“ဆရာ အစွမ်းကုန် ကြိုးစားပေးပါ့မယ်”
ပြောပြီးနောက် ထန်ယွင်က သူ့ဝိညာဉ်အာရုံကို ရှန်ထျန်းစစ် ခန္ဓာကိုယ်ထဲသို့ သာသာယာယာ စီးဝင်စေလိုက်သည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည် နှင့်အမျှ ထန်ယွင်မှာ ပို၍ မျက်မှောင်ကြုတ်လာပြီး အခြေအနေမှာ အတော်လေး ခက်ခဲဟန် ရှိသည်။
ခေတ္တအကြာတွင် ထန်ယွင်က သူ့ဝိညာဉ်အာရုံကို ပြန်ရုပ်သိမ်းလိုက်ပြီး မျက်လုံးကို ဖွင့်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် အားမလိုအားမရ ဖြစ်နေသော အမူအရာ နှင့်အတူ...
“စုပင်း... စိတ်မကောင်းပါဘူး... ဆရာလည်း မင်းအဖေကို မကယ်နိုင်တော့ဘူး”
“မင်းအဖေက အိုမင်းလွန်းနေပြီ... ဆရာ အမှားမရှိဘူးဆိုရင် သူဟာ ဒီနှစ်တွေ တစ်လျှောက်လုံး ဆေးလုံးတွေနဲ့ပဲ အသက်ဆက်လာခဲ့တာ ဖြစ်ရမယ်”
ထန်ယွင်က အမှန်အတိုင်း ဆက်ပြောလိုက်သည်။
“အခု မင်းအဖေရဲ့ အသက်စွမ်းအားတွေက ကုန်ခမ်းနေပြီ... သူ့ရဲ့ လက်ရှိ ခန္ဓာကိုယ် အခြေအနေက ဘယ်လို ဆေးစွမ်းကိုမှ ခံနိုင်ရည် မရှိတော့ဘူး... အင်း... စိတ်မကောင်းပေမဲ့ မင်း အဆိုးဆုံးအတွက် ပြင်ဆင်ထားသင့်ပြီ”
ထိုစကားကို ကြားရသည့်အခါ ရှန်စုပင်း၏ ကိုယ်လေး တုန်ယင်သွားပြီး အမှန်တရားကို လက်မခံနိုင်ဘဲ ထန်ယွင်၏ ရင်ဘတ်ကို အတင်းထုရိုက်ကာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။
“ဆရာ... ဆရာ လိမ်နေတာ မဟုတ်လား... ဆရာ သေချာပေါက် ကယ်နိုင်မှာပါ... ဟုတ်တယ်မလား...”
“အီးဟီး... အဖေ့ကို မသေစေချင်ဘူး... ဆရာ... ကျေးဇူးပြုပြီး အဖေ့ကို ကယ်ပေးပါဦး...”
ရှန်စုပင်းက ထန်ယွင်ကို စိုက်ကြည့်ကာ ငိုကြွေးနေပုံမှာ လောကကြီးတစ်ခုလုံး မျက်ရည်ပင်လယ်ဝေသွားမတတ် ခံစားရပေသည်။
“ဆရာ... ကျွန်မရဲ့ အမေလည်း မရှိတော့ဘူး... ကျွန်မမှာ ရှိတဲ့ တစ်ဦးတည်းသော ဆွေမျိုးက အဖေပဲ ရှိတာပါ...”
ရှန်စုပင်း၏ မျှော်လင့်ချက်မဲ့နေသော အမူအရာကို ကြည့်ကာ ထန်ယွင်လည်း ရင်ထဲတွင် မကောင်းဖြစ်သွားရသည်။ သူက သူမအား ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ပြီး တိုးညှင်းစွာ လိုက်၏။
“ဒီလိုမျိုး မဖြစ်ပါနဲ့... မင်းအဖေက တကယ်ကို အိုမင်းနေပြီ... သူ့ရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေက အဆုံးသတ်ကို ရောက်နေပြီလေ... ဒါပေမဲ့ သူ အခု မင်းရဲ့ အသံကို ကြားနေရတယ်... မငိုနဲ့တော့... အားတင်းထားစမ်း... မင်းအဖေကို နောက်ဆံတင်းတင်းနဲ့ ထွက်မသွားပါစေနဲ့”
ရှန်စုပင်းက ထန်ယွင်၏ ရင်ခွင်ထဲ၌ ခေတ္တမျှ မှင်သက်သွားပြီး ငိုသံများ တိတ်သွားသည်။ ထို့နောက် ထန်ယွင်၏ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ပြီး ရှိုက်လျက်...
“ဆရာ... အဖေ့ကို ခဏလောက်ပဲဖြစ်ဖြစ် သတိပြန်ရလာအောင် လုပ်ပေးလို့ ရမလား... ကျွန်မ အဖေ့ကို ပြောချင်တဲ့ စကားတွေ ရှိလို့ပါ”
ထန်ယွင်မှာ ရှန်စုပင်း၏ အခြေအနေကို ကြည့်ကာ သနားမိသဖြင့် ခေါင်းညိတ်လိုက်ပြီး သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်စွမ်းအားတစ်ခုမှာ ရှန်ထျန်းစစ်၏ ရင်ဘတ် မှတစ်ဆင့် နှလုံးဆီသို့ စီးဝင်သွားသည်။
ချက်ချင်းပင် ထန်ယွင်၏ လက်ချောင်းများကြားမှ ဝိညာဉ်စွမ်းအား အမြောက်အမြားမှာ ရှန်ထျန်းစစ်၏ ကိုယ်ပေါ်ရှိ အရေးကြီးသော အကြောအချက်အချာများထဲသို့ စီးဝင်သွားတော့သည်။
ခေတ္တမျှ ကြာပြီးနောက် ကုတင်ပေါ်တွင် လဲလျောင်းနေသော ရှန်ထျန်းစစ်က မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လာပြီး တွန့်ရှုံ့နေသော ပါးပြင်ပေါ်သို့ မျက်ရည်တစ်စက် ကျလာတော့သည်။ ထန်ယွင် ပြောခဲ့သကဲ့သို့ပင် ရှန်ထျန်းစစ်က သမီးဖြစ်သူ ငိုကြွေးနေသည်ကို အမှန်တကယ် ကြားနေရခြင်း ဖြစ်၏။
“အဖေ...”
ရှန်စုပင်းက ကုတင်ဘေးတွင် ထိုင်လိုက်ပြီး ရှန်ထျန်းစစ်၏ ပါးပြင်ကို တုန်ယင်နေသော လက်များဖြင့် အုပ်ကိုင်လိုက်သည်။ အဖေ့ရှေ့တွင် သူမ မငိုချင်သော်လည်း မျက်ရည်များက အလိုအလျောက် ကျလာနေဆဲပင်။
ရှန်ထျန်းစစ်က မျက်လုံးကို ခက်ခက်ခဲခဲ လှည့်ကာ ရှန်စုပင်းကို ကြည့်လိုက်ပြီး တုန်ယင်နေသော အသံဖြင့်...
“ပင်း... ပင်းအာ... လူဆိုတာ မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း ဆိုတဲ့ သဘာဝတရားထဲမှာ ရှိနေကြတာပဲ... ဘယ်သူမှ မလွတ်ကင်းနိုင်ပါဘူး”
“အဖေ မင်း ကြီးပြင်းလာတာကို မြင်လိုက်ရတဲ့အတွက် ဘာနောင်တမှ မရှိဘဲ သေနိုင်ပါပြီ... ဒီတစ်လျှောက်လုံး အဖေ မင်းအမေကို အရမ်းလွမ်းနေခဲ့တာ... အခုတော့ မင်းအမေနဲ့ ပြန်တွေ့ရတော့မယ်... မင်း ကြီးပြင်းလာတာကို မြင်ရပြီမို့ အဖေ ကျေနပ်ပါပြီ”
“သနားစရာကောင်းတဲ့ ငါ့သမီးလေးရယ်... ဝမ်းမနည်းပါနဲ့တော့... မင်းအမေက သက်ရှိထင်ရှား ရှိစဉ်တုန်းက အရမ်းကို ထက်မြက်ပြီး အရှုံးမပေးတတ်တဲ့သူလေ... မင်းကို ဟောင်ဖူနတ်ဘုရားဂိုဏ်းထဲ ထည့်ခဲ့တာလည်း သူပဲ... ဒီတစ်လျှောက်လုံး မင်း တကယ် ပင်ပန်းခဲ့မှာပဲနော်”
“တကယ်တော့ ကလဲ့စားချေဖို့ဆိုတာ အဖေ့ရဲ့ ဆန္ဒမဟုတ်ပါဘူး... အဖေက သမီးကို ပျော်ပျော်ရွှင်ရွှင်ပဲ နေစေချင်တာပါ...”
ရှန်ထျန်းစစ်က သူ့နောက်ဆုံးစကားများ မှာကြားနေသည်ကို ကြည့်ပြီး ထန်ယွင် သက်ပြင်းတစ်ချက် ချလိုက်ကာ အပြင်သို့ ထွက်သွားပြီး တံခါးပါ ပိတ်ပေးလိုက်၏။
အခန်းအတွင်း၌မူ...
ရှန်စုပင်းက ရှိုက်ကြီးတငင် ငိုကြွေးရင်း...
“အဖေက အဲ့ဒီတုန်းက ကိစ္စတွေအတွက် ထန်ထိုင်ကျုံးတယ်မှာ အပြစ်မရှိဘူးလို့ ခဏခဏ ပြောခဲ့တယ်... ဒါပေမဲ့ သူက အဖေ့ရဲ့ ကျင့်စဉ်တွေကို ဖျက်ဆီးခဲ့တာလေ... အဖေ ဘာလို့ သူ့ကို မမုန်းတာလဲ... ဘာလို့လဲ... သမီး တကယ် နားမလည်နိုင်ဘူး”
ရှန်ထျန်းစစ်က သက်ပြင်းချလိုက်ပြီး အမှန်အတိုင်း ပြောပြလိုက်သည်။
“သမီး... တကယ်တော့ ဂိုဏ်းချုပ်ဟာ အဖေ့ရဲ့ စီနီယာအစ်ကိုပဲ... သူက အဖေ့ကို ညီအစ်ကိုရင်းလို ဆက်ဆံခဲ့တာ... ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက ကုန်းစွန်းယန်ချန်းက အဖေ့ကို ထောင်ချောက်ဆင်ခဲ့တဲ့ သက်သေတွေက အင်မတန် ခိုင်မာနေခဲ့တယ်... လူတိုင်းက ဂိုဏ်းချုပ်ကို အဖေ့ကို သတ်ပစ်ဖို့ တောင်းဆိုခဲ့ကြတာ”
“ဂိုဏ်းချုပ်က အရင်သံယောဇဉ်တွေကို ငဲ့ညှာပြီး လူတိုင်းရဲ့ ကန့်ကွက်မှုတွေ ကြားကနေ အဖေ့ကို ဂိုဏ်းကနေပဲ နှင်ထုတ်ခဲ့တာပါ... ပြီးတော့ သမီး ပေးတဲ့ ဆေးလုံးတွေကြောင့်ပဲ အဖေ အခုထိ အသက်ရှင်နေတာ မဟုတ်ဘူး”
“တကယ်တော့ အဖေ ဒီမှာရှိတာကို ဂိုဏ်းချုပ် သိတယ်... သူက အဖေ့ဆီကို နှစ်စဉ် ဆေးလုံးတွေ ပို့ပေးသလို အဖေနဲ့ လာပြီး စကားစမြည် ပြောလေ့ရှိတယ်... ဒါပေမဲ့ သမီးက အဖေ့သမီးဆိုတာကိုတော့ အဖေ သူ့ကို မပြောပြခဲ့ဘူး”
ရှန်ထျန်းစစ် ဆက်ပြောပြသည်မှာ
“အခုတော့ သူလည်း အဖေက အပြစ်မရှိဘူးဆိုတာ ယုံကြည်နေပါပြီ... သူလည်း ကုန်းစွန်းယန်ချန်းကို သတ်ချင်နေတာပဲ... ဒါပေမဲ့ သမီး သိထားရမှာက ဟောင်ဖူနတ်ဘုရားဂိုဏ်းရဲ့ တောင်စဉ် ၉ ခု ပဋိပက္ခဟာ အတွင်းစည်းကနေ သူတော်စင်စည်း အထိတင်မကဘဲ လျှို့ဝှက်ကျင့်ကြံနေကြတဲ့ စီနီယာအဘိုးကြီးတွေအထိ ပါဝင်ပတ်သက်နေတာ... သူတို့တွေက ဒီပဋိပက္ခတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေပဲ”
“တကယ်လို့ ဂိုဏ်းချုပ်က အခုအချိန်မှာ ကုန်းစွန်းယန်ချန်းကို သတ်လိုက်မယ်ဆိုရင် ဂိုဏ်းတစ်ခုလုံးကို ရိုက်ခတ်သွားလိမ့်မယ်... သူ့ရဲ့ ဂိုဏ်းချုပ် ရာထူးတောင် မမြဲနိုင်တော့ဘူး”
“ဒါကြောင့်လည်း အဖေက ဂိုဏ်းချုပ်ကို မမုန်းဖို့ သမီးကို ပြောခဲ့တာပေါ့”
အခြေအနေအားလုံးကို သိလိုက်ရသောအခါ ရှန်စုပင်း၏ လှပသော မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်သွားပြီး ပြတ်သားသော အမူအရာဖြင့်...
“အဖေ စိတ်မပူပါနဲ့... အခု သမီးမှာ ဆရာတစ်ယောက် ရှိနေပြီ... သူ သမီးကို သင်ကြားပေးလိမ့်မယ်... တစ်နေ့ကျရင် သမီး ကုန်းစွန်းယန်ချန်းကို ကိုယ်တိုင် သတ်ပြီး အဖေ့အတွက် ကလဲ့စား ချေပေးမယ်”
“အဖေ သိလား... အခု သမီးက ဆေးအဖွဲ့ရဲ့ ဂုဏ်ထူးဆောင် အကြီးအကဲ ဖြစ်နေပြီ... သမီး ဆေးအဖွဲ့ရဲ့ ခေါင်းဆောင်နေရာအထိ တက်လှမ်းပြီး အဖေ့ဆီကနေ သူတို့ လုယူသွားတာတွေကို ပြန်ယူပြမယ်”
“အဖေ... သမီး ဒီလိုပြောလို့ အဖေ စိတ်ပူမယ်ဆိုတာ သိပါတယ်”
ရှန်စုပင်းက ရှိုက်လျက် ဆက်ပြောသည်။ “ဒါပေမဲ့ သမီး သေချာပေါက် ကလဲ့စားချေပေးမယ်ဆိုတာကို ယုံကြည်ပေးပါ”
“မိုက်မဲတဲ့ သမီးလေး... မင်းက မင်းအမေနဲ့ စရိုက်ချင်း တူတာပဲ”
ရှန်ထျန်းစစ်က ကွယ်လွန်သူ ဇနီးအကြောင်း ပြောရင်း ဝေဝါးနေသော မျက်လုံးများထဲတွင် လွမ်းဆွတ်မှုများ ပေါ်လာကာ...
“မင်းက သူမလို ခေါင်းမာတာပဲ... အဖေ အခု အစိုးရိမ်ဆုံးက သမီးရဲ့ အနာဂတ်ပဲ”
“သမီး သဘောကျတဲ့သူတစ်ယောက် တွေ့တာကို အဖေ မြင်ချင်သေးတယ်... မဟုတ်ရင် သမီးရဲ့ စရိုက်နဲ့ဆို နောက်ပိုင်း အိမ်ထောင်ပြုတဲ့အခါ အနိုင်ကျင့်ခံရမှာကို အဖေ စိတ်ပူတယ်”
လောကကြီးတွင် မိဘတိုင်း၏ စိတ်နှလုံးမှာ တူညီကြပေသည်။ ရှန်ထျန်းစစ်က သူ့ ဘဝနောက်ဆုံးအချိန်အထိ သမီးဖြစ်သူ၏ အနာဂတ်ကိုသာ တွေးပူနေရှာ၏။
ရှန်စုပင်းက ရှိုက်ကြီးတငင် ငိုရင်း...
“အဖေ... သမီးအတွက် စိတ်မပူပါနဲ့တော့... သမီးမှာ သဘောကျတဲ့သူ ရှိနေပါပြီ”
ရှန်ထျန်းစစ်၏ မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။ ၎င်းမှာ စိတ်လှုပ်ရှားမှုကြောင့် ဖြစ်နိုင်သလို သေခါနီး လူတစ်ယောက်၏ နောက်ဆုံးအားအင်ကြောင့်လည်း ဖြစ်နိုင်ပေ၏။
သူ့အသံမှာလည်း အနည်းငယ် ပို၍ ကြည်လင်လာပြီး...
“ဘယ်သူလဲ... သူ ဘယ်မှာလဲ... အဖေ့ကို ပြပါဦး”
“အဖေ... သူက သမီးရဲ့ ဆရာပါပဲ” ရှန်စုပင်းက ရှိုက်လျက်... “သမီး သူ့ရဲ့ မျက်နှာကို မမြင်ဖူးသေးပေမဲ့ သူ့ကို အရမ်း လေးစားမိတယ်... အဲ့ဒီခံစားချက်က အချစ်လား ဆိုတာတော့ သမီး မသေချာဘူး”
“အရူးမလေး... အချိန်ကြာလာရင် အချစ်လား ဆိုတာ မင်း သိလာမှာပါ”
ရှန်ထျန်းစစ်၏ အိုမင်းသော မျက်နှာပေါ်တွင် ပြုံးရိပ်တစ်ခု ပေါ်လာပြီး...
“သူ့ကို မြန်မြန် ခေါ်ပေးပါဦး... အဖေ သူနဲ့ စကားပြောချင်တယ်”
“ဟုတ်ကဲ့”
ရှန်စုပင်းက ခေတ္တ တွန့်ဆုတ်သွားပြီးမှ...
“အဖေ... သမီးက သူ့အပေါ် ဘယ်လို ခံစားနေရသလဲဆိုတာ သူ မသိသေးဘူး... သမီး ရှက်တတ်တာ အဖေ သိတယ်မလား... သူ့ကို သမီးက သဘောကျနေတယ်ဆိုတာ လုံးဝ မပြောပါနဲ့နော်”
“ကောင်းပါပြီ... အဖေ ကတိပေးပါတယ်... အဖေလည်း ဒီလမ်းကို ဖြတ်သန်းခဲ့ဖူးတာပဲ... သမီး ဘာတွေးနေသလဲဆိုတာ အဖေ နားလည်ပါတယ်”
ရှန်ထျန်းစစ်က ပြန်ဖြေလိုက်၏။
မာနကြီးပြီး ခေါင်းမာသော သမီးဖြစ်သူမှာ သူမ၏ ဆရာက ငြင်းပယ်မည်အား စိုးရိမ်နေသည်ကို သူ ကောင်းကောင်း သိနေလေသည်။
အခန်း ၃၆၂ ပြီး