ရှန်စုပင်းက သူမ၏ ဆရာဖြစ်သူ အမြန်ရောက်လာပြီး သူမနှင့်အတူ အိမ်သို့လိုက်ကာ ဖခင်ဖြစ်သူကို ဆေးကုသပေးရန် မျှော်လင့်တကြီး စောင့်စားနေခဲ့သည်။
ရုတ်တရက် သူမ၏ လှပသော မျက်လုံးများတွင် ဖုံးကွယ်မရနိုင်သော ဝမ်းသာမှုများ ပေါ်လာတော့သည်။ ကောင်းကင်ယံတွင် လိပ်ပြာသက်ပြင်း အေးစိမ့်ခြုံလွှာကို ဝတ်ဆင်ထားသည့် ထန်ယွင်သည် ရွှေနဂါးနတ်ဘုရားခြင်္သေ့ကို စီးနင်းကာ ဆင်းသက်လာခြင်းကို မြင်လိုက်ရသောကြောင့်ပင်။
“ဆရာ... ဘာလို့ အခုမှ ရောက်လာတာလဲလို့”
ရှန်စုပင်းက သူမရှေ့တွင် ပေါ်လာသော ထန်ယွင်ကို နွဲ့ဆိုးဆိုး အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ဟန့်... ဟန့်...”
ထန်ယွင်က ချောင်းဟန့်လိုက်ပြီး အဘိုးအိုတစ်ဦး၏ အသံဖြင့် -
“ဆရာ တွက်ချက်ထားတာတော့... မင်းတို့ ပြန်ရောက်တာ မကြာသေးဘူး ထင်လို့ပါ”
“ဟွန့်... အားလုံး ပြန်ရောက်နေကြတာ ၁၀ရက်ကျော်၊ တစ်လနီးပါးတောင် ရှိတော့မယ်”
ရှန်စုပင်းက ရှေ့သို့ တိုးလာပြီး ထန်ယွင်၏ လက်မောင်းကို ချိတ်ကာ ပင်းချင်းနန်းတော်ထဲသို့ ခေါ်ဆောင်သွားရင်း ပြုံးလျက် ပြောလိုက်သည်။
“ဆရာ... ခဏနေရင် ဆရာ့ကို အံ့ဩစရာတစ်ခု ပြမယ်နော်”
“အံ့ဩစရာ ဟုတ်လား”
ထန်ယွင်က သံသယဖြင့် -
“ကောင်းပြီလေ... ငါ့ရဲ့ အဖိုးတန် တပည့်လေးက ဆရာ့အတွက် ဘယ်လို အံ့ဩစရာမျိုးတွေ ယူဆောင်လာမလဲဆိုတာ ကြည့်ရသေးတာပေါ့”
ပင်းချင်းနန်းတော်ထဲသို့ ရောက်သည့်အခါ ရှန်စုပင်းက ထန်ယွင်ကို ကုလားထိုင်ပေါ်တွင် ထိုင်ခိုင်းလိုက်ပြီး ထုံးစံအတိုင်း ထန်ယွင်၏ အနောက်တွင် ရပ်ကာ သူမ၏ နုနယ်လှသော လက်ချောင်းလေးများဖြင့် ထန်ယွင်၏ ပုခုံးကို နှိပ်နယ်ပေးလိုက်သည်။
“ဆရာ... အံ့ဩစရာ မပြခင်မှာ အရင်ဆုံး ဆရာ့ကို ကျေးဇူးတင်ပါရစေဦး”
“အော်... ဘာအတွက် ကျေးဇူးတင်တာလဲ”
ထန်ယွင်က အေးအေးဆေးဆေး မေးလိုက်၏။
“ညဘက်မှာ ကြယ်တွေကို ကြည့်ပြီး အနာဂတ်ကို ကြိုတင် ဟောကိန်းထုတ်နိုင်တဲ့ ဆရာ့ရဲ့ စွမ်းအင်တွေအတွက် ကျေးဇူးတင်တာပါ”
ရှန်စုပင်းက ဝမ်းသာအားရ ပြောလိုက်သည်။
“ဆရာ သိလား... ဆရာ အစက ပြောခဲ့တာ တကယ် မှန်သွားတယ်နော်... ရှေးဟောင်းဂိုဏ်းကြီး ၃ ဂိုဏ်းရဲ့ ဆေးပညာ ပြိုင်ပွဲမှာ ကျွန်မတို့ရဲ့ ဆေးအဖွဲ့က တကယ်ပဲ ချန်ပီယံ ဖြစ်ခဲ့တယ်”
“ဆရာ... တကယ်ကို မယုံနိုင်စရာပဲ... ထန်ယွင်က တကယ်ပဲ သူတော်စင်အဆင့် ဆေးဆရာကြီး ဖြစ်နေတာလေ... သူတစ်ယောက်တည်းရဲ့ ခွန်အားနဲ့ ရှုံးနိမ့်တော့မယ့် အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့တာ”
“အဲ့ဒီအတွက်ကြောင့်လည်း ကျွန်မကို ဂိုဏ်းချုပ်က နတ်ဘုရားဂိုဏ်းခွဲ ဆေးအဖွဲ့ရဲ့ ဂုဏ်ထူးဆောင် အကြီးအကဲအဖြစ် ခန့်အပ်လိုက်တယ်”
ထိုစကားကို ကြားရသည့်အခါ ထန်ယွင်က အံ့ဩသွားသည့်ဟန် ဆောင်လိုက်ပြီးမှ -
“ဟားဟားဟား... ဒါဆိုရင်တော့ ဆရာ မင်းကို ဂုဏ်ပြုရမှာပေါ့... ငါ့တပည့်လေးက တကယ်ကို တော်တာပဲ”
“လာလာလာ...”
ရှန်စုပင်းမှာ ဆော့ကစားတတ်သော မိန်းကလေးတစ်ဦးအလား လျှာလေးထုတ်ကာ စနောက်လိုက်သည်။
“ဒါပေါ့... ဘယ်သူ့တပည့်မို့လို့လဲလို့”
“ဆရာ... ဂိုဏ်းချုပ်က ပြောတယ်... ကျွန်မက အတွင်းစည်း တပည့်တွေကို ဦးဆောင်ပြီး ထာဝရနယ်မြေထဲ သွားရဦးမယ်တဲ့... အဲ့ဒီက ပြန်လာမှ နတ်ဘုရားဂိုဏ်းခွဲမှာ တာဝန်ထမ်းဆောင်ရမှာပါ”
“ဆရာ တကယ်ကို ဝမ်းသာပါတယ်”
ထန်ယွင်၏ ရှေ့တွင် ရှန်စုပင်းမှာ သူမ၏ ပျော်ရွှင်မှုများ၊ ဝမ်းနည်းမှုများကို အဆုံးမရှိ ပြောပြနေမိသည်။
“ဆရာ... ဆေးအဖွဲ့ရဲ့ အကြီးအကဲ ၁၂ လုဝူ သေသွားပြီ... ဒါက ကောင်းကင်ဘုံက သူ့ကို ပြစ်ဒဏ်ပေးလိုက်တာပဲ ဖြစ်ရမယ်... သူက ခံထိုက်လို့ ခံရတာပါ”
“သူ့ကို ဘယ်သူ သတ်လိုက်မှန်းသာ သိရင် ကျွန်မ အဲ့ဒီလူကို တကယ် ကျေးဇူးတင်မိမှာပဲ”
“အရင်က ဆရာကြီးထန်ရဲ့ ရှင်သန်ခြင်း နတ်ဆေးမြက်တွေကို လုဝူ လွှတ်လိုက်တဲ့လူက အဆိပ်ခတ်ခဲ့တာလေ... အဲ့ဒီတုန်းက ကျွန်မသာ သူ့ကို သတ်လိုက်ရင် သူ့အဖေက ကျွန်မကို ပြဿနာရှာမှာ အမှန်ပဲ”
“ဒါပေမဲ့ အခုတော့ မတူတော့ဘူးလေ... ကျွန်မက ဂိုဏ်းချုပ်ကိုယ်တိုင် ခန့်အပ်ထားတဲ့ ဂုဏ်ထူးဆောင် အကြီးအကဲ ဖြစ်နေပြီ... သူ့အဖေက ကျွန်မအပေါ် ဒေါသထွက်ချင်ရင်တောင် သူ မလုပ်ရဲတော့ပါဘူး”
“အဲ့ဒီအပြင် လုဝူက ကျွန်မ ဂိုဏ်းကနေ ထွက်သွားပြီး ၅ ရက်အကြာမှာတင် သေသွားတာလေ”
ရုတ်တရက် ရှန်စုပင်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး -
“အော်... ဆရာ... ဟို ထန်ယွင် ဆိုတဲ့ ကောင်လေးကတော့ ကျွန်မကို တကယ်ပဲ ချစ်ရမလို၊ မုန်းရမလို ဖြစ်အောင် လုပ်နေတာပဲ”
“တပည့်လေး... ဘာဖြစ်လို့လဲ”
ထန်ယွင်က နှာခေါင်း ရှုံ့ကာ မေးလိုက်၏။
“ဆရာ... သူက တကယ့်ကို ပါရမီရှင် တစ်ယောက်ပါ... ကျွန်မလည်း သူ့ကြောင့် အကျိုးကျေးဇူးတွေ အများကြီး ရခဲ့တာ မှန်ပါတယ်... ဒါပေမဲ့ သူက တကယ်ကို ပြဿနာ ရှာတတ်လွန်းတယ်”
“ကြည့်လေ... ထာဝရနတ်ဘုရားဂိုဏ်းက ပြန်လာတာနဲ့ သားရဲဝိညာဉ် အကြီးအကဲရဲ့ တစ်ဦးတည်းသော သားကို ဖျက်ဆီးပစ်လိုက်တယ်လေ”
“ဒီတပည့်လေးက တကယ်ကို ဇွတ်တရွတ်ဆန်လွန်းတယ်... သားရဲဝိညာဉ် အကြီးအကဲက ဘယ်လိုလုပ်ပြီး ဒီအတိုင်း လွှတ်ထားပါ့မလဲ”
ထိုစကားကို နားထောင်ပြီးနောက် ထန်ယွင်က ပြုံးလျက် -
“တပည့်လေး ပြောပုံအရဆိုရင်... မင်းက သူ့ကို စိုးရိမ်နေတာလား”
“သူက ကျွန်မတို့ ဆေးအဖွဲ့ရဲ့ သူရဲကောင်းပဲလေ... အဲ့ဒီတော့ ကျွန်မက စိုးရိမ်ရမှာပေါ့”
ရှန်စုပင်း စကားအဆုံးတွင် ထန်ယွင်၏ ပုခုံးပေါ်မှ လက်ကလေးများကို ခေတ္တမျှ ရပ်တန့်လိုက်ပြီး တစ်စုံတစ်ခုကို ပြောရန် ဝေခွဲမရ ဖြစ်နေပုံရသည်။
“တပည့်လေး... ခုနကတော့ စကားတွေ တရစပ် ပြောနေပြီးတော့ အခုကျမှ ဘာလို့ ရပ်သွားတာလဲ”
ထန်ယွင်က ပြုံးလျက် မေးလိုက်သည်။
ရှန်စုပင်းမှာ ထန်ယွင်၏ ရှေ့သို့ ရောက်လာခဲ့သည်။ သူမထံမှ သင်းပျံ့သော ကိုယ်သင်းနံ့လေး နှင့်အတူ သူမ၏ ရှက်ရွံ့နေသော အမူအရာလေးမှာ အင်မတန် ဆွဲဆောင်မှု ရှိလှပေ၏။
“ဘာဖြစ်လို့လဲ... ပြောစရာရှိရင် ပြောပါ”
ထန်ယွင်က ဆိုလိုက်သည်။
ရှန်စုပင်း၏ ပါးပြင်လေးများမှာ ရှက်သွေးဖြာလာပြီး -
“ဆရာ... ဆရာ့အမြင်မှာ ကျွန်မက ကြည့်ကောင်းရဲ့လားဟင်... ကျွန်မကို မလိမ်ပါနဲ့... အမှန်အတိုင်း ပြောပြပါ”
“ကြည့်ကောင်းတာပေါ့ အတွင်းစည်းရဲ့ အလှပဂေး ၁၃ ယောက်ထဲမှာ ပါနေတဲ့သူက မလှဘဲ နေပါ့မလား”
ထန်ယွင်က အမှန်အတိုင်း ပြန်ပြောလိုက်၏။
ထိုစကားကို ကြားရသည့်အခါ ရှန်စုပင်း၏ ရင်ထဲ တုန်လှုပ်သွားပြီး -
“ဒါဆိုရင် ဆရာ့အမြင်မှာ ကျွန်မ အခု ဘယ်လောက်အရွယ်လောက် ရှိတယ်လို့ ထင်လဲ”
“ကြည့်ရတာ ၂၆ နှစ်၊ ၂၇ နှစ် ဝန်းကျင်ပေါ့”
ထန်ယွင်က သူမကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“ဒါဆိုရင်... ဆရာ... ဆရာက ကျွန်မကို သဘော... အော် မဟုတ်ပါဘူး၊ ဆရာ့အမြင်မှာ ကျွန်မ အခုလို ပုံစံမျိုးကို ပိုသဘောကျလား၊ ဒါမှမဟုတ် ငယ်ငယ်တုန်းက ပုံစံမျိုးကို ပိုသဘောကျလားဟင်”
ရှန်စုပင်း၏ အသံမှာ တဖြည်းဖြည်း တိုးဝင်သွားတော့သည်။
ထန်ယွင်က ရှန်စုပင်း သူ့အပေါ် စိတ်ဝင်စားနေသည်ဟု မထင်ထားသဖြင့် စနောက်လိုက်သည်။
“တပည့်လေးရယ်... ဆရာ့ရှေ့မှာ ဘာလို့ ရှက်နေရတာလဲ”
“မင်းက အခုတော့ အနည်းငယ် ရင့်ကျက်တဲ့ အလှမျိုး ရှိနေတာပေါ့... ဆရာ မင်းရဲ့ ငယ်ငယ်တုန်းက ပုံစံကို မမြင်ဖူးပေမဲ့ အဲ့ဒီတုန်းကဆိုရင် မင်းက ပိုပြီးတော့တောင် အံ့ဩစရာကောင်းလောက်အောင် လှမှာ သေချာပါတယ်”
ထန်ယွင်က အမှန်အတိုင်း ပြောလိုက်ခြင်း ဖြစ်သလို ရှန်စုပင်းက ဤမေးခွန်းကို ဘာကြောင့် မေးသလဲဆိုသည်ကိုလည်း သူ အများကြီး မတွေးမိပေ။
“ပိုပြီး အံ့ဩစရာကောင်းတယ်” ဆိုသည့် စကားကို ကြားရသည့်အခါ ရှန်စုပင်းမှာ ဆုံးဖြတ်ချက် တစ်ခုကို ခိုင်ခိုင်မာမာ ချလိုက်ပုံရသည်။ သူမသည် ထန်ယွင်၏ အနောက်သို့ ပြန်သွားလိုက်ပြီး သူမ၏ လက်ထဲတွင် စိမ်းရောင် ဆေးလုံးတစ်လုံး ပေါ်လာကာ ချက်ချင်းပင် မျိုချလိုက်တော့သည်။
ချက်ချင်းပင် သူမ၏ မျက်နှာ၊ လည်ပင်းနှင့် တစ်ကိုယ်လုံးတွင် တဆစ်ဆစ် နာကျင်မှုများကို ခံစားလိုက်ရသည်။ သို့သော် နာကျင်မှုကို အောင့်ခံကာ ထန်ယွင်၏ ပုခုံးကို လက်နှစ်ဖက်ဖြင့် ဆက်လက် နှိပ်နယ်ပေးနေဆဲပင်။
ခေတ္တမျှ ကြာပြီးနောက် ရှန်စုပင်းက နံရံတွင် ချိတ်ဆွဲထားသည့် မှန်ထဲသို့ လှမ်းကြည့်လိုက်သည်။ မှန်ထဲတွင် နုပျိုလှပသော မိန်းကလေးငယ်တစ်ဦး၏ မျက်နှာကို မြင်လိုက်ရသည့်အခါမှ သူမသည် ထန်ယွင်၏ ကျောပြင်ကို ကြည့်ကာ -
“ဆရာ... မျက်စိ မှိတ်ထားဦးနော်”
“ဘာလို့လဲ”
ထန်ယွင်က မျက်ခုံးပင့်ကာ မေးလိုက်၏။
“ဆရာ... မှိတ်ထားဆို မှိတ်ထားလိုက်ပါ”
ရှန်စုပင်းမှာ ထန်ယွင်၏ ရှေ့တွင်သာ မိန်းကလေးတစ်ဦး၏ နွဲ့ဆိုးဆိုး အမူအရာမျိုးကို ပြသလေ့ရှိခြင်း ဖြစ်သည်။ အပြင်လူများ မြင်နေကျ ရေခဲနတ်သမီး အမူအရာမျိုး မဟုတ်တော့ပေ။
“ကောင်းပြီလေ... ဆရာ မှိတ်ထားပါ့မယ်”
ထန်ယွင်က မျက်စိမှိတ်၍ လိုက်လျောပေးလိုက်သည်။
ရှန်စုပင်းမှာ ရင်တုန်တုန်ဖြင့် ထန်ယွင်၏ ရှေ့သို့ ရောက်လာခဲ့သည်။ သူမ၏ နှုတ်ခမ်းဖူးလေးမှ -
“ဆရာ... ကျွန်မ ဆရာ့ကို အံ့ဩစရာ ပြမယ်... မျက်စိဖွင့်ပြီး ကြည့်လိုက်ပါဦး”
ထန်ယွင် မျက်စိဖွင့်လိုက်သည့် အခိုက်အတန့်မှာပင် သူ မှင်သက်သွားရပြီး ချီးကျူးစကား ဆိုမိတော့သည်။
“တကယ်ကို လှပလွန်းတယ်”
သူ့အမြင်အာရုံထဲတွင် ရှန်စုပင်း၏ အသားအရေ၊ လည်ပင်းနှင့် လက်ကလေးများမှာ အင်မတန် နုနယ်ချောမွတ်နေပြီး အသက် ၁၆ နှစ်၊ ၁၇ နှစ် ဝန်းကျင် အရွယ်အလား ပြန်လည် ပျိုမြစ်သွားခြင်းပင် ဖြစ်၏။
ထန်ယွင် ရုတ်တရက် သတိဝင်လာသည်။ ထာဝရနတ်ဘုရားဂိုဏ်းမှာတုန်းက သူမကို ထိပ်တန်း ကျူယန် ယာဇွန်ဆေးလုံး ပေးတုန်းက သူမ ဘာလို့ မသောက်ခဲ့သလဲဆိုသည်ကို အခုမှ နားလည်သွားတော့သည်။ သူမက သူ့ကို အလှအပ စစ်ဆေးသူ တစ်ဦးအဖြစ် သဘောထားခဲ့ခြင်းပင်။
“ဟီးဟီး... ဆရာ... ကျွန်မ တကယ်ပဲ လှရဲ့လား”
ရှန်စုပင်း၏ ရင်ထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေပြီး ချိုသာစွာ ပြုံးလျက် -
“ဒါပေမဲ့ ဟုတ်ပါတယ်လေ... အခု ကျွန်မက ဒီအရွယ်ကို ပြန်ရောက်သွားပြီဆိုတော့ လောကမှာ အလှဆုံး ဖြစ်နေမှာ သေချာတာပေါ့”
ထန်ယွင်က ပြုံးလျက် -
“မင်း ပျော်နေရင် ပြီးတာပါပဲ”
“ဆရာကလည်း”
ရှန်စုပင်းက မကျေနပ်သလိုဖြင့် နှုတ်ခမ်းလေး စူလိုက်သည်။
“ကောင်းပါပြီ... ငါ့တပည့်လေးက အလှဆုံးပါ... ဟုတ်ပြီလား”
ထန်ယွင်က စနောက်လိုက်၏။
ရှန်စုပင်း နှာခေါင်းလေး ရှုံ့လိုက်ပြီး -
“ဒီလိုမှပေါ့”
အခန်း ၃၆၀ ပြီး
***