နောက်တစ်နေ့ မွန်းတည့်ချိန်၌ နေရောင်ခြည်နွေးနွေးမှာ တောက်ပနေ၏။
ဟောင်ဖူနတ်ဘုရားဂိုဏ်း၏ အတွင်းစည်း ဧရိယာသည် မိုင်ပေါင်း ၆၀၀,၀၀၀ ပတ်လည် ကျယ်ဝန်းပြီး တိမ်တိုက်များထဲသို့ ထိုးထွက်နေသော နတ်ဘုရားတောင်များဖြင့် ပြည့်နှက်နေ၏။
ကျယ်ပြောလှသော တောင်တန်းကြီးများ၏ အလယ်ဗဟို၊ ဟောင်ဖူဈေးမြို့တော်၏ အရှေ့ဘက် မိုင် ၈၀၀ အကွာတွင် ကောင်းကင်ယံသို့ ထိုးတက်နေသော တိုင်လုံးကြီးတစ်တိုင်အလား ဖန်လုံတောင်ကြီး တည်ရှိနေပေသည်။
ဖန်လုံတောင်၏ ထိပ်ဖျားသည် တိမ်ပင်လယ်များ၏ အထက်သို့ ရောက်ရှိနေပြီး တောင်ထိပ်ပေါ်တွင် ချန်လုံစာရင်းဟု ခေါ်သော ရတနာကျောက်တိုင်ကြီး တစ်ခု ရှိနေ၏။
ချန်လုံစာရင်း၏ ရှေ့တွင် စတုရန်းပေ ရာနဲ့ချီ ကျယ်ဝန်းသော မြင့်မားသည့် စင်မြင့် ၃ ခု ရှိနေပြီး ၎င်းမှာ ချန်လုံစင်မြင့်ပင် ဖြစ်သည်။
ချန်လုံစင်မြင့်၏ လက်ဝဲဘက်တွင် ပေ ၁၀၀ မြင့်သော ကျောက်စိမ်းအဆောက်အဦးတစ်ခု ရှိနေ၏။ ကျောက်စိမ်းအဆောက်အဦး၏ အပေါ်ဆုံးထပ်တွင် အထူးနေရာများနှင့် ပုံမှန်နေရာများ ရှိပြီး အထူးနေရာမှာမူ ယခုထိ လွတ်နေဆဲပင်။
ပုံမှန်နေရာများတွင်မူ အတွင်းစည်းမှ ဂိုဏ်းခွဲခေါင်းဆောင်များ၊ အကြီးအကဲများနှင့် သင်းထောက်များ အပါအဝင် အဆင့်မြင့်ပုဂ္ဂိုလ်ပေါင်း ရာနှင့်ချီ ထိုင်နေကြပြီ ဖြစ်သည်။ ချန်လုံစင်မြင့်၏ ရှေ့တွင်ရှိသော တောင်ထိပ်ပေါ်တွင် အတွင်းစည်းရှိ အဖွဲ့ ၈ ခုမှ တပည့်ပေါင်း ၅၀၀,၀၀၀ ကျော်မှာ အုပ်စုလိုက် ရပ်နေကြပြီ ဖြစ်၏။ ယခုအချိန်အထိ ဆေးအဖွဲ့မှ တပည့်များသာ ရောက်မလာသေးပေ။
ကျောက်စိမ်းအဆောက်အဦးအတွင်းရှိ ဂိုဏ်းခွဲခေါင်းဆောင် ၈ယောက်ထဲတွင် လက်နက်အဖွဲ့ခေါင်းဆောင် မူရုန်ဆရာမ၊ ဝိညာဉ်ငါးပါးပိုင်ရှင်နှင့် သားရဲဝိညာဉ်ပိုင်ရှင်တို့၏ မျက်နှာမှာ တစ်ယောက်ထက်တစ်ယောက် ပို၍ အခြေအနေ ဆိုးနေကြသည်။
မူရုန်ဆရာမမှာ သူမ၏ တပည့်ရင်း ကျုံးဝူစစ်ယောင်က ထန်ယွင်နှင့် ချစ်ကြိုက်နေသဖြင့် စိတ်ပျက်နေခြင်း ဖြစ်၏။ သူမ၏ လက်နက်အဖွဲ့မှ ပါရမီရှင်တစ်ဦးမှာ နောက်ဆုံးတွင် ဆေးအဖွဲ့မှ တပည့်တစ်ဦး၏ ဇနီး ဖြစ်သွားတော့မည် မဟုတ်ပါလော။
ဝိညာဉ်ငါးပါးပိုင်ရှင်မှာမူ သူ အချစ်ဆုံး တပည့်မလေး ရွှယ်ဇီယန်က လွန်ခဲ့သော ၁၀ ရက်ကတည်းက ဆေးအဖွဲ့သို့ ထန်ယွင်ကို သွားရှာရာမှ ယခုထိ ပြန်မလာသေးသဖြင့် စိတ်တိုနေခြင်း ဖြစ်သည်။
သားရဲဝိညာဉ်ပိုင်ရှင်အကြောင်းမှာမူ ပြောနေစရာပင် မလိုတော့ပေ။ ထန်ယွင်က သူ၏ ချစ်လှစွာသောသား ဝူဖေးရှုန်းကို ဒုက္ခိတဖြစ်အောင် လုပ်ခဲ့သလို၊ သူ့တပည့်ရင်း မုမုန့်ဂျီကလည်း သူ့ကို အာခံပြီး ထန်ယွင်နောက်သို့ လိုက်သွားခဲ့သည် မဟုတ်ပါလော။ ထန်ယွင်မှာ သူ့အတွက် အိပ်မက်ဆိုးတစ်ခုလို ဖြစ်နေပြီး ထန်ယွင်ကို အမှုန့်ဖြစ်အောင် ချေပစ်ချင်နေမိသည်။
သူ့တပည့်ကြီး ပိုင်ရွှီ သေဆုံးသွားသည့် ကိစ္စကိုမူ သူ မသိသေးပေ။ မနေ့က ဝိညာဉ်မီးအိမ်ဆောင်ကို စောင့်ကြပ်သော သင်းထောက်မှာ မစစ်ဆေးခဲ့မိသဖြင့် ပိုင်ရွှီ၏ ဝိညာဉ်မီးအိမ် ငြိမ်းသွားသည်ကို မတွေ့ခဲ့ခြင်း ဖြစ်၏။
တစ်ချိန်တည်းမှာပင် သားရဲဝိညာဉ်ပိုင်ရှင်ကို ပို၍ စိတ်တိုစေသော အရာမှာ လွန်ခဲ့သော ရက် ၂၀က သူ စေလွှတ်ခဲ့သော လူယုံ ဂျန်းရှန်းမှာ ဝမ်ယွဲ့မြို့ရှိ ထန်မိသားစုကို သတ်ဖြတ်ရန် သွားခဲ့ရာမှ ယခုထိ သတင်းမကြားရခြင်းပင်။ အချိန်တွက်ချက်မှုအရ ဂျန်းရှန်းမှာ ဝမ်ယွဲ့မြို့သို့ ရောက်ပြီးနောက် အသတ်ခံလိုက်ရပုံ ရသည်။ သူသည် ဂျန်းရှန်း သေဆုံးမှုကို ထန်ယွင်နှင့် ပတ်သက်နေမည်ဟု တွေးမိသော်လည်း ဝိညာဉ်သန္ဓေအဆင့် ၉ သာ ရှိသော ထန်ယွင်က လူသတ်သမား ဖြစ်လိမ့်မည်ဟုတော့ သူ မယုံကြည်ပေ။
ဂျန်းရှန်း ပျောက်ဆုံးနေခြင်း၊ သားဖြစ်သူ ဒုက္ခိတဖြစ်သွားခြင်းနှင့် တပည့်မလေး ခိုးရာပါသွားခြင်းတို့ကြောင့် သူ့ရင်ထဲတွင် ဒေါသမီးများ တောက်လောင်နေတော့သည်။ မနေ့ကပင် သူသည် သူ၏ တပည့်များကို တောင်စဉ် ၉ ခု ပြိုင်ပွဲတွင် ထန်ယွင်နှင့် တွေ့ပါက သတ်ပစ်ရန် အမိန့်ပေးထားပြီး ဖြစ်၏။
ဝိညာဉ်ငါးပါးပိုင်ရှင်မှာလည်း ထိုနည်းတူပင်။ သူ့အမြင်တွင် ထန်ယွင် သေသွားမှသာ သူ့တပည့်မလေး ရွှယ်ဇီယန်မှာ စိတ်ပြောင်းပြီး မြေးဖြစ်သူကို လက်ခံလိမ့်မည်ဟု ထင်နေသည်။
ထိုခေါင်းဆောင် ၃ ယောက်အပြင် ထန်ယွင်ကို သတ်ချင်နေသူများလည်း ရှိသေးသည်။ ထိုသူတို့မှာ မူရုန်ကွန်၏ အဘိုး သားရဲဝိညာဉ်အဖွဲ့မှ ဒုတိယအကြီးအကဲ မူရုန်ဟုန်နှင့် သန့်စင်သောဝိညာဉ်ပိုင်ရှင်တို့ ဖြစ်ကြသည်။ အစောပိုင်းက ထန်ယွင်သည် မူရုန်ဟုန်၏ မြေး မူရုန်ကွန်းနှင့် သန့်စင်သောဝိညာဉ်ပိုင်ရှင်၏ မြစ်ဖြစ်သူ လင်းဟူချန်ကုန်းတို့ကို ပြင်ပစည်းတွင် ရှိစဉ်က သတ်ဖြတ်ခဲ့ဖူးသည်။
မူရုန်ဟုန်နှင့် သန့်စင်သောဝိညာဉ်ပိုင်ရှင်တို့မှာ ထန်ယွင်သည် အတွင်းစည်းတွင် ၃ နှစ်တိုင်တိုင် ရှိနေသော်လည်း အသက်ရှင်နေဆဲ ဖြစ်သလို၊ သူတို့ လွှတ်လိုက်သော လူသတ်သမားများလည်း အမြဲတမ်း ပျောက်ဆုံးကုန်ကြသဖြင့် ဒေါသများမှာ အထွတ်အထိပ်သို့ ရောက်နေကြပြီ ဖြစ်သည်။ သူတို့၏ အမြင်တွင် ထန်ယွင်သာ ၁ နှစ်ကျော်ကြာအောင် သေချင်ယောင်ဆောင် မနေခဲ့ပါက သူတို့လူများ၏ လက်ချက်ဖြင့် သေသွားသည်မှာ ကြာပြီဟု ယူဆထားကြသည်။
ယခုအချိန်သည် ထန်ယွင် သေရမည့် အချိန်ဖြစ်သည်ဟု သူတို့အားလုံး ယူဆထားကြပြီး သူတို့၏ အစွမ်းအထက်ဆုံး တပည့်များကို ထန်ယွင်အား သတ်ရန် အမိန့်ပေးထားကြပြီး ဖြစ်၏။
၎င်းတို့အပြင် အတွင်းစည်း တရားဥပဒေစိုးမိုးရေး အကြီးအကဲ ချိုယုံမင်လည်း ရှိသေးသည်။ သားဖြစ်သူကို ထန်ယွင်က ဈေးမြို့တော်အပြင်ဘက်တွင် သတ်ခဲ့သည်ဟု သူက ယူဆထားသဖြင့် ထန်ယွင်၏ အရေခွံကို ဆုတ်ပစ်ချင်နေမိသည်။ သူသည်လည်း သူ့အစွမ်းအထက်ဆုံး တပည့်ကို ပြိုင်ပွဲတွင် ထန်ယွင်အား သတ်ရန် မှာကြားထားပြီး ဖြစ်၏။
ယနေ့သည် ရန်သူများ စုဝေးသည့် နေ့တစ်နေ့ဟု ဆိုရပေမည်။
ထိုအချိန်တွင် မူရုန်ဆရာမ၊ ဝိညာဉ်ငါးပါးပိုင်ရှင်၊ သားရဲဝိညာဉ်ပိုင်ရှင်၊ မူရုန်ဟုန်၊ သန့်စင်သောဝိညာဉ်ပိုင်ရှင်နှင့် ချိုယုံမင်တို့မှာ တစ်ပြိုင်နက်တည်း ခေါင်းမော့ကြည့်လိုက်ကြသည်။ သူတို့၏ မြင်ကွင်းထဲသို့ ဝိညာဉ်လှေ အုပ်စုတစ်စု ဝင်ရောက်လာ၏။
ရှေ့ဆုံးမှ ဝိညာဉ်လှေပေါ်တွင် ရှန်စုပင်းမှာ ကျော့ရှင်းစွာ ရပ်နေပြီး သူမ၏ အနောက်တွင် ဆေးအဖွဲ့မှ အကြီးအကဲ ၁၁ ယောက် ရိုသေစွာ ရပ်နေကြသည်။ အနောက်မှ ဝိညာဉ်လှေများပေါ်တွင်မူ သင်းထောက်များနှင့် တပည့်များ ပါလာကြ၏။
ထန်ယွင်၊ ကျုံးဝူစစ်ယောင်၊ မုမုန့်ဂျီနှင့် ရွှယ်ဇီယန်တို့မှာ ဝိညာဉ်လှေပေါ်တွင် ဘေးချင်းယှဉ် ရပ်နေကြသည်။ ထန်ယွင်က တောင်ထိပ်ပေါ်မှ သူ့ကို သတ်မတတ် စိုက်ကြည့်နေကြသော အကြည့်များကို သတိထားမိလိုက်သည်။ ထိုအကြည့်များကို ထန်ယွင်က စိတ်ထဲမှ လှောင်ပြောင်လိုက်၏။
လက်ရှိသူ့အစွမ်းမှာ ရန်သူအားလုံးကို အမြစ်ပြတ်ချေမှုန်းရန် မလုံလောက်သေးမှန်း သူ ဝန်ခံသော်လည်း၊ ယနေ့တွင်မူ ရန်သူအားလုံး ထိတ်လန့်သွားအောင် သူ လုပ်ပြမည် ဖြစ်သည်။ ထိုရန်သူများသည် ပြိုင်ပွဲ၌ သူတို့၏ တပည့်များကို သူ့အားသတ်ရန် အခွင့်အရေးရှာခိုင်းထားမည်ကို ထန်ယွင်က ခြေဖျားနှင့် စဉ်းစားရုံဖြင့် သိနေပေသည်။
'လာကြလေ... အကုန်လုံး လာကြ... ငါကတော့ လူသတ်ရမှာကို ဝန်မလေးဘူး'
ထန်ယွင်၏ မျက်လုံးများထဲတွင် တစ်စုံတစ်ခုကို ဆုံးဖြတ်ထားဟန်ဖြင့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားတော့သည်။
ဝိညာဉ်လှေများ တောင်ထိပ်ပေါ်သို့ ဆင်းသက်ပြီးနောက် ဆေးအဖွဲ့ဝင် တပည့်ပေါင်း ၆၀,၀၀၀ ကျော်မှာ ဝိညာဉ်လှေများပေါ်မှ တစ်ယောက်ပြီး တစ်ယောက် ဆင်းလာကြသည်။ ထန်ယွင် တန်းစီလိုက်သောအခါ တပည့်အားလုံးမှာ အလိုအလျောက်ပင် ထန်ယွင်၏ အနောက်တွင် တန်းစီလိုက်ကြ၏။
“ဇီယန်... ငါ့ဆီ ပြန်လာခဲ့စမ်း”
ကျောက်စိမ်းအဆောက်အဦးပေါ်မှ ဝိညာဉ်ငါးပါးပိုင်ရှင်က ဆေးအဖွဲ့ဝင် တပည့်များကြားမှ ထွက်မလာသေးသော ရွှယ်ဇီယန်ကို ကြည့်ကာ ဒေါသတကြီး လှမ်းအော်လိုက်သည်။
“ယောက်ဖ... အစ်မမု... ညီမ အရင်သွားပြီနော်”
ရွှယ်ဇီယန်က ကျောက်စိမ်းအဆောက်အဦးကို ကျောခိုင်းကာ ထန်ယွင်နှင့် မုမုန့်ဂျီကို လျှာထုတ်ပြလိုက်ပြီးနောက်၊ ဝိညာဉ်ငါးပါးပိုင်ရှင်ကို ကြည့်ကာ မကျေမနပ်ဖြစ်ဟန်ဖြင့်...
“ဆရာ... လူက အပြင်ကို ခဏလေး သွားတာကို ဘာလို့ ဒီလောက်အထိ ဒေါသထွက်နေရတာလဲ”
ရွှယ်ဇီယန်၏ အပြောအဆိုနှင့် အမူအရာကို ကြည့်ခြင်းဖြင့် ဝိညာဉ်ငါးပါးပိုင်ရှင်က သူမကို မည်မျှအထိ အလိုလိုက်ထားသည်မှာ သိသာလှပေသည်။
“စကားမများနဲ့... အဖွဲ့ထဲ ပြန်ဝင်တော့”
ဝိညာဉ်ငါးပါးပိုင်ရှင်က ရွှယ်ဇီယန်ကို စိုက်ကြည့်လိုက်၏။
“ဟုတ်ကဲ့ပါ”
ရွှယ်ဇီယန်က ပြန်ဖြေလိုက်ပြီး ဝိညာဉ်ငါးပါးအဖွဲ့မှ တပည့်များ၏ ရှေ့ဆုံးတွင် သွားရောက် ရပ်လိုက်သည်။
ထိုအချိန်တွင် ရွှယ်ဇီယန်၏ အနောက်မှ ချောမောသော တပည့်လေးတစ်ဦးက တိုးတိုးလေး ပြောလိုက်၏။
“ဇီယန်... ငါ မကြာခင်ကမှ ပျော်စရာကောင်းတဲ့ နေရာတစ်ခု ရှာတွေ့ထားတယ်... ပြိုင်ပွဲပြီးရင် ငါ မင်းကို ခေါ်သွားမယ်လေ ဘယ်လိုလဲ”
ဤသူမှာ ဝိညာဉ်ငါးပါးပိုင်ရှင်၏ မြေးဖြစ်သူ ဝူလင်း ပင်။
“မသွားချင်ဘူး”
ရွှယ်ဇီယန်က နောက်သို့ လှည့်မကြည့်ဘဲ အေးစက်စွာ ပြောလိုက်၏။
“ဒါဆိုရင် ငါ တခြားနေရာကို...”
ဝူလင်း စကားမဆုံးမီမှာပင် ရွှယ်ဇီယန်က နောက်သို့ လှည့်ကြည့်ကာ စိတ်မရှည်စွာဖြင့်...
“အစ်ကို... ကျေးဇူးပြုပြီး ကျွန်မနောက်ကို လိုက်မနေပါနဲ့တော့... ကျွန်မကို လွှတ်ပေးပါဦး”
ထိုစကားကို ကြားရသောအခါ ဝူလင်းမှာ ပါးစပ်ပိတ်သွားရပြီး ထန်ယွင်ကို ပို၍ မုန်းတီးသွားတော့သည်။ ထန်ယွင် ရှိနေသောကြောင့်သာ ရွှယ်ဇီယန်က သူ့ကို အမြဲ ငြင်းပယ်နေခြင်းဖြစ်သည်ဟု ယူဆထား၏။
'ထန်ယွင်' ဝူလင်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ အရိုးချင်း တိုက်သံများ ထွက်ပေါ်လာပြီး သူ့ရင်ထဲတွင် သတ်ဖြတ်လိုစိတ်များ ပို၍ ပြင်းထန်လာတော့သည်။ သူ့အဖိုး မှာကြားထားသည့်အတိုင်း ထန်ယွင်ကို သူ သတ်ပစ်ချင်နေမိသည်။
“ဝုန်း”
ကျောက်စိမ်းအဆောက်အဦးပေါ်တွင် သားရဲဝိညာဉ်ပိုင်ရှင်၏ ကိုယ်မှာ တုန်ယင်သွားပြီး ရုတ်တရက် ထရပ်လိုက်ကာ ထန်ယွင်၏ ဘေးတွင်ရှိသော မုမုန့်ဂျီကို ကြည့်ပြီး ဟိန်းဟောက်လိုက်တော့သည်။
“မင်းလို အရှက်မရှိတဲ့ကောင်မ... ငါ့ဆီကို အခုချက်ချင်း ပြန်လာခဲ့စမ်း”
အခန်း ၃၆၇ ပြီး