ရှန်စုပင်းက မျက်ရည်များ တသွင်သွင် ကျဆင်းလျက် အခန်းထဲမှ ထွက်လာသည်။
ပထမထပ် ခန်းမထဲတွင် ရှိနေသော ထန်ယွင်အား အနောက်မှ လှမ်းခေါ်လိုက်သည်။ သူမအသံမှာ ပူဆွေးနေ၏။
“ဆရာ... အဖေက ဆရာ့ကို တွေ့ချင်နေပါတယ်”
“ကောင်းပြီ”
ထန်ယွင်က ဘာမှ ထပ်မစဉ်းစားတော့ဘဲ ဒုတိယထပ်သို့ တက်လာကာ ရှန်ထျန်းစစ်၏ ကုတင်ဘေးသို့ ဖြည်းညှင်းစွာ လိုက်လာသည်။
“သမီး... အပြင်ခဏထွက်ပါဦး... အဖေ ဆရာနဲ့ စကားပြောလိုက်ဦးမယ်”
“ဟုတ်ကဲ့”
ရှန်စုပင်းက မျက်ရည်များကြားမှ အခန်းပြင်သို့ ထွက်သွားပြီး တံခါးကို ပိတ်ပေးလိုက်၏။
အခန်းအတွင်း၌မူ... ရှန်ထျန်းစစ်၏ အသက်ရှူသံများမှာ စိပ်လာပြီး ၎င်းမှာ သူ့အတွက် အချိန်သိပ်မကျန်တော့ကြောင်း ပြသနေသည်။
“စုပင်းက ပြောတယ်... ခင်ဗျားက သူမရဲ့ ဆရာဆို”
“ဟုတ်ပါတယ်”
ထန်ယွင် ပြန်ဖြေလိုက်၏။
“ကျုပ် ထပြီး အရိုအသေ မပေးနိုင်တာကို ခွင့်လွှတ်ပါ... ဆရာ့ကို ကျုပ် ဂါရဝပြုပါတယ်”
ရှန်ထျန်းစစ်က စကားကို ပြတ်တောင်း ပြတ်တောင်းဖြင့် ခက်ခက်ခဲခဲ ပြောရရှာသည်။
“ဘာမှ အားနာမနေပါနဲ့”
ထန်ယွင်က စိတ်ရင်းအမှန်ဖြင့် ပြောလိုက်၏။
“ခင်ဗျား ဘာပြောချင်သလဲ... ကျုပ် နားထောင်နေပါတယ်”
“ကောင်းပါပြီ... ဒါဆို ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောပါ့မယ်”
ရှန်ထျန်းစစ်က မျှော်လင့်ချက်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ထန်ယွင်ကို စိုက်ကြည့်ကာ... “ပင်းအာကို သေချာ စောင့်ရှောက်ပေးမယ်လို့ ကတိပေးနိုင်မလား”
“သူမအမေက စောစောစီးစီး ဆုံးသွားခဲ့တာ... အဖေတစ်ယောက်အနေနဲ့ ကျုပ်ဟာ တာဝန်တွေကို ကျေပွန်အောင် မထမ်းဆောင်နိုင်ခဲ့ဘူး... သူမအတွက် ဝန်ထုပ်ဝန်ပိုးပဲ အမြဲဖြစ်နေခဲ့တာ”
တံခါးအပြင်ဘက်တွင် ထိုစကားကို ကြားလိုက်ရသော ရှန်စုပင်းမှာ နှုတ်ခမ်းကို ဖိကာ မြေပြင်ပေါ်တွင် အားကိုးရာမဲ့စွာ ထိုင်ချလိုက်ပြီး မငိုမိအောင် အတင်းအောင့်ထားရရှာသည်။
“မစိုးရိမ်ပါနဲ့... စုပင်းက ကျုပ်ရဲ့ တပည့်ပဲ... သူမကို သေချာ စောင့်ရှောက်ပါ့မယ်”
ထန်ယွင်က လေးနက်စွာ ခေါင်းညိတ်လိုက်၏။
“ဒါဆို ကျုပ်ကို နောက်ထပ် ကတိတစ်ခု ထပ်ပေးနိုင်မလား...”
ရှန်ထျန်းစစ်မှာ အသက်ရှူပင် မဝတော့ပေ။
“ကတိပေးပါ... ပင်းအာ အိမ်ထောင်မပြုမချင်း... ဆရာ သူမကို ပစ်မထားဘဲ အမြဲတမ်း စောင့်ရှောက်ပေးပါ့မယ်လို့”
“ကောင်းပါပြီ... မစိုးရိမ်ပါနဲ့... သူမ အိမ်ထောင်မပြုသရွေ့ ကျုပ် သူမကို စောင့်ရှောက်ပေးသွားပါ့မယ်”
ထန်ယွင်က အတည်ပြုလိုက်သည်။
လူတစ်ယောက် သေခါနီးအချိန် ဖြစ်နေသဖြင့် ထန်ယွင်က လိုလိုလားလားပင် သဘောတူလိုက်ခြင်း ဖြစ်၏။
“ကောင်းတယ်... ကောင်းတယ်... ဆရာ့ဆီက ဒီစကားကို ကြားရပြီဆိုတော့ ကျုပ် ဘာနောင်တမှ မရှိဘဲ သေနိုင်ပါပြီ”
ရှန်ထျန်းစစ်၏ တွန့်ရှုံ့နေသော မျက်နှာပေါ်တွင် ပြုံးရိပ်တစ်ခု ထင်ဟပ်လာသည်။
သမီးဖြစ်သူသည် သူမရှေ့က အမျိုးသားအပေါ် ခံစားချက်ရှိနေသည်ကို သူ သိထားသည်။ သူမ၏ စရိုက်အရ အခြားအမျိုးသားတစ်ဦးအပေါ် လွယ်လွယ်နဲ့ စိတ်ညွတ်မည့်သူ မဟုတ်ပေ။ သူမ အိမ်ထောင်မပြုသရွေ့ သူမ၏ ဆရာက သူမကို အမြဲစောင့်ရှောက်ပေးနေမည် ဆိုပါက ၎င်းမှာ သူ မသေခင် သမီးအတွက် လုပ်ပေးနိုင်သည့် တစ်ခုတည်းသော အရာပင်။
တစ်ချိန်တည်းမှာပင် ရှန်ထျန်းစစ် တွေးနေမိသည်မှာ သမီးဖြစ်သူ၏ အလှအပ၊ အရည်အချင်းနှင့် စရိုက်တို့ကြောင့် ရှေ့က အမျိုးသားသည် ကျောက်ခဲတစ်ခဲ ဖြစ်နေပါစေဦးတော့၊ အချိန်ကြာလာသည် နှင့်အမျှ သေချာပေါက် ချစ်မိသွားလိမ့်မည်ဟု ယုံကြည်နေခြင်းပင်။
ယခုအခါ သူက ထန်ယွင်အား သမက်လောင်းတစ်ဦးအလား ကြည့်လျက်...
“ကျုပ်ရဲ့ နောက်ဆုံးတောင်းဆိုချက်ကိုရော ခွင့်ပြုနိုင်မလား”
“ပြောပါ... ကျုပ် ခွင့်ပြုနိုင်တာဆိုရင် ခွင့်ပြုပေးပါ့မယ်”
ထန်ယွင်က ဆိုသည်။
ရှန်ထျန်းစစ်က ခက်ခက်ခဲခဲ ပြုံးလိုက်ပြီး... “ဆရာ့ရဲ့ မျက်နှာ ကျုပ်ကို ပြပေးလို့ ရမလား... ကျုပ်ရဲ့ သမီး ဆရာက ဘယ်လိုပုံစံမျိုးလဲဆိုတာ ကျုပ် တကယ် သိချင်လို့ပါ”
“ဒါကတော့...”
ထန်ယွင် တွန့်ဆုတ်သွားစဉ်မှာပင် တံခါးအပြင်ဘက်မှ ရှန်စုပင်း၏ ရှိုက်သံလေး ထွက်ပေါ်လာသည်။
“ဆရာ... စိတ်မပူပါနဲ့... တပည့် လုံးဝ ချောင်းကြည့်မှာ မဟုတ်ပါဘူး”
ထိုစကားကို ကြားရသည့်အခါ ထန်ယွင်က အုပ်ထားသော ဝတ်ရုံစကို ဖယ်ရှားလိုက်ရာ ငယ်ရွယ်ချောမောသော မျက်နှာတစ်ခု ပေါ်ထွက်လာသည်။
ရှန်ထျန်းစစ်က ထန်ယွင်သည် သမီးဖြစ်သူ၏ ဆရာဖြစ်သဖြင့် အနည်းဆုံးတော့ လူလတ်ပိုင်းတစ်ယောက် ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ဤမျှအထိ ငယ်ရွယ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ရှန်ထျန်းစစ် မှင်သက်နေစဉ်မှာပင် ထန်ယွင်က ဝတ်ရုံစကို ပြန်ဖုံးလိုက်၏။
ရှန်ထျန်းစစ် သတိပြန်ဝင်လာသောအခါ သူ့အသံမှာ ပို၍ တိုးသွားပြီး...
“ဒီနားကို လာပါဦး... ကျုပ် ဆရာ့ကို မေးစရာ ရှိလို့ပါ”
ထန်ယွင်က ရှန်ထျန်းစစ်၏ အနားသို့ ကပ်လိုက်ရာ တိုးညှင်းသော အသံလေးတစ်ခု သူ့နားထဲသို့ ဝင်လာသည်။
“ဆရာ့အသက်က အခု ဘယ်လောက်လဲ... တကယ့် အသက်က ၅၀ ကျော်ပြီလား”
“မဟုတ်ပါဘူး”
ထန်ယွင်က တိုးတိုးလေး ပြန်ဖြေလိုက်၏။
ထိုစကားကို ကြားပြီးနောက် ရှန်ထျန်းစစ်က ပြုံးလိုက်ပြီး...
“ကျုပ်ရဲ့ သမီးကို အထဲလွှတ်ပေးပါဦး... ကျုပ် သူမနဲ့ စကားပြောချင်လို့ပါ... ဆရာ ခဏလောက် အပြင်ထွက်ပေးပါ”
ယခုအခါ ရှန်ထျန်းစစ်၏ စိတ်ထဲတွင် ရှေ့က လူငယ်မှာ သူ့သမက်လောင်း ဖြစ်နေခဲ့လေပြီ။
ထန်ယွင်က ရှန်ထျန်းစစ်သည် ရှန်စုပင်းကို နောက်ဆုံးစကားများ မှာကြားတော့မည်ကို သိသဖြင့် ထွက်ခွာပေးလိုက်သည်။ တံခါးဖွင့်လိုက်သောအခါ မြေပြင်ပေါ်တွင် ထိုင်လျက် မငိုမိအောင် အတင်းထိန်းနေရသော ရှန်စုပင်းကို တွေ့လိုက်ရ၏။
“စုပင်း... မင်းအဖေက မင်းကို ပြောစရာရှိလို့တဲ့... သူ စိတ်အေးလက်အေး ထွက်သွားနိုင်အောင် မငိုနဲ့တော့နော်”
ထန်ယွင်က တိုးညှင်းစွာ သတိပေးလိုက်သည်။
ရှန်စုပင်းက ထရပ်ကာ မျက်ရည်များကို သုတ်လိုက်ပြီး အခန်းထဲသို့ ဝင်သွားတော့သည်။
ထန်ယွင်ကမူ အောက်ထပ်သို့ ဆင်းလာ၏။ ယခုအခါ ရှန်ထျန်းစစ်မှာ ကျင့်စဉ်များ ဖျက်ဆီးခံထားရသူ ဖြစ်သဖြင့် ထန်ယွင်၏ ပုံရိပ်ကို ဝိညာဉ်စွမ်းအားဖြင့် ဖော်ပြနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ရှန်စုပင်းက သူမ၏ အဖေထံ မှတစ်ဆင့် သူ့အကြောင်း သိသွားမည်ကို ထန်ယွင် မစိုးရိမ်ပေ။
အခန်းအတွင်း၌မူ...
ရှန်စုပင်းက သူမ၏ အဖေမှာ သူမကို ပြုံးလျက် ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ကုတင်ဘေးတွင် ကပ်ထိုင်ကာ...
“အဖေ... ဘာလို့ ပြုံးနေတာလဲ”
“အဖေက... ငါ့သမီးရဲ့ အမြင်ကို သဘောကျလို့ ပြုံးတာပါ”
ရှန်ထျန်းစစ်က ပြောပြီးသည်နှင့် သူ့မျက်လုံးများမှာ ဝေဝါးလာပြီး မျက်နှာမှာလည်း ပြာနှမ်းလာကာ အသက်ရှူသံများ ပြင်းထန်လာတော့သည်။
“စုပင်း... မင်းရဲ့ ဆရာက တကယ်ကို ထူးချွန်တဲ့သူပဲ... ပြီးတော့... သူ... သူက အသက် ၅၀ လောက်ပဲ ရှိဦးမှာ... မင်းရဲ့ တကယ့်အသက်နဲ့လည်း သိပ်မကွာဘူး...”
“အဖေ ယုံကြည်တယ်... သူက ငါ့သမီးလေးအတွက် သင့်တော်တဲ့ ခင်ပွန်းကောင်း ဖြစ်လာမှာပါ... ဒါကြောင့်... အဖေ စိတ်အေးလက်အေးနဲ့ သွားနိုင်ပါပြီ... မင်းအမေနဲ့... ပြန်တွေ့ရတော့မယ်... ပြန်တွေ့ရတော့မယ်...”
ရှန်ထျန်းစစ်၏ အသံမှာ ရုတ်တရက် ရပ်တန့်သွားပြီး ခေါင်းမှာလည်း ဘေးသို့ စောင်းကျသွားတော့သည်။ သူ အသက်ကုန်သွားလေပြီ။
“အဖေ”
နာကျင်စရာကောင်းလှသော အော်ဟစ်သံကြီးမှာ ခန်းမထဲတွင် ရှိနေသော ထန်ယွင်၏ နားထဲသို့ တိုးဝင်လာ၏။ ရှန်ထျန်းစစ် ထွက်သွားပြီမှန်း သူ သိလိုက်သည်။
သို့သော် ရှန်စုပင်းကို နှစ်သိမ့်ရန် အပေါ်ထပ်သို့ တက်မသွားခဲ့ပေ။ ဘဝသံသရာတစ်လျှောက်လုံး သူသည် ဆွေမျိုးပေါင်းများစွာကို ဆုံးရှုံးခဲ့ဖူးသူ ဖြစ်ရာ ရှန်စုပင်းအနေဖြင့် သူမ၏ ခံစားချက်များကို အားရပါးရ ဖောက်ထွက်လိုက်ခြင်းက ပိုကောင်းမည်ဟု သူ သိထားသောကြောင့်ပင်။
မကြာမီတွင် အစေခံမလေး ရှောင်ယုက ထန်ယွင်၏ ဘေးမှနေ၍ အပေါ်ထပ်သို့ အပြေးတက်သွားသည်။ ခေတ္တအကြာတွင် ငိုယိုလျက် အဆောင်အပြင်ဘက်သို့ ထွက်သွားပြီး အပြင်တွင် စောင့်နေကြသော မျိုးနွယ်စုဝင်ပေါင်း ရာနှင့်ချီကို ကြည့်ကာ ရှိုက်ငိုလျက်...
“သခင်ကြီး ဆုံးပါပြီ... သခင်ကြီး အေးအေးချမ်းချမ်းပဲ ထွက်သွားရှာပါတယ်”
မျိုးနွယ်စုခေါင်းဆောင် ကွယ်လွန်သွားသည့် သတင်းကြောင့် လူတိုင်း မျက်ရည်ကျကာ ငိုကြွေးကြသဖြင့် မက်မွန်ခြံ တစ်ခုလုံးမှာ ငိုသံများဖြင့် ပြည့်နှက်သွားတော့သည်။ ကြွေကျနေသော မက်မွန်ပွင့်ဖတ်လေးများသည်လည်း ရှန်စုပင်း၏ အမေက ကွယ်လွန်သူ ခင်ပွန်းအတွက် ငိုကြွေးပေးနေသကဲ့သို့ပင်...။
...
၃ ရက်အကြာ ဈာပနနေ့တွင် မျိုးနွယ်စုဝင်များမှာ ဝမ်းနည်းခြင်း အထိမ်းအမှတ် အဝတ်အစားများကို ဝတ်ဆင်ကာ ခေါင်းတလားအား မက်မွန်ခြံအတွင်းသို့ သယ်ဆောင်လာပြီး ရှန်ထျန်းစစ်၏ အလောင်းကို ဇနီးဖြစ်သူ၏ အုတ်ဂူဘေးတွင် မြှုပ်နှံလိုက်ကြသည်။
အတူတူ နေထိုင်ပြီး သေလျှင်လည်း တစ်မြေတည်း၌ မြှုပ်နှံရန်မှာ ရှန်စုပင်း၏ အမေ မကွယ်လွန်မီက တောင်းဆိုခဲ့သည့် ဆန္ဒဖြစ်သလို ရှန်ထျန်းစစ်၏ ဆန္ဒလည်း ဖြစ်ပေသည်။
ဈာပနအပြီးတွင် ရှန်စုပင်းက ဂူရှေ့တွင် ဒူးထောက်ကာ ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
“အဖေ... အမေ... သမီး ကျိန်ဆိုပါတယ်... ကုန်းစွန်းယန်ချန်းကို မသတ်ရသရွေ့ သမီး လူအဖြစ် ခံယူမှာ မဟုတ်ဘူး”
“သမီးအတွက် စိတ်မပူပါနဲ့... သမီး ကောင်းကောင်း နေထိုင်သွားပါ့မယ်... ပျော်အောင်လည်း နေပါ့မယ်”
“သမီး အဖေနဲ့ အမေကို ချစ်တယ်... အရမ်းချစ်တယ်...”
နောက်ရက်များတွင် ထန်ယွင်၏ အနီးကပ် စောင့်ရှောက်မှုကြောင့် ရှန်စုပင်း၏ စိတ်မှာ များစွာ သက်သာရာ ရလာခဲ့သည်။ ဝမ်းနည်းမှုနှင့် အာဃာတများက သူမကို ပို၍ သန်မာလာစေခဲ့သည်။
မက်မွန်ခြံအတွင်းရှိ ဂူရှေ့တွင် လေပြေအေးလေးများ တိုက်ခတ်နေပြီး ပွင့်ဖတ်လေးများမှာ ကြွေကျနေကြရာ အင်မတန် လှပလွန်းပေသည်။
“အဖေ... အမေ... သမီး အဖေတို့နားမှာ အမြဲတမ်း နေချင်တာပါ... ဒါပေမဲ့ နောက် ၃ ရက်ဆိုရင် အတွင်းစည်း တောင်စဉ် ၉ ခု ပြိုင်ပွဲ စတော့မှာမို့လို့”
“သမီး သွားရတော့မယ်”
“သမီး အဖေတို့ဆီကို ခဏခဏ ပြန်လာခဲ့ပါ့မယ်”
ရှန်စုပင်းက ပြောပြီးနောက် ထန်ယွင်ကို ကြည့်ကာ...
“ဆရာ... ဒီရက်တွေမှာ တပည့်နားမှာ ရှိပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”
“ဆရာက မင်းအဖေကို ကတိပေးထားတာပဲ... မင်းကို သေချာ စောင့်ရှောက်ပေးမှာပေါ့”
ထန်ယွင်က ဆိုလိုက်၏။
“ဟုတ်ကဲ့” ရှန်စုပင်းက ခေါင်းညိတ်လိုက်ပြီး... “ဆရာ... သွားကြရအောင်... ဂိုဏ်းကို ပြန်ကြမယ်”
အခန်း ၃၆၃ ပြီး