၂ ရက်အကြာ နံနက်ခင်းတွင်...
ရှန်စုပင်းနှင့် ထန်ယွင်တို့ ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာကြသည်။ နောက်တစ်ရက်တွင် အတွင်းစည်း တောင်စဉ် ၉ ခု ပြိုင်ပွဲ ကျင်းပမည် ဖြစ်၏။
သူတို့ ၂ ဦးမှာ ဝိညာဉ်လှေကို မောင်းနှင်ကာ အတွင်းစည်းသို့ ဝင်ရောက်လာပြီးနောက် ထန်ယွင်က သူ လုပ်စရာရှိသဖြင့် ခေတ္တသွားဦးမည်ဖြစ်ကြောင်းနှင့် နောက်မှ ပင်းချင်း နတ်ဘုရားတောင်သို့ လာခဲ့မည်ဖြစ်ကြောင်း ရှန်စုပင်းကို ပြောသည်။
ရှန်စုပင်းက ထန်ယွင်ကို မခွဲချင်သော်လည်း နှုတ်ဆက်ပြီးနောက် ဝိညာဉ်လှေဖြင့် ဆေးအဖွဲ့ဆီသို့ ပျံသန်းသွားတော့သည်။
ဆေးအဖွဲ့၏ တောင်တံခါးရှေ့တွင် ထန်ယွင်သည် လိပ်ပြာသက်ပြင်း အေးစိမ့်ခြုံလွှာကို သိမ်းဆည်းလိုက်ပြီး အောက်ခြေသိမ်းတပည့်ဝတ်စုံကို ဝတ်ဆင်ကာ ဟင်းလင်းပြင်တွင် လွင့်မျောနေသော ဓားပျံပေါ်သို့ တက်လိုက်၏။
သူ့ရန်သူဖြစ်သော အတွင်းစည်း တရားဥပဒေစိုးမိုးရေး အကြီးအကဲ ချိုယုံမင်ကို သတိရမိသဖြင့် ဟောင်ဖူဈေးမြို့တော်ဘက်သို့ ဒေါသတကြီး ကြည့်လိုက်မိသည်။ ထိုအဘိုးကြီးကို ခေတ္တမျှ အသက်ရှင်ခွင့် ပေးထားဦးမည်ဖြစ်ပြီး တောင်စဉ် ၉ ခု ပြိုင်ပွဲ ပြီးသည်နှင့် သတ်ပစ်မည်ဟု ဆုံးဖြတ်လိုက်၏။
၎င်းနောက် ထန်ယွင်က ဓားပျံကို စီးနင်းကာ ဆေးအဖွဲ့အတွင်းရှိ လင်းရှန်း ဆေးဥယျာဉ်ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားတော့သည်။
သူ မုမုန့်ဂျီနှင့် မတွေ့ရသည်မှာ လဝက်ခန့် ရှိပြီဖြစ်ရာ သူမကို လွမ်းဆွတ်နေမိသလို သားရဲဝိညာဉ်အဖွဲ့က လူများ လင်းရှန်း ဆေးဥယျာဉ်ကို ရှာတွေ့သွားမည်ကိုလည်း စိုးရိမ်နေမိသည်။
ဝိညာဉ်သန္ဓေအဆင့် ၉ တွင် ရှိနေသော ထန်ယွင်၏ ပျံသန်းနှုန်းမှာ ဝိညာဉ်သန့်စင်ခြင်းအဆင့် ၁ နှင့် တန်းတူရှိနေပြီး တစ်ရက်လျှင် မိုင်ပေါင်း ၂၅၀,၀၀၀ ခန့်အထိ သွားနိုင်သည့် ကြောက်မက်ဖွယ် အရှိန်မျိုး ဖြစ်နေပြီ ဖြစ်၏။
၃ နာရီအကြာတွင် ထန်ယွင်သည် ချန်လင်း နတ်ဘုရားတောင်၏ ကောင်းကင်ယံသို့ ရောက်ရှိလာပြီး လင်းရှန်း ဆေးဥယျာဉ်အတွင်းမှ ဆူညံစွာ ဆဲဆိုနေသံများကို ကြားလိုက်ရသည်။
“မင်းအမေကို... မင်းဦးလေးကို... ငါတို့ မမက ပြန်မလိုက်ဘူးလို့ ပြောနေတာကို မင်းအမေက ဘာလို့ ဒီမှာ လာပြီး ဆံပင်အခြောက်ခံနေတာလဲ... မင်းကို လက်ဖက်ရည်နဲ့ ရေ လာတိုက်ရဦးမလား”
“ဟားဟားဟား... တာနျူ ပြောတာ မှန်တယ်... မောင်ဖြူလေး မြန်မြန် သွားစမ်း... ငါတို့ လင်းရှန်း ဆေးဥယျာဉ်က မင်းကို မကြိုဆိုဘူး”
“ဒါက ဘာကောင်လဲ... ဒီနေရာက မင်းတို့ သားရဲဝိညာဉ်အဖွဲ့ မဟုတ်ဘူး... ငါတို့ ဆေးအဖွဲ့မှာ လာပြီး မင်းယောက္ခမလို ဟန်မဆောင်နဲ့”
“ဟုတ်တယ်... ငါတို့ စီနီယာအစ်ကိုထန် ပြန်လာရင်တော့ မင်း ထွက်သွားချင်ရင်တောင် ထွက်သွားလို့ ရတော့မှာ မဟုတ်ဘူး”
ထန်ယွင်က အသံလာရာသို့ ငုံ့ကြည့်လိုက်ရာ သူ့မျက်လုံးများထဲတွင် ရက်စက်သော အာဃာတများ ပြည့်နှက်သွားတော့သည်။
သူ့အမြင်အာရုံထဲတွင် တာနျူနှင့် အခြားသော ဆေးဥယျာဉ်တပည့်များမှာ မုမုန့်ဂျီနှင့် ရွှယ်ဇီယန်တို့၏ ရှေ့တွင် ရပ်ကာ အစိမ်းရောင် ဝတ်စုံဝတ် လူငယ်တစ်ဦးကို ရင်ဆိုင်နေကြခြင်း ဖြစ်၏။
ထိုလူငယ်မှာ ပိုင်ရွှီ မဟုတ်ပါက မည်သူ ဖြစ်နိုင်ဦးမည်နည်း။
ထန်ယွင် ကောင်းကောင်း မှတ်မိပါသေးသည်။ သူနှင့် မုမုန့်ဂျီ၊ ရွှယ်ဇီယန်၊ ကျုံးဝူစစ်ယောင်တို့ ပြင်ပစည်း အကြီးအကဲ ၉ ယောက် ရွေးချယ်ပွဲတွင် ပါဝင်ပြီး အတွင်းစည်းသို့ အတူတူ ဝင်ရောက်လာကြစဉ်က မုမုန့်ဂျီကို သားရဲဝိညာဉ်အဖွဲ့သို့ ခေါ်သွားရန် ဝိညာဉ်လှေနှင့် လာကြိုသူမှာ ဤပိုင်ရွှီပင် ဖြစ်၏။
ထိုစဉ်က ပိုင်ရွှီသည် မုမုန့်ဂျီကို ကြည့်ကာ မှင်သက်သွားခဲ့ပြီး ထွက်ခွာသွားစဉ်၌ ထန်ယွင်ကို အသံလှိုင်းဖြင့် ခြိမ်းခြောက်ခဲ့သည်ကိုလည်း ထန်ယွင် ကောင်းကောင်း မှတ်မိနေသေးသည်။
'ထန်ယွင်... အခု အတွင်းစည်းမှာ တပည့်ပေါင်း ၆ သိန်း ရှိတယ်... မင်းက အမှိုက်တစ်ယောက် ဆိုတာ ဘယ်သူမဆို သိတယ်'
'မင်းက ရှန်ချင်းချိုးရဲ့ မျက်နှာကြောင့်သာ ဆေးအဖွဲ့ရဲ့ တပည့် ဖြစ်လာခဲ့တဲ့ ဖားပြုတ်တစ်ကောင်ပဲ... ဘယ်လိုလုပ်ပြီး ဂျူနီယာညီမလေးနဲ့ တန်ပါ့မလဲ'
'ငါ မင်းကို စေတနာနဲ့ သတိပေးလိုက်မယ်... နောက်ဆိုရင် ဟင်္သာကို စားချင်တဲ့ ဖားပြုတ်လိုမျိုး စိတ်ကူးမယဉ်နဲ့... မဟုတ်ရင် မင်းကို လောကကြီးကနေ ထာဝရ ပျောက်ကွယ်သွားအောင် လုပ်ပစ်ဖို့ ငါ ဝန်မလေးဘူး'
ထန်ယွင်၏ အတွေးများကို ခရမ်းရောင် ဝတ်စုံဝတ် ရွှယ်ဇီယန်၏ အသံက ဖြတ်တောက်လိုက်သည်။
“ပိုင်ရွှီ... ငါ့အစ်မက ပြန်မလိုက်ဘူးလို့ ပြောနေတာကို နင်က ဘာလို့ ဒီမှာ ရှိနေသေးတာလဲ... အရှက်မရှိလိုက်တာ... ငါ့ယောက်ဖ ပြန်လာရင်တော့ နင် ကောင်းကောင်း သိရတော့မှာ”
ရွှယ်ဇီယန်က သူမ၏ လက်နှစ်ဖက်ကို ခါးထောက်ကာ ပိုင်ရွှီကို ဒေါသတကြီး စိုက်ကြည့်နေတော့သည်။
ပိုင်ရွှီက ရွှယ်ဇီယန်ကို ဂရုမစိုက်ဘဲ မုမုန့်ဂျီကို ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။
“ဂျူနီယာညီမလေး... ငါ မင်းကို နောက်ဆုံးအကြိမ် မေးမယ်... မနက်ဖြန် တောင်စဉ် ၉ ခု ပြိုင်ပွဲ စတော့မှာကို မင်း ဒီမှာ ဘာလုပ်နေတာလဲ... ဆရာ့ကို ဒေါသထွက်အောင် လုပ်ချင်နေတာလား”
မုမုန့်ဂျီ၏ လှပသော မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ပေါ်လာပြီး...
“ငါ့မှာ အဲ့ဒီလို တိရစ္ဆာန်စိတ် ပေါက်နေတဲ့ ဆရာ မရှိဘူး... ရှင် သွားတော့”
“မုမုန့်ဂျီ”
ပိုင်ရွှီက ဟိန်းဟောက်လိုက်သည်။
“ငါ မင်းကို အခွင့်အရေး ပေးပြီးပြီ... မင်းက အတင်း ဇွတ်လုပ်နေမှတော့ ငါ့ကို ရက်စက်တယ်လို့ မပြောနဲ့တော့”
“ဝှစ်”
ပြောပြောဆိုဆိုပင် ပိုင်ရွှီက သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ဓားပျံတစ်လက် လက်ထဲတွင် ပေါ်လာတော့သည်။
“ဟွန်း”
မုမုန့်ဂျီ၏ မျက်လုံးများက တောက်ပလာပြီး...
“ပိုင်ရွှီ... ရှင်က သားရဲဝိညာဉ်အဖွဲ့ရဲ့ တပည့်တွေထဲမှာ အစွမ်းအထက်ဆုံး နံပါတ် ၃ ဖြစ်နေလို့ ကျွန်မကို နိုင်မယ်လို့ မထင်နဲ့... အရင်က သူငယ်ချင်းတွေမို့ ကျွန်မ ရှင့်ကို အရှက်မခွဲချင်ဘူး... ဒါပေမဲ့ ရှင်က အတင်းလုပ်နေမယ်ဆိုရင်တော့ ရှင့်အတွက် အရှက်ရစရာပဲ ရှိလိမ့်မယ်”
မုမုန့်ဂျီသည် ယခုအခါ ထန်ယွင် ပေးထားသော နိဗ္ဗာန်ကျမ်းစာကို ကျင့်ကြံထားသူ ဖြစ်ရာ ပထမအတွဲကိုသာ အောင်မြင်သေးသော်လည်း ပိုင်ရွှီမှာ သူမ၏ ပြိုင်ဘက် မဟုတ်ကြောင်း သူမ ယုံကြည်ထား၏။ သားရဲဝိညာဉ်အဖွဲ့သို့ ရောက်ကတည်းက မုန်ညင်းစေ့ အချိန် ဟင်းလင်းပြင် မျှော်စင်တွင်သာ ကျင့်ကြံနေခဲ့သဖြင့် သူမသည် ဝိညာဉ်သန္ဓေ ပြည့်စုံခြင်းအဆင့်သို့ ရောက်နေသည်ကိုသာ သူတို့ သိကြပြီး သူမ၏ အစွမ်းကိုမူ မည်သူမျှ မမြင်ဖူးကြပေ။
“ဟားဟားဟား... ငါ့ကိုယ်ငါ အရှက်ခွဲရမယ် ဟုတ်လား”
ပိုင်ရွှီက မုမုန့်ဂျီကို ယုတ်မာသော အပြုံးဖြင့် ကြည့်ကာ...
“ဒီမိန်းမယုတ်... ငါတို့ စမ်းကြည့်ကြတာပေါ့... မင်းကို ငါ နိုင်သွားရင် မင်းရဲ့ တင်ပါးကို ဘယ်လို ရိုက်မလဲဆိုတာ ကြည့်ရသေးတာပေါ့”
“ရှင်...”
မုမုန့်ဂျီ စကားမဆုံးမီမှာပင် ကောင်းကင်ယံမှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
“ပိုင်ရွှီ... ဒီနေ့တော့ နှုတ်ကြောင့်သေ ဆိုတာ ဘာလဲဆိုတာ မင်းကို ငါ သိအောင် လုပ်ပေးမယ်”
“ဝုန်း”
ပိုင်ရွှီက ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ရာ သူ့အပေါ်တည့်တည့်တွင် ကြောက်မက်ဖွယ် စွမ်းအားများ နှင့်အတူ အရိပ်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရ၏။
၎င်းမှာ အရှိန်အဟုန်ဖြင့် ဆင်းသက်လာကာ ပိုင်ရွှီ၏ ခေါင်းကို လက်သီးဖြင့် အားကုန် ထိုးနှက်လိုက်သော ထန်ယွင်ပင်တည်း။
'မြန်လှချည်လား'
ပိုင်ရွှီ ထိတ်လန့်သွားသော်လည်း သူသည် သားရဲဝိညာဉ် ပိုင်ရှင်ဖြစ်ရာ စွမ်းအားကို ၁၀ ဆ မြှင့်တင်လိုက်ပြီး ညာလက်သီးဖြင့် အားကုန် ပြန်လည် ထိုးနှက်လိုက်တော့သည်။
“ကိုယ့်အဆင့်ကို မသိတဲ့ကောင်”
ပိုင်ရွှီက မထီမဲ့မြင် ပြုလိုက်၏။ သူ့အမြင်တွင် ဝိညာဉ်သန္ဓေအဆင့် ၉ သာ ရှိသော ထန်ယွင်မှာ သူ့ပြိုင်ဘက် မဟုတ်ပေ။ သူ မည်သူနည်း။ သူသည် သားရဲဝိညာဉ်ပိုင်ရှင်၏ တပည့်ရင်း ၃ ယောက်ထဲမှ အကြီးဆုံး ဖြစ်သည့်အပြင် သားရဲဝိညာဉ်အဖွဲ့တွင် အစွမ်းအထက်ဆုံး ၃ ယောက်ထဲက တစ်ယောက်လည်း ဖြစ်ပေသည်။
“ဖြန်း”
လက်သီး ၂ခု ထိတွေ့သွားသည့် အခိုက်အတန့်တွင် ဝိညာဉ်စွမ်းအား လှိုင်းလုံးကြီးများ ပေါက်ကွဲထွက်သွားပြီး ဖုန်မှုန့်များနှင့် ကျောက်စရစ်ခဲများမှာ ပတ်ဝန်းကျင်သို့ လွင့်စင်သွားတော့သည်။ ၁၀ မီတာ ကျော် အကွာတွင် ရှိနေသော တာနျူနှင့် အခြားတပည့်များမှာပင် အရှိန်ကြောင့် နောက်သို့ လွင့်ထွက်သွားကြရ၏။
ဖုန်မှုန့်များကြားမှ အရိုးကျိုးသံမှာ အထင်အရှား ထွက်ပေါ်လာသည်။ လူတိုင်း၏ မျက်စိရှေ့တွင် သွေးများ စင်ထွက်သွားပြီး ပြတ်ထွက်သွားသော လက်ချောင်းများမှာ လေထဲသို့ လွင့်သွားတော့သည်။ ပိုင်ရွှီ၏ ညာလက်သီးမှာ ထန်ယွင်၏ လက်သီးဒဏ်ကြောင့် ပျက်စီးသွားခြင်းပင်။
“မဖြစ်နိုင်တာ”
“မင်းက ဝိညာဉ်သန္ဓေအဆင့် ၉ ပဲ ရှိတာကို ဘယ်လိုလုပ်ပြီး ဒီလောက်အထိ အားကောင်းနေရတာလဲ”
ပိုင်ရွှီမှာ ထိတ်လန့်တုန်လှုပ်သွားပြီး ပြတ်ထွက်သွားသော လက်မှတစ်ဆင့် သူ့လက်မောင်းထဲသို့ စီးဝင်လာသော ကြောက်မက်ဖွယ် စွမ်းအားကို ခံစားလိုက်ရသည်။ ချက်ချင်းပင် လက်မောင်းအင်္ကျီစမှာ ပြဲသွားပြီး သွေးများ စိုရွှဲသွားကာ ခြေထောက်များမှာလည်း ထိုစွမ်းအားကို မခံနိုင်ဘဲ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားတော့သည်။
“အား... ငါ့လက်”
“ငါသာ ပေါ့ဆမသွားရင် မင်း ငါ့ကို ဒီလိုလုပ်နိုင်မှာ မဟုတ်ဘူး”
ပိုင်ရွှီက ဟိန်းဟောက်လိုက်ပြီး ခန္ဓာကိုယ်ကို အပေါ်သို့ မြှောက်ကာ ဘယ်ဘက်လက်ထဲမှ ချန်ခွန်းလက်စွပ်ကို အသုံးပြု၍ အနိမ့်စား ရတနာအဆင့် ဓားပျံတစ်လက်ကို ထုတ်ပြီး ထန်ယွင်ကို လျှပ်စီးအလား ပိုင်းချလိုက်သည်။
ရုတ်တရက် ထန်ယွင်၏ မျက်ခုံးနှစ်ခုကြားမှ နီရဲသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထန်ယွင်က ဟုန်မန် နတ်ဘုရားဓား ဟော့ဝူကို ဆုပ်ကိုင်ကာ နီရဲသော ဓားအလင်းတန်းဖြင့် ပြန်လည် ပိုင်းချလိုက်တော့သည်။
“ဒါ... ဒါက ဘာဓားလဲ”
ပိုင်ရွှီ၏ ထိတ်လန့်တကြား အော်ဟစ်သံ နှင့်အတူ နတ်ဘုရားဓား ဟော့ဝူသည် အနိမ့်စား ရတနာအဆင့် ဓားပျံကို တစ်စစီ ဖြတ်တောက်ပစ်လိုက်ပြီးနောက် နီရဲသော အလင်းတန်းမှာ ပိုင်ရွှီ၏ ဓားကိုင်ထားသော ဘယ်ဘက်လက်မောင်းကိုပါ ပိုင်းဖြတ်ပစ်လိုက်တော့သည်။
နောက်တစ်စက္ကန့်တွင် ထန်ယွင်က ဟော့ဝူကို ပြန်သိမ်းလိုက်ပြီး လျှပ်ခနဲ လှုပ်ရှားကာ ပိုင်ရွှီ၏ လည်ပင်းကို ဘယ်ဘက်လက်ဖြင့် ဖမ်းဆုပ်လိုက်၏။
ပိုင်ရွှီ၏ ကျိုးပဲ့နေသော ဓားတစ်စမှာ မြေပြင်ပေါ်မှ ထန်ယွင်၏ လက်ထဲသို့ ရောက်ရှိလာသည်။ ထန်ယွင်က ထိုဓားပိုင်းစကို ကိုင်ကာ ထက်မြက်သော ဓားသွားဖြင့် ပိုင်ရွှီ၏ နှုတ်ခမ်းကို ဖိထားလိုက်ပြီး...
“ထန်... ထန်ယွင်... မလုပ်ပါနဲ့... မလုပ်ပါနဲ့”
ပိုင်ရွှီ၏ အရင်က မာနများ ပျောက်ကွယ်သွားပြီး မျက်လုံးများမှာ အလွန်အမင်း ကြောက်လန့်နေတော့လေသည်။
အခန်း ၃၆၄ ပြီး