ရှန်စုပင်းက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်...
“ဆရာ... ထာဝရနတ်ဘုရားဂိုဏ်းကနေ တပည့်ပြန်ရောက်လာတော့ အကြီးအကဲထန်က မီးစေ့အချို့ ပို့ပေးလိုက်ပါတယ်... အဲ့ဒါတွေ ဆရာ့ကို ပေးပါရစေ”
“ကောင်းပြီ”
ထန်ယွင် ဝမ်းသာသွားသည်။
ရှန်စုပင်း၏ လက်ချောင်းများကြားမှ ချန်ခွန်းလက်စွပ်မှာ လက်ခနဲ ဖြစ်သွားပြီးနောက် တူညီသော နက်မှောင်သည့် မီးလျှံ ၃ ခုမှာ အလင်းကာတစ်ခုအတွင်း၌ ဖြည်းညှင်းစွာ လောင်ကျွမ်းနေ၏။
“ဟုတ်တယ်... ဒါတွေအားလုံးက အဆင့်မြင့် ရေခဲအမျိုးအစား မီးလျှံတွေဖြစ်တဲ့ နက်မှောင်တဲ့ ရေခဲသံမဏိမီးလျှံတွေပဲ”
ထန်ယွင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းကာ ထိုမီးလျှံ ၃ ခုကို ချန်ခွန်းလက်စွပ်ထဲသို့ ထည့်လိုက်သည်။
“ဆရာ... နောက်တစ်လအတွင်းမှာ အကြီးအကဲထန်က အနိမ့်စား ရေခဲအမျိုးအစားနဲ့ မီးအမျိုးအစား မီးစေ့ ၂ မျိုးကိုလည်း ထပ်ပို့ပေးဦးမယ်လို့ ပြောပါတယ်”
“ပြီးတော့ အကြီးအကဲထန်ကို ဂိုဏ်းချုပ်ကြီးက ဟောင်ဖူနတ်ဘုရားဂိုဏ်းချုပ်ရုံးကို ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း ပြောခိုင်းလိုက်ပါတယ်... နောက်ဆိုရင် သူ့ကို ရှာစရာရှိရင် ဂိုဏ်းချုပ်ရုံးကို လာခဲ့ပါတဲ့”
“ငါ မှတ်ထားပါ့မယ်”
ထန်ယွင်၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေပြီး... “ဟုန်မန်ရေခဲမီးလျှံက ဒီနက်မှောင်တဲ့ ရေခဲသံမဏိမီးလျှံတွေကို ဝါးမြိုပြီးသွားရင်တော့ သေချာပေါက် အဆင့်တက်သွားမှာပဲ... အဲ့ဒီအချိန်ကျရင် ရန်သူကို သတ်ဖြတ်ဖို့ နောက်ထပ် ထင်မှတ်မထားတဲ့ နည်းလမ်းတစ်ခု ရလာမှာပေါ့”
ထိုသို့တွေးတောရင်း ထန်ယွင်က ထရပ်လိုက်ကာ ရှန်စုပင်းကို ကြည့်ပြီး... “သွားကြစို့... မင်းရဲ့ နေရပ်ကို ပြန်ပြီး မင်းအဖေရဲ့ အခြေအနေကို ငါ ကြည့်ပေးမယ်”
“ဆရာနဲ့ ကျွန်မက တကယ်ကို စိတ်တူကိုယ်တူပါပဲ”
ရှန်စုပင်းက ပြုံးလိုက်ပြီး ထန်ယွင်၏ လက်မောင်းကို ချိတ်ကာ အပြင်သို့ ထွက်လာခဲ့သည်။
တောင်ထိပ်သို့ ရောက်သောအခါ ရှန်စုပင်းက ပြုံးလျက်... “ဆရာ... တပည့်လည်း ကောင်းကင်ပေါ်မှာ ပျံသန်းရတဲ့ ခံစားချက်ကို သိချင်တယ်... တပည့်ကို ခေါ်ပြီး ပျံပေးပါဦးလား”
ရှန်စုပင်းက သူမ၏ လှပသော လက်ကလေးကို ကမ်းပေးကာ ထန်ယွင် ခေါ်သွားမည်ကို စောင့်နေ၏။ ထန်ယွင်ကမူ သဘောမတူပေ။ အကယ်၍ လေပြင်းတိုက်ခတ်မှုကြောင့် သူတို့၏ ဖုံးကွယ်ထားမှုများ ပေါ်သွားပါက သူ ရွှေနဂါးနတ်ဘုရားခြင်္သေ့ကို စီးနင်းထားသည်ကို သူမ သိသွားနိုင်သောကြောင့်ပင်။
ထန်ယွင်က ရှက်ကိုးရှက်ကန်းဖြင့်... “မင်းမှာ ဝိညာဉ်လှေ ရှိတာပဲ... ငါကတော့ ဝိညာဉ်လှေ စီးရတာကို ပိုသဘောကျတယ်... ပိုပြီး သက်သောင့်သက်သာ ရှိတာပေါ့”
“အော်... ကောင်းပါပြီလေ”
ရှန်စုပင်းက စိတ်ပျက်သွားဟန်ဖြင့် လက်ကို ပြန်ရုပ်လိုက်ပြီး အဆင့်မြင့် ဝိညာဉ်လှေကို ထုတ်ကာ ထန်ယွင်ကို တင်ဆောင်၍ ဆေးအဖွဲ့ တောင်တံခါးမှ ထွက်ခွာခဲ့ပြီး ပြင်ပ ဟောင်ဖူလျှို့ဝှက်နယ်မြေ ဝင်ပေါက်ဆီသို့ ဦးတည်လိုက်သည်။
၂ နာရီအကြာတွင် ဝိညာဉ်လှေမှာ ဟောင်ဖူလျှို့ဝှက်နယ်မြေအတွင်းမှ ထွက်လာပြီး ကောင်းကင်ပြစ်ဒဏ် တောင်တန်း၏ တောင်ဘက် တောင်တန်းများဆီသို့ ပျံသန်းသွားတော့သည်။
“စုပင်း... မင်းရဲ့ နေရပ်က ဘယ်မှာလဲ”
ထန်ယွင်က မေးလိုက်သည်။
ရှန်စုပင်းက ဝမ်းနည်းသော အမူအရာဖြင့်...
“ကုန်းစွန်းယန်ချန်းက ကျွန်မအဖေကို မတရားစွပ်စွဲပြီး ဂိုဏ်းချုပ်က အဖေ့ရဲ့ ကျင့်စဉ်တွေကို ဖျက်ဆီးပစ်လိုက်ပြီးတဲ့နောက်မှာ အဖေနဲ့အမေက ဂိုဏ်းရဲ့ တောင်ဘက် မိုင်ပေါင်း ၃ သန်းအကွာက တောင်တန်းတွေထဲမှာ ဇာတ်မြှပ်ပြီး အခြေချ နေထိုင်ခဲ့ကြတာပါ”
“စိတ်မကောင်းမဖြစ်ပါနဲ့... တစ်နေ့မှာ မင်း ရန်သူကို သတ်နိုင်မှာပါ”
ထန်ယွင်က အားပေးလိုက်သည်။
“ဟုတ်ကဲ့... တပည့် အခိုင်အမာ ယုံကြည်ပါတယ်”
ရှန်စုပင်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မျက်လုံးများက ပြတ်သားနေ၏။
“ဒါနဲ့ စုပင်း... မင်းရဲ့ တကယ့်နာမည်က ဘာလဲ”
“ဆရာ... ရှန်စုပင်း ဆိုတာ တပည့်ရဲ့ တကယ့်နာမည်ပါပဲ... ဟောင်ဖူနတ်ဘုရားဂိုဏ်းထဲမှာ ချင်ဖုန်း၊ ချင်ချိုး၊ ဝမ်တယ်နဲ့ ဆရာ တို့ပဲ တပည့်ရဲ့ မူလအဆင့်အတန်းကို သိတာပါ... တခြားသူတွေ မသိတဲ့အတွက် တကယ့်နာမည်ကို သုံးလည်း ဘာမှမဖြစ်ပါဘူး”
“အော်... ဒီလိုလား...”
ထန်ယွင်က ပြန်ပြောလိုက်သည်။
မိုင် ၃ သန်း အကွာအဝေးကို အဆင့်မြင့် ဝိညာဉ်လှေဖြင့် သွားရာ ၁ ရက်ခွဲအကြာတွင် ရောက်ရှိသွားသည်။ ဝိညာဉ်လှေက သာမန်တောင်ထိပ်တစ်ခု၏ အလယ်သို့ ဆင်းသက်လိုက်၏။
ရှန်စုပင်းက သူမ၏ ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုက်ပြီး ပတ်ဝန်းကျင်မှာ လူမရှိကြောင်း သေချာမှ ကျောက်တုံးကြီးတစ်ခုထဲသို့ ဝိညာဉ်စွမ်းအားတစ်ခု ပစ်သွင်းလိုက်သည်။ ချက်ချင်းပင် ထိုကျောက်တုံးမှာ ရေလှိုင်းများအလား ဖြစ်သွားပြီး ကျောက်တံတိုင်းပေါ်တွင် တောက်ပသော အလင်းကာတစ်ခု ပေါ်လာတော့သည်။
ထိုအခြင်းအရာကို ကြည့်ခြင်းဖြင့် ရှန်စုပင်း၏ နေရပ်မှာ လျှို့ဝှက်နယ်မြေလေးတစ်ခု အတွင်း၌ ရှိနေပြီး ကျောက်တုံးကြီးမှာ ဝင်ပေါက်ဖြစ်ကြောင်း ထန်ယွင် သိလိုက်သည်။
“ဆရာ... ဝင်ရအောင်”
ရှန်စုပင်းက ပြုံးလျက် ထန်ယွင်၏ လက်ကို ဆွဲကာ ကျောက်တုံးထဲသို့ ဝင်လိုက်ရာ နှစ်ယောက်လုံး ပျောက်ကွယ်သွားတော့သည်။
ထန်ယွင် လျှို့ဝှက်နယ်မြေထဲသို့ ရောက်သည့်အခါ မွှေးပျံ့သော ရနံ့များက နှာခေါင်းထဲသို့ တိုးဝင်လာပြီး ၁၀ မိုင် ပတ်လည်ခန့် ရှိသော မက်မွန်ခြံကြီးကို တွေ့လိုက်ရသည်။
မက်မွန်တော၏ အနက်ရှိုင်းဆုံးနေရာတွင် ဝိညာဉ်စွမ်းအားများ ဝန်းရံနေသည့် အဆောင်ပေါင်း ရာနဲ့ချီ ရှိနေ၏။ ရှေးဟောင်းအဆောင်များ၏ ပတ်ပတ်လည်တွင် တံတားလေးများ၊ မိုးမခပင်များနှင့် ကြည်လင်သော စမ်းချောင်းလေးများ ရှိနေပြီး ကောင်းကင်တွင်လည်း ကျေးငှက်များ ပျံသန်းနေကြရာ နတ်ဘုံနတ်နန်းလေးအလား ထင်မှတ်ရပေသည်။
“လောကကြီးနဲ့ အဆက်အသွယ်ဖြတ်ထားတဲ့ နေရာကောင်းလေးပဲ”
ထန်ယွင်က စိတ်ရင်းအမှန်ဖြင့် ချီးကျူးလိုက်သည်။ နက်ရှိုင်းသော အာဃာတများသာ မရှိပါက ဤကဲ့သို့သော လျှို့ဝှက်နယ်မြေလေးထဲတွင် အေးချမ်းစွာ နေထိုင်ရခြင်းမှာ အလွန်လှပသော အရာပင်။
“ဆရာ... အဲ့ဒါ ကျွန်မရဲ့ အိမ်ပါပဲ”
ရှန်စုပင်းက မက်မွန်ခြံ အနက်ပိုင်းမှ အဆောင်တစ်ခုကို ညွှန်ပြလိုက်ပြီး... “ကျွန်မအမေက မက်မွန်ပန်းတွေကို အရမ်းသဘောကျတာ... အမေဆုံးသွားပြီးတဲ့နောက်မှာ အဖေက နာကျင်မှုတွေကို အောင့်အည်းပြီး ဒီမက်မွန်ခြံကို ကိုယ်တိုင် စိုက်ခဲ့တာပါ... အဲ့ဒီနောက်မှာ အဖေ့ကျန်းမာရေးက ဆိုးရွားလာပြီး လွန်ခဲ့တဲ့ နှစ် ၂၀ ကစလို့ အိပ်ရာထဲက မထနိုင်တော့တာပါပဲ”
ရှန်စုပင်း ပြောရင်း မျက်ရည်များ ဝဲလာသည်။ သူမသည် ကုန်းစွန်းယန်ချန်းကို အလွန်မုန်းတီးမိ၏။ သူသာ မရှိခဲ့ပါက သူမ၏ မိသားစုမှာ ပျော်ရွှင်နေဦးမည် ဖြစ်သော်လည်း ယခုမူ အားလုံး ပျက်စီးသွားခဲ့ရလေပြီ။
ထန်ယွင်က ရှန်စုပင်း၏ ပုခုံးကို ပုတ်ကာ... “မင်းအဖေ ပြန်ကျန်းမာလာတာဟာ ကောင်းကင်ဘုံက မင်းအမေရဲ့ ဝိညာဉ်အတွက် အကြီးမားဆုံးသော နှစ်သိမ့်မှု ဖြစ်မှာပါ”
“ဟုတ်ကဲ့”
ရှန်စုပင်းက မျက်ရည်များကို သုတ်လိုက်ပြီး မက်မွန်ခြံကို ဖြတ်ကျော်ရန် ပြင်လိုက်စဉ်မှာပင် စမ်းချောင်းလေးနားတွင် အဝတ်လျှော်နေသော အစေခံမလေးတစ်ဦးက ရှန်စုပင်းကို မြင်သွားပြီး ငိုယိုကာ ပြေးလာတော့သည်။
“သခင်မလေး... အီးဟီး... သခင်မလေး ပြန်လာပြီပဲ... သခင်ကြီးကို သွားကြည့်ပါဦး”
ရှန်စုပင်း၏ ကိုယ်လေး တုန်ယင်သွားပြီး မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရကာ... “ရှောင်ယု... ငါ့အဖေ ဘာဖြစ်လို့လဲ”
“အီးဟီး... သခင်မလေး... သခင်ကြီး... သခင်ကြီး ဆုံးတော့မယ်”
ထိုစကားမှာ ရှန်စုပင်းအတွက် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရပြီး တံတားတစ်ဖက်က အဆောင်ဆီသို့ အပြင်းအထန် ပြေးသွားတော့သည်။
ထန်ယွင်က မျက်မှောင်ကြုတ်ကာ ရှန်စုပင်း၏ အနောက်မှ ကပ်လိုက်သွားသည်။ မကြာမီ အဆောင်ပေါင်း ရာနှင့်ချီ အတွင်းမှ လူများ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြ၏။
ရှန်စုပင်း၏ ဖခင် ရှန်ထျန်းစစ်သည် မူလက ရှန်မိသားစု၏ မျိုးနွယ်စုခေါင်းဆောင် ဖြစ်ခဲ့သည်။ လွန်ခဲ့သော နှစ် ၃၀ ကျော်က ကျင့်စဉ်များ ဖျက်ဆီးခံရပြီးနောက် ကုန်းစွန်းယန်ချန်းက မိသားစုကိုပါ အမြစ်ပြတ် သတ်ဖြတ်မည်ကို စိုးရိမ်သဖြင့် မျိုးနွယ်စုဝင် ရာနှင့်ချီကို ခေါ်ဆောင်ကာ ဤလျှို့ဝှက်နယ်မြေလေးထဲတွင် လောကကြီးနှင့် အဆက်ဖြတ် နေထိုင်ခဲ့ခြင်း ဖြစ်သည်။
သခင်မလေး ပြန်ရောက်လာသည်ဟု ကြားသောအခါ လူပေါင်း ရာနှင့်ချီမှာ အဆောင်အပြင်ဘက်တွင် စုရုံးရောက်ရှိလာပြီး တိုးတိုးလေး ငိုကြွေးနေကြ၏။ သူတို့၏ ခေါင်းဆောင်မှာ မီးစာကုန် ဆီခန်းဖြစ်နေပြီမှန်း သူတို့ သိထားကြသည်။
အဆောင်၏ ဒုတိယထပ်တွင်မူ...
တစ်ချိန်က ဟောင်ဖူနတ်ဘုရားဂိုဏ်း၏ အကြီးအကဲဖြစ်ခဲ့သော ရှန်ထျန်းစစ်မှာ ယခုအခါ အလွန်အိုမင်းရင့်ရော်နေပြီ ဖြစ်သည်။ လွန်ခဲ့သော နှစ် ၃၀ ကပင် သူ့သက်တမ်းမှာ နှစ် ၁၀၀၀ ကျော်သို့ ရောက်နေပြီဖြစ်ရာ ကျင့်စဉ်များ ဖျက်ဆီးခံရပြီးနောက်တွင် ဆေးလုံးများဖြင့်သာ အသက်ဆက်နေခဲ့ရခြင်း ဖြစ်သည်။ မဟုတ်ပါက လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက သေဆုံးသွားခဲ့မည် ဖြစ်၏။
ယခုအခါ ရှန်ထျန်းစစ်က ကုတင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေပြီး အသက်ရှူသံမှာလည်း အလွန်တိုးညှင်းနေလေပြီ။
“အဖေ... ထပါဦး... သမီး ပြန်လာပြီလေ... သမီး ပြန်လာပြီ... အီးဟီး”
ရှန်စုပင်းက ကုတင်ဘေးတွင် ဝမ်းနည်းပက်လက် ငိုကြွေးနေသော်လည်း ရှန်ထျန်းစစ်ကမူ တုပ်တုပ်မျှ မလှုပ်ပေ။
“စုပင်း... ငါ့ကို ကြည့်ခွင့်ပေးပါဦး”
ထန်ယွင်က ရှန်စုပင်း၏ ဘေးသို့ လာကာ တိုးတိုးလေး ပြောလိုက်သည်။
ရှန်စုပင်းက ထန်ယွင်ကို မော့ကြည့်ကာ... “ဆရာ... ကျွန်မအဖေကို ကယ်ပေးပါဦး... တောင်းပန်ပါတယ်”
အခန်း ၃၆၁ ပြီး