ထိုစကားကို ကြားရသည့်အခါ ထန်ယွင်က မုမုန့်ဂျီနှင့် ရွှယ်ဇီယန်အား လင်းရှန်း ဆေးဥယျာဉ်တွင် စောင့်နေရန် မှာကြားခဲ့ပြီး ရှန်ချင်းဖုန်း၏ ဓားပျံပေါ်သို့ ခုန်တက်လိုက်သည်။
ရှန်ချင်းဖုန်းက ထန်ယွင်ကို တင်ဆောင်ကာ ပင်းချင်းနတ်ဘုရားတောင်ဆီသို့ ပျံသန်းသွားတော့သည်။
“တတိယအကြီးအကဲ... ဂိုဏ်းခွဲခေါင်းဆောင်က တပည့်ကို ဘာလို့ တွေ့ချင်ရတာလဲဆိုတာ သိပါသလား”
ထန်ယွင်က မေးလိုက်၏။
ရှန်ချင်းဖုန်းက ဓားပျံကို မောင်းနှင်နေရင်း နောက်သို့ လှည့်မကြည့်ဘဲ... “ရောက်ရင် သိမှာပေါ့”
“ဒါနဲ့ သခင်မလေးက မင်း ထာဝရနတ်ဘုရားဂိုဏ်းမှာ ဆေးလုံးဖော်စပ်တဲ့ ပြိုင်ပွဲအကြောင်း ငါ့ကို ပြောပြတယ်... ဟင်း... မင်းက သန့်စင်အဆင့် ဆေးပညာရှင်ကြီး ဖြစ်နေလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး... ငါတော့ တကယ်ကို အိုသွားပြီ ထင်တယ်၊ ငါ့ရဲ့ ဆေးဖော်စပ်တဲ့ အစွမ်းက မင်းနဲ့ယှဉ်ရင် အဝေးကြီးမှာ ကျန်နေခဲ့ပြီ”
...
နာရီဝက်ကျော်အကြာတွင် ရှန်ချင်းဖုန်းက ထန်ယွင်ကို ပင်းချင်းနတ်ဘုရားတောင်ပေါ်သို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ဓားပျံကို သိမ်းဆည်းကာ ထန်ယွင်နှင့်အတူ ပင်းချင်းနန်းတော်ထဲသို့ ဝင်လာခဲ့သည်။
ထန်ယွင်က ခန်းမထဲသို့ ဝင်လိုက်ပြီး ထိုင်နေကြသော ရှန်စုပင်း၊ ရှန်ဝမ်တယ်နှင့် ရှန်ချင်းချိုးတို့ကို အရိုအသေပေးကာ...
“တပည့် ဂိုဏ်းခွဲခေါင်းဆောင်၊ ဆဌမအကြီးအကဲနဲ့ အဘိုးရှန်တို့ကို နှုတ်ဆက်ပါတယ်”
နှုတ်ဆက်ပြီးနောက် ထန်ယွင်က သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ စိမ်းရောင်ဆေးလုံး ၃ လုံး ထွက်ပေါ်လာပြီး တစ်လုံးကို ရှန်ဝမ်တယ်ထံသို့ ရိုသေစွာ ကမ်းပေးလိုက်၏။
“ဆဌမအကြီးအကဲ... ဒါက တပည့် ဂါရဝပြုတဲ့အနေနဲ့ ပေးတဲ့ ရုပ်ရည်ထိန်းသိမ်းခြင်း နတ်ဆေးလုံးပါ”
“ဟားဟားဟား... ကောင်းတယ် ကောင်းတယ်”
ရှန်ဝမ်တယ်က ပြုံးလျက် ဆေးလုံးကို ယူလိုက်ပြီး...
“ငါကတော့ ဒါကို မလိုပေမဲ့ မင်းရဲ့ စေတနာကိုတော့ လက်ခံလိုက်ပါ့မယ်”
ထို့နောက် ထန်ယွင်က ရှန်ချင်းဖုန်းနှင့် ရှန်ချင်းချိုးတို့ကိုလည်း တစ်လုံးစီ ပေးလိုက်ရာ အဘိုးကြီး ၂ယောက်မှာ ဝမ်းသာအားရ လက်ခံလိုက်ကြသည်။ ဆေးလုံးများ ပေးပြီးနောက် ထန်ယွင်၏ ချန်ခွန်းလက်စွပ်ထဲတွင် တစ်လုံး ကျန်ရှိနေသေး၏။
ထိုအချိန်တွင် ရှန်စုပင်းက ထန်ယွင်ကို ကြည့်ကာ...
“ဒီနေ့ မင်းကို ဒီခေါ်လိုက်တာက ကိစ္စတချို့ မေးဖို့နဲ့ မှာကြားစရာတွေ ရှိလို့ပါ”
“ထန်ယွင်... အရင်ဆုံး ပြောစမ်း... ဝူဖေးရှုန်းကို ကျင့်စဉ်တွေ ဖျက်ဆီးခဲ့တဲ့ ကိစ္စက ဘယ်လိုဖြစ်တာလဲ”
ရှန်စုပင်းက မေးလိုက်၏။
ထန်ယွင်၏ မျက်နှာမှာ ချက်ချင်းပင် အုံ့မှိုင်းသွားပြီး...
“ဂိုဏ်းခွဲခေါင်းဆောင်ကို တင်ပြပါရစေ... ဝူဟုန်က သူ့သား ဝူဖေးရှုန်းကို အိပ်မက်ဆေးလုံး ပေးပြီး မုန့်ဂျီကို ယုတ်မာခိုင်းခဲ့တာပါ... ကံကောင်းလို့ တပည့် အချိန်မီ ရောက်သွားခဲ့လို့သာပေါ့... မဟုတ်ရင် မုန့်ဂျီကတော့ သူ့လက်ထဲမှာ ဘဝပျက်သွားလောက်ပါပြီ”
“မုန့်ဂျီက တပည့်ရဲ့ စေ့စပ်ထားတဲ့ ဇနီးလောင်းပါ... ဂိုဏ်းစည်းမျဉ်းတွေသာ မရှိရင် တပည့် သူ့ကို သတ်ပစ်လိုက်တာ ကြာပါပြီ... သူ့ကို အသက်တစ်ချောင်းတောင် ချန်ထားမှာ မဟုတ်ဘူး”
ရှန်စုပင်း စကားမပြောမီမှာပင် ရှန်ချင်းချိုးက ဒေါသတကြီး ထရပ်လိုက်ပြီး...
“ဝူဟုန်... ဒီတိရစ္ဆာန်ထက် ယုတ်ညံ့တဲ့ကောင် ငါ့မြေးကို ဒီလိုမျိုး လုပ်ရဲတယ်ပေါ့... ငါ တကယ်ကို ဒေါသထွက်တယ်”
မုမုန့်ဂျီက ရှန်ချင်းချိုးကို အဘိုးအဖြစ် အသိအမှတ်ပြုထားရာ ရှန်ချင်းချိုးအနေဖြင့် ဤသို့ ဒေါသထွက်ခြင်းမှာ မဆန်းပေ။
“ဟုတ်တယ်... ဒီသားအဖက တကယ်ကို လူကောင်းတွေ မဟုတ်ဘူး ထန်ယွင်... မင်း လုပ်တာ မှန်တယ်”
ရှန်ချင်းဖုန်းကလည်း မခံမရပ်နိုင်ဖြစ်စွာ ပြောလိုက်၏။ ရှန်ဝမ်တယ်နှင့် ရှန်စုပင်းတို့လည်း ဒေါသထွက်နေကြသည်။
ထိုအချိန်တွင် ရှန်ချင်းချိုးက ရှန်စုပင်းကို ကြည့်ကာ ဦးညွှတ်ပြီး...
“သခင်မလေး... ကျွန်တော့်မြေးကို သားရဲဝိညာဉ်အဖွဲ့ကနေ ခွဲထုတ်ပြီး ဆေးအဖွဲ့ထဲကို ခေါ်ယူနိုင်မယ့် နည်းလမ်းတစ်ခုလောက် စဉ်းစားပေးလို့ ရမလား”
ရှန်စုပင်းက မျက်မှောင်ကြုတ်ကာ...
“ချင်းချိုး... ငါလည်း မင်းကို ကူညီချင်ပါတယ်... ဒါပေမဲ့ နှစ်ပေါင်း ထောင်နဲ့ချီတဲ့ ဂိုဏ်းရဲ့ ထုံးစံအရ တောင်စဉ် ၉ ခုဟာ သီးခြားစီ ရှိနေပြီး အဖွဲ့တစ်ခုစီမှာ ကိုယ်ပိုင် စည်းမျဉ်းတွေ ရှိကြတယ်... အဖွဲ့ကနေ ထွက်သွားရင် ကွပ်မျက်ခြင်း ခံရမှာလေ... ပြီးတော့ မုမုန့်ဂျီက ဝူဟုန်ရဲ့ တပည့်ရင်းလည်း ဖြစ်နေသေးတာ”
ရှန်ချင်းချိုးက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် နောက်ထပ် သူ့စကားကြောင့် ရှန်စုပင်း၊ ရှန်ချင်းဖုန်းနှင့် ရှန်ဝမ်တယ်တို့၏ မျက်နှာမှာ ရုတ်တရက် အံ့ဩသွားတော့သည်။
“သခင်မလေး... ကျွန်တော့်မြေးရဲ့ အစစ်အမှန် အဆင့်အတန်းကို ကျွန်တော် တစ်ခါမှ မပြောခဲ့ဖူးဘူး”
ရှန်ချင်းချိုးက သက်ပြင်းချကာ...
“မုန့်ဂျီက မုဖုန်း နတ်ဘုရားမင်းဆက်ရဲ့ မင်းသမီးပါ... မုဖုန်းမင်းဆက် ပျက်စီးသွားပြီးတဲ့နောက်မှာ သူမက ၅ နှစ်တိုင်တိုင် ထွက်ပြေးခဲ့ရပြီး ဂိုဏ်းတံခါးဝကို ရောက်လာချိန်မှာ ကျွန်တော်က လက်ခံခဲ့တာပါ”
“ဘာ”
ရှန်စုပင်း၏ လှပသော မျက်လုံးများ ပြူးကျယ်သွားပြီး...
“ချင်းချိုး... ဒါ တကယ်ပဲလား”
“အစစ်အမှန်ပါပဲ”
ရှန်ချင်ချိုးက အတည်ပြုလိုက်သည်။
“သခင်မလေး... ပုရွက်ဆိတ်တောင် သေရင် ခြေလက် မငြိမ်ဘူး ဆိုသလိုပေါ့... မုဖုန်းမင်းဆက်ကို ထန်ယုံစိန့်က တစ်ကြိမ်တည်းနဲ့ အမြစ်ပြတ်အောင် မလုပ်နိုင်ခဲ့ဘူးလို့ ကျွန်တော် ယုံကြည်တယ်... အခုချိန်မှာ မုဖုန်းမင်းဆက်က အစွမ်းထက်သူတွေ မုန့်ဂျီကို လိုက်ရှာနေကြတာလည်း ဖြစ်နိုင်တယ်”
“သခင်မလေး... မုန့်ဂျီကို သားရဲဝိညာဉ်အဖွဲ့မှာ ဆက်မနေစေဘဲ ကျွန်တော်တို့ဆီမှာ ကာကွယ်ထားနိုင်မယ့် နည်းလမ်းတစ်ခု စဉ်းစားပေးပါဦး”
စကားအဆုံးတွင် ရှန်ချင်ချိုးက ထန်ယွင်ကို ကြည့်ကာ ဆက်ပြောလိုက်သည်။
“သခင်မလေး... ဒီမှာ သူစိမ်းတွေ မရှိတဲ့အတွက် ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ... မိဘကို သတ်ပြီး မိသားစုကို ဖျက်ဆီးခဲ့တဲ့ အာဃာတကတော့ တစ်နေ့မှာ သူမ ကလဲ့စား ချေမှာပါ”
“ကျွန်တော် မျှော်လင့်တာကတော့ သူမ မကြီးပြင်းခင်မှာ ဘာဒုက္ခမှ မရောက်အောင် ကာကွယ်ပေးချင်ရုံတင်ပါ... ဒါကြောင့် သူမကို သားရဲဝိညာဉ်အဖွဲ့မှာ ဆက်မထားသင့်တော့ဘူး”
ထိုစကားကို ကြားရသည့်အခါ ရှန်စုပင်းက လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး...
“မှန်ပါတယ်... မုန့်ဂျီရဲ့ အဆင့်အတန်းက မတူညီတဲ့အတွက် သူမကို သေချာ ကာကွယ်ပေးဖို့ လိုအပ်တယ်”
ရှန်စုပင်းက ထန်ယွင်ကို ကြည့်ကာ...
“မင်းက သူမရဲ့ စေ့စပ်ထားသူဖြစ်သလို ဂိုဏ်းချုပ်ရဲ့ မျက်နှာသာပေးမှုကိုလည်း ရထားတာပဲ... မနက်ဖြန် တောင်စဉ် ၉ ခု ပြိုင်ပွဲကို ကြည့်ဖို့ ဂိုဏ်းချုပ် အတွင်းစည်းကို လာတဲ့အခါ မင်း ကြိုးစားပြီး ပြောကြည့်ပါလား... မုမုန့်ဂျီကို ဆေးအဖွဲ့ဆီကို ပြောင်းရွှေ့ပေးဖို့ ဂိုဏ်းချုပ်ကို အမိန့်ထုတ်ခိုင်းကြည့်ပါ”
“ထန်ယွင်... မင်း နားလည်ထားရမှာက ဒါကလွဲလို့ တခြား နည်းလမ်းမရှိဘူး ဆိုတာပဲ”
“တပည့် နားလည်ပါတယ်... မနက်ဖြန်ကျရင် ဂိုဏ်းချုပ်ကို တပည့် ပြောပါ့မယ်”
ထန်ယွင်က ပြန်ဖြေလိုက်ပြီးနောက် ရှန်စုပင်းကို ကြည့်ကာ ဦးညွှတ်လိုက်သည်။
“ဂိုဏ်းခွဲခေါင်းဆောင်... တပည့်မှာ မသင့်တော်တဲ့ တောင်းဆိုချက်တစ်ခု ရှိပါတယ်... ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ”
“ပြောပါ”
ထန်ယွင်က စဉ်းစားကာ...
“ဂိုဏ်းခွဲခေါင်းဆောင်... ဟောင်ဖူနတ်ဘုရားဂိုဏ်းမှာ လူပေါင်းစုံ ရှိနေတာမို့ မုန့်ဂျီရဲ့ အဆင့်အတန်းကို အဘိုးရှန်၊ တတိယအကြီးအကဲနဲ့ ဆဌမအကြီးအကဲတို့က လျှို့ဝှက်ထားပေးဖို့ တောင်းဆိုချင်ပါတယ်”
ရှန်စုပင်း၊ ရှန်ဝမ်တယ်၊ ရှန်ချင်းဖုန်းနှင့် ရှန်ချင်းချိုးတို့ အားလုံးက သဘောတူလိုက်ကြသည်။
ထိုကိစ္စကို ဆုံးဖြတ်ပြီးနောက် ရှန်စုပင်းက ထန်ယွင်ကို ကြည့်ကာ...
“ဒီနေ့ မင်းကို ခေါ်လိုက်ရတဲ့ နောက်ထပ် ရည်ရွယ်ချက်တစ်ခုကတော့ ချန်လုံစာရင်းမှာ ပထမရဖို့ မင်း ဘယ်လောက်အထိ အခွင့်အရေး ရှိသလဲဆိုတာကို မေးချင်လို့ပါ”
ရှန်စုပင်း၏ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသော အကြည့်ကို မြင်လိုက်ရသောအခါ သူမသည် သူမ၏ အဖေကို ဆုံးရှုံးလိုက်ရသည်မှာ မကြာသေးမှန်း ထန်ယွင် သတိရမိသဖြင့်...
“ဂိုဏ်းခွဲခေါင်းဆောင် စိတ်ချပါ... တပည့် သေချာပေါက် ပထမရအောင် ယူပြပါ့မယ်... ဘာမှ အမှားအယွင်း မရှိစေရဘူး”
“အင်း...”
ရှန်စုပင်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး...
“ဒီစကားကိုပဲ ငါ ကြားချင်တာပါ”
“ထန်ယွင်... ချန်လုံစာရင်း ပြိုင်ပွဲက အင်မတန် အရေးကြီးတယ်”
“အခု ငါတို့ဂိုဏ်းက ထာဝရနယ်မြေထဲ ဝင်ရောက်ဖို့ နေရာ ၁၀၀၀ ရထားတယ်... အဲ့ဒီအထဲမှာ တောင်စဉ် ၉ ခုလုံးက အဖွဲ့တစ်ခုစီကို ၅၀ စီ ပေးထားပြီး ကျန်တဲ့ ၅၅၀ ကိုတော့ ဒီတောင်စဉ် ၉ ခု ပြိုင်ပွဲကတစ်ဆင့် ရယူရမှာ ဖြစ်တယ်”
“စာရင်းရဲ့ ထိပ်ဆုံးမှာ ရောက်တဲ့သူရဲ့ အဖွဲ့ဟာ နေရာ ၂၀၀ ထပ်တိုး ရရှိမှာ ဖြစ်တယ်”
“ဒုတိယ ရတဲ့သူရဲ့ အဖွဲ့ကတော့ ၁၀၀”
“တတိယက ၈၀၊ စတုတ္ထက ၆၀”
“ပဥ္စမက ၅၀၊ ဆဋ္ဌမက ၃၀”
“သတ္တမက ၂၀၊ အဋ္ဌမက ၁၀”
ရှန်စုပင်းက မျှော်လင့်ချက်များဖြင့် ထန်ယွင်ကို ကြည့်ကာ...
“ငါတို့ ဆေးအဖွဲ့မှာ ထိပ်တန်း ၈ ယောက်စာရင်းထဲ ဝင်နိုင်တဲ့ တပည့် မရှိခဲ့တာ အတော်လေး ကြာနေပြီ”
“ဒါကြောင့် ငါက မင်းအပေါ်မှာပဲ မျှော်လင့်ချက် အားလုံး ပုံအောထားတာ... ငါ့ကို စိတ်ပျက်အောင် မလုပ်ပါနဲ့”
“တပည့် နာခံပါ့မယ်”
ထန်ယွင်က ပြန်ဖြေလိုက်ပြီးမှ တစ်စုံတစ်ခုကို ပြောရန် တွန့်ဆုတ်နေဟန် ပြလိုက်၏။
“ပြောစမ်းပါ... ဘာမှ အားမနာနဲ့”
ရှန်စုပင်းက ဆိုသည်။
ထန်ယွင်က လေးနက်စွာ ပြောလိုက်၏။
“ဂိုဏ်းခွဲခေါင်းဆောင်... ထာဝရနယ်မြေထဲမှာ ကျင်းပမယ့် ဒီစမ်းသပ်ပွဲမှာ ကျွန်တော်တို့ဂိုဏ်းက တပည့်တွေက ထာဝရနတ်ဘုရားဂိုဏ်းနဲ့ ဝိညာဉ်နတ်ဘုရားနန်းတော်က တပည့်တွေရဲ့ ကလဲ့စားချေမှုကို ခံရဖို့ များပါတယ်”
“တကယ်လို့ တပည့်က စာရင်းရဲ့ ထိပ်ဆုံးကို ရောက်ခဲ့ရင် ဆေးအဖွဲ့အတွက် နေရာ ၂၀၀ ရမှာ မှန်ပေမဲ့ တပည့် စိုးရိမ်တာက ဆေးအဖွဲ့ဝင် တပည့်တွေ ထာဝရနယ်မြေထဲကို များများ ဝင်လေ ဒဏ်ရာရ သေဆုံးသူတွေ ပိုများလေ ဖြစ်မှာကိုပါ”
ရှန်စုပင်းက အားကိုးရာမဲ့စွာဖြင့်...
“မင်းရဲ့ စိုးရိမ်မှုကို ငါလည်း စဉ်းစားဖူးပါတယ်... ဒါပေမဲ့ လူများများ သွားမှသာ ဆေးအဖွဲ့ တပည့်တွေ ထာဝရနယ်မြေထဲမှာ စုစုစည်းစည်းနဲ့ နေနိုင်မှာဖြစ်ပြီး အသက်ရှင်နိုင်မယ့် အခွင့်အရေး ပိုများမှာပါ”
“ငါ လုပ်တာ မှန်မယ်လို့ မျှော်လင့်ပါတယ်”
ထိုစကားကို ကြားရသည့်အခါ ထန်ယွင်က ဆက်မပြောတော့ပေ။
“ထန်ယွင်... မင်း အခု ပြန်ပြီး အနားယူတော့... မနက်ဖြန်ကျရင် အချိန်မီ လာခဲ့ဖို့ မမေ့နဲ့ဦး... ဂိုဏ်းခွဲခေါင်းဆောင်ကိုယ်တိုင် မင်းကို ခေါ်သွားမယ်”
ရှန်စုပင်း ထပ်ပြောလိုက်သည်မှာ...
“ဒါ့အပြင် ချန်လုံစာရင်းရဲ့ ထိပ်တန်း ၈ ယောက်ထဲ ဝင်နိုင်ရင် ဆုလာဘ်တွေလည်း ရှိမယ်”
“ဆုလာဘ်နဲ့ ပတ်သက်ပြီးတော့ ဂိုဏ်းချုပ်ကိုယ်တိုင် မနက်ဖြန်ကျရင် ကြေညာပေးလိမ့်မယ်”
“တပည့် နားလည်ပါပြီ... တပည့်ကို ခွင့်ပြုပါဦး”
ထန်ယွင်က နှုတ်ဆက်ပြီး ထွက်ခွာခဲ့တော့သည်။
ညမှာ မှောင်အတိ ကျနေပြီး ကြယ်တစ်ပွင့်မျှ မရှိဘဲ မှင်ကဲ့သို့ မည်းမှောင်နေ၏။
မနက်ဖြန်သည် အတွင်းစည်း တောင်စဉ် ၉ ခု ပြိုင်ပွဲကြီး ကျင်းပမည့်နေ့ ဖြစ်ရာ ယနေ့ညမှာ အတွင်းစည်းရှိ ဂိုဏ်းခွဲခေါင်းဆောင်များနှင့် တပည့်များအတွက် အိပ်မပျော်နိုင်သော ညတစ်ည ဖြစ်နေခဲ့လေသည်။
အခြားသော ဂိုဏ်းခွဲခေါင်းဆောင် ၈ ယောက်သည်လည်း သူတို့၏ တပည့်များကို ခေါ်ယူကာ ချန်လုံစာရင်း ထိပ်တန်း ၈ ယောက်ထဲ ဝင်နိုင်ရန် အရေးကြီးပုံကို မှာကြားနေကြလေတော့သည်။
အခန်း ၃၆၆ ပြီး