ပြီးတော့ သားရဲဝိညာဉ် အကြီးအကဲက အစ်ကို့အပေါ် ကလဲ့စားချေမှာကိုလည်း သတိထားပါဦး”
ထိုစကားကို ကြားရသည့်အခါ ထန်ယွင်က တာနျူ၏ ပုခုံးကို ပုတ်ကာ -
“စိတ်မပူပါနဲ့... ငါ ဂရုစိုက်ပါ့မယ်”
“တာနျူ... ဆေးဥယျာဉ်ထဲက ညီအစ်ကိုတွေ အကုန်လုံးကို ပြောထားလိုက်ဦး... မုန့်အာ ဒီမှာ ရှိနေတဲ့ သတင်းကို ဘယ်သူ့ကိုမှ မပြောမိကြစေနဲ့”
တာနျူက ခေါင်းညိတ်လိုက်ပြီး ဆေးဥယျာဉ်ရှိ တပည့်အားလုံးကို နှုတ်ပိတ်ထားရန် ညွှန်ကြားလိုက်တော့သည်။
မုမုန့်ဂျီကို နေရာချပေးပြီးနောက် ထန်ယွင်က ဓားပျံကို စီးနင်းကာ ပင်းချင်းနတ်ဘုရားတောင်ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားတော့သည်။
နာရီအနည်းငယ် ကြာပြီးနောက် နေဝင်ချိန်သို့ ရောက်ရှိလာခဲ့သည်။
ပင်းချင်းနတ်ဘုရားတောင်။
ရွှေရောင် ပန်းပုံစံ ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည့် ရှန်စုပင်းသည် တောင်ထိပ်ပေါ်တွင် သွယ်လျလှပစွာ ရပ်နေပြီး ကောင်းကင်ယံကို မျှော်လင့်တကြီးဖြင့် ကြည့်နေမိသည်။
“တကယ်ပါပဲ... အားလုံး ပြန်ရောက်နေတာတောင် ဆရာက ဘာလို့ အခုထိ ရောက်မလာသေးတာလဲ”
လေညှင်းတစ်ချက် တိုက်ခတ်သွားရာ သူမ၏ ဝတ်စုံစများမှာ ဝဲလွင့်သွားပြီး ဝတ်စုံသည် သူမ၏ ကိုယ်လုံးလေးကို ကပ်နေတော့သည်။
သူမက အင်မတန် လှပသော်လည်း တစ်ခုတည်းသော အားနည်းချက်မှာ အနည်းငယ် ပိန်လွန်းနေခြင်းပင်။ သို့သော် ယင်းမှာ သူမ၏ လှပမှုကို မထိခိုက်စေဘဲ လူတိုင်းက သူမအား ကာကွယ်ပေးလိုသည့် စိတ်ဆန္ဒများ ဖြစ်ပေါ်လာစေတော့လေသတည်း...။
အခန်း ၃၅၉ ပြီး
***