ထန်ယွင်၏ မျက်လုံးများမှာ အေးစက်နေပြီး ပိုင်ရွှီ၏ တောင်းပန်တိုးလျှိုးသံများကို လုံးဝ ဂရုမစိုက်ပေ။
သူက ပိုင်ရွှီ၏ လည်ပင်းကို ဘယ်ဘက်လက်ဖြင့် ညှစ်ထားပြီး ညာဘက်လက်ထဲမှ ကျိုးပဲ့နေသော ဓားဖြင့် ပိုင်ရွှီ၏ နှုတ်ခမ်းကို ထိုးဖောက်လိုက်ရာ သွေးနီရဲရဲများ စီးကျလာတော့သည်။
ထန်ယွင်၏ အကြည့်များမှာ ပို၍ အေးစက်လာပြီး... “မင်း ခုနက မုန့်အာကို ဆဲနေတုန်းက ငါ ပြောခဲ့သားပဲ... နှုတ်ကြောင့်သေ ဆိုတဲ့ အကျိုးဆက်ကို မင်း သိစေရမယ်လို့”
“ထန်ယွင်... ငါ့လျှာကို မဖြတ်ပါနဲ့... ငါ မှားသွားပါတယ်”
ပိုင်ရွှီမှာ အကြီးအကျယ် ထိတ်လန့်သွားတော့သည်။ ထန်ယွင်က ဝူဖေးရှုန်းကို ကျင့်စဉ်တွေ ဖျက်ဆီးပြီး နှိပ်စက်ခဲ့သည့် သတင်းကို သူ သတိရမိသဖြင့် သူ့မျက်လုံးထဲတွင် အလွန်အမင်း ကြောက်လန့်မှုများ ပြည့်နှက်နေ၏။
“ငါ ဂျူနီယာညီမလေး မု ကို မဆဲသင့်ဘူး... တကယ်ပါ... ငါ တကယ် မှားသွားပါတယ်”
ထန်ယွင်၏ မျက်နှာပေါ်တွင် နတ်ဆိုးတစ်ကောင်အလား အပြုံးတစ်ခု ပေါ်လာပြီး... “စကားဆိုတာ ထွေးပြီးသား တံထွေးလိုပဲ... ပြန်မျိုချဖို့ ခက်တယ်”
“ထန်ယွင်” ပိုင်ရွှီ၏ မျက်လုံးများ နီရဲလာပြီး... “မင်းက ဘာလို့ ဒီလောက်ထိ ရက်စက်ရတာလဲ... ငါ သူမကို ဆဲရုံတင် ဆဲခဲ့တာလေ... မင်း ငါ့အပေါ် ဒီလောက်အထိ ယုတ်မာရသလား”
ထန်ယွင်က လှောင်ပြောင်လိုက်ပြီး... “ဟုတ်လား... မင်း ငါ့ကို ဘာတွေ ပြောခဲ့လဲဆိုတာ ပြန်စဉ်းစားကြည့်ဦးလေ”
“ငါသာ မုန့်အာနဲ့ နီးစပ်ဖို့ ကြိုးစားရင် ငါ့ကို လောကကြီးကနေ ထာဝရ ပျောက်ကွယ်သွားအောင် လုပ်မယ်လို့ မင်း ပြောခဲ့တယ် မဟုတ်လား”
“ငါ အတွင်းစည်းကို စဝင်ကာစတုန်းကလည်း မင်းက ငါ့ကို အရှက်ခွဲဖို့နဲ့ သတ်ပစ်ဖို့ ခြိမ်းခြောက်ခဲ့သေးတယ်... ငါက အလုပ်များနေလို့ မင်းဆီကို လာပြီး စာရင်းမရှင်းနိုင်သေးတာ... ဒါပေမဲ့ မင်းက ဒီနေ့ ငါ့ဆီကို ကိုယ်တိုင် လာရှာတယ်ပေါ့... ဟဲဟဲ... ကောင်းတယ်... တကယ်ကို ကောင်းတယ်”
စကားအဆုံးတွင် ထန်ယွင်က ကျိုးပဲ့နေသော ဓားကို ပိုင်ရွှီ၏ ပါးစပ်ထဲသို့ ထိုးသွင်းလိုက်ပြီး လက်ကောက်ဝတ်ကို လှည့်ကာ သူ့သွားများနှင့် လျှာကိုပါ တစ်စစီ ဖြစ်အောင် မွှေနှောက်ဖျက်ဆီးပစ်လိုက်တော့သည်။
“အု... အု...”
ပိုင်ရွှီမှာ နာကျင်လွန်းသဖြင့် ညည်းတွားနေရှာပြီး မျက်ရည်များနှင့် နှာရည်များမှာ ပါးစပ်ထဲသို့ စီးဝင်နေတော့သည်။
ထန်ယွင်က ကျိုးပဲ့နေသော ဓားကို ပိုင်ရွှီ၏ ပါးစပ်ထဲမှ ပြန်ထုတ်ကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး အေးစက်စွာ ပြောလိုက်၏။
“ဒီနေ့ မင်းရဲ့ လျှာ ပျက်စီးသွားရတာက ငါ့မိန်းမကို ဆဲခဲ့လို့ပဲ”
“ဒါပေမဲ့ မင်း ငါ့ကို အရင်က ခြိမ်းခြောက်ခဲ့တဲ့ ကိစ္စတွေကိုတော့ ငါတို့ သေချာ ရှင်းရဦးမယ်”
ထန်ယွင်က ပိုင်ရွှီ၏ လည်ပင်းကို ဘယ်ဘက်လက်ဖြင့် ဆွဲထားပြီး ညာလက်ဖဝါးကို မြှောက်လိုက်ရာ ဝိညာဉ်စွမ်းအား အမြောက်အမြားမှာ သူ့လက်ဖဝါးတွင် စုစည်းလာတော့သည်။ ချက်ချင်းပင် ထန်ယွင်က ထိုလက်ဖဝါးဖြင့် ပိုင်ရွှီ၏ နဖူးကို ရိုက်ချလိုက်သည်။
ပိုင်ရွှီ၏ မျက်လုံးများ ပြူးထွက်လာပြီး မျှော်လင့်ချက်မဲ့စွာ အော်ဟစ်နေတော့သည်။ ထန်ယွင်က သူ့ဝိညာဉ်ကန်ကို ဖျက်ဆီးတော့မည်မှန်း သိလိုက်သောကြောင့်ပင်။
“စိတ်မပူပါနဲ့... မင်းကို သတ်ရင် ငါ့လက်တွေ ညစ်ပတ်ကုန်မှာစိုးလို့ ငါ မင်းကို မသတ်ဘူး”
ထန်ယွင်က ပိုင်ရွှီ၏ နား နားသို့ ကပ်ကာ ကျိန်စာတိုက်သကဲ့သို့ ပြောလိုက်သည်။
“မင်းကို ဘယ်သူမှ မသိအောင် သတ်ပစ်နိုင်တဲ့ နည်းလမ်းတွေ ငါ့မှာ အများကြီး ရှိတယ်... ဒါပေမဲ့ ငါ အဲ့ဒီလို မလုပ်ဘူး”
“မုန့်အာက ငါ့မိန်းမပဲ... မင်းက သူမအပေါ် ယုတ်မာတဲ့ စိတ်ရှိခဲ့သလို ငါ့ကိုလည်း သတ်ဖို့ ကြိုးစားခဲ့တယ်... ဒါကြောင့် မင်း အိုပြီး မသေမချင်း ဒီဒဏ်ရာတွေနဲ့ ဖြည်းဖြည်းချင်း ခံစားသွားရမယ်”
“ဒါနဲ့... ဟိုဘက်မှာ ချောက်ကမ်းပါး တစ်ခု ရှိတယ်... တကယ်လို့ မင်းက ဒီလို ဒုက္ခိတဘဝနဲ့ မနေချင်ဘူးဆိုရင်တော့ အဲ့ဒီချောက်ထဲ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ပေါ့... အဲ့ဒါဆိုရင်တော့ မင်း ခံစားနေရတာတွေ ပြီးဆုံးသွားမှာပါ”
ပြောပြီးသည်နှင့် ထန်ယွင်က ပိုင်ရွှီ၏ နဖူးကို ညာလက်ဖြင့် ဖိချလိုက်ရာ လက်ဖဝါးအတွင်းရှိ ဝိညာဉ်စွမ်းအားများမှာ ပိုင်ရွှီ၏ ဝိညာဉ်ကန်အတွင်းသို့ ဒလဟော စီးဝင်သွားတော့သည်။
ပိုင်ရွှီ ခေတ္တမျှ ရုန်းကန်ပြီးနောက်တွင်မူ သူ့ဝိညာဉ်ကန်မှာ ပျက်စီးသွားပြီး ကြက်တစ်ကောင်ကိုပင် မဖမ်းနိုင်သော ဒုက္ခိတဘဝသို့ ရောက်ရှိသွားတော့သည်။
“ဒုက္ခတွေကြားမှာပဲ အိုပြီး သေမလား၊ ကိုယ့်ဘဝကို ကိုယ်ပဲ အဆုံးစီရင်မလား ဆိုတာကတော့ မင်းရဲ့ ရွေးချယ်မှုပဲ”
ထန်ယွင်က ပိုင်ရွှီကို လွှတ်ပေးလိုက်ပြီး...
“သွားတော့”
ပိုင်ရွှီ၏ ဝိညာဉ်ကန် ပျက်စီးသွားသည် နှင့်အမျှ အသက် ၂၀ ကျော်ပုံစံ ရှိသော သူ့မျက်နှာမှာ အသက် ၄၀ ကျော် လူလတ်ပိုင်းတစ်ဦးအသွင်သို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။
သူက ထန်ယွင်ကို အလွန်မုန်းတီးသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ၎င်းမှာ ကျိန်စာတိုက်နေသကဲ့သို့ပင်။
စကားမပြောနိုင်တော့သော ပိုင်ရွှီက မျက်လုံးများဖြင့်... 'မင်းကို ငါ ကျိန်စာတိုက်တယ်' ဟု ပြောနေသကဲ့သို့ပင်။
ပိုင်ရွှီက သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး တောင်စောင်းရှိ ချောက်ကမ်းပါးဆီသို့ ယိုင်တိုင်တိုင် လျှောက်သွားတော့သည်။ တစ်ချိန်က ပါရမီရှင်တစ်ဦးအဖြစ် ဂုဏ်ယူခဲ့သမျှမှာ ပျောက်ကွယ်သွားလေပြီ ဖြစ်ရာ ဤကဲ့သို့သော ထိုးနှက်ချက်ကို မခံနိုင်တော့ပေ။
ချောက်ကမ်းပါးအစွန်းသို့ ရောက်သောအခါ သူသည် အောက်သို့ ခြေလှမ်းချလိုက်တော့၏။
ကြောက်စိတ်ကြောင့် သေဆုံးသွားသည်လား သို့မဟုတ် သူ၏ နောက်ဆုံးမာနအတွက် ဒုတိယနည်းလမ်းကို ရွေးချယ်ခဲ့သည်လား ဆိုသည်မှာတော့ သူကိုယ်တိုင်သာ သိပေလိမ့်မည်...။
“ယောက်ဖက တကယ်ကို တော်တာပဲ”
ရွှယ်ဇီယန်က ထန်ယွင်၏ အနားသို့ ပျော်ရွှင်စွာ ရောက်လာပြီး...
“သူက သေသင့်တာ ကြာပါပြီ... တကယ်တော့ ရှင် မသိသေးတာ တစ်ခုရှိတယ်... အစ်မမု သားရဲဝိညာဉ်အဖွဲ့မှာ ရှိနေတုန်းက သူက အစ်မမုကို အမြဲတမ်း နှောင့်ယှက်ပြီး ယုတ်မာဖို့ ကြိုးစားခဲ့တာ”
ထိုစကားကို ကြားရသည့်အခါ ထန်ယွင်က မုမုန့်ဂျီကို ကြည့်ကာ...
“မင်း ဘာလို့ ငါ့ကို စောစော မပြောခဲ့တာလဲ... မဟုတ်ရင် အဲ့ဒီခွေးမသားကို ငါ ဒီလောက် လွယ်လွယ်နဲ့ အသေခံမှာ မဟုတ်ဘူး”
“ကဲပါ... ဒေါသမထွက်ပါနဲ့တော့”
မုမုန့်ဂျီက ထန်ယွင်၏ အနားသို့ တိုးလာပြီး ရှုပ်ပွနေသော ဝတ်ရုံကို သေချာ ပြန်ပြင်ပေးရင်း တိုးညှင်းစွာ ပြောလိုက်၏။
“ရှင် ဘယ်အချိန်ကစပြီး ဒီလောက်အထိ အစွမ်းထက်သွားမှန်း ကျွန်မ မသိခဲ့ဘူးလေ... ရှင် သူ့ကို သွားပြီး ကလဲ့စားချေရင်း ဒဏ်ရာရမှာ စိုးလို့ မပြောခဲ့တာပါ”
ထန်ယွင်က မုမုန့်ဂျီအား သူ့ရင်ခွင်ထဲ သာသာယာယာ ပွေ့ဖက်လိုက်ပြီး လေးနက်စွာ ပြောလိုက်၏။
“မှတ်ထားပါ... နောက်ဆိုရင် ဘယ်သူမဆို မင်းအပေါ် မကောင်းကြံဖို့ ကြိုးစားရင် ငါ့ကို သေချာပေါက် ပြောပြရမယ်”
“ဟုတ်ကဲ့ပါ”
မုမုန့်ဂျီ၏ နှုတ်ခမ်းဖူးလေးတွင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လာတော့သည်။
“သူကတော့ ခံရတာ တန်တာပဲ... ဒီကောင်က ကြည့်ကတည်းက လူကောင်း မဟုတ်ဘူး”
တာနျူက ဆဲဆိုရင်း မြေပြင်ပေါ်က သွေးကွက်များကို အမြန် သန့်ရှင်းရေး လုပ်လိုက်သည်။
“ယောက်ဖ”
ရွှယ်ဇီယန်က စိုးရိမ်တကြီး ပြောလိုက်၏။
“အစ်မမု ပြောတာတော့ ရှင်က သားရဲဝိညာဉ်ပိုင်ရှင်ရဲ့ သားကို ကျင့်စဉ်တွေ ဖျက်ဆီးခဲ့တယ်ဆို... အခုလည်း သူ့ရဲ့ တပည့်ကြီး သေသွားပြီဆိုတော့ သူ ရှင့်ကို ကလဲ့စားချေမှာကိုတော့ ကျွန်မ အရမ်း စိုးရိမ်တယ်”
“ရန်သူလာရင် တိုက်မယ်၊ ရေလာရင် ပိတ်မယ်ပေါ့... ဝူဟုန်က ကစားချင်သေးတယ်ဆိုရင်လည်း ငါက အဆုံးထိ လိုက်ပေးမှာပဲ”
ထန်ယွင်၏ သတ်ဖြတ်လိုစိတ်များမှာ ပို၍ ပြင်းထန်လာပြီး...
“ပြီးတော့ သူနဲ့ ငါက မဟာရန်သူတွေ ဖြစ်နေပြီပဲ... သူက ငါ့ကို မသတ်ရင်တောင် ငါက သူ့ကို သတ်မှာပဲ”
သားရဲဝိညာဉ်ပိုင်ရှင်က ဝမ်ယွဲ့မြို့ရှိ သူ့မိသားစုတစ်ခုလုံးကို သတ်ဖြတ်ရန် လူလွှတ်ခဲ့သည်ကို ထန်ယွင် တွေးမိတိုင်း အလွန် မုန်းတီးမိသည်။
“ယောက်ဖ... ရှင့်ရဲ့ ဒီလို စရိုက်မျိုးကို ကျွန်မ တကယ် သဘောကျတာပဲ... တကယ့်ကို ယောက်ျားပီသတယ်”
ရွှယ်ဇီယန်က ထန်ယွင်၏ ပုခုံးကို ပုတ်ကာ ပြောလိုက်ပြီးမှ မကျေမနပ်ဖြစ်ဟန်ဖြင့်...
“ဒါနဲ့ ယောက်ဖကလည်း တကယ်ပဲ... ရှင့်ရဲ့ နေရပ်ကို ပြန်တာတောင် ညီမကို ခေါ်ပြီး လည်ပတ်ဖို့ မပြောဘူးနော်”
“လည်ပတ်ဖို့ ဟုတ်လား”
ထန်ယွင်က ပြုံးလိုက်ပြီး...
“နောက်တစ်ခါ အိမ်ပြန်ရင် ညီမကို ခေါ်သွားပေးမယ်လေ ဘယ်လိုလဲ”
“ဟုတ်ပြီ ကတိပေးပြီးသားနော်... ကတိဖျက်တဲ့သူက ခွေးလေးပဲ”
ရွှယ်ဇီယန်က ပြုံးလျက် ဆိုသည်။
“ငါတော့ ညီမကို တကယ် မတတ်နိုင်တော့ဘူး”
ထန်ယွင်က ခေါင်းယမ်းလိုက်ပြီး ရွှယ်ဇီယန်ကို အံ့သြစွာ ကြည့်ကာ...
“ဟင်... ငါ သတိမထားမိလိုက်ဘူး... ညီမက အခု ဝိညာဉ်သန္ဓေ ပြည့်စုံခြင်းအဆင့်ကို ရောက်နေပြီပဲ”
“ဒါပေါ့... ညီမက ဘယ်သူလဲဆိုတာ ကြည့်ဦးလေ”
ရွှယ်ဇီယန်က ဂုဏ်ယူစွာ ပြောလိုက်၏။
“ယောက်ဖ... ညီမ အတွင်းစည်းကို ဝင်ကတည်းက အမြဲတမ်း တံခါးပိတ် ကျင့်ကြံနေတာလေ... ပြီးတော့ ရှင်ပေးထားတဲ့ ကျင့်စဉ်ကလည်း...”
“ရှူး”
ထန်ယွင်က ရွှယ်ဇီယန်ကို လူပုံအလယ်တွင် ကျင့်စဉ်အကြောင်း မပြောရန် အချက်ပြလိုက်သည်။
ရွှယ်ဇီယန်က သဘောပေါက်သွားပြီး စကားလမ်းကြောင်း လွှဲလိုက်ကာ...
“ဘာပဲဖြစ်ဖြစ် ယောက်ဖ... ညီမရဲ့ အစွမ်းက အနည်းဆုံးတော့ ချန်လုံစာရင်းရဲ့ ထိပ်တန်း ၁၀ယောက်ထဲကို ဝင်နိုင်မယ်လို့ ခံစားရတယ်”
“ကောင်းတယ်... ဆက်ကြိုးစားပါဦး”
ထန်ယွင်က အားပေးလိုက်ပြီးမှ...
“ဒါနဲ့ မနက်ဖြန် တောင်စဉ် ၉ ခု ပြိုင်ပွဲ ကျင်းပတော့မှာကို ညီမက ဘာလို့ ဝိညာဉ်ငါးပါးအဖွဲ့ကို ပြန်မသွားသေးတာလဲ”
“ဘာလို့ ပြန်ရမှာလဲ... မပြန်ဘူး မနက်ဖြန် ယောက်ဖနဲ့အတူ ဖန်လုံတောင်ကို သွားပြီး ပြိုင်ပွဲဝင်မှာ”
ရွှယ်ဇီယန်က စိတ်ဆိုးမာန်ဆိုး ပြောလိုက်ပြီး သူမဘာသာ တစ်စုံတစ်ခုကို စဉ်းစားရင်း ဘေးသို့ ထွက်သွားတော့သည်။
“မုန့်အာ... ဒီကောင်မလေး ဘာဖြစ်နေတာလဲ”
ထန်ယွင်က အံ့သြစွာ မေးလိုက်၏။
“အော်... ဒါက ဇီယန်ရဲ့ အလှအပကြောင့်ပါပဲ”
မုမုန့်ဂျီက သက်ပြင်းချလိုက်ပြီး...
“ထန်ယွင်... ဝိညာဉ်ငါးပါးပိုင်ရှင်ရဲ့ မြေးဖြစ်သူ တန်ယင်က ဇီယန်ကို သဘောကျနေပြီး အမြဲတမ်း လိုက်နှောင့်ယှက်နေတာ... ငါ အဲ့ဒီလူကို တွေ့ဖူးတယ်... ရုပ်ရည်ကတော့ ချောမောပြီး အကျင့်စာရိတ္တလည်း ကောင်းတယ်လို့ ကြားပေမဲ့ ဇီယန်က သူ့ကို မကြိုက်ဘူးလေ”
“မကြိုက်ရင်လည်း မကြိုက်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်ပေါ့... အဲ့ဒါက ဘာခက်တာမှတ်လို့”
ထန်ယွင်က ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး...
“တကယ်လို့ အဲ့ဒီလူက အတင်းအကျပ် လာလုပ်နေတယ်ဆိုရင် ဇီယန်... ယောက်ဖကို ပြောပြ... ယောက်ဖ သူ့ကို ဆုံးမပေးမယ်”
မုမုန့်ဂျီက မလှမ်းမကမ်းတွင် ရှိနေသော ရွှယ်ဇီယန်ကို လှမ်းကြည့်လိုက်ပြီး ထန်ယွင်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်၏။
“ကျွန်မ ထင်တာတော့... ဒီကောင်မလေးက ရှင့်ကို သဘောကျနေတာထင်တယ်”
“ဖူး”
ထန်ယွင်က ရယ်မောလိုက်ပြီး...
“နောက်မနေနဲ့... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“ဒါပေါ့... မဖြစ်နိုင်ဘူး ကျွန်မ ရှင့်ကို မကြိုက်ဘူး”
ရွှယ်ဇီယန်က မုမုန့်ဂျီ ပြောသည်ကို ကြားလိုက်ရသည်မှာ သေချာသည်။ သူမက လှည့်ကြည့်ကာ နှုတ်ခမ်းလေးကို ဆူလိုက်ပြီး...
“စီနီယာအစ်မမု... အစ်မက ဒီလိုမျိုး လျှောက်ပြောနေဦးမယ်ဆိုရင် ကျွန်မ တကယ် စိတ်ဆိုးမှာနော်”
“ကဲပါ... ငါ နောက်ဆို မပြောတော့ဘူး ဟုတ်ပြီလား”
မုမုန့်ဂျီက မျက်လုံးလေး ကစားလိုက်သည်။
“ဝှစ်”
ထိုအချိန်တွင် ရှန်ချင်းဖုန်းက ဓားပျံကို စီးနင်းကာ လင်းရှန်း ဆေးဥယျာဉ်၏ အပေါ်သို့ ရောက်ရှိလာပြီး ထန်ယွင်ကို ငုံ့ကြည့်လျက် ပြုံးကာ ဆူလိုက်၏။
“ဒီကောင်စုတ်လေး... မင်း နေရပ်ကို ပြန်ပြီး ဆွေမျိုးတွေဆီ လည်ပတ်တာ လဝက်တောင် ကြာသွားတယ်နော်... ငါတော့ မင်းကို မျှော်နေရတာ အမောပဲ”
ထန်ယွင်က ရှန်ချင်ဖုန်းကို ကြည့်ကာ လက်သီးဆုပ် ဂါရဝပြုလိုက်ပြီး...
“တပည့် တတိယအကြီးအကဲ ကို နှုတ်ဆက်ပါတယ်... အကြီးအကဲမှာ တပည့်အတွက် ဘာညွှန်ကြားချက်များ ရှိလို့ပါလဲ”
ထန်ယွင်က တတိယအကြီးအကဲ ဖန်ရှီယွမ်ကို လျှို့ဝှက် သတ်ဖြတ်ပြီးနောက် ရှန်ချင်းဖုန်းအား ထန်ရှင်းရင်က ဖန်ရှီယွမ်၏ တပည့်များကို အုပ်ချုပ်ရန် တတိယအကြီးအကဲ အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
“စကားတွေ အများကြီး မပြောနဲ့တော့... အဖွဲ့ခေါင်းဆောင်က မင်းကို တွေ့ချင်နေတယ်... ငါနဲ့ လိုက်ခဲ့တော့”
အခန်း ၃၆၅ ပြီး