ထိုစကားများ ထွက်ပေါ်လာသည် နှင့်အမျှ ဂိုဏ်းခွဲခေါင်းဆောင်များ၊ အကြီးအကဲများ၊ သင်းထောက်များနှင့် ၆၀၀,၀၀၀ ကျော်သော အတွင်းစည်းတပည့်များအားလုံး၏ အကြည့်မှာ မုမုန့်ဂျီထံသို့ ရောက်ရှိသွားတော့သည်။
ဆေးအဖွဲ့ဝင် တပည့်များ မှလွဲ၍ အခြားသောအဖွဲ့မှ တပည့်များမှာ မုမုန့်ဂျီကို လက်ညှိုးထိုးကာ အမျိုးမျိုး ပြောဆိုနေကြ၏။
မုမုန့်ဂျီ၏ လှပသော မျက်နှာလေးမှာ ဝမ်းနည်းရိပ်များ ပြည့်နှက်သွား၏။ သူမ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ထန်ယွင်က သူမ၏ လက်ကို လှမ်းဆုပ်လိုက်ပြီး... “ငါ့ကိုပဲ လွှဲထားလိုက်ပါ” ဟု တိုးညှင်းစွာ ပြောလိုက်သည်။
“အင်း...”
မုမုန့်ဂျီ ခေါင်းညိတ်လိုက်၏။
ကျောက်စိမ်းအဆောက်အဦးပေါ်ရှိ သားရဲဝိညာဉ်ပိုင်ရှင်သည် မုမုန့်ဂျီမှာ ထန်ယွင်၏ ဘေးတွင် ဆက်ရှိနေသည်ကို မြင်သောအခါ ချက်ချင်းပင် ဒေါသပေါက်ကွဲသွားပြီး...
“မင်းလို အရှက်မရှိတဲ့ ကောင်မ...”
သူ စကားမဆုံးမီမှာပင် ထန်ယွင်က ရုတ်တရက် ခေါင်းမော့ကာ အော်ဟစ်လိုက်တော့သည်။
“အရှက်မရှိတာ မင်းပဲ ဝူဟုန်၊ မင်း ငါ့စေ့စပ်ထားသူကို ဘယ်လိုခေါ်လိုက်တာလဲ”
“ငါသာ မင်းရဲ့ ပြိုင်ဘက် ဖြစ်နေမယ်ဆိုရင်တော့ အခုချိန်မှာ မင်းရဲ့ ခေါင်းကို ဖြတ်ပစ်လိုက်မှာ ကြာလှပြီ လူမျက်နှာနဲ့ တိရစ္ဆာန်စိတ် ပေါက်နေတဲ့ အမှိုက်ကောင်”
ထန်ယွင်သည် လူအများရှေ့တွင် ပထမဆုံးအကြိမ်အဖြစ် ရိုင်းစိုင်းသော စကားလုံးများကို သုံးနှုန်းလိုက်ခြင်း ဖြစ်သည်။ သူ့ဒေါသမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ထန်ယွင်အနေဖြင့် တစ်စုံတစ်ယောက်ကို သတ်ပစ်ချင်သည့်စိတ်မှာ ယခုလောက်အထိ ပြင်းပြခဲ့ဖူးခြင်း မရှိပေ။
ထိုနည်းတူပင် ထန်ယွင်၏ ဆဲဆိုမှုကြောင့် ကျောက်စိမ်းအဆောက်အဦးပေါ်မှ သားရဲဝိညာဉ်ပိုင်ရှင်မှာလည်း ဒေါသကြောင့် ပေါက်ကွဲထွက်မတတ် ဖြစ်သွားရသည်။
သိက္ခာရှိလှသော အတွင်းစည်း သားရဲဝိညာဉ်အဖွဲ့ခေါင်းဆောင်မှာ အောက်ခြေသိမ်းတပည့်လေး တစ်ဦး၏ လူပုံအလယ်တွင် အရှက်ခွဲခြင်းကို ခံလိုက်ရသည် မဟုတ်ပါလော။ ၎င်းမှာ အလွန်ကြီးမားသော အရှက်ရမှုပင်။
တစ်ချိန်တည်းမှာပင် ကျောက်စိမ်းအဆောက်အဦးပေါ်ရှိ အခြားသော ဂိုဏ်းခွဲခေါင်းဆောင် ၇ယောက်မှာလည်း မှင်သက်သွားကြသည်။ ထန်ယွင်က သားရဲဝိညာဉ်ပိုင်ရှင်ကို ဤမျှအထိ ပြောင်ပြောင်တင်းတင်း အရှက်ခွဲရဲလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ကြပေ။
တပည့်ပေါင်း သိန်းနှင့်ချီမှာလည်း သားရဲဝိညာဉ်ပိုင်ရှင်၏ ကိုယ်မှာ ဒေါသကြောင့် ပြင်းထန်စွာ တုန်ယင်နေသည်ကို ကြည့်ကာ တစ်ယောက်မျှ အသက်ပင် မရှူဝံ့ကြတော့ပေ။
သားရဲဝိညာဉ်ပိုင်ရှင်၏ မျက်နှာမှာ ပြာနှမ်းနေပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် နောက်ထပ် မြင်ကွင်းတစ်ခုက သူ၏ ဒေါသမီးကို လောင်စာထပ်ထည့်လိုက်သကဲ့သို့ ဖြစ်သွားတော့သည်။
ရှန်စုပင်း နှင့်အတူ လိုက်ပါလာသော ပြင်ပစည်း အကြီးအကဲ ရှန်ချင်းချိုးသည် တစ်ဖက်လူက သူ၏ မြေးမလေးကို အရှက်ခွဲနေသည်ကို ကြားရသောအခါ ပထမဆုံးအကြိမ်အဖြစ် ဆဲဆိုလိုက်တော့သည်။
“ဝူဟုန်၊ မင်းက နတ်ဘုရားတွေတောင် ဒေါသထွက်လောက်တဲ့ လူယုတ်မာပဲ မင်း သေပွဲဝင်ဖို့ကို ငါ ကျိန်ဆိုတယ်၊ မင်းရဲ့ မိသားစုတစ်ခုလုံး သေရမယ်”
“ဒုတိယအစ်ကို ဆဲတာ မှန်တယ်”
ရှန်ချင်းဖုန်းကလည်း သူ၏ ဒေါသတကြီး စရိုက်အတိုင်း ကျောက်စိမ်းအဆောက်အဦးပေါ်က သားရဲဝိညာဉ်ပိုင်ရှင်ကို လက်ညှိုးထိုးကာ မိုးကြိုးပစ်သံအလား ဟိန်းဟောက်လိုက်သည်။
“ငါတို့ ဟောင်ဖူနတ်ဘုရားဂိုဏ်းမှာ မင်းလို အမှိုက်တစ်ယောက် ရှိနေတာဟာ တကယ်ကို အရှက်ရစရာပဲ”
“ငါ မင်းကို ပြောလိုက်မယ် ဝူဟုန်၊ တစ်နေ့ကျရင် မင်းလိုလူမျိုးဟာ ကိုယ်လက်အင်္ဂါတွေ အပိုင်းပိုင်း ဖြတ်တောက်ခံရပြီး သေရမှာပဲ... ထွီး”
သားရဲဝိညာဉ်ပိုင်ရှင်မှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီရဲနေပြီ ဖြစ်သည်။ ဟင်းလင်းပြင်ကြီး တုန်ခါသွားပြီး ကျောက်စိမ်းအဆောက်အဦးမှာ ခေတ္တမျှ ပျောက်ကွယ်သွားကာ နောက်တစ်စက္ကန့်တွင် သူသည် ရှန်ချင်းဖုန်း၏ အပေါ်တည့်တည့်၌ ပေါ်လာပြီး ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ရှန်ချင်းဖုန်းအား ရိုက်ချလိုက်တော့သည်။
သူ၏ ညာလက်ဖဝါး ကျဆင်းလာသည့် အခိုက်အတန့်တွင် မီတာ ၁၀၀ ပတ်လည်ရှိ ဟင်းလင်းပြင်မှာ မည်းမှောင်နေသော အက်ကြောင်းများဖြင့် ပြည့်နှက်သွားတော့သည်။
“ဝှစ်”
ရှန်စုပင်း၏ လှပသော မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ တောက်လောင်လာပြီး သူမ၏ ကိုယ်လုံးလေးမှာ ကောင်းကင်သို့ ပျံတက်သွားကာ ဟင်းလင်းပြင်ကို ဆုတ်ဖြဲနိုင်မည့် စွမ်းအားများဖြင့် သားရဲဝိညာဉ်ပိုင်ရှင်ကို ပြန်လည် တိုက်ခိုက်လိုက်တော့သည်။
“ဝုန်း”
ပြင်းထန်လှသော အသံကြီး နှင့်အတူ ထွက်ပေါ်လာသော လှိုင်းလုံးများမှာ တောင်ထိပ်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ဖန်လုံတောင်ကြီး တစ်ခုလုံးပင် တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူတို့ ၂ ဦး၏ လက်ဖဝါးချင်း ထိတွေ့သွားသည့် အခိုက်အတန့်တွင် တပည့်များ အားလုံး ထိတ်လန့်နေကြသည်။ ထိုစဉ်မှာပင် ဟင်းလင်းပြင် အက်ကြောင်းကြီးများမှာ နဂါးနက်ကြီးများအလား တောင်ထိပ်ပေါ်တွင် ပေါ်ထွက်လာရာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ဟင်းလင်းပြင် အက်ကြောင်းများ ပျောက်ကွယ်သွားသောအခါ ရှန်စုပင်းမှာ အောက်သို့ ကျဆင်းလာပြီး အရှိန်ကြောင့် နောက်သို့ ခြေလှမ်းအချို့ ဆုတ်လိုက်ရ၏။
တစ်ဖက်တွင်မူ သားရဲဝိညာဉ်ပိုင်ရှင်မှာ ရှန်စုပင်း၏ ဒဏ်ကြောင့် လေထဲသို့ လွင့်ထွက်သွားပြီး ပေပေါင်း ရာနှင့်ချီ အကွာတွင် မြေပြင်ပေါ်သို့ ကျဆင်းသွားကာ ခြေလှမ်းပေါင်းများစွာ ချော်ထွက်သွားပြီးမှ ရပ်တန့်နိုင်ခဲ့သည်။
“ရှန်စုပင်း၊ မင်းက မင်းရဲ့ တပည့်တွေနဲ့ လက်အောက်ခံတွေကို ငါ့အပေါ် ရိုင်းစိုင်းအောင် သွေးထိုးပေးခဲ့တာပေါ့... ဒီနေ့တော့ မင်းကို ငါ ကောင်းကောင်း ဆုံးမရမယ်”
သားရဲဝိညာဉ်ပိုင်ရှင်က ဟိန်းဟောက်လိုက်ပြီး သူ့ပါးစပ်ထဲမှ ဓားပျံတစ်လက် ထွက်ပေါ်လာသည်။ သူက ဓားရိုးကို ဆုပ်ကိုင်ကာ ရှန်စုပင်းကို သတ်ရန် ပြင်လိုက်စဉ်မှာပင် ကောင်းကင်ယံမှ ခန့်ညားလှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
“အခုချက်ချင်း ရပ်စမ်း”
အလင်းတန်းတစ်ခုသည် ရှန်စုပင်းနှင့် သားရဲဝိညာဉ်ပိုင်ရှင်၏ ကြားသို့ ကျဆင်းလာပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော ထန်ထိုင်ကျုံးတယ်အဖြစ် ပြောင်းလဲသွားတော့သည်။
“ဂိုဏ်းချုပ်...”
ထန်ထိုင်ကျုံးတယ်က ဟိန်းဟောက်လိုက်သည်။
“ဒူးထောက်စမ်း”
သားရဲဝိညာဉ် ပိုင်ရှင်မှာ ဘာမှ ထပ်မပြောဝံ့တော့ဘဲ အမြန်ပင် ဒူးထောက်လိုက်ရ၏။
ထန်ထိုင်ကျုံးတယ်က ရှန်စုပင်းကို ကြည့်ကာ...
“မင်းလည်း ဒူးထောက်စမ်း”
“လက်အောက်ခံ တပည့် နာခံပါ့မယ်”
ရှန်စုပင်းလည်း ချက်ချင်းပင် ဒူးထောက်လိုက်၏။
ထိုအခိုက်အတန့်တွင် တောင်ထိပ်ပေါ်ရှိ လူအားလုံးမှာ ငြိမ်သက်သွားကြပြီး လေထုထဲတွင် ဖိအားများ ပြည့်နှက်နေတော့သည်။ ဂိုဏ်းချုပ် ဒေါသထွက်နေပြီမှန်း လူတိုင်း သိလိုက်ကြသည်။
“မင်းတို့ ၂ ယောက်က အခြေအနေကို လုံးဝ ထည့်မတွက်ကြဘူးလား... တပည့်အားလုံးရဲ့ ရှေ့မှာ ဒီလိုမျိုး တိုက်ခိုက်နေကြတာလား”
ထန်ထိုင်ကျုံးတယ်က ပြတ်သားစွာ ဟိန်းဟောက်လိုက်သည်။
“မင်းတို့ ဒီနေ့ ဘာလို့ ဒီလိုဖြစ်ရသလဲဆိုတဲ့ အကြောင်းပြချက်ကို ငါ့ကို သေချာ မပြောနိုင်ရင်တော့ ငါ့ကို ရက်စက်တယ်လို့ မပြောနဲ့တော့”
“ဝူဟုန်၊ မင်း အရင်ပြောစမ်း”
ထိုစကားကို ကြားရသောအခါ သားရဲဝိညာဉ်ပိုင်ရှင်၏ မျက်လုံးများတွင် ဝမ်းနည်းဟန်များ ပြည့်နှက်သွားပြီး...
“ဂိုဏ်းချုပ်... ကျွန်တော့်ဘက်ကနေ ဆုံးဖြတ်ပေးပါဦး”
“ဆေးအဖွဲ့က တကယ်ကို အနိုင်ကျင့်လွန်းပါတယ် ခုနတင် ထန်ယွင်က ကျွန်တော့်ကို လူပုံအလယ်မှာ အရှက်ခွဲခဲ့သလို၊ အဲ့ဒီနောက်မှာ ပြင်ပစည်း အကြီးအကဲ ရှန်ချင်းချိုးနဲ့ အတွင်းစည်း ဆေးအဖွဲ့ အကြီးအကဲ ရှန်ချင်းဖုန်းတို့ကလည်း ကျွန်တော့်ကို ဆဲဆိုခဲ့ကြပါတယ်”
“ရှန်စုပင်းက တားမြစ်ရမယ့်အစား ကျွန်တော့်ကို ခုခံပြီး တိုက်ခိုက်ခဲ့တာပါ... သူမက သူမရဲ့ တပည့်တွေနဲ့ လက်အောက်ခံတွေကို အဲ့ဒီလောက်အထိ အလိုလိုက်ထားတာပါ ဂိုဏ်းချုပ်”
“ဂိုဏ်းချုပ်... ကျွန်တော် ပြောတာတွေ အားလုံး အမှန်တွေပါ... ဒီမှာရှိတဲ့ လူတိုင်း သက်သေခံနိုင်ပါတယ်”
သားရဲဝိညာဉ်ပိုင်ရှင် ပြောပြီးသည်နှင့် ကျောက်စိမ်းအဆောက်အဦးပေါ်က အကြီးအကဲ ၁၆ ယောက်၊ သင်းထောက်ပေါင်းများစွာနှင့် သားရဲဝိညာဉ်အဖွဲ့မှ တပည့်ပေါင်း သောင်းနဲ့ချီမှာ ထန်ထိုင်ကျုံးတယ်ကို ကြည့်ကာ တစ်ပြိုင်နက်တည်း ဒူးထောက်ပြီး အော်ဟစ်လိုက်ကြသည်။
“ကျွန်တော်တို့ သက်သေခံနိုင်ပါတယ်”
ထန်ထိုင်ကျုံးတယ်က မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်ရှိ တပည့်များကို ကြည့်ကာ မေးလိုက်၏။
“သူတို့ ပြောတာ အမှန်ပဲလား”
ဆေးအဖွဲ့ဝင် တပည့်များ မှလွဲ၍ အခြားသော တပည့်ပေါင်း သိန်းနဲ့ချီမှာ ချက်ချင်းပင် ဦးညွှတ်ကာ ဖြေကြားလိုက်ကြသည်။
“ဂိုဏ်းချုပ်ကို တင်ပြပါရစေ၊ သူတို့ ပြောတာ အမှန်တွေပါ”
ထန်ထိုင်ကျုံးတယ်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး အားလုံးကို ထခိုင်းလိုက်ကာ ရှန်စုပင်းကို ကြည့်ပြီး မေးလိုက်သည်။
“မင်း ပြောစမ်း၊ ဘာတွေ ဖြစ်နေတာလဲ”
ရှန်စုပင်း စကားပြောရန် ပြင်လိုက်စဉ်မှာပင် ထန်ယွင်က ရှေ့သို့ တစ်လှမ်းတိုးလာလိုက်ပြီး လေးနက်စွာ ပြောလိုက်၏။
“ဂိုဏ်းချုပ်... ဒီကိစ္စက တပည့်ကြောင့် စခဲ့တာပါ... တစ်ချိန်တည်းမှာပဲ တပည့်မှာ ဂိုဏ်းချုပ်ကို တင်ပြစရာ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိပါတယ်”
ထန်ထိုင်ကျုံးတယ်က စဉ်းစားလိုက်သည်။
'ထန်ယွင်ရဲ့ အရည်အချင်းနဲ့ ငါ့ကို အကြံပေးခဲ့တာတွေကို ကြည့်ရင် သူက ဘယ်တော့မှ အကြောင်းမဲ့ မလုပ်တတ်ဘူး... သူ ဝူဟုန်ကို အရှက်ခွဲခဲ့တယ်ဆိုရင် သေချာပေါက် အကြောင်းပြချက် ရှိရမယ်'
“ကောင်းပြီ၊ ပြောစမ်းပါဦး” ဟု ဆိုလိုက်သည်။
ထိုသည်မှာ ထန်ထိုင်ကျုံးတယ်၏ စိတ်ထဲတွင် ထန်ယွင်၏ အရေးပါမှုမှာ သာမန်လူတွေထက် များစွာ သာလွန်နေကြောင်း ပြသနေခြင်းပင်။ တခြားတပည့်သာဆိုလျှင် ဂိုဏ်းချုပ်က ခေါင်းဆောင် ၂ ယောက်ကို ဆုံးမနေချိန်တွင် မည်သူ ရဲရဲဝံ့ဝံ့ ရှေ့ထွက်ရဲပါမည်နည်း။
ယခုအချိန်တွင် ထန်ယွင် ရှေ့ထွက်လာရုံတင် မကဘဲ ဂိုဏ်းချုပ်က ထန်ယွင်ကို ကြည့်သောအခါ မျက်လုံးများမှာ ပျော့ပြောင်းသွားပြီး ဒေါသများလည်း အတော်လေး ပြေလျော့သွားသည်ကို လူတိုင်း တွေ့လိုက်ကြရသည်။
ထန်ယွင်က သူ့လက်ချောင်းများကြားမှ နီရဲသော အလင်းတန်းကို လွှတ်ထုတ်လိုက်ရာ နီမှောင်သော ခေါင်းတလားတစ်ခု သူ့ရှေ့တွင် ပေါ်လာတော့သည်။
ကျုံးဝူစစ်ယောင်နှင့် မုမုန့်ဂျီတို့ မှလွဲ၍ ကျန်အားလုံးမှာ ထိုခေါင်းတလားကို ကြည့်ကာ ထန်ယွင် ဘာလုပ်ဖို့ ကြိုးစားနေသလဲဆိုသည်ကို အံ့သြနေကြ၏။
“ထန်ယွင်... မင်း ဘာလုပ်တာလဲ”
ထန်ထိုင်ကျုံးတယ်က နားမလည်နိုင်စွာ မေးလိုက်သည်။
“ဂိုဏ်းချုပ်ကို တင်ပြပါရစေ၊ တပည့် နောက်မှ ဒီခေါင်းတလားကို ဖွင့်ပြပါ့မယ်”
ထန်ယွင်က ဦးညွှတ်လိုက်ပြီးနောက် မြေပြင်တွင် ဒူးထောက်နေသော သားရဲဝိညာဉ်ပိုင်ရှင်ကို လက်ညှိုးထိုးပြကာ...
“ဂိုဏ်းချုပ်... တပည့် သူ့ကို ဆဲဆိုခဲ့ရတဲ့ အကြောင်းရင်းကတော့ သူဟာ တိရစ္ဆာန်ထက်တောင် ယုတ်ညံ့တဲ့ကောင် ဖြစ်နေလို့ပါပဲ”
“ထန်ယွင်... မင်းက တကယ်ကို မောက်မာလှချည်လား”
သားရဲဝိညာဉ်ပိုင်ရှင်က ဒေါသတကြီးဖြင့်...
“ဂိုဏ်းချုပ်... ကြည့်ပါဦး၊ ဒီအောက်ခြေသိမ်းတပည့်လေးက ကျွန်တော့်ကို ဘယ်လိုတောင် အရှက်ခွဲနေရသလဲဆိုတာ...”
“ပါးစပ်ပိတ်စမ်း”
ထန်ထိုင်ကျုံးတယ်၏ မျက်နှာမှာ ချက်ချင်းပင် အေးစက်သွားပြီး... “ငါ ထန်ယွင်ကို မေးနေတာလေ၊ မင်းကို ပြောခိုင်းလို့လား”
အခန်း ၃၆၈ ပြီး