ထန်ထိုင်ကျုံးတယ်က ထပ်မံပြောလိုက်သည်။
“ဆုလာဘ်တွေကို မြှင့်တင်ပေးလိုက်တဲ့အပြင် ဂိုဏ်းချုပ်အနေနဲ့ ဒီတစ်ကြိမ် တောင်စဉ် ၉ ခု ပြိုင်ပွဲရဲ့ ပုံစံကိုလည်း အနည်းငယ် ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်တယ်”
ထိုစကားကို ကြားရသောအခါ ဂိုဏ်းခွဲခေါင်းဆောင် ၉ ဦး၊ အကြီးအကဲများ၊ သင်းထောက်များနှင့် တပည့်အားလုံးမှာ နားမလည်နိုင် ဖြစ်သွားကြသည်။
ရုတ်တရက် ထန်ထိုင်ကျုံးတယ်၏ မျက်လုံးများ အေးစက်သွားပြီး လေးနက်စွာ ပြောလိုက်၏။
“အခု ထာဝရနတ်ဘုရားဂိုဏ်းမှာ ကျင်းပခဲ့တဲ့ ပညာရပ် ၄ မျိုး ပြိုင်ပွဲမှာ တစ်စုံတစ်ရာသော ကိစ္စတွေ ဖြစ်ပျက်ခဲ့တယ်... ဂိုဏ်းချုပ်အနေနဲ့ အသေးစိတ်တော့ မပြောတော့ဘူး”
“ဒါပေမဲ့ အားလုံး မှတ်ထားရမှာက အခုကစပြီး ငါတို့ဂိုဏ်းဟာ ဝိညာဉ်နတ်ဘုရားနန်းတော်တို့၊ ထာဝရနတ်ဘုရားဂိုဏ်းတို့နဲ့ ရေနဲ့မီးလို လုံးဝ မသင့်မြတ်တော့ဘူး ဆိုတာပဲ”
“ဒီတစ်ကြိမ် ထာဝရနယ်မြေ စမ်းသပ်ပွဲမှာ အဲ့ဒီဂိုဏ်းကြီး ၂ ခုက တပည့်တွေဟာ မင်းတို့ကို တွေ့ရင် သေချာပေါက် ညှာတာမှာ မဟုတ်ဘူး... ဒါကြောင့် မင်းတို့ထဲက ဘယ်သူမဆို စမ်းသပ်ပွဲမှာ သူတို့နဲ့တွေ့ရင် သတ်နိုင်ရင် သတ်ပစ်ကြ၊ မသတ်နိုင်ရင်တော့ အသက်ရှင်အောင် ပြေးကြ”
“ပြီးတော့ ရန်သူတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ မင်းတို့ကြားက အရင် အာဃာတတွေကို ခေတ္တဘေးဖယ်ထားပြီး ရန်သူကို စုစည်းပြီး တိုက်ခိုက်ကြရမယ်”
ထို့နောက် ထန်ထိုင်ကျုံးတယ်က ကျယ်လောင်စွာ ဆက်ပြောလိုက်သည်။
“ဒါကြောင့် ဒီတောင်စဉ် ၉ ခု ပြိုင်ပွဲမှာ ချန်လုံစာရင်းရဲ့ ထိပ်တန်း ၈ နေရာကို ရယူဖို့နဲ့ မိမိတို့အုပ်စုအလိုက် ထာဝရနယ်မြေထဲ ဝင်ရောက်နိုင်မယ့် နေရာတွေကိုပဲ အဓိက ယှဉ်ပြိုင်ရမှာ ဖြစ်တယ်”
ထိုစကားကို ကြားရသောအခါ ထိပ်တန်း ၈ ယောက်စာရင်းဝင်ရန် မျှော်လင့်ချက်မရှိဘဲ ပြိုင်ပွဲတွင် မိမိတို့၏ အစွမ်းကိုသာ ထုတ်ပြချင်ကြသော တပည့်အများအပြားမှာ စိတ်မကောင်း ဖြစ်သွားကြသည်။
သို့သော် ထန်ထိုင်ကျုံးတယ်၏ နောက်ထပ်စကားကြောင့် လူတိုင်း ပြန်လည် စိတ်လှုပ်ရှားသွားကြပြန်၏။
“မင်းတို့ ဘာတွေးနေသလဲဆိုတာ ဂိုဏ်းချုပ် သိပါတယ်... ဒါကြောင့် မင်းတို့ရဲ့ အစွမ်းကို ထုတ်ပြဖို့ အခွင့်အရေး မရှိတော့ဘူးလို့ စိတ်မပူကြပါနဲ့”
ထန်ထိုင်ကျုံးတယ်က ဆက်ပြောသည်။
“ချန်လုံစာရင်းရဲ့ ထိပ်တန်း ၈ ယောက် ထွက်ပေါ်လာပြီး အုပ်စုအလိုက် ထာဝရနယ်မြေထဲ ဝင်ရောက်ခွင့် နေရာတွေ သတ်မှတ်ပြီးတာနဲ့၊ မင်းတို့ရဲ့ အုပ်စုအသီးသီးက တပည့်တွေဟာ အဲ့ဒီနေရာတွေကို ရယူဖို့အတွက် အချင်းချင်း ပြန်လည် ယှဉ်ပြိုင်ရမှာ ဖြစ်တယ်”
“ချန်လုံစာရင်း ထိပ်တန်း ၈ ယောက်ကလွဲလို့၊ ထာဝရနယ်မြေထဲ ဝင်ရောက်ခွင့် ရရှိတဲ့သူ အားလုံးကို မင်းတို့ရဲ့ ဝိညာဉ်သန္ဓေ အလိုက် အလတ်စား ရတနာအဆင့်ရှိတဲ့ ဓား၊ လှံ၊ တုတ် စတဲ့ လက်နက်တွေကို ကိုယ်တိုင် စိတ်ကြိုက် ရွေးချယ်နိုင်အောင် ဆုချပေးသွားမယ်”
“အခုချိန်မှာ ရန်သူတွေက ငါတို့ရှေ့မှာ ရှိနေပြီ... ငါတို့ဂိုဏ်းရဲ့ တောင်စဉ် ၉ ခုဟာ စမ်းသပ်ပွဲတိုင်းမှာ အသေအပျောက် များပြားခဲ့တယ်... ဂိုဏ်းချုပ် အလိုရှိတာကတော့ မင်းတို့ အချင်းချင်း သတ်ဖြတ်နေတာမျိုး မဖြစ်စေချင်ဘူး... လက်နက်ကောင်းတွေ ရယူပြီး အစွမ်းတွေကို မြှင့်တင်ကာ ထာဝရနယ်မြေထဲမှာ ရန်သူတွေကို သတ်ဖြတ်ကြဖို့ပဲ”
“နားလည်ကြလား”
၆၀၀,၀၀၀ ကျော်သော တပည့်များက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်သဖြင့် အသံမှာ ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားတော့သည်။
“ဂိုဏ်းချုပ်ကို တင်ပြပါရစေ၊ တပည့်များ နားလည်ပါပြီ”
တပည့်တိုင်းမှာ တိုက်ခိုက်လိုစိတ်များ ပြင်းထန်နေကြသည်။ ထာဝရနယ်မြေ စမ်းသပ်ပွဲ ဝင်ရောက်ခွင့်ရရုံနဲ့ အလတ်စား ရတနာအဆင့် လက်နက်ကို ရရှိမည်ဟု သူတို့ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
အလတ်စား ရတနာအဆင့် လက်နက်များသည် အတွင်းစည်းတပည့်များအတွက် အလွန်ပင် ဆွဲဆောင်မှု ရှိလှပေသည်။ အရင်က ချန်လုံစာရင်း ပြိုင်ပွဲများတွင် ထိပ်တန်း ၁၀၀ ဝင်သူများသာ ဤကဲ့သို့သော လက်နက်မျိုးကို ရရှိနိုင်ခြင်း ဖြစ်သည်။ ယခုမူ မိမိစိတ်ကြိုက် ရွေးချယ်ခွင့်ပါ ပေးထားရာ ဤကဲ့သို့သော ဆုလာဘ်မျိုးကို သူတို့ တစ်ခါမျှ မကြားဖူးခဲ့ပေ။
ထို့ကြောင့် တပည့်အားလုံးမှာ မိမိတို့အုပ်စုအတွက် နေရာများ ရရှိလာသည်နှင့်အမျှ စမ်းသပ်ပွဲအတွက် မဟုတ်ရင်တောင် ထိုလက်နက်ကောင်းကို ရရှိရန်အတွက် အစွမ်းကုန် ယှဉ်ပြိုင်ကြမည်ဟု ဆုံးဖြတ်လိုက်ကြသည်။
သို့သော် ထန်ထိုင်ကျုံးတယ်၏ နောက်ထပ်စကားမှာ လူတိုင်း၏ သွေးကို ပို၍ ဆူပွက်စေခဲ့ပြန်၏။
ထန်ထိုင်ကျုံးတယ်က လေးနက်သော အမူအရာဖြင့် ကျယ်လောင်စွာ ပြောလိုက်သည်။
“ထာဝရနယ်မြေ စမ်းသပ်ပွဲကနေ အသက်ရှင်ပြီး ပြန်လာတဲ့ ဘယ်တပည့်ကိုမဆို ထိုက်တန်တဲ့ ဆုလာဘ်တွေ ထပ်ပေးမယ် တကယ်လို့ ကံမကောင်းလို့ အသက်ဆုံးရှုံးသွားခဲ့ရင်လည်း အဲ့ဒီတပည့်ရဲ့ နာမည်ကို ချန်လုံစာရင်းမှာ ထာဝရ မော်ကွန်းတင်ပေးသွားမယ်”
ထိုစကားကို ကြားသောအခါ တပည့်များမှာ အလွန်ပင် စိတ်လှုပ်ရှားသွားကြတော့သည်။
ထန်ထိုင်ကျုံးတယ်က အားလုံးကို ငြိမ်ခိုင်းလိုက်ပြီးနောက်... “ချန်လုံစာရင်း စိန်ခေါ်ပွဲကို အခုပဲ စတင်မယ်... စည်းမျဉ်းတွေကတော့ အရင်အတိုင်းပဲ... တောင်စဉ် ၉ခုက အုပ်စုတစ်ခုစီကို ချန်ပီယံ ၃ ယောက်စီ ထုတ်ပေးရမယ်”
“စင်မြင့်စောင့်သူအဖြစ်နဲ့ ပွဲပေါင်း ၁၀၀ ကို အောင်မြင်အောင် ကာကွယ်နိုင်ရင် ဒါမှမဟုတ် ဘယ်သူမှ လာမတိုက်ဝံ့တော့ရင် အဲ့ဒီလူဟာ တရားဝင် ချန်ပီယံ ဖြစ်လာမယ်”
“ဓားမှာ မျက်စိမပါဘူး... တကယ်လို့ စင်မြင့်စောင့်သူက အသတ်ခံလိုက်ရရင် အဲ့ဒီအုပ်စုက တခြားလူတစ်ယောက်ကို ထပ်လွှတ်ပြီး စင်မြင့်ကို ကာကွယ်ခိုင်းရမယ်... အုပ်စုတစ်ခုမှာ စောင့်မယ့်သူ မရှိတော့တဲ့အထိ ဒါမှမဟုတ် တခြားအုပ်စုက အဲ့ဒီစင်မြင့်ကို သိမ်းပိုက်လိုက်တဲ့အထိ ဒီအတိုင်း သံသရာလည်နေမှာ ဖြစ်တယ်”
“နောက်ဆုံးမှာ တောင်စဉ် ၉ ခုလုံးကနေ စုစုပေါင်း ချန်ပီယံ ၂၇ ယောက် ထွက်ပေါ်လာမယ်... အဲ့ဒီနောက်မှ ချန်လုံစာရင်းရဲ့ ထိပ်တန်း ၈ ယောက်ကို ရွေးချယ်ဖို့ ဆက်လက် ယှဉ်ပြိုင်ကြရမယ်”
“သေချာ ကြားကြလား”
တပည့်အားလုံးက ပြိုင်တူ ဖြေလိုက်ကြသည်။
“တပည့်များ သေချာ ကြားပါပြီ”
အချုပ်ပြောရလျှင် အုပ်စုတစ်ခုစီမှာ ချန်ပီယံ ၃ နေရာစာ ရပိုင်ခွင့်ရှိသည်။ အကယ်၍ ကိုယ့်အုပ်စုက စင်မြင့်ကို တခြားအုပ်စုက တပည့်က သိမ်းပိုက်သွားလျှင် ထိုအုပ်စုမှ တပည့်များက ဤစင်မြင့်ကို ပြန်လည် ယှဉ်ပြိုင်လုယူနိုင်ပြီး ပြန်ရလာလျှင်လည်း ကျန်သည့် အုပ်စု ၈ ခုက တပည့်များက ထပ်မံ လာရောက် စိန်ခေါ်နိုင်ခြင်းပင် ဖြစ်သည်။
ဤကဲ့သို့သော ပတ်လည်ပြိုင်ပွဲမျိုးမှာ အုပ်စုအသီးသီး၏ စုပေါင်းအစွမ်းကို တိုင်းတာခြင်း ဖြစ်၏။ နောက်ဆုံးတွင် အုပ်စု ၁ စု (သို့မဟုတ်) ၂ စုမှာ ချန်ပီယံနေရာ လုံးဝ မရရှိတော့ဘဲ ကျန်ရှိနေသော အုပ်စုများမှာ မူလ ၃ နေရာမှ ၄ နေရာ၊ ၅ နေရာအထိ တိုးတက် ပိုင်ဆိုင်သွားနိုင်ခြင်းပင်။
နောက်ဆုံးတွင် ထွက်ပေါ်လာသော အစွမ်းအထက်ဆုံး ချန်ပီယံ ၂၇ ယောက်မှာ ချန်လုံစာရင်း၏ ထိပ်တန်း ၈ နေရာအတွက် ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။ ယခင်က ထိပ်တန်း ၈ ယောက်မှာ ယခုအခါ နတ်ဘုရားဂိုဏ်းခွဲသို့ တက်လှမ်းသွားကြပြီဖြစ်ရာ ယခု နေရာအသစ်များအတွက် ပြန်လည် ယှဉ်ပြိုင်ကြရခြင်း ဖြစ်၏။
“ကောင်းပြီ... ဂိုဏ်းချုပ်အနေနဲ့ မင်းတို့ရဲ့ စွမ်းဆောင်ရည်တွေကို မျှော်လင့်နေမယ်... မှတ်ထားရမှာက တစ်ဖက်လူကို ညှာတာနိုင်သလောက် ညှာတာကြပါ... ဒါပေမဲ့ ကိုယ့်မှာ အစွမ်းမရှိဘဲနဲ့တော့ မိုက်ရူးရဲ မဆန်ကြပါနဲ့... လက်နက်တွေမှာ မျက်စိမပါတာမို့ ဒဏ်ရာရ သေဆုံးနိုင်တယ်”
ထန်ထိုင်ကျုံးတယ်က ပြောပြီးနောက် ကျောက်စိမ်းအဆောက်အဦးပေါ်ရှိ အတွင်းစည်း ဂိုဏ်းခွဲခေါင်းဆောင် ၉ ဦးကို ကြည့်ကာ အမိန့်ပေးလိုက်သည်။
“စကြစို့”
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”
ဂိုဏ်းခွဲခေါင်းဆောင် ၉ ဦးက ပြန်လည်ဖြေကြားပြီးနောက် သန့်စင်သောဝိညာဉ်ပိုင်ရှင်က အရင်ဆုံး ထရပ်လိုက်ပြီး သူ့တပည့်များကို ကြည့်ကာ လေးနက်စွာ ပြောလိုက်၏။
“ငါ့ရဲ့ သန့်စင်သောဝိညာဉ်အုပ်စုကို ရှန့်ရှန့်ထျန်း၊ ခယ်ရှင်းယီ နဲ့ ခန်းရှီယွန်း တို့က ကာကွယ်ကြလိမ့်မယ်”
“မင်းတို့ ၃ ယောက် လုံးဝ မရှုံးစေနဲ့... မဟုတ်ရင် ဆရာက လွယ်လွယ်နဲ့ ခွင့်လွှတ်မှာ မဟုတ်ဘူး”
“တပည့်များ နာခံပါ့မယ်”
ရိုသေသော အသံများ ထွက်ပေါ်လာပြီးနောက် သန့်စင်သောဝိညာဉ်အုပ်စုဝင် တပည့်ပေါင်း သောင်းနဲ့ချီကြားမှ အရိပ် ၃ ခုသည် ချန်လုံစင်မြင့် ၃ ခုပေါ်သို့ လျှပ်ခနဲ ပျံတက်သွားကြတော့သည်။
နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်တွင် သန်မာထွားကျိုင်းသော လူငယ်တစ်ဦး ရပ်နေပြီး သူ့မျက်လုံးများမှာ ကြောက်မက်ဖွယ် စွမ်းအားများကို ဖော်ပြနေ၏။ ဤသူမှာ အတွင်းစည်းတပည့်တိုင်း သိကြသော ရှန့်ရှန့်ထျန်း ပင်။
လွန်ခဲ့သော ၃ နှစ်က သူသည် ဝိညာဉ်သန္ဓေအဆင့် ၉ အစွမ်းဖြင့် ချန်လုံစာရင်း၏ နံပါတ် ၉ နေရာကို ရယူနိုင်ခဲ့သည့် တစ်ဦးတည်းသော အစွမ်းထက်သူ ဖြစ်သည်။ ယခုအခါ ၃ နှစ် ကုန်ဆုံးသွားပြီဖြစ်ရာ ဝိညာဉ်သန္ဓေ ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ လွန်ခဲ့သော ၁ နှစ်ကျော် ကတည်းက ဝိညာဉ်သန့်စင်ခြင်းအဆင့် ၁ ၏ အတားအဆီးကို ထိတွေ့ခဲ့သော်လည်း အဆင့်မတက်သေးဘဲ ဆိုင်းငံ့ထားခြင်းမှာ ရည်ရွယ်ချက် ၂ ခု ရှိသည်။
ပထမအချက်မှာ သန့်စင်သောဝိညာဉ်အုပ်စုသည် ချန်လုံစာရင်း၏ ထိပ်ဆုံးနေရာကို နှစ်ပေါင်း ၁၀၀ တိုင်တိုင် သိမ်းပိုက်ထားခဲ့ရာ သူသည် ထိုမရှုံးနိမ့်သေးသည့် ဂုဏ်သတင်းကို ဆက်လက် ထိန်းသိမ်းလိုခြင်း ဖြစ်သည်။
ဒုတိယအချက်မှာ ထာဝရနယ်မြေထဲသို့ ဝင်ရောက်ကာ နတ်ဘုရားများ တိုက်ပွဲဖြစ်ပွားခဲ့သည့် ခြေရာများကို လိုက်ရှာပြီး ကိုယ်ပိုင် အခွင့်အလမ်းများကို ရှာဖွေလိုခြင်း ဖြစ်ပေသည်။
နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်တွင်မူ အရပ်ရှည်ပြီး ရဲရင့်သော ပုံစံရှိသည့် အမျိုးသမီးတပည့်တစ်ဦးမှာ ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေ၏။ သူမအမည်မှာ ခယ်ရှင်းယီ ဖြစ်ပြီး အခြားအုပ်စု ၈ ခုမှ တပည့်များအတွက် အလွန်ပင် စိမ်းသက်လှသော်လည်း သန့်စင်သောဝိညာဉ်အုပ်စုမှ တပည့်အားလုံးမှာမူ သူမသည် လွန်ခဲ့သော နှစ်ကမှ ရောက်ရှိလာခဲ့ပြီး သန့်စင်သောဝိညာဉ်ပိုင်ရှင်၏ တစ်ဦးတည်းသော တပည့်ရင်း ဖြစ်လာခဲ့သည်ကို သိထားကြသည်။ သူမ၏ အစွမ်းနှင့် မူလအဆင့်အတန်းကိုမူ မည်သူမျှ မသိကြပေ။
နံပါတ် ၃ ချန်လုံစင်မြင့်ပေါ်ရှိ လူငယ်တပည့် ခန်းရှီယွန်းမှာမူ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကြည့်ရသည်မှာ ကြက်တစ်ကောင်ကိုပင် မဖမ်းနိုင်သော စာပေသမားတစ်ဦးအလား ထင်မှတ်ရပေသည်။ အခြားသော အုပ်စု ၈ ခုမှ တပည့်များကလည်း ဤသူကို ကြည့်ကာ အလွန်ပင် စိမ်းသက်နေကြ၏။
သို့သော် သန့်စင်သောဝိညာဉ်အုပ်စုမှ တပည့်များမှာမူ ခန်းရှီယွန်းကို ကြည့်ကာ တစ်စုံတစ်ခုကို သတိရမိဟန်ဖြင့် သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့ရိပ်များ ပေါ်လာကြသည်။ ရှန့်ရှန့်ထျန်း နှင့်အတူ သန့်စင်သောဝိညာဉ်ပိုင်ရှင်၏ တပည့်ရင်းဖြစ်သော ခန်းရှီယွန်းကို သန့်စင်သောဝိညာဉ်အုပ်စုဝင် တပည့်များ၏ ရင်ထဲတွင် “အမှောင်နတ်ဆိုး” ဟု တင်စားခေါ်ဝေါ်ကြသည်။
အကယ်၍ ရန်သူက သူ့ကို နုနယ်သော စာပေသမားတစ်ဦးအဖြစ် ထင်မှတ်ခဲ့လျှင်တော့ အကျိုးဆက်မှာ အင်မတန် နောင်တရစရာ ကောင်းပေလိမ့်မည်။
အခန်း ၃၇၁ ပြီး