‘ငါ့သားကို လုံးဝ အလာမခံနိုင်ဘူး... သေချာပေါက် တားဆီးရမယ်’
သားရဲဝိညာဉ်ပိုင်ရှင် ဝူဟုန်က စိတ်ကို တင်းတင်းထားကာ နောက်ဆုံးလက်ကျန် ကံတရားကို အားကိုးလျက်၊ မျက်နှာပျက်နေသော ထန်ထိုင်ကျုံးတယ်ကို မော့ကြည့်ပြီး ငိုယိုကာ ပြောလိုက်သည်။
“ဂိုဏ်းချုပ်... ကျွန်တော့်သားဟာ ထန်ယွင်ကြောင့် အကြောတွေ အနှုတ်ခံထားရသလို ဝိညာဉ်ကန်လည်း အဖျက်ဆီးခံထားရတာပါ... သူက အခုထိ အသက်အန္တရာယ်ကနေ မလွတ်သေးပါဘူး... ဒီလောက်အထိ ဝေးတဲ့ခရီးကို သယ်ဆောင်လာရင် သူ ခံနိုင်မှာ မဟုတ်ပါဘူး”
“ကျွန်တော်လည်း ဖေးရှုန်းကို အခုချက်ချင်း ဒီကိုခေါ်လာပြီး ကျွန်တော့်ရဲ့ အပြစ်မဲ့မှုကို သက်သေပြချင်တာပေါ့... ဒါပေမဲ့ ကျွန်တော့်မှာ ဒီသားတစ်ယောက်တည်း ရှိတာပါ... တကယ်လို့ အခု သူ့ကို ခေါ်လာမယ်ဆိုရင် သူဟာ ဒဏ်ရာတွေကြောင့် လမ်းမှာတင် သေသွားပါလိမ့်မယ်”
ထန်ထိုင်ကျုံးတယ်မှာ မည်သူက အမှန်၊ မည်သူက အမှားဆိုသည်ကို သိရှိနေပြီ ဖြစ်၏။ သူက လက်ကို ဝှေ့ယမ်းကာ ဝူဟုန်ကို ပါးစပ်ပိတ်ရန် အချက်ပြလိုက်သည်။ သူ့အသံမှာ အေးစက်လှပေ၏။
“မင်းသာ အမှန်အတိုင်း ဝန်ခံမယ်ဆိုရင် ငါ မင်းကို အသက်ရှင်ခွင့် ပေးမယ်... အကယ်၍ ငါ ဝူဖေးရှုန်းကို ခေါ်လာပြီးတဲ့နောက်မှာ ထန်ယွင် ပြောတာတွေက အမှန်ဖြစ်နေခဲ့ရင်တော့ မင်း သေချာပေါက် ရက်ရက်စက်စက် သေရလိမ့်မယ်”
“သေချာ စဉ်းစားပါဦး... မင်း ဘယ်လို ရွေးချယ်မလဲဆိုတာကို”
ထန်ထိုင်ကျုံးတယ်၏ ဆိုလိုရင်းမှာ ရှင်းလင်းလှပေသည်။ သူသည် ဝူဟုန်ကို မယုံကြည်ဘဲ ထန်ယွင်ကိုသာ ယုံကြည်နေခြင်း ဖြစ်၏။ ထို့အပြင် သူကိုယ်တိုင် ဝူဖေးရှုန်းကို သွားခေါ်ရန် ဆုံးဖြတ်ထားခြင်းပင်။
'ကောင်းကင်ဘုံက ငါ့ကို သတ်တော့မှာပဲ... ငါ့ကို သတ်တော့မှာပဲ'
ဝူဟုန်က ရင်ထဲတွင် မကျေမနပ်ဖြစ်ကာ ဟိန်းဟောက်နေမိသည်။ သူ အလွန် ဒေါသထွက်နေ၏။
သူ့အသက်အပါအဝင် အရာအားလုံးသည် ယနေ့တွင် ထန်ယွင်၏ လက်ထဲ၌ ပျက်စီးတော့မည်ဟု သူ တစ်ခါမျှ မတွေးထားခဲ့ဖူးပေ။ အကယ်၍ ဂိုဏ်းချုပ်ကိုယ်တိုင် သားရဲဝိညာဉ်အဖွဲ့ဆီ သွားရှာမည်ဆိုပါက သူသည် သက်သေကို ဖျောက်ဖျက်ရန် အခွင့်အရေး လုံးဝ ရှိတော့မည် မဟုတ်ပေ။
အရာအားလုံး ပြီးဆုံးသွားလေပြီ၊ ဘာမှ ပြောနေစရာ မလိုတော့ပေ။
ဤအခိုက်အတန့်တွင် လူတိုင်း၏ အကြည့်မှာ ဝူဟုန်ထံသို့ ရောက်ရှိနေပြီး သူ ဘာပြန်ဖြေမလဲဆိုသည်ကို စောင့်ဆိုင်းနေကြသည်။
'နောက်ဘဝဆိုတာ ရှိခဲ့ရင်တော့ ငါ ဝူဟုန် ကျိန်ဆိုတယ်၊ ထန်ယွင် မင်းရဲ့ အလောင်းကို အပိုင်းပိုင်းဖြစ်အောင် ငါ လုပ်ပစ်မယ်'
ဝူဟုန်သည် စိတ်ထဲမှ ကျိန်ဆိုလိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှူကာ နောက်လာမည့် အကျိုးဆက်များကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်စဉ်မှာပင် ရုတ်တရက် ကောင်းကင်ယံမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
“အဖွဲ့ခေါင်းဆောင်ကြီး... အီးဟီး... ဝူစီနီယာက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပါပြီ”
သားရဲဝိညာဉ်အဖွဲ့မှ တပည့်တစ်ဦးသည် ဝိညာဉ်လှေကို စီးနင်းကာ ဖန်လုံတောင်ပေါ်သို့ ဆင်းသက်လာပြီးနောက် ဝူဟုန်၏ ရှေ့တွင် ဒူးထောက်ကာ...
“အဖွဲ့ခေါင်းဆောင်ကြီး... တပည့် တောင်းပန်ပါတယ်၊ ဝူစီနီယာကို သေချာ မစောင့်ရှောက်နိုင်ခဲ့လို့ပါ... ဝူစီနီယာက နံရံကို ခေါင်းနဲ့တိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပါပြီ”
ထိုစကားကို ကြားရသည့်အခါ ထန်ယွင်၏ ရင်ထဲ လေးလံသွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ ဝူဖေးရှုန်းမှာ ယခုကဲ့သို့ အရေးကြီးသည့် အချိန်ကျမှ သေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။ ယခုအခါ တစ်ဦးတည်းသော သက်သေ သေဆုံးသွားပြီ ဖြစ်ရာ ဝူဟုန်အတွက်တော့ အသက်ရှူပေါက် ပြန်ရသွားခြင်းပင်။
ဤအခိုက်အတန့်တွင် ဝူဟုန်၏ စိတ်ခံစားမှုမှာ အလွန် ရှုပ်ထွေးနေသည်။ စိတ်လှုပ်ရှားမှု၊ ဝမ်းသာမှုတို့ နှင့်အတူ ဝမ်းနည်းမှုနှင့် အာဃာတများလည်း ရောပြွမ်းနေ၏။
သက်သေမရှိတော့သဖြင့် သူသည် သေတွင်းမှ လွတ်မြောက်သွားပြီ ဖြစ်သော်လည်း တစ်ဦးတည်းသော သားဖြစ်သူမှာ သေဆုံးသွားခဲ့ပြီ ဖြစ်၏။ ထို့အပြင် တရားခံဖြစ်သော ထန်ယွင်မှာလည်း အသက်ရှင်နေဆဲ ဖြစ်သည်။
“ငါ့သား... ငါ့သားလေးရယ်”
ဝူဟုန်သည် ဝမ်းနည်းပက်လက်ဖြင့် ငိုကြွေးလိုက်သည်။
“မင်း သေသွားရင် မင်းအဖေရဲ့ အပြစ်မဲ့မှုကို ဘယ်သူက သက်သေပြပေးတော့မှာလဲ... အီးဟီး... အဖေ့ကို မတရားစွပ်စွဲတဲ့ ထန်ယွင်ဆိုတဲ့ ဒီသူခိုးကို ဘယ်သူက အပြစ်ပေးမှာလဲ”
ထိုငိုသံကို ကြားရသောအခါ ထန်ယွင်က လှောင်ပြောင်ချင်စိတ်ကို မထိန်းချုပ်နိုင်ပေ။ ထိုအဘိုးကြီးမှာ ယခုချိန် ၇၀ ရာခိုင်နှုန်းလောက် ဝမ်းသာနေပြီး ၃၀ ရာခိုင်နှုန်းလောက်သာ ဝမ်းနည်းနေမှာ ဖြစ်ကြောင်း သူ သိနေသည်။
'အဘိုးကြီး... ဒီနေ့တော့ မင်းရဲ့ ကံတရားက ကောင်းနေသေးတယ်... ဒါပေမဲ့ တစ်နေ့ကျရင် ငါကိုယ်တိုင် မင်းကို သတ်ပြမယ်... အဲ့ဒီအခါကျရင်တော့ မင်း သေချင်ရင်တောင် သေဖို့ ခက်လိမ့်မယ်'
ထန်ယွင်က ရင်ထဲမှ ပြင်းထန်စွာ ကြုံးဝါးလိုက်သည်။
ယခုအခါ ထိုနေရာတွင် ရှိနေသော လူအများစုက ထန်ယွင် ပြောသည်မှာ အမှန်ဖြစ်ကြောင်း ခန့်မှန်းမိကြသော်လည်း ဝူဖေးရှုန်း သေဆုံးသွားသဖြင့် ထန်ယွင်တွင် သက်သေ လုံးဝ မရှိတော့ပေ။
ထန်ထိုင်ကျုံးတယ်က ဝူဟုန်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။
“ထန်ယွင်က လိမ်နေတာလား... ဒါမှမဟုတ် မင်းက အမှန်အတိုင်း မပြောတာလား ဆိုတာတော့ မင်းတို့ ၂ယောက်ရဲ့ ရင်ထဲမှာပဲ သိလိမ့်မယ်”
“ကောင်းကင်က ကျော့ကွင်းဟာ ကျဲပေမဲ့ ဘယ်သူမှ လွတ်အောင် မပြေးနိုင်ပါဘူး... မင်းတို့ ၂ ယောက်လုံး သတိထားကြပေါ့”
ထန်ထိုင်ကျုံးတယ်၏ အကြည့်မှာ ထန်ယွင်ထံသို့ ရောက်ရှိသွားပြီး...
“ဒီကိစ္စကို အခုလောလောဆယ် ခေတ္တရပ်ဆိုင်းထားပြီး နောက်မှပဲ ရှင်းကြတာပေါ့”
“ပြီးတော့ ထန်ယွင်... မင်းမှာ သက်သေ လုံလုံလောက်လောက် မရှိဘူး... အခု မင်းက ဝူဟုန်ကို မတရားစွပ်စွဲတဲ့ သူအဖြစ် သံသယဝင်ခံနေရပြီ... ဒါပေမဲ့ ဂိုဏ်းချုပ်အနေနဲ့ မင်းရဲ့ ဆေးဖော်စပ်တဲ့ အစွမ်းတွေကို ငဲ့ညှာတဲ့အနေနဲ့ ဒီနေ့တော့ အရေးမယူတော့ဘူး... အကယ်၍ နောက်တစ်ကြိမ် ထပ်ဖြစ်မယ်ဆိုရင်တော့ ငါ လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး”
ထန်ထိုင်ကျုံးတယ်မှာ ထန်ယွင်ကို သိသိသာသာ ကာကွယ်ပေးလိုက်ခြင်း ဖြစ်သည်။
ထန်ယွင်လည်း ၎င်းကို ကောင်းစွာ သိရှိနားလည်သဖြင့် ချက်ချင်းပင် ဦးညွှတ်ကာ ဆိုလိုက်သည်။
“တပည့် သေချာ မစဉ်းစားခဲ့မိလို့ပါ... တပည့် မှားမှန်း သိပါပြီ”
“အင်း...”
ထန်ထိုင်ကျုံးတယ်က ခေါင်းညိတ်လိုက်၏။
“ဂိုဏ်းချုပ်... တပည့်မှာ တောင်းဆိုစရာ တစ်ခု ရှိပါတယ်”
ထန်ယွင်က လေးနက်စွာ ဦးညွှတ်လိုက်ပြီး...
“အခု ဝူဖေးရှုန်း သေသွားပြီဖြစ်လို့ ဝူဟုန်ကို အပြစ်ပေးဖို့ သက်သေမလုံလောက်တော့ဘူး... ဒါပေမဲ့ ဝူဟုန်မှာ သံသယတွေ ရှိနေတုန်းပါပဲ... မုန့်ဂျီကို သူ့လက်အောက်မှာ ဆက်ထားဖို့က အရမ်း အန္တရာယ်များပါတယ်”
“တပည့် တောင်းဆိုချင်တာကတော့ သူမကို သားရဲဝိညာဉ်အဖွဲ့ကနေ ထွက်ခွင့်ပေးပြီး ဆေးအဖွဲ့မှာ ဝင်ခွင့်ပေးဖို့ပါ”
ထိုစကားကို ကြားပြီးနောက် ထန်ထိုင်ကျုံးတယ်က ခေါင်းညိတ်လိုက်ပြီး ဒူးထောက်နေဆဲ ဖြစ်သော ဝူဟုန်ကို ကြည့်ကာ မေးလိုက်သည်။
“မင်းမှာ ကန့်ကွက်စရာ ရှိသလား”
ဝူဟုန်က ဟန်ဆောင်ပန်ဆောင် သက်ပြင်းချလိုက်ပြီး...
“ထားလိုက်ပါတော့... ကျုပ်က တပည့်ကောင်းများစွာကို မွေးထုတ်ခဲ့ပေမဲ့ မုမုန့်ဂျီလိုမျိုး ကျေးဇူးကန်းတဲ့သူကိုတော့ မွေးထုတ်ခဲ့မိတယ်... သူမက ထန်ယွင်နဲ့ ပေါင်းပြီး ကျုပ်ကို သေတွင်းထဲ ပို့ဖို့ ကြိုးစားခဲ့တာလေ”
“ဒီလို အမှိုက်မျိုးကိုတော့ ကျုပ်လည်း ဆက်မထားချင်တော့ပါဘူး သူမကို အခုကစပြီး ဂိုဏ်းကနေ နှင်ထုတ်လိုက်ကြောင်း ကျုပ် ကြေညာပါတယ်”
ထန်ထိုင်ကျုံးတယ်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် ငြိမ်သက်နေသော မုမုန့်ဂျီကို ကြည့်ကာ မေးလိုက်၏။
“မင်း ဘာပြောချင်သေးလဲ”
မုမုန့်ဂျီက ဒူးထောက်လိုက်ပြီး ဝူဟုန်ကို အေးစက်စွာ တစ်ချက်ကြည့်ကာ ထန်ထိုင်ကျုံးတယ်ကို ဦးတိုက်လိုက်သည်။
“ဂိုဏ်းချုပ်... မလုပ်ရင် မပေါ်ဘူးဆိုသလိုပါပဲ... ဝူဟုန်ရဲ့ တပည့်ဖြစ်ခဲ့ရတာဟာ ကျွန်မအတွက်တော့ တစ်သက်လုံး အရှက်ရစရာပါပဲ”
‘ဒီကောင်မမိုက်... မင်းကိုတော့ တစ်နေ့ကျရင် ငါ သေချာပေါက် သတ်ပြမယ်’
ဝူဟုန်က ရက်စက်သော မျက်နှာဖြင့် စိတ်ထဲမှ ဟိန်းဟောက်လိုက်သည်။
ထန်ထိုင်ကျုံးတယ်က ခေါင်းညိတ်လိုက်ပြီး ရှန်စုပင်းကို ကြည့်ကာ မေးလိုက်၏။
“စုပင်း... မင်း မုမုန့်ဂျီကို ဆေးအဖွဲ့ထဲမှာ လက်ခံမှာလား”
“ဂိုဏ်းချုပ်ကို တင်ပြပါရစေ... လက်အောက်ခံ တပည့် လိုလိုလားလား လက်ခံပါ့မယ်”
ရှန်စုပင်း၏ လှပသော မျက်လုံးများတွင် ဝမ်းသာရိပ်များ ဖြတ်ပြေးသွားသည်။
ဆေးအဖွဲ့အနေဖြင့် အဆင့်အတန်းမြင့်မားပြီး ပါရမီရှိသော တပည့်တစ်ဦးကို ရရှိတော့မည်မှန်း သူမ သိထားသည်။ အစောပိုင်းကတည်းက သူမသည် မုမုန့်ဂျီကို ဆေးအဖွဲ့ထဲ ခေါ်ယူချင်ခဲ့ခြင်းဖြစ်ရာ ယခုအခါ သူမ လိုလိုလားလားပင် သဘောတူလိုက်၏။
ထန်ထိုင်ကျုံးတယ်က ခေါင်းညိတ်ကာ ကြေညာလိုက်သည်။
“အခုကစပြီး မုမုန့်ဂျီဟာ ဆေးအဖွဲ့ရဲ့ တပည့်တစ်ဦး တရားဝင် ဖြစ်သွားပြီ”
“ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်”
မုမုန့်ဂျီက ဦးတိုက်လိုက်၏။ သူမသည် ထရပ်လိုက်ပြီး ရှန်စုပင်းကို ကြည့်ကာ ဒူးထောက်လိုက်ပြန်သည်။
“တပည့် ဂိုဏ်းခွဲခေါင်းဆောင်ကို အရိုအသေ ပေးပါတယ်”
“ကောင်းပြီ... ဘာမှ အားနာမနေနဲ့တော့၊ မြန်မြန် ထစမ်း”
ရှန်စုပင်းက ပြုံးလျက် မုမုန့်ဂျီကို ထူပေးလိုက်သည်။
“ဝူဟုန်... မင်းလည်း ထတော့၊ မင်းနေရာမှာ ပြန်ထိုင်၊ တောင်စဉ် ၉ ခု ပြိုင်ပွဲက အခုချက်ချင်း စတော့မှာ”
ထန်ထိုင်ကျုံးတယ်က ပြောပြီးနောက် ကွယ်ပျောက်သွားပြီး ကျောက်စိမ်းအဆောက်အဦး၏ အပေါ်ဆုံးနေရာတွင် ပြန်လည် ပေါ်လာတော့သည်။
“ဟွန်း”
ဝူဟုန်သည် ရှန်စုပင်းနှင့် မုမုန့်ဂျီတို့ကို အေးစက်စွာ တစ်ချက်ကြည့်ပြီးနောက် ကျောက်စိမ်းအဆောက်အဦးပေါ်သို့ ပျံတက်သွားတော့သည်။
သေတွင်းမှ ပြန်လည် လွတ်မြောက်လာသော ဝူဟုန်က သူ့နေရာတွင် ပြန်ထိုင်လိုက်စဉ် ထိတ်လန့်နေဆဲ ဖြစ်၏။
'ကံကောင်းလို့ ဘာမှ မဖြစ်သွားတာ... ထန်ယွင်၊ မုမုန့်ဂျီနဲ့ ရှန်ချင်းဖုန်း... မင်းတို့အားလုံး ငါ့ကို စောင့်နေကြဦးပေါ့'
၎င်းနောက်တွင် ရှန်စုပင်းက ဆေးအဖွဲ့မှ အကြီးအကဲ ၁၁ ယောက်ကို ဦးဆောင်ကာ ကျောက်စိမ်းအဆောက်အဦးပေါ်သို့ တက်ကာ နေရာယူလိုက်ကြသည်။
ထန်ထိုင်ကျုံးတယ်သည် ၆၀၀,၀၀၀ ကျော်သော တပည့်များကို ငုံ့ကြည့်လိုက်ပြီး ခန့်ညားလှသော သူ့အသံမှာ တောင်ထိပ်ပေါ်တွင် ပဲ့တင်ထပ်သွားတော့သည်။
“တောင်စဉ် ၉ ခု ပြိုင်ပွဲ မစတင်မီမှာ ဂိုဏ်းချုပ်က ဒီချန်လုံစာရင်းရဲ့ ဆုလာဘ်တွေကို ကြေညာပေးပါ့မယ်”
“ဘာလို့လဲဆိုတော့ ပြိုင်ပွဲပြီးတာနဲ့ ချန်လုံစာရင်းမှာ ပါဝင်တဲ့ တပည့်တော်တော်များများဟာ ထာဝရနယ်မြေထဲမှာ စမ်းသပ်မှုတွေ လုပ်ရမှာ ဖြစ်လို့ပါ”
“ငါတို့ဂိုဏ်းဟာ ထာဝရနတ်ဘုရားဂိုဏ်းနဲ့ ဝိညာဉ်နတ်ဘုရားနန်းတော်တို့နဲ့ ပဋိပက္ခအချို့ ရှိနေပါတယ်... အဲ့ဒီအချိန်ကျရင် ထိပ်တိုက်ရင်ဆိုင်မှုတွေကတော့ ရှောင်လွှဲလို့ ရမှာ မဟုတ်ပါဘူး”
“ဒါကြောင့် ဂိုဏ်းချုပ်အနေနဲ့ ဒီပြိုင်ပွဲရဲ့ ဆုလာဘ်တွေကို အကြီးအကျယ် မြှင့်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်”
ထိုအချိန်တွင် တပည့်အားလုံးမှာ ဒူးထောက်လျက် ရိုသေစွာ နားထောင်နေကြ၏။ လူတိုင်း၏ ရင်ထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေတော့လေသည်။
အခန်း ၃၇၀ ပြီး