“ဂိုဏ်းချုပ်... စိတ်လျှော့ပါ၊ ကျွန်တော် မှားမှန်း သိပါပြီ”
သားရဲဝိညာဉ်ပိုင်ရှင်မှာ တုန်တုန်ယင်ယင် ဖြစ်သွားတော့သည်။
ထန်ထိုင်ကျုံးတယ်က ထန်ယွင်ကို လှည့်ကြည့်ကာ... “ဆက်ပြောစမ်း”
ထန်ယွင်က အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး အံကြိတ်ကာ ပြော၏။
“ဂိုဏ်းချုပ်ကို တင်ပြပါရစေ... တပည့်နဲ့ မုန့်ဂျီက တစ်သက်စာ လက်တွဲဖို့ ကတိပြုထားကြတာပါ... သူမက တပည့်ရဲ့ စေ့စပ်ထားသူဖြစ်သလို ဝူဟုန်ရဲ့ တပည့်ရင်းလည်း ဖြစ်ပါတယ်”
“ဒါပေမဲ့ ဝူဟုန်က သူရဲ့သား ဝူဖေးရှုန်းကို အိပ်မက်ဆေးလုံးပေးပြီး မုန့်ဂျီကို ယုတ်မာဖို့ သွေးထိုးပေးခဲ့ပါတယ်”
“သူဟာ သိက္ခာရှိလှတဲ့ သားရဲဝိညာဉ်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သလို တပည့်ရဲ့ ဇနီးလောင်းရဲ့ ဆရာလည်း ဖြစ်ပါလျက်နဲ့ ဒီလိုမျိုး အောက်တန်းကျတဲ့ ကိစ္စတွေကို လုပ်ရဲခဲ့တာပါ သူဟာ တိရစ္ဆာန်ထက်တောင် ယုတ်ညံ့သူဖြစ်ပြီး ဟောင်ဖူနတ်ဘုရားဂိုဏ်းရဲ့ အရှက်မရှိတဲ့ အနာဆိုးတစ်ခုပါပဲ”
ဝူဟုန် ထိုစကားကို ကြားရသောအခါ မှင်သက်သွားပြီး သူ့နဖူးပေါ်တွင် ချွေးစေးများ ပျံလာတော့သည်။
သူက ဤကိစ္စကို သူနှင့် သူ၏သားသာ သိသည်ဟု ထင်ထားခဲ့သော်လည်း ထန်ယွင်က မည်သို့ သိသွားသည်ကို သူ လုံးဝ စဉ်းစားမရပေ။
“တကယ်လို့ ဒီလိုကိစ္စမျိုးသာ ရှိခဲ့ရင်...”
ထန်ထိုင်ကျုံးတယ်က စကားကို ခေတ္တရပ်ကာ သားရဲဝိညာဉ်ပိုင်ရှင်ကို စိုက်ကြည့်ပြီး တစ်လုံးချင်း ပြောလိုက်၏။
“မင်းရဲ့ အကြောင်းပြချက်က ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး”
“ဂိုဏ်းချုပ်... ကျွန်တော့်ကို ယုံကြည်ပေးပါ”
သားရဲဝိညာဉ်ပိုင်ရှင်က မခံမရပ်နိုင်ဖြစ်ဟန်ဖြင့်...
“ဂိုဏ်းချုပ်... ထန်ယွင်က ကျွန်တော့်ကို မတရားစွပ်စွဲနေတာပါ ကျွန်တော် သိတာကတော့ ထန်ယွင်က ကျွန်တော့်သားကို ဒုက္ခိတဖြစ်အောင် လုပ်ခဲ့တယ်ဆိုတာပဲ... ကျန်တဲ့ ကိစ္စတွေကိုတော့ ကျွန်တော် လုံးဝ မသိပါဘူး”
“မတရားစွပ်စွဲတာ ဟုတ်လား”
ထန်ယွင်က လှောင်ပြောင်လိုက်ပြီး...
“အဘိုးကြီး... ဒါကို သေချာ ကြည့်စမ်း... ဒါက ဘာလဲဆိုတာကို”
ပြောပြောဆိုဆိုပင် ထန်ယွင်က သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ သူ့မှတ်ဉာဏ်ထဲမှ ပုံရိပ်များကို ဝိညာဉ်စွမ်းအားဖြင့် ဟင်းလင်းပြင်ထဲတွင် ပေါ်လာအောင် လုပ်လိုက်တော့သည်။
လူတိုင်း၏ အကြည့်အောက်တွင် ပေါ်လာသော ပုံရိပ်ထဲ၌ ဝူဖေးရှုန်းက ထုံထိုင်းသော အမူအရာဖြင့်...
“လွန်ခဲ့တဲ့ ၂ နာရီလောက်က မင်း သားရဲဝိညာဉ်အဖွဲ့ထဲကို ရောက်လာတယ်ဆိုတာ သိလိုက်ရတော့ ကျွန်တော် အဖေ့ဆီသွားပြီး ဘာလုပ်ရမလဲ မေးခဲ့တယ်”
“အဖေက ကျွန်တော့်ကို အိပ်မက်ဆေးလုံး ပေးပြီး သူမကို ဖျက်ဆီးခိုင်းလိုက်တာ... ကိစ္စတွေ ပြီးသွားတဲ့အခါ မင်းနဲ့ တွေ့သွားရင် မင်းက ကျွန်တော့်ကို တိုက်ခိုက်လိမ့်မယ်... အဲ့ဒီအခါကျရင် အဖေက မင်းကို ဖျက်ဆီးပစ်ဖို့ အကြောင်းပြချက် ရသွားမှာပေါ့”
၎င်းနောက် ပုံရိပ်ထဲ၌ ထန်ယွင်က ဝူဖေးရှုန်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်ကို တွေ့လိုက်ရ၏။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ တစ်ဖက်လူကို သေစေချင်နေကြသော အခြားသော ဂိုဏ်းခွဲခေါင်းဆောင် ၈ ယောက်မှာ အခွင့်အရေးကို လက်မလွှတ်ဘဲ ဝိုင်းဝန်း ပြောဆိုကြတော့သည်။
“ဟေး... ခေါင်းဆောင်ဝူ၊ မင်းက လူရော နတ်ပါ ဒေါသထွက်လောက်တဲ့ ကိစ္စမျိုးကို ဘယ်လိုလုပ်ပြီး လုပ်ရဲတာလဲ”
ဝိညာဉ်ငါးပါးပိုင်ရှင်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“မှန်တယ်”
ချန်ခွန်းပိုင်ရှင်ကလည်း အေးစက်စွာဖြင့်...
“အဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်ဖြစ်ပြီးတော့ ကိုယ့်တပည့်ကို ယုတ်မာဖို့ ကိုယ့်သားကို သွေးထိုးပေးတယ်ပေါ့၊ မင်း ဒါမျိုး လုပ်ရဲတာကိုပဲ ချီးကျူးရမလိုပဲ အရှက်မရှိလိုက်တာ”
“ပါးစပ်ပိတ်ကြစမ်း”
ထန်ထိုင်ကျုံးတယ်က ဟိန်းဟောက်လိုက်သဖြင့် အားလုံး ငြိမ်ကျသွားကြသည်။
ထန်ထိုင်ကျုံးတယ်က ဝူဟုန်ကို စိုက်ကြည့်ကာ...
“ထန်ယွင်ရဲ့ မှတ်ဉာဏ်ပုံရိပ်တွေက အထင်အရှားပဲ... မင်း ဘာပြောချင်သေးလဲ”
ဤကဲ့သို့ သေရေးရှင်ရေး အခြေအနေတွင် သားရဲဝိညာဉ်ပိုင်ရှင်က စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး စဉ်းစားလိုက်သည်။
'မဟုတ်ဘူး... သက်သေမရှိအောင် ငါ အသေသတ်မှ ဖြစ်မယ်'
ကျားသည် မိမိသားကို ပြန်မစားဟု ဆိုရိုးရှိသော်လည်း၊ ယခုအချိန်တွင် သားရဲဝိညာဉ်ပိုင်ရှင်မှာ သူ့သားကို သတ်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်၏။
သူသည် ဒူးထောက်လျက် ထန်ထိုင်ကျုံးတယ်ကို ကြည့်ကာ လေးနက်သော အမူအရာဖြင့်...
“ဂိုဏ်းချုပ်... မလုပ်ရင် မကြောက်နဲ့ ဆိုသလိုပေါ့၊ ကျွန်တော် မလုပ်ခဲ့ဘူးလို့ ပြောရင် မလုပ်ခဲ့တာပါပဲ”
“ဂိုဏ်းချုပ်... ခုနက ကျွန်တော့်သား ထန်ယွင်ကို ဖြေနေတုန်းက သူက ဒဏ်ရာတွေ အပြင်းအထန် ရနေပေမဲ့ သူ့မျက်နှာမှာ နာကျင်တဲ့ အရိပ်အယောင် လုံးဝ မရှိဘဲ ထုံထိုင်းနေတာကို တွေ့ရမှာပါ”
“ကျွန်တော့်သားရဲ့ အမူအရာကို ကြည့်ရင် ထန်ယွင်က တစ်စုံတစ်ရာသော နည်းလမ်းနဲ့ သူ့ရဲ့ စိတ်ကို ထိန်းချုပ်ပြီး ဒီမှတ်ဉာဏ်ပုံရိပ်ကို တမင်တကာ ဖန်တီးခဲ့တာ ဖြစ်ရမယ်... သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်... သူက လူကောင်းကို ဒုက္ခပေးဖို့ ကြိုးစားနေတာပါ”
“ကျေးဇူးပြုပြီး ဂိုဏ်းချုပ် သေချာ စုံစမ်းပေးပါ... ကျွန်တော့်အတွက် တရားမျှတမှုကို ဖော်ဆောင်ပေးပြီး ထန်ယွင်လို သူခိုးကို သတ်ပစ်ပေးပါ”
သားရဲဝိညာဉ်ပိုင်ရှင်၏ ပြောပုံမှာ အင်မတန် ရိုးသားသူတစ်ဦးအလား ထင်မှတ်ရပေသည်။
“ဂိုဏ်းချုပ်... တကယ်လို့ မယုံဘူးဆိုရင် ကျွန်တော့်ရဲ့ မှတ်ဉာဏ်ကို အခုချက်ချင်း စစ်ဆေးလို့ ရပါတယ်၊ ကျွန်တော် အဲ့ဒီလိုမျိုး စကားတွေ ကျွန်တော့်သားကို ပြောခဲ့ဖူးသလား ဆိုတာကိုပေါ့”
“တကယ်လို့ ကျွန်တော် ပြောခဲ့တာ မှန်ရင် ကျွန်တော့်ကို သတ်စရာ မလိုပါဘူး... ကျွန်တော့်ဘာသာ ကျွန်တော် သတ်သေပါ့မယ်”
သားရဲဝိညာဉ်ပိုင်ရှင်က မတရား အနိုင်ကျင့်ခံရသူအလား မျက်ရည်ပင် ညှစ်ထုတ်ပြလိုက်သေးသည်။
“ဂိုဏ်းချုပ်... သူ့ကို မယုံပါနဲ့... သူ ဒီလို စကားမျိုး ပြောရဲတယ်ဆိုရင် သူ ဝူဖေးရှုန်းကို မှာကြားခဲ့တဲ့ မှတ်ဉာဏ်တွေကို ဆေးလုံးတစ်ခုခုနဲ့ ဖျောက်ဖျက်ထားပြီးသား ဖြစ်မှာပါ”
“လှည့်ကွက်တွေ သုံးချင်တာပေါ့... ငါ အဆုံးထိ လိုက်ပေးပါ့မယ်”
ထန်ယွင်က ရုတ်တရက် အော်ဟစ်လိုက်ပြီး...
“ဝူဟုန်... မျက်လုံးကို ဖွင့်ပြီး ဒါ ဘယ်သူလဲဆိုတာ ကြည့်စမ်း”
ထန်ယွင်၏ ညာလက်ကို ဝှေ့ယမ်းလိုက်သောအခါ သူ့ရှေ့က ခေါင်းတလားမှာ ပွင့်သွားတော့သည်။ ချက်ချင်းပင် ထန်ယွင်က ဝိညာဉ်စွမ်းအားဖြင့် ဆွဲတင်လိုက်ရာ ခေါင်းတလားအတွင်းမှ အနက်ရောင်ဝတ်စုံဝတ် ခေါင်းမပါသော အလောင်းတစ်ခုမှာ လေထဲသို့ မြောက်တက်လာပြီး သားရဲဝိညာဉ်ပိုင်ရှင်၏ ရှေ့သို့ ကျဆင်းသွားတော့သည်။
ထို့နောက် ပြတ်တောက်နေသော ခေါင်းတစ်ခုသည်လည်း ခေါင်းတလားအတွင်းမှ လွင့်ထွက်လာပြီး သားရဲဝိညာဉ်ပိုင်ရှင်၏ ရှေ့သို့ လိမ့်သွားသောအခါ သားရဲဝိညာဉ်ပိုင်ရှင်၏ ကိုယ်မှာ ပြင်းထန်စွာ တုန်ယင်သွားတော့သည်။
“ထန်ယွင်... သူက ဘယ်သူလဲ”
ထန်ထိုင်ကျုံးတယ်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“ဂိုဏ်းချုပ်ကို တင်ပြပါရစေ၊ လွန်ခဲ့တဲ့ လဝက်ကျော်က တပည့် နေရပ်ကို ပြန်ပြီး ဆွေမျိုးတွေဆီ သွားတုန်းက ဒီလူက ဝိညာဉ်သန့်စင်ခြင်းအဆင့် ၉ စွမ်းအားနဲ့ ကျွန်တော့်ရဲ့ ထန်မိသားစုကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တာပါ”
ထန်ယွင်က အမှန်အတိုင်း ပြောလိုက်သည်။
“ကံကောင်းလို့ ကျွန်တော့်မိသားစုမှာ အစွမ်းထက်သူတစ်ယောက် ရှိနေလို့သာပေါ့... မဟုတ်ရင် တပည့်နဲ့ တပည့်မိသားစုတစ်ခုလုံး ဒီလူ့လက်ချက်နဲ့ သေကုန်မှာပါ”
“ဒီလူကတော့ တခြားသူ မဟုတ်ပါဘူး... ဝူဟုန်ရဲ့ လူယုံ၊ သားရဲဝိညာဉ်အဖွဲ့က သင်းထောက် ဂျန်းရှန်း ပါပဲ”
“ဂိုဏ်းချုပ်... တပည့်မိသားစုက အစွမ်းထက်သူက ဂျန်းရှန်းကို ဖမ်းမိပြီးတဲ့နောက်မှာ ထန်ယွင်က ဝူဖေးရှုန်းကို ဒုက္ခိတဖြစ်အောင် လုပ်ခဲ့လို့ ဝူဟုန်က အာဃာတထားပြီး ကျွန်တော့်မိသားစုကို သတ်ခိုင်းလိုက်တာ ဖြစ်ကြောင်း ဂျန်းရှန်း ကိုယ်တိုင် ဝန်ခံခဲ့ပါတယ်”
ထန်ယွင်၏ နောက်ဆုံးစကားမှာ တစ်ဝက်ခန့် လုပ်ကြံပြောဆိုခြင်း ဖြစ်သလို၊ ဂျန်းရှန်းက ဝူဟုန်ကို ဖျက်ဆီးနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
ဝူဟုန်က သားရဲဝိညာဉ်အဖွဲ့ခေါင်းဆောင် ဖြစ်နေမှတော့ သူသည် လူမိုက် မဟုတ်ကြောင်း ထန်ယွင် ယုံကြည်သည်။ ဂျန်းရှန်း၏ ဝိညာဉ်မီးအိမ် ငြိမ်းသွားသည်ကို သူ သိလိုက်သည်နှင့် ဂျန်းရှန်းကို ခိုင်းခဲ့သည့် မှတ်ဉာဏ်များကို ဆေးလုံးအသုံးပြုကာ ဖျောက်ဖျက်ထားပြီးသား ဖြစ်လိမ့်မည်။
အမှန်တကယ်လည်း ထိုသို့ပင် ဖြစ်၏။
ထိုအချိန်တွင် ထန်ထိုင်ကျုံးတယ်က ထန်မိသားစုရှိ အစွမ်းထက်သူမှာ သူ၏ လူယုံ ထန်ထိုင်ကျုံးခွန်း ဖြစ်ကြောင်း သိလိုက်သည်။
ထန်ထိုင်ကျုံးတယ် စကားမပြောမီမှာပင် သားရဲဝိညာဉ်ပိုင်ရှင်က ဒေါသတကြီး ပြန်လည် ချေပလိုက်၏။
“ဂိုဏ်းချုပ်... ဂျန်းရှန်းက ကျွန်တော့်ရဲ့ လူယုံဆိုတာ မှန်ပါတယ်... ဒါပေမဲ့ ကျွန်တော် သူ့ကို ဘာမှ မခိုင်းခဲ့ပါဘူး”
“ဂိုဏ်းချုပ်... သင်းထောက်ဂျန်းဟာ ကျွန်တော့်သားကို အရမ်းချစ်တာပါ... သူက ဖေးရှုန်း ဒုက္ခိတဖြစ်သွားတာကို တွေ့တော့ စိတ်ထဲမှာ မကောင်းတဲ့ အတွေးတွေ ဝင်လာခဲ့တာ ဖြစ်ရမယ်... အဲ့ဒီနောက်မှာ ထန်ယွင် အိမ်ပြန်မယ်ဆိုတာ သိတော့ ကျွန်တော့်ကို ကျောခိုင်းပြီး သူ့သဘောနဲ့သူ ထန်မိသားစုကို သွားပြီး ဖျက်ဆီးဖို့ ကြိုးစားခဲ့တာပါ”
“ဂိုဏ်းချုပ်... သင်းထောက်ဂျန်းက သေသင့်ပါတယ်... ဒါပေမဲ့ ဒါဟာ ကျွန်တော်နဲ့ လုံးဝ မပတ်သက်ပါဘူး... မယုံရင် ကျွန်တော့်မှတ်ဉာဏ်ကို စစ်ဆေးနိုင်ပါတယ်”
သားရဲဝိညာဉ်ပိုင်ရှင်မှာ ဦးတိုက်ကာ မတရားစွပ်စွဲခံရကြောင်း အော်ဟစ်နေတော့သည်။
ထန်ယွင်က ဝူဟုန်ကို မတရားစွပ်စွဲနေခြင်းလား... သို့မဟုတ် ဝူဟုန်က တကယ်ပဲ လုပ်ခဲ့ခြင်းလား ဆိုသည်ကို ယခုအချိန်တွင် လူအများစု၏ စိတ်ထဲ၌ အဖြေက ရှိနေပြီးသား ဖြစ်၏။
ဝူဟုန်ကသာ ဝန်မခံဘဲ ငြင်းနေခြင်း ဖြစ်သည်။
ထန်ထိုင်ကျုံးတယ်က သားရဲဝိညာဉ်ပိုင်ရှင်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ရာ သူ့အကြည့်မှာ ဓားတစ်လက်ကဲ့သို့ ဝူဟုန်၏ နှလုံးသားကို ထိုးဖောက်သွားသကဲ့သို့ပင်။
သားရဲဝိညာဉ်ပိုင်ရှင်၏ နဖူးပေါ်တွင် ချွေးစေးများ ပျံနေသော်လည်း မတရားခံရသူအလား ဟန်ဆောင်နေဆဲပင်။
“ဂိုဏ်းချုပ်... ကျွန်တော့်ကို မယုံဘူးဆိုရင် တောင်စဉ် ၉ ခု ပြိုင်ပွဲ ပြီးသွားတဲ့အခါ ကျွန်တော့်သားရဲ့ မှတ်ဉာဏ်ကို ကိုယ်တိုင် စစ်ဆေးနိုင်ပါတယ်”
ထိုအချိန်တွင် ထန်ယွင်က ပြုံးလိုက်သည်။ ၎င်းမှာ အခြေအနေအားလုံးကို ထိန်းချုပ်ထားနိုင်သူ၏ အပြုံးမျိုးဖြစ်ပြီး လူတစ်ယောက်ကို သေတွင်းထဲ ပို့မည့် အပြုံးမျိုးပင်။
ထန်ယွင်က ဦးညွှတ်လိုက်ပြီး...
“ဂိုဏ်းချုပ်ကို တင်ပြပါရစေ၊ လွန်ခဲ့တဲ့ တစ်လက တပည့် ဝူဖေးရှုန်းကို ပြင်းထန်စွာ ဒဏ်ရာရစေပြီး သူ့ရဲ့ ဝိညာဉ်ကန်ကို ဖျက်ဆီးခဲ့ပါတယ်”
“ဝူဟုန်က သူ့ရဲ့ မှတ်ဉာဏ်ကို ဖျောက်နိုင်ပေမဲ့ ဝူဖေးရှုန်းရဲ့ မှတ်ဉာဏ်ကိုတော့ ဖျောက်ရဲမှာ မဟုတ်ဘူး... မဟုတ်ရင် ဒဏ်ရာအပြင်းအထန် ရနေပြီး ကျင့်ကြံသူ မဟုတ်တော့တဲ့ ဝူဖေးရှုန်းဟာ သေချာပေါက် သေသွားမှာပေါ့”
“တပည့် ဂိုဏ်းချုပ်ကို တောင်းဆိုချင်တာကတော့ ဝူဖေးရှုန်းကို အခုချက်ချင်း ခေါ်ယူပြီး ဒီမှာတင် အစစ်ခံခိုင်းဖို့ပါ... တပည့် စိုးရိမ်တာက ပြိုင်ပွဲ ပြီးသွားတဲ့အခါ ဝူဟုန်က သက်သေမရှိအောင် ဝူဖေးရှုန်းကို ရက်ရက်စက်စက် သတ်ပစ်လိုက်မှာကိုပါ”
ထိုစကားများ ထွက်ပေါ်လာသည် နှင့်အမျှ ထန်ထိုင်ကျုံးတယ်၏ ရှေ့တွင် ဦးတိုက်ကာ ဒူးထောက်နေသော သားရဲဝိညာဉ်ပိုင်ရှင်၏ မျက်နှာမှာ ပြာနှမ်းသွားပြီး ရင်ထဲတွင် ထိတ်လန့်တကြား အော်ဟစ်နေတော့သည်။
'ထန်ယွင်ဆိုတဲ့ ဒီကောင်စုတ်လေးက ဘာလို့ ဒီလောက်အထိ အကွက်စေ့နေရတာလဲ ငါ ဘာလုပ်ရမလဲ... ငါ့သားကို ခေါ်လာရင်တော့ သေချာပေါက် ငါ့ကို သံသယဝင်တော့မှာပဲ'
အခန်း ၃၆၉ ပြီး